← Chapters

မိုးပြာရောင်​မြွေနဂါးမှနက်ရွှေရောင်သိဒ္ဓိလုံးအားဖျက်စီးခြင်း

Vol. 45 Ch. 623

မိုးပြာရောင်​မြွေနဂါးမှနက်ရွှေရောင်သိဒ္ဓိလုံးအားဖျက်စီးခြင်း

Vol. 45 Ch. 623

ဇူယွမ်ထံမှ ပြင်းထန်လှသော စွမ်းအင်များမှာ မုန်တိုင်းတစ်ခုအလား ကြမ်းတမ်းခက်ထန်စွာ ထွက်ပေါ်လာသည်။

ဇူယွမ်မှာ မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးအား အသက်သွင်းကာ မိုင်သုံးရာပတ်လည်ရှိ မြေဓာတ်စွမ်းအင်များအား စုပ်ယူခဲ့ခြင်းပင် ဖြစ်သည်။

ထိုပမာဏမှာ ဖန့်ယောင်အား သတ်ဖြတ်ခဲ့စဉ်ကထက် သုံးဆမျှပင် ပိုမိုများပြားပေသည်။

ပြင်းထန်လွန်းလှသော မြေဓာတ်စွမ်းအင်များကြောင့် ဇူယွမ်၏ အသားအရေများသည်ပင် စတင်ဆုတ်ပြဲလာရသည်။ ကံကောင်းထောက်မစွာဖြင့် ဇူယွမ်၏ ပြင်ပခန္ဓာသန်မာမှုမှာ ရွှေအိုရောင်သွေးစက်အဆင့်သို့  ရော​က်ရှိနေပြီဖြစ်သောကြောင့် ဆုတ်ပြဲဒဏ်ရာများမှာ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ချက်ချင်းဆိုသလိုပင် ပြန်လည်ကောင်းမွန်သွားရသည်။

ဇူယွမ်၏ အဝတ်အစားများမှာ ပြင်းထန်လှသော စွမ်းအင်များကြောင့် တဖျတ်ဖျတ် လွင့်ခါနေလျက် ရှိသည်။ သူသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ချိုင်ယင်းအား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်၏။

ကောင်းကင်ထက်တွင် ရှိနေသော ချိုင်ယင်းမှာ အံ့အားသင့်နေသော မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုနေမိသည်။

"ဒီကောင်ရဲ့ စွမ်းအင်တွေက ဘာလို့အဆုံးအစ မရှိလောက်အောင် မြင့်တက်နေရတာလဲ။ ကန်ရွှမ်းကလန်မှာ ဒီလိုထူးဆန်းတဲ့ကျင့်စဉ်မျိုးရှိတယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး။" ချိုင်ယင်းမှာ နားမလည်နိုင်စွာဖြင့် တွေးတောနေမိသည်။

သို့သော် ချိုင်ယင်းမှာ စိတ်ခံစားချက်များနှင့် မရေရာသော အတွေးစများအား အလျင်အမြန်ပင် ဖြတ်တောက်ပစ်လိုက်၏။

ယခုအချိန်တွင် ဇူယွမ်မှ မည်သို့သော လှည့်ကွက်အား အသုံးပြုနေပါစေ အရေးမကြီးပါချေ။

"မင်းကငါ့ကို သတ်ချင်တာလား။ မင်းက တကယ်ကို ရူးလွန်းတဲ့ကောင်ပဲ။" ချိုင်ယင်းမှ မထီမဲ့မြင်ပြုစွာဖြင့် စကားဆိုလိုက်သည်။ ဇူယွမ်မှ မည်မျှပင် စွမ်းအင်များ မြင့်တက်လာပါစေ ချိုင်ယင်းမှာ ကြောက်ရွံ့ထိတ်လန့်နေမည် မဟုတ်ပေ။

မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံတစ်ဦးအနေဖြင့် ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင် အဆင့်သာရှိသော ဇူယွမ်အား ရှုံးနိမ့်ခဲ့ပါက ​မြင့်မြတ်သောနန်းတော်၏ ဂုဏ်သိက္ခာမှာ ဆောင်းဦးတွင် တိုက်ခတ်လေ့ရှိသော လေပြေလေညှင်းများကဲ့သို့ လွင့်မျောသွားရလိမ့်မည်ပင် ဖြစ်သည်။

ထို့ကြောင့် ယနေ့တွင် မည်သည့်နည်းလမ်းကိုပင် အသုံးပြုရပါစေ ချိုင်ယင်းမှာ ဇူယွမ်အား သတ်ဖြတ်ပစ်ရမည်သာ ဖြစ်သည်။

ချိုင်ယင်းမှာ ပြင်းထန်လှသော နက်ရွှေရောင်ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

မြင့်မြတ်သောနန်းတော်မှ အသက်အငယ်ဆုံး ရွေးချယ်ခံတစ်ဦးအနေနှင့် ချိုင်ယင်း၏ တိုက်ပွဲစွမ်းရည်မှာ ချီးကျူးရလောက်အောင်ပင် ကောင်းမွန်လှပေသည်။

"ဘယ်သူက ဘယ်သူ့ကို သတ်ပစ်မလဲဆိုတာ ကြည့်ရသေးတာပေါ့။" ချိုင်ယင်းမှာ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အားကြည့်ကာ စကားဆိုလိုက်သည်။

ဇူယွမ်မှာ တည်ငြိမ်သောအမူအရာဖြင့်ပင် ချိုင်ယင်းအား ကြည့်ရှုလိုက်သည်။ ထို့နောက် မည်သည့်စကားမှ ပြောဆိုခြင်းမပြုပဲ လက်နှစ်ဖက်ကိုသာ ပြင်းထန်စွာ ရိုက်ခတ်လိုက်၏။

ဇူယွမ်၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်လှသော စွမ်းအင်များမှာ ဆူပွက်လာရပြီးနောက် ပါးနှစ်ဖက်မှာလည်း ဖောင်းကားလာကာ အဝါရောင်အလင်းများ တောက်ပလာသည်။

ဇူယွမ်၏ အနီးတွင်ရှိနေသော လေထုသည်ပင် ပြင်းထန်လှသော အဖျက်စွမ်းအင်များကြောင့် ပေါက်ကွဲကုန်ရသည်။

ကောင်းကင်ထက်တွင် ရှိနေသော ချိုင်ယင်းမှာလည်း ဇူယွမ်၏ပုံရိပ်အားကြည့်ကာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။

"မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံး.....မိုးပြာရောင်မြွေနဂါး...."

ဇူယွမ်မှာ နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။

ဇူယွမ်၏ နှုတ်ခမ်းအစုံမှာ ပွင့်ဟလာပြီးနောက် အာခံတွင်းထဲမှ အဝါရောင်သမ်းသော မိုးပြာရောင်မြွေနဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။

မြွေနဂါးကြီးမှာ အလွန်ပင် ကြီးမားသော အရွယ်အစားအဖြစ် ပြောင်းလဲသွားပြီးနောက် ကောင်းကင်သို့ထိုးတက်ကာ ကျယ်လောင်လှသောအသံဖြင့် ကြောက်မက်ဖွယ်ကောင်းစွာ ဟိန်းဟောက်လိုက်သည်။

ထိုကြီးမားလှသော မြွေနဂါးကြီးမှာ ဇူယွမ်မှ ကောင်းကင်မြွေနဂါးချီအား အသုံးပြုသောအခါ၌ ထွက်ပေါ်လာလေ့ရှိသော ဆန်းကြယ်လှသည့် ချီစွမ်းအင်ပုံရိပ်ကြီးပင် ဖြစ်သည်။ ဇူယွမ်မှာ ကောင်းကင်မြွေနဂါးချီနှင့် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးတို့အား ပေါင်းစည်းလိုက်ခြင်းပင် ဖြစ်လေသည်။

အဝါရောင်သမ်းသော မိုးပြာရောင်မြွေနဂါးကြီးမှာ အလင်းအလား လျင်မြန်လှသောအရှိန်ဖြင့် ချိုင်ယင်းထံသို့ ဦးတည်ပျံဝဲသွားသည်။

ချိုင်ယင်းမှာ မိုးပြာရောင်မြွေနဂါးကြီးအား ကြည့်ရှုလိုက်ပြီးနောက် အမူအရာများ ပြောင်းလဲသွားရသည်။ ဇူယွမ်၏ တိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မျှော်လင့်ပြီးသားဖြစ်ပါသော်လည်း သူစိတ်ကူးထားသည်ထင်ပင် ပို၍သာလွန်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ချိုင်ယင်းမှာ ယခုအချိန်မှ ဆုတ်ခွာလိုက်ရန် မဖြစ်နိုင်တော့ကြောင်း ကောင်းစွာသိရှိနေသည်။ သူ၏ စွမ်းအင်အပြည့်အဝအား အသုံးပြုလျက် ဇူယွမ်အား ချေမှုန်းဖျက်စီးပစ်ရန် လိုအပ်ပေသည်။ ထိုမှသာ မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံတစ်ဦးအနေဖြင့် သူ၏ဂုဏ်သိက္ခာအား ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မည် ဖြစ်သည်။

"ငါ့လို ရွေးချယ်ခံတစ်ယောက်က မင်းလိုမျိုး ဘာမဟုတ်တဲ့ တပည့်ခေါင်းဆောင်တစ်ကောင်ကို ကြောက်နေလိမ့်မယ်များ ထင်နေလား။" ချိုင်ယင်း၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်သည်။ ထို့နောက် ယင်း၏အာခံတွင်းထဲမှ နက်ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ကလေးငယ်၏လက်သီး အရွယ်ခန့်ရှိသော နက်ရွှေရောင်သိဒ္ဓိလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုနက်ရွှေရောင်သိဒ္ဓိလုံးမှာ အရွယ်အစား သေးငယ်ပါသော်လည်း အလွန်ပင် ပြင်းထန်လွန်းလှသော အဖျက်စွမ်းအင်များအား ပိုင်ဆိုင်ထားလေသည်။

စောင့်ကြည့်နေကြသူများမှာ တိုက်ပွဲမြင်ကွင်းကြောင့် အလွန်ပင် အံ့အားသင့်နေကြရသည်။

"ဒါ....ဒါက..မြင့်မြတ်သောရွှေရောင်ခန်းမရဲ့ အပြင်းထန်ဆုံးကျင့်စဉ် နက်ရွှေရောင်သိဒ္ဓိလုံးပဲ..."

အလှပန်းတစ်ရာနန်းတော်မှ ကုံဝမ်မှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာအား ငေးမောကြည့်ရှုနေမိသည်။ "ချိုင်ယင်းက နက်ရွှေရောင်သိဒ္ဓိလုံးကိုတောင် ထုတ်သုံးနေပြီဆိုတော့ သူ့ရဲ့အကန့်အသတ်ထိ တိုက်ခိုက်တော့မယ့်သဘောပဲ။

မြင့်မြတ်သောနန်းတော်၏ မြင့်မြတ်သောရွှေရောင်ခန်းမ၌ အလွန်စွမ်းအားကြီးသော နက်ရွှေရောင်သိဒ္ဓိလုံးဟုခေါ်တွင်သည့် လျှို့ဝှက်ကျင့်စဉ်တစ်ခုရှိသည်။ ထိုနက်ရွှေရောင်သိဒ္ဓိလုံးမှာ တောင်တန်းများနှင့် သမုဒ္ဒရာများကိုပင် ဖျက်စီးနိုင်သော ပြင်းထန်လှသည့် အဖျက်စွမ်းအင်များ ပါဝင်ပေသည်။

ထိုနက်ရွှေရောင်သိဒ္ဓိလုံးမှာ မြင့်မြတ်သောရွှေရောင်ခန်းမ၏ တပည့်များအားလုံးအတွက် အသက်ဘေးနှင့် ကြုံတွေ့ရသော အခြေအနေမှသာ အသုံးပြုရန် သင်ကြားပေးထားသော ကျင့်စဉ်တစ်ခုပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုနက်ရွှေရောင်သိဒ္ဓိလုံးကို အသုံးပြုခြင်းသည် ချီစွမ်းအင်အခြေခံအုတ်မြစ်အား အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေနိုင်သောကြောင့်ပင် ဖြစ်သည်။

"မြင့်မြတ်သောရွှေရောင်ခန်းမရဲ့ ရွေးချယ်ခံတစ်ယောက်ကို ဒီအခြေအနေထိရောက်အောင် တွန်းအားပေးနိုင်တယ်ဆိုထဲက ဇူယွမ်က တော်တော်အထင်ကြီးစရာကောင်းနေပြီ။" ကုံဝမ်မှ ကျိုးချူးချင်ယုအားကြည့်ကာ စကားဆိုလိုက်သည်။ "ဒါပေမယ့် အခုတော့ ဇူယွမ်အတွက် လွယ်တော့မှာမဟုတ်ဘူး။ နက်ရွှေရောင်သိဒ္ဓိလုံးကို ထုတ်လိုက်ပြီဆိုကတည်းက ချိုင်ယင်းက အဆုံးထိတိုက်တော့မယ်ဆိုတဲ့ သဘောပဲ။"

"အဲ့နက်ရွှေရောင်သိဒ္ဓိလုံးရဲ့ စွမ်းအင်ကို ဇူယွမ်က ခံနိုင်ရည်ရှိလိမ့်မယ်လို့ မထင်ဘူး။"

ဝုန်း.....

နက်ရွှေရောင်သိဒ္ဓိလုံးမှာ ကောင်းကင်ထက်တွင် ပျံဝဲနေလျက်ရှိပြီး ချိုင်ယင်း၏ မျက်ဝန်းများမှာလည်း သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။ ထို့နောက် နက်ရွှေရောင်သိဒ္ဓိလုံးမှာ ပြင်းထန်လှသောအရှိန်ဖြင့် ပျံဝဲသွား၏။

ဝုန်း.....

နက်ရွှေရောင်သိဒ္ဓိလုံး ပျံသန်းသွားရာလမ်းတလျှောက် လေထုများသည်ပင် ပေါက်ကွဲကုန်ရသည်။ သိဒ္ဓိလုံးထံမှ ထွက်ပေါ်နေသော အဖျက်စွမ်းအင်မှာ လွန်ပင် ပြင်းထန်လွန်းလှသည်။

ချိုင်ယင်း၏ စိတ်နှလုံးအတွင်း၌ ဇူယွမ်အား သတ်ဖြတ်လိုစိတ်မှာ လွန်စွာများပြားပြင်းထန်နေပြီပင် ဖြစ်သည်။ ထို့ကြောင့် နက်ရွှေရောင်သိဒ္ဓိလုံးအား အသုံးပြုလိုက်ခြင်းပင် ဖြစ်၏။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် မိုးပြာရောင်မြွေနဂါးနှင့် နက်ရွှေရောင်သိဒ္ဓိလုံးတို့ တွေ့ဆုံသွားကြသည်။

ဝုန်း....

ပြင်းထန်လွန်းလှသော အဖျက်စွမ်းအင်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား လွှမ်းခြုံသွားလျက် တောင်တန်းများကိုပင် ပျက်စီးသွားစေသည်။

မိုးပြာရောင်မြွေနဂါးကြီးမှာ ပျောက်ကွယ်သွားရပါသော်လည်း နက်ရွှေရောင်သိဒ္ဓိလုံးမှာလည်း တိတ်ဆိတ်စွာဖြင့် လေထုအတွင်း ပျံဝဲနေဆဲသာ ဖြစ်သည်။

"ဟူး...."

မြင့်မြတ်သောနန်းတော်မှ တပည့်များမှာ ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် စိတ်သက်သာရာ ရသွားကြသည်။ နက်ရွှေရောင်သိဒ္ဓိလုံးမှာ ဇူယွမ်၏ တိုက်ခိုက်မှုအား ခုခံနိုင်ခဲ့ဟန် ရှိ၏။

ကောင်းကင်ထက်တွင် ရှိနေသော ချိုင်ယင်းမှလည်း ဇူယွမ်အားကြည့်ကာ မထီမဲ့မြင်ပြုစွာဖြင့် စကားဆိုလိုက်သည်။

"ကောင်လေး မင်းမှာရှိတဲ့အစွမ်းက ဒါအကုန်ပဲလား။" ချိုင်ယင်းမှာ နက်ရွှေရောင်သိဒ္ဓိလုံးအား ပြန်လည်ခေါ်ဆောင်ရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ကျယ်လောင်လှသော အက်ကွဲသံများ ထွက်ပေါ်လာသည်။

နက်ရွှေရောင်သိဒ္ဓိလုံး၏ အလယ်ဗဟိုနေရာမှစ၍ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာရသည်။ ချိုင်ယင်းမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် အက်ကွဲရာများ ဖြစ်ပေါ်လာသော နက်ရွှေရောင်သိဒ္ဓိလုံးအား ကြည့်ရှုနေမိသည်။

စောင့်ကြည့်နေကြသူများမှာလည်း ထိုမြင်ကွင်းကြောင့် အလွန်ပင် အံ့အားသင့်ကုန်ရ၏။

ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

နက်ရွှေရောင်သိဒ္ဓိလုံးမှာလည်း ဖြည်းညင်းစွာဖြင့် အက်ကွဲပျက်စီးသွားလေတော့သတည်း......

All Chapters