တစ်သက်တာ နာမည်ပျက်ခြင်း
Vol. 1 Ch. 245
မောက်မာလွန်းတယ်၊ မိုက်မဲလွန်းတယ် ...
ကျန်းရီသည် အောက်မှ လူများကို ထိုခံစားချက်များ ပေးစွမ်းနေလေသည်။ ကောင်းကင်ထက်တွင် ရှိနေသူမှာ ဗာဂျရာအဆင့် လူတစ်ဦးသာ ဆိုပါက အောက်ရှိလူများ အားလုံး ထိတ်လန့်တုန်လှုပ်၊ ဆောက်တည်ရာမရ ဖြစ်နေကြမည် ဖြစ်သည်။
ကျန်းရီသည် ကံကောင်းထောက်မ၍ ရတနာအချို့ ပိုင်ဆိုင်ထားသော ဆယ့်ခြောက်နှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်သည်။ သူတစ်ဦးတည်းနှင့် စစ်သည် တစ်သောင်းခန့်ကို သတ်ချင်နေသည်။ ထို့ပြင် သူသည် ရှားနိုင်ငံ၏ တစ်ဦးတည်းသော စစ်သူကြီးချုပ် စုတိကောကိုပင် ခြိမ်းခြောက်လိုက်သေးသည်။
လူပေါင်းများစွာသည် ဒေါသ ထွက်လာကြသလို စုတိကောမှာ ပို၍ပင် ဒေါသတကြီး ဖြစ်လာခဲ့သည်။ သူတို့ ဒေါသ ထွက်နေကြသော်လည်း ကျန်းရီကို သူတို့ မသတ်နိုင်ဟူသော အမှန်တရားကို မြန်မြန်ဆန်ဆန်ပင် သဘောပေါက် သွားခဲ့သည်။ ကျန်းရီသည် အားလုံးကို သတ်ရန် ကြောက်စရာ မီးတောက်များနှင့် ကျောက်တုံးငယ်များကို ဆက်ပစ်ချနိုင်သည်။ မြေပြင် အနေအထားသည် ပြန့်ပြူးနေပြီး စစ်သည် အရေအတွက်မှာ အလွန်များပြားလို့ နေသည်။ စစ်တပ်ကြီးသည် အချိန်တိုအတွင်း လူစုခွဲကြရန် မဖြစ်နိုင်ပေ။
ကျန်းရီသည် နဂါးလင်းယုန်ကြီးကို ထိန်းချုပ်ရင်း မြေပြင်နှင့် ကိုးကီလိုမီတာမှ ခြောက်ကီလိုမီတာခန့် အကွာထိ ဆင်းလိုက်တက်လိုက်နှင့် နဂါးလင်းယုန်ကို စီးနင်းလျက်ရှိသည်။ ထိုအမြင့် အနေအထားတွင် အောက်မှ မြားချက်များနှင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များ၏ အတွင်းအား တိုက်ခိုက်မှုများမှာ သူ့ကို မထိနိုင်သေးပေ။ အကယ်၍များ ကံထူး၍ တစ်ယောက်ယောက်၏ တိုက်ခိုက်မှု ကျန်းရီထံ ထိမှန်သွားလျှင်တောင် အင်အားသည် အလွန်ပျော့နေမည် ဖြစ်ပြီး နဂါးလင်းယုန်ကိုတောင် မသတ်နိုင်သေးပေ။
"ဝှစ် ... ဝှစ်"
ကျန်းရီသည် ရှားဝူဟွေ့ရှိရာ ဘက်သို့ ဆက်တိုက် ဦးတည်လျက် ရှိသည်။ သူအောက်သို့ တစ်ချက် ထိုးဆင်းလိုက်တိုင်း မီးဝိညာဉ်ကျောက်တုံး တစ်ခုကို ပစ်ချသည်။ မီးဝိညာဉ်ပုလဲထဲတွင် မီးဝိညာဉ်ကျောက်တုံး နှစ်ဆယ်ကျော်လောက် ကျန်နေသေးသည်။ ရှားဝူဟွေ့သည် ဆက်လက် ခေါင်းမာနေပြီး စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို မပေးလျှင် မီးဝိညာဉ်ကျောက်တုံး အကုန်လုံးကို ပစ်ချရန် သူဆုံးဖြတ်ထားသည်။ ထိုသို့ လုပ်ခြင်းဖြင့် သူစစ်တပ် တစ်ခုလုံးကို အမြစ်ဖြုတ်လိုက်ပြီး ရှားဝူဟွေ့နှင့် ရှန်ဝူနိုင်ငံကို အရှက်ခွဲနိုင်သည်။ ရှားဝူဟွေ့တွင် လက်ထပ်ပွဲကို တောင်းဆိုရဲသည့် မျက်နှာရှိပါဦးမည်လော။
မိန်းမစိုးအိုကြီးသည် ရှားဝူဟွေ့ကို သယ်ဆောင်ရင်း ကျန်းရီ ပစ်ချလိုက်သော မီးဝိညာဉ် ကျောက်တုံးများကို အဆက်မပြတ် ရှောင်ရှားလျက်ရှိသည်။ စစ်သည်များသည် နေရာတိုင်းတွင် ရှိနေပြီး ကျန်းရီသည်လည်း မည်သူမှ မရှောင်ရှား နိုင်လောက်သည့် အမြန်နှုန်းဖြင့် မီးဝိညာဉ် ကျောက်တုံးများကို ပစ်ထုတ်လျက်ရှိသည်။ မီးဝိညာဉ်ကျောက်တုံး တစ်တုံးစီသည် အနည်းဆုံး စစ်သည်တစ်ရာ၊ နှစ်ရာကို ပြာကျသွားစေပြီး ရံဖန်ရံခါတွင် စစ်သည် လေးရာ၊ ငါးရာခန့်အထိ ပြာကျသွားစေလေသည်။ ကြောက်စရာ ကောင်းလောက်အောင် မြင့်သော အပူရှိန်သည် စစ်သည်များစွာကိုလည်း လောင်မြိုက်စေသည်သာ။
"ရှားဝူဟွေ့ ... မင်းက ရှန်ဝူနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားဖြစ်ပြီး ဒီစစ်သည်တွေက မင်းရဲ့ နောက်လိုက်တွေပဲ၊ သူတို့သေတာကို ဒီအတိုင်း ကြည့်နေနိုင်တယ်လား ... စိတ်ဝိညာဉ် အားဖြည့်ဆေးပင်က ဘာတန်လို့လဲ မင်းက ဘာမဟုတ်တဲ့ ပစ္စည်းလေး တစ်ခုအတွက် မင်းလက်အောက်ငယ်သားတွေ သေတာကို ကြောင်တောင် ကြည့်နေနိုင်တယ်လား?"
"ရှန်ဝူစစ်တပ်ရဲ့ စစ်သည်တွေ ... မင်းတို့ မျက်လုံးကိုဖွင့်ပြီး သေချာကြည့်ပါဦး ... ဒါက မင်းတို့ ထောက်ပံ့ပေးနေတဲ့ အိမ်ရှေ့စံမင်းသား၊ မင်းတို့ရဲ့ အနာဂတ်ဘုရင်ပဲ ... ဒီလို ကိုယ်ကျင့်တရား၊ ဒီလိုစိတ်နေစိတ်ထား၊ ဒီလိုဆုံးဖြတ်ချက်နဲ့ သူ့မှာ မင်းတို့ကို အမိန့်ပေးနိုင်ဖို့ ဘာအရည်အချင်း ရှိလို့လဲ"
"စစ်သူကြီးစု ... ခင်ဗျားရဲ့ လူတွေကို နောက်မဆုတ် ခိုင်းသေးဘူးလား ... ဟားဟား ... အိမ်ရှေ့စံက ဒီကို ခင်ဗျားတို့ရဲ့ မင်းသမီးကို လက်ထပ်ဖို့ လာခေါ်ဆောင်တာလို့ ကြားတယ်၊ ခင်ဗျားတို့ရဲ့ မင်းသမီးကို ဒီလို ကိုယ်ကျင့်တရားရှိတဲ့ လူနဲ့ လက်ထပ်စေချင်တာလား"
ကျန်းရီသည် မီးဝိညာဉ်ကျောက်တုံး တစ်တုံးပစ်ချလိုက်တိုင်း အတွင်းအား သုံးထားသော အသံကျယ်ကြီးဖြင့် စကားတစ်ခွန်းစီကို အော်ပြောလျက် ရှိသည်။ သူ့အော်သံကြီးအား စစ်သည်များအားလုံး၊ အနီးအနားရှိ ဖြတ်သွားဖြတ်လာ ကုန်သည်အုပ်စုများနှင့် ပုန်းအောင်းနေကြသော နိုင်ငံအသီးသီးမှ ကင်းထောက်များ အားလုံး ပီပီသသ ကြားနိုင်လေသည်။
ရှားဝူဟွေ့သည် ဒေါသထွက်လွန်း၍ ရူးသွားမတတ် ဖြစ်နေခဲ့သည်။ သို့သော် သူသည် ဆက်လက် ခေါင်းမာနေပြီး စိတ်ဝိညာဉ်အားဖြည့်ဆေးပင်ကို မပေးချေ။
စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ပေးလိုက်ပြီးသည်နှင့် ကျန်းရီ ချက်ချင်းထွက်ပြေးသွားမည်ကို သူသိသည်။ ကျန်းရီသာ ပုန်းနေချင်ပါလျှင် ဒီဘဝတွင် သူ့အား အမဲလိုက်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သူသည် အရှက်ခွဲမှုကို သည်းခံနေခဲ့ခြင်း ဖြစ်သည်။ ရှန်ဝူစစ်တပ်မှ စစ်သည်များ၏ စိတ်နှလုံးတို့ ကြောက်ရွံ့ ထိတ်လန့်နေကြပြီကို သူသိသော်လည်း အံကြိတ်၍ ဘာမှမကြားသလို ဟန်ဆောင် နေခဲ့လိုက်သည်။
စုတိကောသည်လည်း ဒေါသထွက်၍ ရူးမတတ် ဖြစ်နေလေသည်။ ကျန်းရီကဲ့သို့ ရူးသွပ်သူနှင့် သူထိပ်တိုက် တွေ့ရသည်မှာ ဤတစ်ကြိမ် ပထမဆုံး ဖြစ်လေသည်။ အထူးသဖြင့် ထိုအရူးသည် မည်သည့်အမျိုးအစားမှန်း မသိသော မီးတောက်များနှင့် ကျောက်တုံးများကို အသုံးပြုနေချိန်တွင် အလွန်ကြောက်စရာ ကောင်းလှသည်။
ကျန်းရီ၏ မီးဝိညာဉ် ကျောက်တုံးများကြောင့်သာ သူတို့ ဤကဲ့သို့ အခြေအနေ ကြုံတွေ့နေရခြင်း ဖြစ်လေသည်။ ကျန်းရီ၏ နေရာတွင် မိုးပျံသားရဲကို စီးနင်းထားသော အခြားစိတ်ဝိညာဉ် မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့် တစ်ယောက်ယောက် ဆိုပါက စုတိကောတွင် ကိုင်တွယ်ရန် နည်းလမ်းများ ရှိလေသည်။
"ကျန်းရီမှာ အဲဒီမီးကျောက်တုံးတွေ သုံးမကုန် နိုင်အောင်သာ ရှိနေမယ်ဆိုရင် စစ်သည်တစ်သန်း ဆိုရင်တောင် သူ အသာလေး သတ်လို့ရတယ်"
စုတိကော၏ စိတ်ထဲတွင် ထိုကြောက်စရာ ကောင်းသော အတွေးကို တွေးမိသွားသည်။ ကံကောင်းထောက်မ၍ ကျန်းရီ စီးနင်းထားသည်မှာ ဒုတိယအဆင့် နတ်ဆိုးသားရဲသာ ဖြစ်သည်။ ၎င်းသာ တတိယအဆင့် အမြင့်ဆုံး နတ်ဆိုးသားရဲဖြစ်ပြီး ကျန်းရီတွင် မီးဝိညာဉ်ကျောက်တုံးများ သုံးမကုန်အောင် ရှိနေပါက ကျန်းရီသည် ဗာဂျရာ အဆင့်တွင်တောင် ပြိုင်ဘက်ကင်းလောက်သည်။
"အချက်ပြ သင်္ကေတလွှတ်ပြီး အကြီးအကဲတွေကို အကူအညီ တောင်းလိုက် ပြီးရင် မိုးပျံသားရဲ ရှိတဲ့သူတွေစုပြီး ကျန်းရီနောက်ကို လိုက်ကြမယ်"
စုတိကောသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဋ္ဌမအဆင့် လူတစ်ယောက်ကို တိုးတိုးတိတ်တိတ် အမိန့်ပေးလိုက်သည်။ ထိုလူသည် ရှားယွိမြို့သို့ အမြန်ဆုံးနှုန်းနှင့် ပြေးသွားလေသည်။ ကျန်းရီသည် ရှားဝူဟွေ့နှင့် ရှန်ဝူနိုင်ငံကို အရှက်ခွဲရုံသာမက စုတိကောနှင့် ရှားနိုင်ငံကိုပါ အရှက်ခွဲနေခြင်းလည်း ဖြစ်သည်။ စစ်သည်သောင်းဂဏန်း ပါသော စစ်တပ်က လူတစ်ဦးတည်းကို ဘာမှမလုပ်နိုင်ချေ။ ဤသတင်းသာ ပျံ့သွားလျှင် အခြားနိုင်ငံများက ခေါင်းတယမ်းယမ်းနှင့် ရယ်ကြပေလိမ့်မည်။
ရှားဝူဟွေ့ကို သယ်ဆောင်ထားသော မိန်းမစိုးအိုကြီးသည် စုတိကော လူတစ်ယောက်ကို စေလွှတ်လိုက်သည်ကို မြင်လျှင် သူ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် ရှားဝူဟွေ့ကို ခပ်တိုးတိုး ပြောလိုက်သည်။
"အရှင့်သား ... စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို မပေးချင်ရင် ဒီအစေခံအိုကြီးက အရှင့်သားကို ရှားယွိမြို့ဆီ အမြန်ဆုံးနှုန်းနဲ့ ခေါ်သွားနိုင်ပါတယ်၊ ရှန်ဝူစစ်တပ်ကတော့ သူတို့ကို လူစုခွဲခိုင်းလိုက်ရင် ကျန်းရီ လူအများကြီး မသတ်နိုင်ပါဘူး"
"ဒါက ..."
ရှားဝူဟွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ သူ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို မပေးချင်လျှင် မိန်းမစိုးဝေ့၏ အကြံကို နားထောင်ရမည်။ တစ်ဖက်တွင်လည်း သူဤကဲ့သို့ ထွက်သွားပါက သူ့အရှက်ကွဲမှုသည် ပိုတိုးသွားလိမ့်မည်။
သူ့ဂုဏ်သတင်းကို ထိန်းသိမ်းမည်လော၊ လက်စားချေမည်လော ...
ရှားဝူဟွေ့သည် ဝေခွဲမရ ဖြစ်နေခဲ့သည်။ သူရှားယွိမြို့သို့ သွားလျှင် သူ့နောက်မှ ကျန်းရီ လိုက်လာနိုင်ချေ ရှိသည်။ မြို့ထဲတွင် ဗာဂျရာအဆင့် လူတစ်ဦး ရှိသည်။ ရှားယွိမြို့သို့ ကျန်းရီ လိုက်လာနိုင်ချေကို ဖယ်လိုက်လျှင်တောင် သူတို့ တစ်နာရီမျှ အချိန်ဆွဲနိုင်လျှင် ကျန်းရီ သေချာပေါက် သေပေလိမ့်မည်။ ရှားနိုင်ငံတွင်လည်း မိုးပျံသားရဲ ရှိသည်။ သူတို့ အချိန်နည်းနည်း ဆွဲနိုင်လျှင် အရာရာ အဆင်ပြေသွားလိမ့်မည်။
"ရှားယွိမြို့ကို သွားမယ်၊ ထိုက်ရှစ်ကျန်း အားလုံးကို လူစုခွဲခိုင်းလိုက်ပြီး နောက်ထပ်အမိန့်တွေကို စောင့်ဖို့ ပြောလိုက်"
အဆုံးတွင် ရှားဝူဟွေ့၏ သတ်ဖြတ်လိုစိတ်က အနိုင်ရသွားခဲ့သည်။ သူ၏ ဂုဏ်သတင်းလည်း ကျဆင်းနေပြီးဖြစ်ရာ လွှင့်ပစ်လိုက်တော့မည်။ ရှားဝူဟွေ့သည် ယနေ့ ကျန်းရီ မသတ်လိုက်နိုင်လျှင်၊ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ရယူခွင့် ပေးလိုက်ရလျှင် ကျန်းရီသည် သူ့ဘဝတစ်လျှောက်လုံးတွင် အိပ်မက်ဆိုးကြီး ဖြစ်လာလိမ့်မည်။
"ဝှစ်"
မိန်းမစိုးကြီးသည် အမြန်နှုန်းကို မြှင့်၍ ရှားယွိမြို့ဆီ ပြေးလိုက်သည်။ ထိုက်ရှစ်ကျန်းသည် အံကြိတ်၍ စစ်သည်များအား လူစုခွဲရန် အမိန့်ပေးလိုက်ပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် လူတစ်စုကို ဦးဆောင်ကာ ရှားဝူဟွေ့နောက် လိုက်ရလေသည်။ သူ့တာဝန်သည် ရှားဝူဟွေ့၏ ဘေးကင်းစေရန်သာ ဖြစ်သည်။ အိမ်ရှေ့စံက အမိန့်ပေးလာရာ သူဘာများ လုပ်နိုင်မည်နည်း။ သူခေါ်သွားသူများသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်နှင့်အထက် လူများ ဖြစ်ကြသည်။ သူတို့သည် လျှပ်စီးအလျင်နှင့် ပြေးသွားကြရာ မျက်စိတစ်မှိတ် အတွင်း၌ပင် ကီလိုမီတာ သုံးဆယ်ကျော် ရောက်ရှိသွားခဲ့သည်။
"သောက်ရူး"
"အရူး"
ကျန်းရီနှင့် စုတိကောသည် တစ်ပြိုင်နက်တည်း ဆဲရေးလိုက်မိသည်။ စစ်သားများကို မည်သို့မှ အလေးမထားဘဲ စွန့်ပစ်ခဲ့ခြင်း ... ထိုကဲ့သို့သော လုပ်ရပ်ကို လုပ်သူသည် မည်မျှ ရူးမိုက်လေသနည်း။ သူ့လူများက သူ့ကို မည်သို့ ထင်ကြမည်နည်း။
သေရေးရှင်ရေး အခြေအနေတွင် တစ်စုံတစ်ယောက်သည် သူတို့အား သက်မဲ့အရာများ ကဲ့သို့ ပြုမူပြီး စွန့်ပစ်ခဲ့လျှင် ထိုလူအတွက် သူတို့၏ အသက်များကို အဘယ့်ကြောင့် ရင်းပေးရမည်နည်း။ ထိုလူကို အဘယ့်ကြောင့် သစ္စာခံ ရမည်နည်း။
ရှန်ဝူစစ်တပ်မှ စစ်သည်များအားလုံး ဆွံ့အသွားကြသည်။ အမိန့်ရလာသော်လည်း မည်သူမှ ထွက်မပြေးကြဘဲ အိမ်ရှေ့စံနှင့် တာဝန်ကျ အရာရှိခေါင်းဆောင် ထွက်ပြေး သွားရာဘက်သို့သာ သည်းမခံနိုင်စွာ ကြည့်နေကြလေသည်။ သူတို့သည် သူတို့၏ မြင့်မြတ်လှပြီး ပြိုင်ဘက်ကင်းသော အိမ်ရှေ့စံကို စတင်သံသယ ဝင်လာကြရပြီ ဖြစ်သည်။ သူတို့အားလုံးကို အရေးမစိုက်ဘဲ စွန့်ပစ်ခဲ့လေခြင်း ...
"ဟား … ဟား ... ဟား"
ကျန်းရီသည် သူ၏ နဂါးလင်းယုန်မှာ ဒုတိယအဆင့် နတ်ဆိုးသားရဲသာ ဖြစ်သည့်အတွက် ပြေးလိုက် မသွားခဲ့ပေ။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်ကို သူမည်သို့ အမီလိုက်နိုင်မည်နည်း။ သူသည် အလွန်ရယ်ဖွယ်ရာနှင့် ဝမ်းနည်းစရာ ကောင်းလှသည်ကိုသာ ခံစားမိတော့သည်။
သူသည် ရှန်ဝူစစ်တပ်မှ စစ်သည်များကို သတ်ဖြတ်ရန် မီးဝိညာဉ် ကျောက်တုံးများကို ထပ်မသုံးတော့ပေ။
သူသာ အတင်းဖိအားပေး ခံခဲ့ရခြင်း မဟုတ်လျှင် စစ်သည်တစ်ဦးကိုမှ မသတ်လိုပေ။ သူ ရှန်ဝူနိုင်ငံမှ ထွက်ခွာခဲ့လာလျှင် လာခဲ့မည်၊ ရှန်ဝူနိုင်ငံမှ တော်ဝင်မိသားစုများ၊ အခြားလူများနှင့် ရန်ငြိုးရှိလျှင် ရှိလိမ့်မည်။ သို့သော် သူသည် ရှန်ဝူနိုင်ငံတွင် မွေးဖွားလာခဲ့ပြီး နိုင်ငံအတွက် ခံစားချက်အချို့ ရှိနေသေးသည်။
လူတစ်ဦးသည် ကျန်းမာ၍ ငြိမ်းချမ်းသော ဘဝကို ပိုင်ဆိုင်ထားရလျှင် မည်သူကများ ခြေသလုံးအိမ်တိုင် ဝရမ်းပြေး တစ်ယောက်၏ ဘဝကို လိုချင်မည်နည်း။
မည်သူကများ တစ်သက်တာလုံး နာမည်ပျက် ချင်မည်နည်း။
မည်သူကများ လူတကာ၏ အထင်သေးမှုကို ခံချင်မည်နည်း။
မည်သူကများ ခွေးလေလွင့် တစ်ကောင်လို ကျိန်ဆဲခံရရင်း လိုက်လံ ဖမ်းဆီးခံရသည့် ဘဝကို လိုချင်ပါမည်နည်း။
သူသည် မည်သူနှင့် မပတ်သက်ချင်သလို ကျော်ကြားမှု၊ ချမ်းသာမှု တို့ကိုလည်း မလိုချင်ပေ။ သူသည် သတ်ဖြတ်ရခြင်း ကိုတောင် မုန်းတီးနေပြီ ဖြစ်သည်။
ရှားထင်ဝေ့နှင့် ရှားဝူဟွေ့ကသာ သူ့ကို ဖိအားမပေးခဲ့လျှင်၊ သူပိုင်ဆိုင်သော စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို အာဏာဖြင့် ပြန်မသိမ်းခဲ့လျှင် သူသည် ခွေးရူးတစ်ကောင် ကဲ့သို့ လူတိုင်းကိုကိုက်ရန်၊ ပေါ်ပေါ်ထင်ထင် နိုင်ငံသစ္စာဖောက်မှု ကျူးလွန်ရန် တွေးပင်တွေးမိမည် မဟုတ်ချေ။
စိတ်ဝိညာဉ် အားဖြည့်ဆေးပင် မရှိတော့ပေ။
ကျန်းရီသည် ဤနေရာတွင် ဆက်နေချင်စိတ် မရှိတော့သလို အရူးတစ်ယောက်ကဲ့သို့ ရှားဝူဟွေ့နောက် လိုက်ရန်လည်း အစီအစဉ် မရှိချေ။ သူသည် နဂါးလင်းယုန်ကြီးထက်တွင် ထိုင်ရင်း ဗလာမျက်ဝန်း တို့နှင့်သာ အောက်မှ ပုရွက်ဆိတ် အရွယ်အစားခန့်သာ ရှိသော လူများကို ငုံ့ကြည့်၍ သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။
"စစ်သူကြီး စုတိကော၊ ရှန်ဝူစစ်တပ်နဲ့ ရှားနိုင်ငံက စစ်သည်တွေ ... ဒီနေ့ ဒီကျန်းမျိုးနွယ်က ဖိအားပေးခံရတာကြောင့် စိတ်ဝိညာဉ် အားဖြည့်ဆေးပင် ရဖို့ မတွေမဝေ သတ်ဖြတ်ခဲ့ပါတယ်၊ အားလုံးပဲ လက်စားချေချင်ရင် ဒီကျန်းမျိုးနွယ်ကို လိုက်လံ သတ်ဖြတ်နိုင်ပါတယ် ... ကျွန်တော်လုံးဝ အပြစ်မတင်ပါဘူး"
ကျန်းရီသည် စကားတစ်ခွန်းကို ချန်ရစ်ကာ နဂါးလင်းယုန်ကြီးကို စီး၍ မြောက်ဘက်အရပ်သို့ ထွက်ခွာသွားခဲ့သည်။ သူသည် အပြင်လောကသို့ ထွက်ခွာသွားတော့မည့် သင်းကွဲဝံပုလွေ တစ်ကောင်အလား ဆွတ်ပျံ့ဝမ်းနည်းဖွယ် ကျောပြင်ကို ချန်ရစ်ခဲ့လေသည်။
***