← Chapters

အကန့်အသတ်

Vol. 45 Ch. 622

အကန့်အသတ်

Vol. 45 Ch. 622

ဇူယွမ်မှာ လက်နှစ်ဖက်အား မြေပြင်နှင့်ထိထားလျက် ချိုင်ယင်းအားကြည့်ကာ စကားဆိုလိုက်သည်။

ဇူယွမ်၏ အနေအထားမှာ ချိုင်ယင်းအား တိုက်ခိုက်တော့မည့်ဟန် ရှိသည်။

စောင့်ကြည့်နေသော ကလန်အသီးသီးမှသူများမှာ အလွန်ပင် ရဲတင်းလွန်းလှသော ကန်ရွှမ်းကလန်၏ တပည့်ခေါင်းဆောင်အား အံ့အားသင့်နေကြရသည်။

"ဒီကောင်လေးက အရမ်းရဲတင်းလွန်းနေတာ မဟုတ်ဘူးလား..."

အလှပန်းတစ်ရာနန်းတော်မှ ကုံဝမ်မှာလည်း အလွန်ပင် အံ့အားသင့်သွားရပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "ဒီကောင်လေးက ရူးမိုက်လွန်းတာပဲ။ သူတို့တိုက်ခိုက်တိုင်းကို စွမ်းအင်သုံးခုကို မဖြစ်မနေ သုံးနေရမှာလေ။ စွမ်းအင်တစ်ခုခုကသာ အားနည်းသွားခဲ့ရင် ကိစ္စပြတ်ပြီပဲ။"

ကုံဝမ်မှ စိတ်ပျက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။ အစောပိုင်းတိုက်ပွဲ၌ ဇူယွမ်အား အထင်ကြီးမိပါသော်လည်း ယခုချိုင်ယင်းအား တိုက်ခိုက်ရန် စိန်ခေါ်လိုက်ခြင်းမှာ အလွန်ပင် ရူးမိုက်လွန်းလှသော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။

စင်စစ်အားဖြင့် ဇူယွမ်မှာ တိုက်ခိုက်ရန်ထက် ချိုင်ယင်းအား တက်နိုင်သမျှ အချိန်ဆွဲထားရန်သာ ကြိုးစားသင့်ပေသည်။

"အဲ့ကောင်လေးက အရမ်းငယ်သေးတယ်လေ။ လူအများကြီးရှေ့မှာ ချိုင်ယင်းထက် သာချင်သွားလို့ဖြစ်မယ်။ အဲ့ဒါကြောင့် ပေါက်ကရတွေ လျှောက်လုပ်နေတာ ဖြစ်မှာ။" အလှပန်းတစ်ရာနန်းတော်၏ အခြားသော ရွေးချယ်ခံတစ်ဦးမှလည်း ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။

ထိုစကားများမှာ အနီးတွင်ရှိနေသော ကျိုးချူးချင်ယုနှင့် လုလျိုတို့အား အလွန်ပင် ဒေါသဖြစ်စေသည်။ ကျိုးချူးချင်ယုမှာ နှုတ်ခမ်းအားကိုက်လျက် ထိုရွေးချယ်ခံအားကြည့်ကာ စကားဆိုလိုက်သည်။ "ဇူယွမ်က အဲ့လိုပေါကကရလုပ်တက်တဲ့ လူစားမျိုး မဟုတ်ဘူး။ အခုလို တိုက်ခိုက်ဖို့ပြင်တယ်ဆိုထဲက သူ့မှာအစီအစဉ်တစ်ခုခု ရှိကိုရှိနေမှာ။"

"ဘာအစီအစဉ်လဲ..." ကုံဝမ်မှ ပြုံးကာပြောလိုက်သည်။ "ချိုင်ယင်းနဲ့ ထိပ်တိုက်ရင်ဆိုင်မယ့် အစီအစဉ်လား...."

စွမ်းအင်သုံးခု ပေါင်းစည်းလိုက်လျှင် ဇူယွမ်မှာ ချိုင်ယင်း၏ တိုက်ခိုက်မှုများအား ခံနိုင်ရည်ရှိသွားလိမ့်မည်ပင် ဖြစ်သည်။ သို့သော် ချိုင်ယင်းအား အနိုင်တိုက်ရန်မှာ ထိုစွမ်းအင်သုံးခု ပေါင်းစည်းခြင်းဖြင့်ပင် လုံလောက်လိမ့်မည် မဟုတ်ပါချေ။

ကုံဝမ်မှာ ထိုအချက်အား အခြားသူများထက်ပို၍ ရှင်းလင်းစွာ နားလည်သိရှိထားပေသည်။

..........

ကောင်းကင်ထက်တွင် ရှိနေသော ချိုင်ယင်းမှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။ ထို့နောက် လက်ကိုပိုက်ကာ မထီမဲ့မြင်ပြုစွာဖြင့် ပြုံးလိုက်သည်။ ဇူယွမ် ယခုကဲ့သို့ ရူးမိုက်စွာ ပြုမူလာရန် ချိုင်ယင်းမှ မျှော်လင့်နေခြင်းပင် ဖြစ်သည်။

"ကောင်းကင်ကြီး ဘယ်လောက်ကျယ်ပြောတယ်ဆိုတာ မင်းမသိသေးဘူးပဲ။ မင်းရဲ့ စွမ်းအင်သုံးခု ပေါင်းပြီးတိုက်ခိုက်တာကို ငါကကြောက်လိမ့်မယ်လို့ ထင်နေတာလား။"

"မင်းရဲ့အတွေးက ဘယ်လောက်ထိတောင် မိုက်ရူးရဲဆန်သလဲဆိုတာ ငါမင်းကိုပြမယ်။"

ဇူယွမ်မှာ လက်နှစ်ဖက်အား မြေပြင်နှင့်ထိထားလျက် တည်ငြိမ်သောအမူအရာဖြင့်သာ ရှိနေဆဲဖြစ်သည်။ သူသည် လှောင်ပြောင်သရော်နေကြသော မျက်ဝန်းများစွာအား လျစ်လျူရှုထားလျက် ရှိသည်။

ဇူယွမ်မှာ ရဲတင်းလွန်းနေခြင်း မဟုတ်ပဲ ချိုင်ယင်းအား တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းသာ ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ဇူယွမ်မှာ သူ၏စွမ်းအင်အကန့်အသတ်အား စမ်းသပ်လိုခြင်းကြောင့်ပင် ဖြစ်သည်။ ထိုသို့စမ်းသပ်ရန်အတွက် အသင့်တော်ဆုံးမှာ ယခုလက်ရှိ ရင်ဆိုင်နေရသော ချိုင်ယင်းပင် ဖြစ်လေသည်။

အခြားသူများ၏ အမြင်တွင်မူ ဇူယွမ်မှာ စွမ်းအင်သုံးခု ပေါင်းစည်းလိုက်ရုံမျှဖြင့် ချိုင်ယင်းအား တိုက်ခိုက်ရန် မဖြစ်နိုင်ဟု ထင်မှတ်နေကြလိမ့်မည်သာ ဖြစ်သည်။ သို့သော် ထိုသူများသည် ဇူယွမ်ပိုင်ဆိုင်ထားသော စွမ်းအင်အစစ်အမှန်အား နားမလည်ကြသူများသာ ဖြစ်သည်။

ဇူယွမ်မှာ မျက်ဝန်းများအား ဖြည်းညင်းစွာ ပိတ်လိုက်ပြီးနောက် လက်ဝါးထက်ရှိ မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးအား အသက်ဝင်စေလိုက်သည်။

ဝုန်း....

ငလျင်လှုပ်နေသကဲ့သို့ ကမ္ဘာမြေပြင်ကြီးမှာ တုန်လှုပ်လာရသည်။

ဝုန်း....

ဇူယွမ်၏ပတ်ပတ်လည်ရှိ မြေပြင်မှာ ကြီးမားလှသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

ကမ္ဘာမြေပြင်အတွင်းရှိ မြေဓာတ်စွမ်းအင်များမှာ ဇူယွမ်၏ လက်ဖဝါးမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းဝင်ရောက်လာကြသည်။

ဇူယွမ်၏ ခန္ဓာကိုယ်မှာ စတင်၍ တုန်ခါလာရပြီးနောက် မျက်ဝန်းများမှာလည်း ဖျော့တော့သော အဝါရောင်အလင်းတန်းများဖြင့် ပြည့်နှက်လာရသည်။

ဇူယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များမှာ အဆမတန် မြင့်မားလာလေတော့သည်။

"ဟား....."

အဝေးမှ စောင့်ကြည့်နေကြသူများမှာ ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် အလွန်ပင် အံ့အားသင့်သွားကြရသည်။ အားလုံးမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အား ငေးမောကြည့်ရှုနေကြသည်။ ၎င်းတို့မှာ ဇူယွမ်၏စွမ်းအင်များ ရုတ်ချည်းဆိုသလို အဆမတန် မြင့်တက်လာခြင်းကို နားမလည်နိုင် ဖြစ်နေရလေသည်။

ကောင်းကင်ထက်တွင် ရှိနေသော ချိုင်ယင်းမှာလည်း မျက်ဝန်းများကျဉ်းမြောင်းလျက် ဇူယွမ်အား လေးနက်ခက်ထန်စွာဖြင့် ကြည့်ရှုနေသည်။ ဇူယွမ်ထံမှ အန္တရာယ်ရှိသော အငွေ့အသက်များ ဖြည်းညင်းစွာဖြင့် မြင့်တက်လာသည်ကို ခံစားနေရ၏။

"ဒီကောင် ဘာလှည့်ကွက်တွေ သုံးနေတာလဲ။ သူ့ရဲ့စွမ်းအင်တွေက ဘာလို့ရုတ်တရက်ကြီး မြင့်တက်လာရတာလဲ။" ချိုင်ယင်းမှာ ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုနေလျက် ရှိသည်။

"ဘာပဲဖြစ်ဖြစ် ငါသူ့ကိုသတ်ပစ်ရမှာပဲ..."

ချိုင်ယင်းမှာ လက်နှစ်ဖက်ကို အတူတကွ ချိတ်ဆက်လိုက်ပြီးနောက် နက်ရွှေရောင်ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ထို့နောက် ကောင်းကင်ထက်၌ပင် ယင်းနက်ရွှေရောင်ချီစွမ်းအင်များမှာ ပေထောင်ကျော်မျှရှိသော နက်ရွှေရောင်လှံတံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

အေးခဲသော အငွေ့အသက်များ ထိုနက်ရွှေရောင်လှံတံကြီးထံမှ ထွက်ပေါ်နေလျက် ရှိသည်။

ဝုန်း.....

ချိုင်ယင်းမှာ နက်ရွှေရောင်လှံတံကြီးအား ဇူယွမ်ထံသို့ ချိန်ရွယ်ပစ်လွှတ်လိုက်သည်။

ဝှစ်.....

နက်ရွှေရောင်လှံတံကြီးမှာ ဇူယွမ်နှင့် ထိတွေ့ရန် ဆယ်ပေကျော်မျှသာ ကွာဝေးတော့သည်။ ထိုအချိန်မှာပင် ဇူယွမ်ထံမှ အဝါရောင်အလင်းတန်းများ ထွက်ပေါ်လာကာ လှံတံအား တားဆီးထားလိုက်သည်။

ဘန်း.....

လှံတံကြီးမှာ အဝါရောင်အလင်းတန်းနှင့် တွေ့ဆုံသွားကာ မျက်စိတမှိတ်စာမျှ ကြာမြင့်သွားပြီးနောက် နက်ရွှေရောင်အလင်းမှုန်များအဖြစ် ပေါက်ကွဲပျက်စီးသွားလေတော့သည်။

ချိုင်ယင်းမှာ အလွန်ပင် ဒေါသထွက်သွားရပြီးနောက် နက်ရွှေရောင်ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ များပြားလှသော နက်ရွှေရောင်လှံတံများအဖြစ် ပြောင်းလဲစေလိုက်သည်။

ဝှစ်....ဝှစ်....

ရာနှင့်ချီသော နက်ရွှေရောင်လှံတံများမှာ မိုးစက်မိုးပေါက်များအလား ကောင်းကင်ထက်မှ ဆင်းသက်လာကြသည်။ ချိုင်ယင်း၏ ပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် စောင့်ကြည့်နေသူများကို အလွန်ပင် အံ့အားသင့်သွားစေသည်။ နက်ရွှေရောင်လှံတံတစ်ချောင်းသည်ပင် တပည့်ခေါင်းဆောင်တစ်ဦးအား သတ်ပစ်နိုင်သည်အထိ ပြင်းထန်လှသော အဖျက်စွမ်းအင်များ ပါဝင်နေခြင်း ဖြစ်သည်။ ယခုကဲ့သို့ ရာနှင့်ချီသော လှံတံများဆိုလျှင် ရွေးချယ်ခံများသည်ပင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

ရာနှင့်ချီသော နက်ရွှေရောင်လှံတံများမှာ အဝါရောင်အလင်းတန်းအား ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေကြသည်။ အဝါရောင်အလင်းတန်းမှာ သိသာစွာပင် ပါးလွှာမှေးမှိန်လာရသည်။ ဤအခြေအနေအရသာဆိုပါက မကြာမီအချိန်အတွင်းမှာပင် အဝါရောင်အလင်းတန်းမှာ ပျက်စီးသွားရမည်ပင် ဖြစ်သည်။

ထိုအချိန်မှာပင် ဇူယွမ်မှာ မျက်ဝန်းများအား ဖြည်းညင်းစွာပိတ်လျက် လက်ဝါးများအား မြေပြင်နှင့် ထိတွေ့စေလိုက်သည်။ သူသည် စွမ်းအင်အပြည့်အဝအား အသုံးပြုလျက် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးအား အသက်သွင်းလိုက်၏။ ဇူယွမ်မှာ သူ၏စွမ်းအင် အကန့်အသတ်အား စမ်းသပ်နေခြင်းပင် ဖြစ်သည်။

ဇူယွမ်သည် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးဖြင့် ဖန့်ယောင်အား သတ်ဖြတ်ခဲ့ဖူးပါသော်လည်း မှော်စာလုံးအား အသက်သွင်းရုံမျှသာသွင်း၍ မြေဓာတ်စွမ်းအင် အနည်းငယ်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်အချိန်၌ ဇူယွမ်မှာ မိုင်တစ်ရာပတ်လည်ရှိ မြေဓာတ်စွမ်းအင်များကိုသာ စုပ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် ဇူယွမ်မှာ မိုင်နှစ်ရာပတ်လည်ရှိ မြေဓာတ်စွမ်းအင်များအား စုပ်ယူလိုက်၏။

ကမ္ဘာမြေပြင်အတွင်းရှိ ထူထဲပြင်းထန်လှသော စွမ်းအင်များမှာ အရပ်မျက်နှာ အလုံးစုံမှ စုဝေးရောက်ရှိလာပြီးနောက် နဂါးတစ်ကောင်အလား ဇူယွမ်၏ လက်ဖဝါးမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။

ဇူယွမ်၏ အသွေးအသားများမှာ ပြင်းထန်စွာ တုန်ခါနေရသည်။ ကံကောင်းထောက်မစွာဖြင့် ဇူယွမ်၏ ပြင်ပခန္ဓာသန်မာမှုမှာ ရွှေအိုရောင်သွေးစက်အဆင့်သို့ ရောက်ရှိသွားပြီးသည့်နောက် အတော်ပင် ကောင်းမွန်နေပြီ ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဇူယွမ်မှာ ပြင်းထန်လွန်းလှသော မြေဓာတ်စွမ်းအင်များအား ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

သို့သော် မိုင်နှစ်ရာပတ်လည်ရှိ မြေဓာတ်စွမ်းအင်များကို စုပ်ယူလိုက်ပါသော်လည်း ဇူယွမ်၏ စွမ်းအင်အကန့်အသတ်သို့ ရောက်ရှိခြင်း မရှိသေးပါချေ။

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံး၏စွမ်းအင်အား ဆက်လက်တိုးမြှင့်စေလိုက်သည်။

မိုင်နှစ်ရာ့သုံးဆယ်.......မိုင်နှစ်ရာ့ငါးဆယ်......

ဇူယွမ်၏ ခန္ဓာကိုယ်အတွင်း ဖြည်းညင်းစွာဖြင့် ပြင်းထန်လှသော မြေဓာတ်စွမ်းအင်များ ပိုမိုသိပ်သည်းလာသည်။

ဝုန်း.....

ထိုအချိန်၌ များပြားလှသော နက်ရွှေရောင်လှံတံများကြောင့် အဝါရောင်အလင်းတန်းမှာ တဖြည်းဖြည်းနှင့် ပိုမိုပါးလွှာလာရပြီပင် ဖြစ်သည်။ စောင့်ကြည့်နေကြသူများမှာ ဇူယွမ်အတွက် ချွေးစေးများပင် ထွက်နေကြရပြီ ဖြစ်သည်။

ကောင်းကင်ထက်တွင် ရှိနေသော ချိုင်ယင်းမှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုလိုက်သည်။

ချိုင်ယင်းမှာ နက်ရွှေရောင်ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် နက်ရွှေရောင်လှံတံတစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်သည်။ သို့သော် ထိုနက်ရွှေရောင်လှံတံမှာ အခြားလှံတံများထက် အဖျက်စွမ်းအင် ​ပိုမိုကြီးမားသည့်အပြင် ကိုယ်ထည်၌ သွေးစက်များ ပါဝင်နေလျက် ရှိသည်။

"ရွှေရောင်အဖျက်စွမ်းအား...."

ချိုင်ယင်းမှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် ထိုလှံတံအား ဇူယွမ်ထံသို့ ချိန်ရွယ်ပစ်လွှတ်လိုက်သည်။

ဝုန်း....

နက်ရွှေရောင်လှံတံကြီးမှာ ပြင်းထန်လှသောအရှိန်ဖြင့် ကောင်းကင်ထက်မှ ဆင်းသက်လာပြီးနောက် အဝါရောင်အလင်းတန်းနှင့် တွေ့ဆုံသွားတော့သည်။

ဘန်း....

အဝါရောင်အလင်းတန်းမှာ ပြိုကွဲပျက်စီးသွားရ၏။

စောင့်ကြည့်နေကြသူများမှာ ဇူယွမ်၏အသက်ဆုံးရှုံးရတော့မည့်အချိန်အား ရင်တမမဖြင့် ကြည့်ရှုနေကြရသည်။

ဝှစ်....

နက်ရွှေရောင်လှံတံကြီးမှာ ဇူယွမ်၏ဦးခေါင်းအား ချိန်ရွယ်လျက် ပြင်းထန်လှသောအရှိန်ဖြင့် ပျံဝဲလာနေသည်။

ထိုအချိန်မှာပင် ဇူယွမ်မှာ လက်ဝါးဖြင့် လှံတံကြီးအား တားဆီးလိုက်သည်။

ဘန်း....

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ ကောင်းကင်ထက်တွင် ရှိနေသော ချိုင်ယင်းအား အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ပြီးနောက် လက်ဝါးတစ်ဖက်တည်းဖြင့်ပင် လှံတံကြီးအား အပိုင်းပိုင်းအစစ ချေမွှပစ်လိုက်သည်။

ဇူယွမ်မှာ အလင်းမှုန်များအဖြစ် ပျောက်ကွယ်သွားသော လှံတံအား ကြည့်ရှုလိုက်ပြီးနောက် ချိုင်ယင်းအားကြည့်ကာ ပြုံးလိုက်သည်။

"မြင့်မြတ်သောနန်းတော်ရဲ့ ရွေးချယ်ခံတစ်ယောက်က ဒီလောက်ပဲ စွမ်းတာလား။"

"ဒါက မင်းရဲ့စွမ်းရည် အကုန်ပဲဆိုရင် ဒီနေ့ငါက..."

"ရွေးချယ်ခံတစ်ယောက်ကို သတ်ပစ်ရတော့မှာပေါ့။"

ဝုန်း....

စကားသံနှင့်အတူ ဇူယွမ်၏ခန္ဓာကိုယ်မှ ပြင်းထန်လွန်းလှသော စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာလေတော့သတည်း....

All Chapters