← Chapters

ပညာရပ်ဆိုတာ ဆွေးနွေးဖို့ လိုအပ်တယ်

Vol. 29 Ch. 360

ပညာရပ်ဆိုတာ ဆွေးနွေးဖို့ လိုအပ်တယ်

Vol. 29 Ch. 360

ဖဲကစားတဲ့ နေရာမှာတော့ ထိုက်တန်တဲ့ ပြိုင်ဘက် တစ်ယောက်၊ လောင်းကစားတဲ့ နေရာမှာလည်း ပါရမီရှင်လေး တစ်ယောက်။

ဦးနှောက်သုံးပြီး ကစားတတ်တဲ့ ပြိုင်ဘက်မျိုး တွေ့ရခဲတာကြောင့် ကျန်းပေရန် ပျော်နေမိလေသည်။

ဒါပေမဲ့ အချိန်က နေ့လည်စာ စားချိန် နီးကပ်လာတာကြောင့် ကျန်းပေရန်က သူ့လက်ထဲက ကတ်တွေကို ချလိုက်ပြီး ပြောလိုက်လေသည်။

"ဒီနေ့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်"

ဒီအချိန်မှာ ရှီကျာမုက ကိုယ်ပိုင် ဖဲချပ် သုံးခုတောင် တည်ဆောက်ထားပြီးပြီ ဖြစ်ကာ ကစားရတာ လုံးဝ အရှိန်တက်နေလေပြီ။

သူမက ဘယ်လိုလုပ် ရပ်ချင်ပါ့မလဲ။

"ဦးလေး အခုမှ စတာလေ နောက်ထပ် တစ်ပွဲလောက် ထပ်ကစားရအောင်"

ဒါပေမဲ့ ကျန်းပေရန်က မတ်တတ်ရပ်ပြီးသား ဖြစ်နေပြီ။

"မင်း ခန်းမသခင်ရှီနဲ့ ကစားလိုက်လေ"

ပြောပြီးတာနဲ့ သူက သူ့ရဲ့ ဖဲချပ်ကို ရှီဖုန်းလန်ဆီ ကမ်းပေးလိုက်လေသည်။

ရှီဖုန်းလန်က ဖဲချပ်ကို လှမ်းယူလိုက်ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။

သူမက တစ်ညလုံး ထိုင်ကြည့်နေခဲ့ရတာ လက်တွေ ယားနေတာ ကြာပြီ။

"မကစားခင် ငါ့ကို ပျံသန်းနေအိမ်ထဲ အရင် ဝင်ခွင့်ပေးပါဦး"

"ကောင်းပြီ ဒါဆို အားလုံး အတူတူ ဝင်ကြတာပေါ့"

ရှီဖုန်းလန် ပြောပြီးတာနဲ့ သူတို့ သုံးယောက်သား ပျံသန်းနေအိမ်ထဲ ချက်ချင်း ရောက်ရှိသွားကြလေသည်။

ရှီကျာမုကို တစ်ချက်ကြည့်ပြီး ကျန်းပေရန် ပြောလိုက်လေသည်။

"ပထမထပ်မှာပဲ ကစားနေနော် ဒုတိယထပ်က စာကြည့်ခန်းကို လာခွင့်မရှိဘူး"

"သိပါပြီ သိပါပြီ"

ရှီကျာမု ခေါင်းညိတ်လိုက်လေသည်။

သူတို့နှစ်ယောက် စိတ်အားထက်သန်စွာနဲ့ ကစားပွဲဝိုင်းမှာ နေရာယူလိုက်ကြတာကို ကြည့်ပြီး ကျန်းပေရန် လှည့်ထွက်လာကာ ဒုတိယထပ်ဆီ လျှောက်သွားလိုက်လေသည်။

ဒါပေမဲ့ လှေကားပေါ် ခြေချခါနီးမှာ သူ ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ရှီကျာမုရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဝိညာဉ်အာရုံနဲ့ စစ်ဆေးလိုက်လေသည်။

'အနက်ရောင်... ဘုရင်'

ကျန်းပေရန် ခေါင်းထဲမှာ ချက်ချင်း အူသွားသလို ခံစားလိုက်ရလေသည်။

ရှီမျိုးနွယ်စုရဲ့ ဂျူနီယာတွေက မသေဆေးတွေ စားပြီး ကြီးပြင်းလာကြတာလို့ သူ ကြာကတည်းက သံသယ ဝင်ခဲ့ပေမယ့် ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အနက်ရောင်ဘုရင် ဖြစ်လာတဲ့ အထိတော့ မဟုတ်လောက်ပါဘူး။

တခြားလူတွေ ဘယ်လို အသက်ဆက်ရှင်ရမလဲ။

'သူမက ရုပ်နုနေတာများလား'

ဒါပေမဲ့ ကျန်းပေရန်က အဲ့ဒါကို အောက်ဆုံးထိ လိုက်စုံစမ်းဖို့လောက် စိတ်မဝင်စားပေ။

ဘာပဲဖြစ်ဖြစ် သူမက ဆယ်ကျော်သက် အနက်ရောင်ဘုရင်ပဲ ဖြစ်ဖြစ် အသက်နှစ်ဆယ် သုံးဆယ်လောက် ရှိပြီး ရုပ်နုနေတဲ့ အနက်ရောင်ဘုရင်ပဲ ဖြစ်ဖြစ် သူ့နဲ့ သိပ်မဆိုင်လှပေ။

ဒုတိယထပ်က စာကြည့်ခန်းကို ရောက်တာနဲ့ ကျန်းပေရန် တင်ပါးလွှဲ ထိုင်ချလိုက်ပြီး စိတ်သက်သာရာ ရစွာနဲ့ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။

'မျှော်လင့်ထားတဲ့ အတိုင်းပဲ အစီအရင်ရဲ့ အူတိုင်နားမှာ ရှိနေတာက စဉ်းစားရတာ ပိုလွယ်ကူတာပဲ'

အရင်က ကျရှုံးမှု အတွေ့အကြုံတွေနဲ့ ဒီတစ်ခါ ကျန်းပေရန်က ဒီအစီအရင်တွေရဲ့ တည်ဆောက်ပုံကို အပေါ်ယံ နားလည်ဖို့ ကြိုးစားနေတာ မဟုတ်တော့ပေ။

အဲ့ဒီအစား သူက အရင်းအမြစ်ကနေ သဘောပေါက်ပြီး သူတို့ရဲ့ အခြေခံ သဘောတရားတွေကို နားလည်ဖို့ နည်းလမ်း ရှာချင်နေတာ ဖြစ်သည်။

ဒါပေမဲ့ ဒါက ပြောသလောက် မလွယ်ကူပေ။

ဒီလောက် ကျယ်ပြောပြီး ရှုပ်ထွေးတဲ့ ပျံသန်းနေအိမ်ထဲမှာ အဲ့ဒီလို အရင်းအမြစ်ကို ရှာဖို့ ကြိုးစားတာက ကောက်ရိုးပုံထဲ အပ်ရှာသလို ဖြစ်နေလေသည်။

'မျက်စိမှိတ် ရှာနေရင် သေချာပေါက် အလုပ်ဖြစ်မှာ မဟုတ်ဘူး...

ငါ့အတွေးတွေကို အရင် စုစည်းပြီး အစီအစဉ် တစ်ခု ဆွဲရမယ်'

မကြာခင်မှာပဲ တစ်ရက် ကုန်ဆုံးသွားခဲ့လေသည်။

ဦးနှောက်တွေ ပူထူလာသလို ခံစားလိုက်ရတာကြောင့် ကျန်းပေရန် နားထင်ကို ပွတ်သပ်လိုက်ပြီး အပြင်ထွက် အနားယူဖို့ ဆုံးဖြတ်လိုက်လေသည်။

ဒုန်း ဒုန်း ဒုန်း...

ကျန်းပေရန် ပထမထပ်ကို ခြေချလိုက်တာနဲ့ ရှီကျာမု အော်ဟစ်နေသံကို ကြားလိုက်ရလေသည်။

"ဦးလေး နောက်ဆုံးတော့ ဆင်းလာပြီပဲ"

သူမကို တစ်ချက်ကြည့်ပြီး ကျန်းပေရန် သမ်းဝေကာ မေးလိုက်လေသည်။

"ဘာကိစ္စလဲ"

"လာ ကတ်ကစားကြရအောင် ငါ့ ဒေါ်လေးက အရမ်း ညံ့လွန်းတယ် သူ့ကို နိုင်ရတာ ဘာမှ အောင်မြင်မှု မရှိသလို ခံစားရတယ်"

"နင်ကမှ ညံ့တာ" ရှီဖုန်းလန်က မကျေမနပ် အော်ပြောလိုက်လေသည်။

"ဒါဆို ဒေါ်လေး ဒီနေ့ ဘယ်နှပွဲ နိုင်လဲ"

"အဲ့ဒါက အဲ့ဒါက..."

ကံကောင်းလို့ နှစ်ပွဲပဲ နိုင်ထားတဲ့ ရှီဖုန်းလန်က ခြေဆောင့်လိုက်ပြီး ကျန်းပေရန်ဘက် လှည့်ကာ ငိုမဲ့မဲ့ ပြောလိုက်လေသည်။

"ပေရန်လေး သူ ငါ့ကို အနိုင်ကျင့်နေတယ်"

...

'မင်းပဲ သူ့ကို လက်စားချေပေးဖို့ ခေါ်လာတာ မဟုတ်ဘူးလား'

ဒီအတွေးကို ထုတ်မပြောဘဲ ကျန်းပေရန်က ရှီဖုန်းလန်ဆီ လျှောက်သွားပြီး ပြောလိုက်လေသည်။

"အပြင်ထွက်ကြရအောင် ငါ လုပ်စရာ ရှိတယ်"

ဒါကို ကြားတော့ ရှီဖုန်းလန်က "အို" လို့ပဲ တီးတိုးရေရွတ်ပြီး ကျန်းပေရန်နဲ့ ရှီကျာမုကို ပျံသန်းနေအိမ် အပြင်ဘက်ဆီ ပို့ဆောင်ပေးလိုက်လေသည်။

"ဦးလေး မသွားခင် နှစ်ပွဲလောက်ပဲ ကစားသွားပါလား"

"မင်းတို့ နှစ်ယောက်ပဲ ဆက်ကစားကြပါ ငါ တခြား လုပ်စရာ ကိစ္စတွေ ရှိသေးတယ်"

ပြောပြီးတာနဲ့ ကျန်းပေရန် တံခါးတွန်းဖွင့်ပြီး ထွက်ခွာသွားလေသည်။

နေ့လည်ခင်း တစ်ခုလုံး သုတေသန လုပ်ပြီးနောက် 'ပညာရပ်' ဆိုတာ ဆွေးနွေးဖို့ လိုအပ်တယ်ဆိုတာ ကျန်းပေရန် တွေ့ရှိခဲ့လေသည်။

တစ်ယောက်တည်း စဉ်းစားနေရင် အတွေးတွေ ပိတ်မိနေဖို့ အရမ်း လွယ်ကူသည်။

ဒါကြောင့် သေချာ စဉ်းစားပြီးနောက် အစီအရင် အကြောင်း ဆွေးနွေးဖို့ တစ်စုံတစ်ယောက်ကို ရှာဖို့ သူ ဆုံးဖြတ်လိုက်လေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ ပြုစုနေတဲ့ "အစီအရင် လက်စွဲစာအုပ်" ကလည်း ပြီးလုနီးပါး ဖြစ်နေပြီ။

သူ အဲ့ဒါကို ကောင်းလန်ဝမ်ဆီ သွားပို့ရင်း လမ်းကြုံ လက်ရာမြောက် အလုပ်ရုံထဲက အစီအရင် ခန်းမသခင်ကို ဝင်တွေ့လို့ ရသည်။

ဆုံးဖြတ်ချက် ချပြီးနောက် ကျန်းပေရန်က ရှီဟုန်ဖေးကို အရင် သွားရှာလိုက်လေသည်။

ဘာပဲဖြစ်ဖြစ် လက်ရာမြောက် အလုပ်ရုံဆိုတာ ရှီမျိုးနွယ်စုရဲ့ အရေးအကြီးဆုံး နေရာတွေထဲက တစ်ခု ဖြစ်ပြီး ပြင်ပလူ တစ်ယောက်အနေနဲ့ သူ လွတ်လွတ်လပ်လပ် လျှောက်သွားလို့ မရပေ။

ရှီဟုန်ဖေး လိုက်ပို့မှ ဖြစ်မည်။

"ကြည့်ပါဦး ဘယ်သူ ရောက်လာတာလဲ ရှားပါး ဧည့်သည်ပါလား"

ကျန်းပေရန် ရောက်လာတာ မြင်တော့ ရှီဟုန်ဖေးက ကျယ်လောင်စွာ ရယ်မောပြီး အော်ပြောလိုက်လေသည်။

ဒါပေမဲ့ "ပေရန်" ဆိုတဲ့ နာမည်ကို မခေါ်ခင် သူ အနည်းငယ် တွေဝေသွားခဲ့လေသည်။

သူ ကျန်းပေရန်ကို မရှာဖြစ်တာ ဒီလောက် ကြာသွားရတဲ့ အကြောင်းရင်းက ကောင်းလန်ဝမ်ကို စာအုပ် ပြုစုရာမှာ ကူညီပေးနေရလို့ ဆိုတာထက် ဘိုးဘေးကြီးနဲ့ နောက်ဆုံး စကားပြောပြီးကတည်းက ကျန်းပေရန်ရဲ့ ဝိသေသလက္ခဏာနဲ့ ပတ်သက်ပြီး သေချာမှု မရှိတော့လို့ ပိုများသည်။

လက်ရှိအချိန်မှာ သူ ခံစားရတဲ့ အဖြစ်နိုင်ဆုံး အရာက သူတော်စင်၏ ဝင်စားခြင်းပင် ဖြစ်သည်။

သူတော်စင်၏ ဝင်စားခြင်း ဆိုတာက စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့ သက်တမ်း ကုန်ဆုံးတော့မယ်လို့ သိလိုက်ရတဲ့အချိန် ဒါမှမဟုတ် ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် သေလုမျောပါး ဖြစ်နေတဲ့အချိန်မှာ သူတို့ရဲ့ ဝိညာဉ်ကို ပြန်လည် မွေးဖွားခွင့် ပြုလိုက်တဲ့ နည်းစနစ် တစ်ခု ဖြစ်သည်။

အောင်မြင်စွာ ဝင်စားပြီးတဲ့အခါ သူတို့ရဲ့ အတိတ်ဘဝက မှတ်ဉာဏ်တွေကို ချက်ချင်း ပြန်ရတာ မဟုတ်ဘဲ တဖြည်းဖြည်းချင်း ပြန်ရလာတာ ဖြစ်သည်။

ဒီလုပ်ငန်းစဉ်က အလွန် ကြာရှည်တာမို့ ဝင်စားတဲ့သူ အများစုက သိုသိုသိပ်သိပ် နေဖို့ ရွေးချယ်ကြလေသည်။

တချို့က ရန်သူဟောင်းတွေ တွေ့သွားမှာ ကြောက်လို့ တချို့က လောကကြီးရဲ့ အန္တရာယ်တွေကို နားလည်လို့ တချို့ကျတော့လည်း တိတ်တဆိတ် ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ချင်ရုံ သက်သက်ကြောင့် ဖြစ်သည်။

ပြန်လည် မွေးဖွားဖို့ ကြိုးစားခဲ့ရတာမို့ သတိထားတာ သတိထားတာ ပြီးတော့ ပိုပြီး သတိထားတာက သဘာဝကျပေသည်။

ပြီးတော့ ကျန်းပေရန်က ဝင်စားတဲ့ သူတော်စင် တစ်ပါးရဲ့ လက္ခဏာတွေ အားလုံးနဲ့ ကိုက်ညီနေလေသည်။

သူက ကြီးမားတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားပေမယ့် ထူးထူးခြားခြား သိုသိပ်နေတတ်သည်။

အရွယ်ရောက်စ လူငယ်လေး တစ်ယောက် ဖြစ်ပြီး ချီသန့်စင်ခြင်း အဆင့် ၅ ပဲ ရှိပေမယ့် အနက်ရောင်ဧကရာဇ် တစ်ပါး ပြီးတော့ အနက်ရောင်သူတော်စင် တစ်ပါးနဲ့ ရင်ဆိုင်ရတဲ့အခါတောင် သူက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဆက်ဆံဖူးသလို တည်ငြိမ်အေးဆေး နေနိုင်လေသည်။

ရှီဟုန်ဖေး အရင်က ဒီလောက် အများကြီး မစဉ်းစားခဲ့ပေမယ့် အခုတော့ ဒီအချက်အလက်တွေ အားလုံး ပေါင်းစပ်လိုက်ရင် ကျန်းပေရန်ဆီကိုပဲ ညွှန်ပြနေတယ်လို့ သူ ပိုပိုပြီး ခံစားလာရလေသည်။

ကျန်းပေရန်က ဝင်စားတဲ့ သူတော်စင် တစ်ပါး ဖြစ်နိုင်တယ်လို့ တွေးမိတာနဲ့ သူ့ရဲ့ လာမယ့် တာဝန်က သိပ် မလွယ်ကူတော့ဘူးလို့ ရှီဟုန်ဖေး ရုတ်တရက် ခံစားလိုက်ရလေသည်။

ကျန်းပေရန်သာ တကယ်ပဲ ဝင်စားတဲ့ သူတော်စင် တစ်ပါး ဖြစ်ခဲ့ရင် ဘိုးဘေးကြီးတောင် သူ့ကို လေးစားမှုတချို့ ပြသရမှာ ဖြစ်ပြီး သူ့လို လူမျိုးအတွက်တော့ ပြောစရာတောင် မလိုတော့ပေ။

သူက ကိုးကွယ်ရမယ့် အနေအထားမှာပဲ ရှိနေနိုင်လေသည်။

ဒါပေမဲ့ ခန့်မှန်းချက် ဆိုတာ ခန့်မှန်းချက်ပါပဲ ရှီဟုန်ဖေးက သူ့ရဲ့ ကိုယ်ပိုင် ထင်ကြေးတွေကြောင့် ကြောက်လန့်သွားမှာ မဟုတ်ပေ။

ဒါကြောင့် ခဏ စဉ်းစားပြီးနောက် ရှီဟုန်ဖေးက ရွှင်မြူးစွာ ရယ်မောပြီး ပြောလိုက်လေသည်။

"ဒီနေ့ ဘာကိစ္စ ရှိလို့ ငါ့ကို လာတွေ့တာလဲ"

"ခန်းမသခင်ကောင်းအတွက် အစီအရင် စာအုပ် ပြီးသွားပါပြီ စီနီယာကို ဒုက္ခပေးပြီး လက်ရာမြောက် အလုပ်ရုံထဲ ဝင်လို့ရအောင် လမ်းပြပေးစေချင်ပါတယ်"

"ကောင်းတာပေါ့ ငါတို့ အခုချက်ချင်း ထွက်ကြတာပေါ့"

ရှီဟုန်ဖေးက ကျန်းပေရန်နဲ့ နောက်တစ်ခါ တွေ့ရင် ဘယ်လို ဆက်ဆံရမလဲ ဆိုတာကို လဝက်လောက် အချိန်ယူ စဉ်းစားခဲ့ပေမယ့် တကယ်တမ်း တွေ့လိုက်ရတဲ့အခါ အများကြီး မစဉ်းစားတော့ဘဲ သဘာဝအတိုင်းပဲ ဖြစ်ခွင့်ပြုလိုက်ဖို့ ဆုံးဖြတ်လိုက်လေသည်။

ရှီဟုန်ဖေးရဲ့ အမိန့်အတိုင်း အစေခံတွေက သူ့အတွက် ရထားလုံးကို အမြန် ပြင်ဆင်ပေးကြလေသည်။

ရထားဆွဲမယ့် သတ္တဝါနှစ်ကောင်က ဒီအချိန်ကြီး ဘယ်သူက အပြင်ထွက်ချင်နေတာလဲ သူတို့ ညစာတောင် ကုန်အောင် မစားရသေးဘူးဆိုပြီး ညည်းညူနေကြတာ။

ဒါပေမဲ့ ကျန်းပေရန် လျှောက်လာတာ မြင်တော့ သူတို့နှစ်ကောင် ချက်ချင်း မတ်မတ် ရပ်လိုက်ပြီး သွားဖြူဖြူကြီးတွေ ပေါ်အောင် ဖြီးပြကာ သူတို့ရဲ့ အရင်းနှီးဆုံး အပြုံးလို့ ထင်ရတဲ့ အပြုံးမျိုးနဲ့ ကြိုဆိုလိုက်ကြလေသည်။

ဒါပေမဲ့ ကျန်းပေရန်က သူတို့ကို မကြည့်ဘဲ ရှီဟုန်ဖေးနဲ့ စကားပြော ရယ်မောရင်း ရထားပေါ် တက်သွားလေသည်။

"ဟူး..."

သတ္တဝါနှစ်ကောင် ပြိုင်တူ သက်ပြင်းချလိုက်ကြလေသည်။

ကျန်းပေရန်ဆီက ဘာကျင့်ကြံခြင်းမှ မခံစားရပေမယ့် သူက ရှီမိသားစုဝင် ဘယ်သူ့ထက်မဆို ပိုကြောက်စရာ ကောင်းတယ်လို့ သူတို့ ခံစားနေရလေသည်။

လက်ရာမြောက် အလုပ်ရုံဆီ ရထားမောင်းသွားပြီး ရောက်တဲ့အခါ ရှီဟုန်ဖေးက ကောင်းမွန်တဲ့ ပျော်ရွှင်စရာ ကိစ္စတစ်ခု ကြုံတွေ့ခဲ့ရသလိုမျိုး မျက်နှာက နီရဲ တောက်ပပြီး ဆင်းလာလေသည်။

ကျန်းပေရန်ကလည်း သူ့ဘေးမှာ ပြုံးနေတာကြောင့် ရထားမောင်းသူ ကြောင်တောင်တောင် ဖြစ်သွားရလေသည်။

'ပိုင်နက်သခင်က ပုံမှန်ဆို ဒီလောက် မပျော်တတ်ပါဘူး

ဒီလူငယ်လေး ရောက်လာကတည်းက သူ ဘာလို့ ဒီလောက် ပျော်ရွှင်နေရတာလဲ'

ရထားမောင်းသူရဲ့ ကြောင်တောင်တောင် အမူအရာကြားမှာ ကျန်းပေရန်နဲ့ ရှီဟုန်ဖေးတို့ ထာဝရ တင့်တယ်သော ခန်းမထဲ အတူတူ လျှောက်ဝင်သွားကြလေသည်။

"ပိုင်နက်သခင်ကို နှုတ်ဆက်ပါတယ်"

သူတို့နှစ်ယောက် တံခါးခုံကို ကျော်ဖြတ်ဝင်ရောက်လိုက်တာနဲ့ ပင်မခန်းမထဲက ဆံပင်နှစ်ဖက်ခွဲစည်းထားတဲ့ မိန်းကလေး တစ်ယောက်က အရိုအသေပြုလိုက်လေသည်။

"အော် ရှုဟွေ ပါလား ခန်းမသခင် ရှိလား"

"ဟုတ်ကဲ့ ရှိပါတယ်"

ကျန်းရှုဟွေ ခေါင်းညိတ်လိုက်လေသည်။

"ခဏလောက် စောင့်ပါ ခန်းမသခင်ကို အခုပဲ သွားပြောပေးပါ့မယ်"

"မလိုပါဘူး ငါတို့ဘာသာ တက်သွားလိုက်မယ်"

ရှီဟုန်ဖေးက လက်ဝှေ့ယမ်းလိုက်ပြီး ကျန်းပေရန်ကို ဒုတိယထပ်ဆီ တန်းတန်းမတ်မတ် ခေါ်သွားလေသည်။

ဒါပေမဲ့ ကျန်းရှုဟွေရဲ့ အကြည့်က ကျန်းပေရန်ဆီမှာပဲ ကျန်နေခဲ့တယ် ဘာလို့လဲဆိုတော့ ဒီအတောအတွင်း နင်နင်က ပိုင်နက်သခင်နောက် လိုက်နေတဲ့ ကျောက်စိမ်းကောင်း ပိုင်ဆိုင်ထားသူ တစ်ယောက်အကြောင်း မကြာခဏ ပြောလေ့ရှိလို့ပင်။

ဒါ သူပဲ ဖြစ်ရမယ်လို့ သူမ တွေးလိုက်လေသည်။

"အမ်..."

ကျန်းရှုဟွေ ရုတ်တရက် လှမ်းခေါ်လိုက်လေသည်။

ရှီဟုန်ဖေး ခေါင်းလှည့်ကြည့်ပြီး မေးလိုက်လေသည်။

"ဘာကိစ္စ ရှိသေးလို့လဲ"

ကျန်းရှုဟွေ ခေါင်းခါပြီး မေးလိုက်လေသည်။

"ဟို သခင်လေး ဘာသောက်ချင်လဲလို့ မေးမလို့ပါ ကျွန်မ ပြင်ဆင်ပေးလို့ ရအောင်လို့ပါ"

ဒါကို ကြားတော့ ကျန်းပေရန် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည်။

"လက်ဖက်ရည်ဆို ရပါပြီ"

"ဟုတ်ကဲ့ပါ ခဏလောက် စောင့်ပေးပါ"

'အင်း... ဒီတစ်ယောက်ကတော့ ပိုပြီး ပုံမှန် ဆန်သားပဲ'

လျိုဝေ့နင်နဲ့ ကောင်းလန်ဝမ်တို့ရဲ့ အတွေ့အကြုံတွေ ပြီးနောက် ထာဝရ တင့်တယ်သော ခန်းမထဲမှာ ပုံမှန်လူ မရှိတော့ဘူးလို့ ကျန်းပေရန် ထင်လာခဲ့တာ။

ဒုတိယထပ်ကို ရောက်တော့ ရှီဟုန်ဖေး စကားမပြောနိုင်ခင်မှာပဲ ကောင်းလန်ဝမ်က အခန်းငယ်လေး တစ်ခုထဲကနေ ကိုယ့်ဘာသာ ထွက်လာတာကို တွေ့လိုက်ရလေသည်။

"မင်္ဂလာပါ ဆရာ... ဆရာကျန်း"

ကျန်းပေရန်ကို ဆရာအဖြစ် လက်ခံလိုက်တာနဲ့ အတူတူပဲ ဖြစ်ပေမယ့် ကောင်းလန်ဝမ်က အခန်းကဏ္ဍသစ်နဲ့ ချက်ချင်း အသားမကျနိုင်သေးဘဲ စကားပြောတဲ့အခါ မျက်နှာ အမူအရာ နည်းနည်း ပျက်ယွင်းနေလေသည်။

ကျန်းပေရန်ကို နှုတ်ဆက်ပြီးနောက် ကောင်းလန်ဝမ်က ရှီဟုန်ဖေးဘက် လှည့်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။

'သူမ ပြောင်းလဲသွားပြီ'

ကောင်းလန်ဝမ် သူ့ကို ခေါင်းညိတ်ပြတာ မြင်တော့ ရှီဟုန်ဖေး အံ့သြဝမ်းသာ ဖြစ်သွားလေသည်။

အရင်တုန်းကဆိုရင် ကောင်းလန်ဝမ်က "မင်္ဂလာပါ အိမ်တော်သခင်" ဆိုပြီး အလွန် တရားဝင် နှုတ်ဆက်လေ့ရှိတာ၊ အဲ့ဒါက အရမ်း စိမ်းသက်တဲ့ ပုံစံမျိုးပေါ့။

ဒါပေမဲ့ ဒီတစ်ခါတော့ မိတ်ဆွေတွေကြားကလို အသိအမှတ်ပြုတဲ့ ခေါင်းညိတ်ပြမှုမျိုး ဖြစ်သည်။

ဒါက သူတို့ ဆက်ဆံရေးမှာ ဘယ်လောက် ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှု ဖြစ်ပေါ်ခဲ့တယ် ဆိုတာ စကားလုံး အနည်းငယ်နဲ့ ဖော်ပြလို့ မရနိုင်ပေ။

'ခေါင်းညိတ်ပြတဲ့ အဆင့် ရောက်နေပြီဆိုတော့ လက်ကိုင်ဖို့က ဝေးဦးမလား'

အဲ့ဒီ အခိုက်အတန့်မှာ ရှီဟုန်ဖေး လေထဲမှာ လွင့်မျောနေသလို ခံစားလိုက်ရလေသည်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အနက်ရောင်ဧကရာဇ် နယ်ပယ်ကို ဖောက်ထွက်နိုင်ခဲ့တဲ့ အချိန်တုန်းကတောင် ဒီလောက် စိတ်လှုပ်ရှားစရာ မကောင်းခဲ့ပေ။

ဘေးနားမှာ "ကောင်းကင်ပေါ် ပျံတက်တော့မလို" ဖြစ်နေတဲ့ ရှီဟုန်ဖေးကို လျစ်လျူရှုပြီး ကျန်းပေရန်က သူ့ရဲ့ သိုလှောင်လက်စွပ်ထဲက "စကားဝှက်များ၏ မဟာစည်းလုံးခြင်း ကျမ်းစာ" လို့ ခေါင်းစဉ်တပ်ထားတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ပြီး ကောင်းလန်ဝမ်ကို ကမ်းပေးရင်း ပြောလိုက်လေသည်။

"ဒီစာအုပ်ကို အရင် ဖတ်ပြီးသွားရင် အဆင့်မြင့် နည်းစနစ်တွေကို ကျွန်တော် သင်ပေးပါ့မယ်"

"ကျေးဇူး အများကြီး တင်ပါတယ် ဆရာကျန်း"

အစီအရင် လက်စွဲစာအုပ်ကို လက်ခံရယူပြီးနောက် ကောင်းလန်ဝမ်က အရင်ဆုံး ခေါင်းညိတ် ကျေးဇူးတင်လိုက်ပြီး မော့ကြည့်ကာ မေးလိုက်လေသည်။

"စာအုပ် ဖတ်ရုံနဲ့... လုံလောက်ပြီလား"

"ဒါက ခင်ဗျားရဲ့ အခြေခံကို တည်ဆောက်ဖို့ပါ ပြီးတော့ ဒီစာအုပ်ကို ခင်ဗျား ဘယ်လောက် မြန်မြန် ပြီးအောင် ဖတ်နိုင်လဲ ဆိုတာပေါ် မူတည်ပြီး ခင်ဗျားနဲ့ အသင့်တော်ဆုံး သင်ကြားရေး အစီအစဉ်ကို ကျွန်တော် ရေးဆွဲပေးပါ့မယ်"

ကောင်းလန်ဝမ် ချက်ချင်း နားလည်လိုက်လေသည်။

ဒီ အစီအရင် လက်စွဲစာအုပ်က သူမ အစီအရင် သင်ယူဖို့ သင့်တော်လား မသင့်တော်လား စမ်းသပ်မှု တစ်ခုပါပဲ။

အစမ်းသပ်မခံရတာ ကြာပြီဖြစ်တဲ့ ကောင်းလန်ဝမ် ယုံကြည်မှု အပြည့် ရှိနေပုံ ပေါက်နေလေသည်။

ဘာပဲဖြစ်ဖြစ် ငယ်စဉ်ကတည်းက သူမ ကြုံတွေ့ရတဲ့ စမ်းသပ်မှုတိုင်းကို ခြွင်းချက်မရှိ အမှတ်ပြည့်နဲ့ အောင်မြင်ခဲ့တာပဲလေ။

ဒီတစ်ခါလည်း ထူးခြားမှာ မဟုတ်ဘူးလို့ သူမ ယုံကြည်သည်။

"ကျေးဇူးတင်ပါတယ် ဆရာကျန်း ဒါဆို ကျွန်မ အခုပဲ သွားပြီး..."

"ခဏလေး"

ကျန်းပေရန်က ကောင်းလန်ဝမ်ကို တားလိုက်လေသည်။

"ကျွန်တော့်မှာ အစီအရင် သင်ကြားတဲ့ အတွေ့အကြုံ သိပ်မရှိဘူး ဒါကြောင့် မကြာခဏ သင်ကြားပေးလေ့ရှိတဲ့ အစီအရင် ဆရာတစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်တယ် ဒီ လက်ရာမြောက် အလုပ်ရုံထဲမှာ အဲ့ဒီလို လူမျိုး ရှိမလား မသိဘူး"

ဒါကို ကြားတော့ ကောင်းလန်ဝမ် ရင်ထဲမှာ ရုတ်တရက် နွေးထွေးသွားသလို ခံစားလိုက်ရလေသည်။

အရင်တုန်းက သူမကို မောင်းထုတ်လိုက်တုန်းက နည်းနည်း စိတ်ဓာတ်ကျခဲ့မိပေမယ့် အခု ပြန်စဉ်းစားကြည့်တော့ ဆရာကျန်းက ဒီ "စကားဝှက်များ၏ မဟာစည်းလုံးခြင်း ကျမ်းစာ" ကို ပြုစုဖို့ အာရုံစိုက်နေတာ ဖြစ်မှာပါ၊ သူမက ရုတ်တရက် နှောင့်ယှက်မိတာ မှားသွားတာပါ။

အခု ဆရာကျန်းက သူမကို သင်ပေးဖို့ ဘယ်လောက် အလေးထားလဲ ဆိုတာ မြင်တော့ သူမ ပိုပြီး ကျေးဇူးတင်မိလေသည်။

'ဒီ ဆရာကျန်းက... တကယ်ပဲ အပြင်ပန်းက အေးစက်ပေမယ့် အတွင်းစိတ်က နွေးထွေးတဲ့ လူတစ်ယောက်ပါလား'

ဆရာကျန်းကို နည်းနည်း ပိုနားလည်လာပြီလို့ ခံစားရတာကြောင့် ကောင်းလန်ဝမ် အကြောင်းပြချက်မရှိဘဲ ပျော်ရွှင်လာပြီး ပြန်ဖြေလိုက်လေသည်။

"ရှိတာပေါ့ ဆရာကျန်း သူ့ကို ဘယ်အချိန် တွေ့ချင်လဲ"

"အခုချက်ချင်း"

"ကောင်းပါပြီ ဒါဆို ကျွန်မနောက် လိုက်ခဲ့ပါ ကျွန်မ မိတ်ဆက်ပေးပါ့မယ်"

ကျန်းပေရန်က သူမကို သင်ပေးဖို့ အလေးအနက်ထားမှန်း နားလည်သွားပြီးနောက် ကောင်းလန်ဝမ်ရဲ့ ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေက ထူးထူးခြားခြား ချောမွေ့နေလေသည်။

သူတို့ သုံးယောက် ထွက်ခွာခါနီးမှာ ကျန်းရှုဟွေက လက်ဖက်ရည်နဲ့ ရောက်လာလေသည်။

သူမကို မြင်တော့ ကောင်းလန်ဝမ် ပြောလိုက်လေသည်။

"လက်ဖက်ရည်ကို ဘေးမှာပဲ ထားခဲ့လိုက်ပါ ငါတို့ အပြင် ခဏ သွားစရာ ရှိလို့"

"ဟုတ်ကဲ့ပါ"

ကျန်းရှုဟွေ ခေါင်းညိတ်ပြီး ဘေးဖယ်ပေးလိုက်လေသည်။

ခန်းမသခင် ထွက်သွားတာကို ကြည့်ရင်း ကျန်းရှုဟွေ ထူးဆန်းတဲ့ အသံပြုလိုက်လေသည်။

'ခန်းမသခင်က အဲ့ဒီ လူငယ်လေးကို ကြည့်တဲ့ ပုံစံက နည်းနည်း ထူးဆန်းနေသလိုပဲ...'

ဒီအတွေး ဝင်လာပြီးနောက် ကျန်းရှုဟွေက လက်ဖက်ရည်အိုးကို ဘေးချလိုက်လေသည်။

"အခြေအနေတွေက စိတ်ဝင်စားစရာ ကောင်းလာပြီနဲ့ တူတယ်..."

ကျန်းရှုဟွေ အနည်းငယ် ပြုံးပြီး တီးတိုး ရေရွတ်လိုက်လေသည်။

ကောင်းလန်ဝမ်ရဲ့ ဦးဆောင်မှုအောက်မှာ ကျန်းပေရန် မကြာခင် အစီအရင် ခန်းမကို ရောက်ရှိလာခဲ့လေသည်။

"ကျေးဇူးပြုပြီး ခဏ စောင့်ပါ ခန်းမသခင်ကို သွားပြောပေးပါ့မယ်"

မိန်းမပျိုလေး တစ်ယောက်က သူတို့ သုံးယောက်ကို နှုတ်ဆက်ပြီး ဒုတိယထပ်ကို ပြေးတက်သွားလေသည်။

ကျန်းပေရန်က ဒီ အစီအရင် ခန်းမကို ရှီဟုန်ဖေးနဲ့ အတူ တစ်ခါ ရောက်ဖူးတယ်၊ ဒါပေမဲ့ အဲ့ဒီတုန်းက ခန်းမသခင် မရှိလို့ မတွေ့ခဲ့ရပေ။

သူ သိတာက ဒီ အစီအရင် ခန်းမမှာ အမျိုးသမီး တပည့်တွေနဲ့ အစေခံတွေ အများကြီး ရှိတယ်ဆိုတာပဲ၊ ဒါကြောင့် ခန်းမသခင်ကလည်း ထာဝရ တင့်တယ်သော ခန်းမလိုပဲ အမျိုးသမီး ဖြစ်လောက်တယ်လို့ သူ တွက်ဆထားလေသည်။

မကြာခင်မှာပဲ လှေကားပေါ်က ခြေသံတွေ ကြားလိုက်ရလေသည်။

ကျန်းပေရန် မော့ကြည့်လိုက်တော့ ခမောက်ဆောင်းထားပြီး ပွရောင်းတဲ့ ဝတ်ရုံကြီး ဝတ်ထားတဲ့ အမျိုးသား တစ်ယောက် ဖြည်းညှင်းစွာ ဆင်းလာတာကို တွေ့လိုက်ရလေသည်။

"အိမ်တော်သခင်ရှီနဲ့ ခန်းမသခင်ကောင်း ပါလား ဒီနေ့ ဘာကိစ္စ ရှိလို့ ရောက်လာကြတာလဲ"

ဝတ်ရုံဝတ် အမျိုးသားက လောကကြီးကို ငြီးငွေ့နေတဲ့ အသံနဲ့ ပြောလိုက်လေသည်။

ဝတ်ရုံဝတ် အမျိုးသား စကားပြောနေတုန်း ကျန်းပေရန်က သူ့ခမောက်အောက်က မျက်နှာသွင်ပြင်တွေကို အကဲခတ်နေလေသည်။

'မျက်မမြင်လား'

ဝတ်ရုံဝတ် အမျိုးသားရဲ့ မျက်လုံးတွေက တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး စကားပြောတဲ့အခါ ကောင်းလန်ဝမ်နဲ့ တခြားသူတွေကို ကြည့်မယ့်အစား ရှေ့တည့်တည့်ကို မျက်နှာမူထားလေသည်။

တစ်ဖက်မှာတော့ ကောင်းလန်ဝမ်က ဝင်ပြောလိုက်လေသည်။

"ခန်းမသခင်လူ ဒီနေ့ ကျွန်မတို့က အစီအရင် ဆရာတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ လာခဲ့တာပါ"

"အိုး" ဝတ်ရုံဝတ် အမျိုးသားက သူ့ခမောက်ကို အနည်းငယ် မလိုက်ပြီး စိတ်ဝင်စားမှု အပြည့်နဲ့ ပြောလိုက်လေသည်။

"ခင်ဗျား ဘေးက လူငယ်လေးလား"

"ဟုတ်ပါတယ်"

ကောင်းလန်ဝမ် ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန်ကို ပြောလိုက်လေသည်။

"ဒါက အထွတ်အထိပ် စည်းလုံးခြင်း ခန်းမရဲ့ ခန်းမသခင် လူယန်ယွီ ပါ"

ဝတ်ရုံဝတ် အမျိုးသားက ဘယ်လိုမြင်လဲဆိုတာ သူ မသိပေမယ့် ကျန်းပေရန် မေးဖို့ စိတ်ကူးမရှိပေ။

သူက လက်သီးဆုပ် အရိုအသေပြုပြီး ပြောလိုက်လေသည်။

"မင်္ဂလာပါ ခန်းမသခင်လူ"

ခမောက်ကို ပြန်ချလိုက်ပြီး လူယန်ယွီ ပြောလိုက်လေသည်။

"ခန်းမသခင်ကောင်းက ခင်ဗျားကို ဆရာလို့ ခေါ်မှတော့ ခင်ဗျားရဲ့ အစီအရင် စွမ်းရည်က ကျုပ်ထက် မြင့်မားမှာ သေချာပါတယ် ကျုပ်နဲ့ ဘာကိစ္စ ရှိလို့ပါလဲ"

"ခန်းမသခင်လူက သဘောကောင်းလွန်းပါပြီ ကျွန်တော် ဒီနေ့ လာတာက ကိစ္စတချို့အတွက် လမ်းညွှန်မှု တောင်းခံချင်လို့ပါ"

"ရတာပေါ့ ရတာပေါ့"

ပြောပြီးနောက် လူယန်ယွီက ဖိတ်ခေါ်တဲ့ အမူအရာ လုပ်လိုက်လေသည်။

"ဆွေးနွေးစရာ ကိစ္စတွေ ရှိမှတော့ အပေါ်ထပ်ကို ကြွပါ"

ရှီဟုန်ဖေး ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။

"ဟုတ်တယ် အပေါ်ထပ်မှာ ပြောကြတာပေါ့ အပေါ်ထပ်မှာ ပြောကြတာပေါ့"

ကျန်းပေရန် လှေကားပေါ် ခြေချခါနီးမှာ အကဲခတ်ခံရတဲ့ ခံစားမှုတစ်ခု ရလိုက်လေသည်။

ရှိနေတဲ့ လူလေးယောက်ထဲမှာ ရှီဟုန်ဖေးနဲ့ ကောင်းလန်ဝမ်က ဒီလို လုပ်မှာ မဟုတ်တာ သေချာတယ်၊ ဆိုလိုတာက လုပ်တဲ့သူက... ဟို ခန်းမသခင်လူပဲ ဖြစ်ရမည်။

'နည်းနည်း စိတ်ဝင်စားစရာ ကောင်းလာပြီ'

All Chapters