ကန်ရွှမ်းကလန်၏ ရွေးချယ်ခံအသစ်
Vol. 45 Ch. 624
အံ့အားသင့်နေသော အကြည့်များစွာ၏အောက်၌ပင် နက်ရွှေရောင်သိဒ္ဓိလုံးမှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီးနောက် မကြာမီမှာပင် လေထုအတွင်း ပေါက်ကွဲပျက်စီးသွားရသည်။
ပေါက်ကွဲသံမှာ ကောင်းကင်တစ်ခွင်လုံးကိုပင် ပျံ့နှံ့လွှမ်းခြုံသွားသည်။
နက်ရွှေရောင်အလင်းမှုန်များမှာလည်း မီးရှူးမီးပန်းအလား ပျံ့ကြဲသွားတော့၏။
ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူတိုင်းမှာ ကောင်းကင်ထက်တွင် ပျံ့ကြဲနေသော မီးရှူးမီးပန်းများနှင့် အလားသဏ္ဍာန်တူနေသည့် နက်ရွှေရောင်အလင်းမှုန်များအား အံ့အားသင့်စွာ ငေးမောကြည့်ရှုနေမိကြသည်။
ချိုင်ယင်း၏ နက်ရွှေရောင်သိဒ္ဓိလုံးမှာ ယခုကဲ့သို့ ဖျက်စီးခံရလိမ့်မည်ဟု မည်သူကမှ မျှော်လင့်မထားကြပေ။
တောင်ကြားအပြင်ဖက်၌
ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများဖြစ်ကြသော ချူချင်း၊ လီချင်းချန်၊ ခုန်းရှန်နှင့် အခြားသူများမှာ ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် အလွန်ပင် အံ့အားသင့်ကုန်ကြရသည်။ ထွက်ပေါ်လာသော တိုက်ပွဲရလဒ်မှာ လူတိုင်းခန့်မှန်းထားသည်နှင့် အဆပေါင်းများစွာ လွဲချော်နေ၏။
"ဒါ...ဒါက..." လီချင်းချန်၏ လှပရွှန်းစိုသော မျက်ဝန်းများမှာ အံ့အားသင့်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။ သူမသည် ဇူယွမ်၏ပုံရိပ်အား အထူးအဆန်းသဖွယ် ကြည့်ရှုနေမိသည်။
အတိတ်ကာလများ၌ လီချင်းချန်မှာ ယောင်ယောင်နှင့် ဇူယွမ်တို့၏ ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးအား အမြဲတစေ စိတ်အလိုမကျ ဖြစ်ခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ယောင်ယောင်မှာ အံ့အားသင့်စရာကောင်းလောက်အောင် ထူးချွန်ထက်မြက်လှသည့် မိန်းမငယ်လေးတစ်ဦး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ တစ်ဖက်တွင်မူ ဇူယွမ်မှာ ယောင်ယောင်နှင့် နှိုင်းယှဉ်မရလောက်အောင်ပင် ပုံမှန်အနေအထား၌သာ ရှိနေခဲ့၏။
ထို့ကြောင့် လီချင်းချန်မှာ ဇူယွမ်တစ်ဦးတည်းကိုသာ စိတ်ထဲထားတက်သော ယောင်ယောင်အား မည်သို့မျှ နားမလည်နိုင် ဖြစ်နေခဲ့ရသည်။
သို့သော် ယနေ့တွင်မူ လီချင်းချန်၏ အမြင်များအားလုံး ပြောင်းလဲသွားခဲ့ရပြီပင် ဖြစ်လေသည်။
လီချင်းချန်မှာ အံ့အားသင့်နေသော မျက်ဝန်းများဖြင့်ပင် ယောင်ယောင်အား ကြည့်ရှုမိလိုက်သည်။ ယောင်ယောင်၏ မျက်ဝန်းများမှာ ယခင်ကကဲ့သို့ပင် တည်ငြိမ်နေပါသော်လည်း နှုတ်ခမ်းဖျားလေးမှာ အနည်းငယ်မျှ တွန့်ကွေးနေလျက် ရှိသည်။ ယောင်ယောင်၏ တောက်ပရွှန်းစိုနေသော မျက်ဝန်းများမှာလည်း ဇူယွမ်၏ပုံရိပ်ကိုသာ မျက်တောင်ပင်မခတ်ပဲ ငေးမောကြည့်ရှုနေလျက် ရှိ၏။
တစ်လောကလုံး ဇူယွမ်အား ပစ်ပယ်ထားလျှင်ပင် ယောင်ယောင်မှာ ဇူယွမ်တစ်ဦးတည်းကိုသာ အမြဲတစေ ယုံကြည်နေမည်ဟု ထင်မှတ်ရသည်။
ချူချင်းမှ ဇူယွမ်၏ပုံရိပ်အားကြည့်ကာ စကားဆိုလိုက်သည်။ "ငါတို့ရဲ့ ဂျူနီယာညီတော်လေးက တကယ်ကို မရိုးရှင်းဘူးပဲ။ ဒီတိုက်ပွဲပြီးရင်တော့ ကန်ရွှမ်းကလန်မှာ ရွေးချယ်ခံအသစ်တစ်ယောက် ရှိလာတော့မယ်ထင်တယ်။"
ဇူယွမ်သည် စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် သူ၏တိုက်ပွဲစွမ်းရည်အား သက်သေပြခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် မည်သူကမှ ဇူယွမ်အား သံသယဖြစ်ရဲလိမ့်မည် မဟုတ်ပါချေ။
ခုန်းရှန်သည်ပင် မည်သည့်စကားမှ မဆိုနိုင်တော့ပဲ မျက်လုံးအပြူးသားဖြင့်သာ ဇူယွမ်၏ပုံရိပ်အား အံ့အားသင့်စွာ ငေးမောကြည့်ရှုနေရသည်။
ချူချင်းတို့နှင့် နှိုင်းယှဉ်၍ကြည့်ပါက မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများ၏ အမူအရာမှာ ပိုမိုပျက်ယွင်းနေရလေသည်။
ကျောင်းထိုက်ရှင်း၏ နှုတ်ခမ်းထက်တွင် တွဲလဲခိုနေလျက်ရှိသော မထီမဲ့မြင်အပြုံးသည်ပင် ပျောက်ကွယ်သွားရသည်။ သူသည် အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုလိုက်သည်။
"အသုံးမကျဘူး..." ကျန်းထိုက်ချင်မှ စိတ်ခံစားချက် ကင်းမဲ့နေသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။ သူမ၏ လှပရွှန်းစိုသော နှုတ်ခမ်းအစုံမှာလည်း အနည်းငယ် ရှုံ့မဲ့နေရ၏။
ကျောင်းထိုက်ရှင်းမှ တည်ငြိမ်သောအမူအရာဖြင့် မှတ်ချက်ပြုလိုက်သည်။ "ကြည့်ရတာ ဇူယွမ့်ဆီမှာ ဝှက်ဖဲတွေအများကြီး ရှိနေတဲ့ပုံပဲ။ နန်းဆောင်သခင် စိတ်ဝင်စားတာလည်း မထူးဆန်းတော့ပါဘူး။"
ကျင်းချန်းဇယ်မှ ဇူယွမ်၏ပုံရိပ်အားကြည့်ကာ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ မကြာခင်မှာပဲ အဲ့ကောင်က မြင့်မြတ်သောနန်းတော်ရဲ့ အကျဉ်းသားတစ်ယောက် ဖြစ်လာတော့မှာပဲဟာ။"
မြင့်မြတ်သောနန်းတော်၏ နန်းဆောင်အရှင်သခင် ရှန့်ယွမ်သည် မည်သည့်ကိစ္စပင် ဖြစ်ပေါ်နေပါစေ ဇူယွမ်အား ဖမ်းဆီးခေါ်ဆောင်လာရန် အမိန့်ပေးထားခဲ့သည်။
ကျောင်းထိုက်ရှင်းနှင့် ကျန်းထိုက်ချင်တို့မှာ ကျင်းချန်းဇယ်၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ယခုလက်ရှိ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာ အံ့အားသင့်စရာကောင်းလောက်အောင် ကောင်းမွန်နေပါသော်လည်း ၎င်းတို့သုံးဦး၏ အနေအထားအရ ဂရုစိုက်နေစရာပင် လိုအပ်သောအရာတစ်ခု မဟုတ်ပေ။
တောင်ကြား၏ အဝေးတစ်နေရာ၌
စောင့်ကြည့်နေကြသူများအားလုံးမှာ အံ့အားသင့်လွန်းလှသဖြင့် မည်သည့်စကားမှပင်မဆိုနိုင် ဖြစ်နေကြရသည်။ အလှပန်းတစ်ရာနန်းတော်မှ ကုံဝမ်သည်ပင် ပါးစပ်အဟောင်းသားဖြင့် တိတ်ဆိတ်ငြိမ်သက်နေမိ၏။ မြင်တွေ့နေရသော တိုက်ပွဲရလဒ်မှာ သူမစိတ်ကူးထားသည်နှင့် အဆပေါင်းများစွာ ကွာခြားနေလေသည်။
အလှပန်းတစ်ရာနန်းတော်မှ အခြားသော ရွေးချယ်ခံ မိန်းမငယ်လေးများမှာလည်း မျက်လုံးအပြူးသားဖြင့် ဇူယွမ်၏ပုံရိပ်အား အံ့အားသင့်စွာ ငေးမောကြည့်ရှုနေမိကြသည်။
"သူက ဘယ်လိုလုပ် ချိုင်ယင်းရဲ့ နက်ရွှေရောင်သိဒ္ဓိလုံးကို ဖျက်စီးနိုင်ရတာလဲ။" အလှပန်းတစ်ရာနန်းတော်၏ ရွေးချယ်ခံတစ်ဦးမှ ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်သည်။
ချိုင်ယင်းသည် မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံများအနက် နောက်ဆုံးဖြစ်ပါသော်လည်း အနည်းငယ်မျှပင် အထင်သေး၍ မရနိုင်သောသူမျိုး ဖြစ်သည်။ သူ၏ နက်ရွှေရောင်သိဒ္ဓိလုံးအား ဖျက်စီးနိုင်ရန်အတွက် ဇူယွမ်မှာ ချိုင်ယင်းထက် ပို၍သာလွန်နေရန် လိုအပ်ပေသည်။
ထိုအရာမှာ အလှပန်းတစ်ရာနန်းတော်မှ ရွေးချယ်ခံအချို့ပင် မလုပ်ဆောင်နိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။
သို့သော် ဇူယွမ်မှာ ကန်ရွှမ်းကလန်၏ တပည့်ခေါင်းဆောင် အဆင့်မျှသာ ရှိသေးပါသော်လည်း ချိုင်ယင်း၏ နက်ရွှေရောင်သိဒ္ဓိလုံးအား ဖျက်စီးပစ်နိုင်ခဲ့၏။
အလှပန်းတစ်ရာနန်းတော်မှ ရွေးချယ်ခံများမှာ ကျိုးချူးချင်ယုနှင့် လုလျိုအား ကြည့်ရှုလိုက်ပြီးနောက် သက်ပြင်းချကာ ရေရွတ်လိုက်ကြသည်။ "သူတို့က မထင်မရှား တိုက်ငယ်လေးတစ်ခုကနေ ရောက်လာကြတဲ့သူတွေပါ။ ဒါပေမယ့် ဘာလို့အရမ်းကို ထူးချွန်နေရတာလဲ။"
ကျိုးချူးချင်ယုနှင့် လုလျိုတို့မှာလည်း အလွန်ပင် ထူးချွန်ထက်မြက်လှသောကြောင့် အလှပန်းတစ်ရာနန်းတော်၌ ကျော်ကြားကြသူများ ဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ ဇူယွမ်နှင့် နှိုင်းယှဉ်၍မနိုင်ပါသော်လည်း အနာဂတ်၌ အလှပန်းတစ်ရာနန်းတော်၏ ရွေးချယ်ခံများ ဖြစ်လာကြမည်မှာ အသေအချာပင် ဖြစ်သည်။
ကျိုးချူးချင်ယုနှင့် လုလျိုတို့မှာလည်း အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုနေမိကြသည်။ ထွက်ပေါ်လာသော တိုက်ပွဲရလဒ်မှာ ၎င်းတို့နှစ်ဦး ခန့်မှန်းထားသည်ထက်ပင် ကျော်လွန်နေသေး၏။
"ဇူယွမ်..." ကျိုးချူးချင်ယုမှာ မေးဖျာလေးအား လက်ဖြင့်ထောက်ကာ စကားဆိုလိုက်သည်။ "သူက တကယ်ကို သာမန်မဟုတ်ဘူးပဲ။"
လုလျိုမှာ ထောက်ခံသည့်အနေဖြင့် အကြိမ်ကြိမ်အခါခါ ခေါင်းညိတ်ပြလိုက်သည်။
.........
အံ့အားသင့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ ကောင်းကင်ထက်၌ ပြိုကွဲပျက်စီးသွားသော နက်ရွှေရောင်သိဒ္ဓိလုံးအား ကြည့်ရှုလိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်သည်။ မြေဓာတ်စွမ်းအင်များမှာ ဖြည်းညင်းစွာဖြင့် သူ၏ခန္ဓာကိုယ်အတွင်း မြင့်တက်နေလျက် ရှိသည်။
ဇူယွမ်၏ခန္ဓာကိုယ်မှာ ဆူပွက်နေသည်ဟုပင် ထင်ရသည်။ မြေဓာတ်စွမ်းအင်များမှာ အလွန်ပင် ပြင်းထန်ကြမ်းတမ်းလွန်းလှသောကြောင့် အသားအရေ၌ ဆုတ်ပြဲဒဏ်ရာများစွာလည်း ဖြစ်ပေါ်နေရသည်။
ကံကောင်းထောက်မစွာဖြင့် ဇူယွမ်မှာ ပြင်ပခန္ဓာသန်မာမှုကျင့်စဉ်၌ ရွှေအိုရောင်သွေးစက်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည့်အပြင် ထိုက်ရိသစ်စိမ်းပင်အမှတ်အသားလည်း ရှိနေသောကြောင့် ခန္ဓာကိုယ်ပေါ်ရှိ ဆုတ်ပြဲဒဏ်ရာများမှာ အမာရွတ်ပင် မကျန်ရစ်ပဲ လျင်မြန်စွာ ပျောက်ကွယ်သွားရသည်။
"မြေဓာတ်စွမ်းအင်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ..." ဇူယွမ်မှာ နှစ်ကြိမ်မျှ အသုံးပြုပြီးသည့်နောက် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးအကြောင်းအား ပိုမိုနားလည်လာသည်။
မြေဓာတ်စွမ်းအင်များမှာ အလွန်ပင် ပြင်းထန်ကြမ်းတမ်းလွန်းလှသဖြင့် သာမန်ပြင်ခန္ဓာသန်မာမှုမျှဖြင့် မည်သို့မျှ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
ထို့အပြင် မိုင်သုံးရာမျှသော မြေဓာတ်စွမ်းအင်အား စုပ်ယူခြင်းမှာ ဇူယွမ်၏ စွမ်းအင်အကန့်အသတ်သို့ ရောက်ရှိစေခဲ့သည်။ ယခုထက်သာ ပိုမိုစုပ်ယူခဲ့ပါက ဇူယွမ်၏ ခန္ဓာကိုယ်မှာ မည်သို့မျှ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်တော့ချေ။
ဇူယွမ်မှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ကောင်းကင်ထက်တွင် ရှိနေသော ချိုင်ယင်းအား ကြည့်ရှုလိုက်သည်။
ချိုင်ယင်းမှာ အံ့အားသင့်နေသော မျက်ဝန်းများဖြင့် နက်ရွှေရောင်အလင်းမှုန်များကိုသာ ကြည့်ရှုနေမိသည်။ ထို့နောက် ပါးစပ်အပြည့် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။ သူ၏ ချီစွမ်းအင်မှာလည်း သိသာစွာပင် အလွန်အားနည်းနေရပြီ ဖြစ်သည်။
"မဖြစ်နိုင်ဘူး......ဒါ..လုံးဝမဖြစ်နိုင်ဘူး။"
ချိုင်ယင်းမှာ သွေးများကို အန်ထုတ်နေရင်းဖြင့် မယုံကြည်နိုင်စွာ အော်ဟစ်နေမိသည်။ မူလစဦး သတ္တမအဆင့်သာရှိသေးသော တပည့်ခေါင်းဆောင်တစ်ဦးမှ သူ၏ နက်ရွှေရောင်သိဒ္ဓိလုံးအား ဖျက်စီးပစ်နိုင်လိမ့်မည်ဟု ချိုင်ယင်းမှ တစ်ခါမှပင် မတွေးတောဖူးခဲ့ချေ။
နက်ရွှေရောင်သိဒ္ဓိလုံး ပျက်စီးသွားသောကြောင့် နှစ်ပေါင်းများစွာ ကျင့်ကြံကြိုးစားခဲ့ရသော ချိုင်ယင်း၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာလည်း တဝက်မျှ ပျက်စီးသွားရပြီ ဖြစ်သည်။
"မြင့်မြတ်သောနန်းတော်ရဲ့ ရွေးချယ်ခံ..." ဇူယွမ်မှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ချိုင်ယင်းအားကြည့်ကာ စကားဆိုလိုက်သည်။ "ဒီနေ့တော့ မင်းအသက်ရှင်နိုင်မှာ မဟုတ်တော့ဘူးထင်တယ်။"
ဇူယွမ်မှ စကားဆိုပြီး မကြာမီမှာပင် ချိုင်ယင်းမှာ မည်သို့မျှ တောင့်ခံမထားနိုင်တော့ပဲ သွေးများကို ထပ်မံအန်ထုတ်လိုက်ရပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်လှသောအရှိန်ဖြင့် ပြုတ်ကျသွားရတော့၏။
မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံနှင့် ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်တို့၏ တိုက်ပွဲရလဒ်မှာ စောင့်ကြည့်နေသူများအားလုံးကို အံ့အားသင့်စေခဲ့လေတော့သတည်း....