မြင့်မြတ်သောနန်းတော်ဆုတ်ခွာသွားခြင်း
Vol. 45 Ch. 625
ဒုန်း....
ချိုင်ယင်း၏ပုံရိပ်မှာ ကောင်းကင်ထက်မှ ပြုတ်ကျလာပြီးနောက် ပြင်းထန်လှသောအရှိန်ဖြင့် မြေပြင်နှင့် ရိုက်ခတ်မိသွားသည်။
နက်ရွှေရောင်သိဒ္ဓိလုံး ပျက်စီးသွားပြီးသည့်နောက် ချိုင်ယင်းမှာ ဆိုးရွားလှသော ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်သွားရလေသည်။ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာလည်း တဝက်မျှ ပျက်စီးသွားရသဖြင့် အလွန်ပင် အားနည်းသွားရကာ တိုက်ပွဲစွမ်းရည်များပါ ပျောက်ဆုံးကုန်ရသည်။
စောင့်ကြည့်နေကြသူများမှာ မျက်လုံးအပြူးသားဖြင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသော ချိုင်ယင်း၏ပုံရိပ်အား ကြည့်ရှုနေမိကြသည်။
ထို့နောက် ၎င်းတို့မှာ မြေပြင်ပေါ်တွင် တည်ငြိမ်သောအမူအရာဖြင့် ရပ်နေလျက်ရှိသော ဇူယွမ်၏ပုံရိပ်အား ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ငေးမောကြည့်ရှုလိုက်မိကြသည်။
ကလန်အသီးသီးမှ ရွေးချယ်ခံများသည်ပင် အံ့အားသင့်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေမိကြသည်။
၎င်းရွေးချယ်ခံများမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း၌ ထူးချွန်ပြောင်မြောက်လှသော ဇူယွမ်၏ တိုက်ပွဲစွမ်းရည်များအကြောင်း ကြားသိခဲ့ရဖူးပါသော်လည်း အရေးတယူ ဂရုစိုက်ခဲ့ကြခြင်း မရှိခဲ့ပေ။ ၎င်းတို့၏ အမြင်တွင်မူ တပည့်ခေါင်းဆောင် တစ်ဦးအနေဖြင့် မည်မျှပင် ထူးချွန်ထက်မြက်နေပါစေ ရွေးချယ်ခံများနှင့် အဆပေါင်းများစွာ ကွာခြားနေဆဲသာဖြစ်သည်။
ကေသရာဇာ ခြင်္သေ့မင်းသည် ဝံပုလွေများအကြားရှိ သတ်ဖြတ်ပွဲများအား စိတ်မဝင်စားသကဲ့သို့ပင် ဖြစ်သည်။
သို့သော် ယခုအချိန်၌ ထိုရွေးချယ်ခံများအားလုံး သိရှိလိုက်ရသောအရာမှာ ၎င်းတို့၏ မျက်စိရှေ့တွင်ရှိနေသော ငယ်ရွယ်သည့် ဝံပုလွေပျိုသည် ခြင်္သေ့နှင့် ကျားများအား တိုက်ခိုက်ရန်အတွက်ပင် စွမ်းအင်များ ပြည့်ဝနေသည်ဟူသော အချက်ပင်ဖြစ်သည်။
ကန်ရွှမ်းကလန်၏ တပည့်ခေါင်းဆောင် တစ်ဦးဖြစ်သော ဇူယွမ်မှာ ရွေးချယ်ခံများနှင့် ယှဉ်ပြိုင်နိုင်သည်အထိပင် တိုက်ပွဲစွမ်းရည် ကောင်းမွန်သူတစ်ဦး ဖြစ်လေသည်။
တပည့်ခေါင်းဆောင်တစ်ဦးမှ ရွေးချယ်ခံတစ်ဦးအား အနိုင်ရခဲ့ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။
ထို့ကြောင့် ကလန်အသီးသီးမှ ရွေးချယ်ခံများအားလုံးမှာ ဇူယွမ်အား အမှန်တကယ်ပင် စိတ်ဝင်တစား ဖြစ်လာကြပြီပင် ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ယခုအချိန်မှစ၍ ဇူယွမ်အား အသေအချာ အလေးထားစောင့်ကြည့်ခြင်းများ မပြုထားပါက အနာဂတ်၌ ၎င်းတို့ကိုယ်တိုင် ဒုတိယ ချိုင်ယင်းများ ဖြစ်လာနိုင်သောကြောင့်ပင် ဖြစ်သည်။
ထိုအချိန်၌ ကျောင်းဇူနှင့် ချီလိန်နှစ်ဦးစလုံးမှာ ဇူယွမ်ရှိရာနေရာအား ကြည့်ရှုလိုက်ကြပြီးနောက် အလွန်ပင် အံ့အားသင့်သွားကြရ၏။
ရတနာတည်နေရာအား ဇူယွမ်မှ ကူညီစောင့်ရှောက်ပေးချင်သည်ဟု တောင်းဆိုလာခဲ့စဉ်က အပြင်းအထန် ကန့်ကွက်ခဲ့သူမှာ ကျောင်းဇူပင် ဖြစ်သည်။ ကျောင်းဇူ၏ အမြင်တွင်မူ ဇူယွမ်ကဲ့သို့သော တပည့်ခေါင်းဆောင် တစ်ဦးအနေဖြင့် ရွေးချယ်ခံများအကြားရှိ တိုက်ပွဲကိစ္စရပ်များအား ဝင်ပါရန် မည်သို့မျှ မသင့်လျော်ပါချေ။
ထို့ကြောင့် ချိုင်ယင်းမှ ဇူယွမ်အား တိုက်ခိုက်ရန် သွားရောက်ခဲ့စဉ်တွင် ကျောင်းဇူမှာ အဆုံးသတ်ရလဒ်အထိ တွေးတောထားခဲ့ပြီးပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကျောင်းဇူမှာလည်း ချီလိန်နှင့် ရင်ဆိုင်နေရသောကြောင့် ဇူယွမ်အား သွားရောက်ကူညီရန် မဖြစ်နိုင်ပေ။
သို့သော် ကျောင်းဇူမှာ တိုက်ပွဲစွမ်းရည် အပြည့်အဝအား အသုံးပြုလျက် ချီလိန်အား ခုခံတိုက်ခိုက်နေရစဉ်တွင် ဇူယွမ်မှာ ချိုင်ယင်းကို အနိုင်တိုက်နိုင်ခဲ့သည်။
အဆုံးသတ်ရလဒ်မှာ ကျောင်းဇူအား အလွန်ပင် အံ့အားသင့်သွားစေသည်။
"သူကဘယ်လိုလုပ် ချိုင်ယင်းကို နိုင်သွားရတာလဲ..."
ကျောင်းဇူနှင့် ချီလိန်မှ တစ်ပြိုင်နက်တည်း ရေရွတ်မိလိုက်ကြသည်။
ကျောင်းဇူ၏ မျက်ဝန်းများမှာ မယုံကြည်နိုင်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသကဲ့သို့ ချီလိန်၏ မျက်ဝန်းများမှာမူ ကြောက်ရွံ့ထိတ်လန့်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေရသည်။
လက်ရှိအခြေအနေမှာ ချီလိန် ထိန်းချုပ်နိုင်စွမ်းထက် ပို၍ကျော်လွန်သွားပြီပင် ဖြစ်သည်။
ပထမ၌ ချီလိန်သည် ချိုင်ယင်းမှာ ဇူယွမ်အား သတ်ပစ်လိုက်ပြီးသည့်နောက် သူနှင့်အတူ လာရောက်ပူးပေါင်းကာ ကျောင်းဇူအား သတ်ပစ်ရန် ပြုလုပ်လိမ့်မည်ဟု တွေးတောထားခဲ့သည်။ ရတနာတည်နေရာကိုလည်း မြင့်မြတ်သောနန်းတော်မှ သိမ်းပိုက်ကာ ကန်ရွှမ်းကလန်မှ ရွေးချယ်စရာမရှိပဲ ဆုတ်ခွာသွားရလိမ့်မည်ဟု စိတ်ကူးထားခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ ချိုင်ယင်းမှာ ဇူယွမ်အား ရှုံးနိမ့်ခဲ့ရပြီဖြစ်သောကြောင့် အခြေအနေမှာ ပြောင်းလဲသွားရပြီပင် ဖြစ်သည်။
ချီလိန်မှာ ချွေးစေးများပင် ထွက်လာရသည်။ သူသည် ကျောင်းဇူအား ဆက်လက်တိုက်ခိုက်ရဲခြင်း မရှိတော့ပဲ ဆုတ်ခွာသွားတော့သည်။
အဝေးတွင်ရှိနေသော ဇူယွမ်မှာ ချီစွမ်းအင်များ ပွက်ပွက်ဆူနေသောကြောင့် မခံစားနိုင်တော့ပဲ သွေးတစ်လုတ်အား အန်ထုန်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်ကြမ်းတမ်းလွန်းလှသော မြေဓာတ်စွမ်းအင်များကြောင့် နာကျင်မှုဒဏ်အား အလူးအလဲ ခံစားနေရသည်။ ပြင်ပခန္ဓာသန်မာမှုသာ မရှိပါက ဇူယွမ်မှာ ဆက်လက်တိုက်ခိုက်ရန်ပင် အားအင်များ ကျန်ရှိတော့မည် မဟုတ်ပါချေ။
ကံကောင်းထောက်မစွာဖြင့် ဇူယွမ်ထံ၌ ထိုက်ရိသစ်စိမ်းပင်အမှတ်အသား ရှိနေသောကြောင့် ကြွယ်ဝလှသော အသက်စွမ်းအင်များမှာ သွေးကြောများတလျှောက် စီးဆင်းလျက် ခန္ဓာကိုယ်အား အလျင်အမြန်ပင် ပြန်လည်ကောင်းမွန်သွားစေသည်။
ဇူယွမ်မှာ ဆုတ်ခွာသွားသော ချီလိန်အားကြည့်ရှုလိုက်ပြီးနောက် ကျောင်းဇူအားကြည့်ကာ ပြုံး၍မေးလိုက်သည်။
"ရွေးချယ်ခံ ကျောင်းဇူ အခုချိန်ထိ ပြဿနာကို မဖြေရှင်းရသေးဘူးလား..."
ကျောင်းဇူ၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်သွားရသည်။ အတိတ်ကာလ၌သာဆိုလျှင် သူသည် ဇူယွမ်အား သင်ခန်းစာပေးလိုက်မည်သာ ဖြစ်သော်လည်း လက်ရှိအချိန်တွင်မူ ဇူယွမ်မှာ တပည့်ခေါင်းဆောင် တစ်ဦးအဆင့်ရှိသူ မဟုတ်တော့ပေ။
ချိုင်ယင်းအား အနိုင်တိုက်နိုင်ခဲ့သည့် အချိန်မှစ၍ ဇူယွမ်မှာ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံတစ်ဦးဖြစ်ရန် အရည်အချင်း ပြည့်မှီသွားပြီပင် ဖြစ်သည်။
ဇူယွမ်မှာ ကျောင်းဇူ၏အနီးသို့ ရောက်ရှိလာသည်။ ဇူယွမ်ရောက်ရှိဘာသည်ကို မြင်တွေ့လိုက်ရသောအခါ၌ ချီလိန်၏အမူအရာမှာ လေးနက်သွားရပြီးနောက် ချီစွမ်းအင်များအား အပြည့်အဝ ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
သို့သော် ဇူယွမ်မှာ ချီလိန်အား တစ်ချက်မျှသာ ကြည့်ရှုလိုက်ပြီးနောက် တိုက်ခိုက်ခြင်းမပြုပဲ အဝေးတွင်ရှိနေသော ချူချင်းကိုသာ ကြည့်ရှုလိုက်သည်။
အကယ်၍ မြင့်မြတ်သောနန်းတော်မှာ ၎င်းတို့ရွေးချယ်ခံနှစ်ဦးအား ဤနေရာတွင် မဆုံးရှုံးချင်ပါက အရှုံးအား လက်ခံရမည်ပင် ဖြစ်သည်။
ချူချင်းမှာ ဇူယွမ်၏အကြည့်အား ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျောင်းထိုက်ရှင်းအားကြည့်ကာ စကားဆိုလိုက်သည်။ "ကျောင်းထိုက်ရှင်း မင်းပို့လိုက်တဲ့ ရွေးချယ်ခံနှစ်ယောက်က အရည်အချင်း မရှိဘူးထင်တယ်နော်။"
ကျောင်းထိုက်ရှင်းမှ တည်ငြိမ်သောအမူအရာဖြင့်ပင် ချူချင်းအားကြည့်ကာ ပြောလိုက်သည်။ "မင်းကိုယ်မင်း သိပ်ကျေနပ်နေတာလား...."
ချူချင်းမှ ပျင်းရိစွာ ပြောလိုက်သည်။ "ဘာဆက်လုပ်မလဲဆိုတာ မင်းကိုယ်တိုင် ရွေးချယ်ခွင့်ရှိတယ်။ မင်းတို့ဆက်ပြီး ကစားချင်သေးတယ်ဆိုရင်လည်း ငါတို့ကန်ရွှမ်းကလန်က အဖော်ပြုပေးဖို့ အသင့်ပဲ..."
လက်ရှိအနေအထားအရ အခြေအနေများမှာ ကန်ရွှမ်းကလန်ဖက်သို့ ရောက်ရှိနေပြီပင် ဖြစ်သည်။ မြင့်မြတ်သောနန်းတော်မှ ဆက်လက်တိုက်ခိုက်မည်ဆိုပါကလည်း ၎င်းတို့မှာ အသေအကြေတိုက်ပေးလိုက်ရန်သာ ရှိ၏။
အဝေးတွင်ရှိနေသော ကလန်များအားလုံးမှာ လေးနက်စွာဖြင့် အခြေအနေအား စောင့်ကြည့်နေကြသည်။ မြင့်မြတ်သောနန်းတော်သည် ဆိုးရွားသောအဆုံးသတ်ဖြင့် ရင်ဆိုင်ရန်ထိ ဆုံးဖြတ်ချက်မရဲတင်းလောက်ဟု ထင်မှတ်ရသည်။
အကယ်၍ မြင့်မြတ်သောနန်းတော်ကသာ ဆက်လက်တိုက်ခိုက်မည်ဆိုပါက ၎င်းတို့၏ ရွေးချယ်ခံနှစ်ဦးဖြစ်သော ချီလိန်နှင့် ချိုင်ယင်းတို့အား ဆုံးရှုံးရလိမ့်မည်ပင် ဖြစ်သည်။
ကျောင်းထိုက်ရှင်းမှာ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ခပ်ဖွဖွပြုံးကာ ချူချင်းအား စကားဆိုလိုက်သည်။ "ချူချင်း ဒီတစ်ကြိမ်တော့ ငါတို့မြင့်မြတ်သောနန်းတော်က အရှုံးကို လက်ခံလိုက်မယ်။ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေက ငါတို့မြင့်မြတ်သောနန်းတော်နဲ့ လုံးဝမဆိုင်တော့ဘူး။"
မြင့်မြတ်သောနန်းတော်မှ အခြားသော ရွေးချယ်ခံများမှာ စိတ်အလိုမကျ ဖြစ်နေရပါသော်လည်း ကျောင်းထိုက်ရှင်း၏စကားအား ငြင်းပယ်ရဲခြင်း မရှိကြပေ။ ၎င်းတို့မှာ ရွေးချယ်စရာမရှိပဲ ကူကယ်ရာမဲ့စွာဖြင့် ချီစွမ်းအင်များအား ပြန်လည်ရုတ်သိမ်းလိုက်ကြသည်။
ချုချင်းမှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ "မင်းတို့ဖက်က အရှုံးကိုလက်ခံတယ်ဆိုမှတော့ ငါတို့ကလည်း ရွေးချယ်ခံနှစ်ယောက်ကို ပြန်လွှတ်ပေးမှာပါ..."
ကျောင်းထိုက်ရှင်းမှာ တည်ငြိမ်သောအမူအရာဖြင့် တောင်ကြားဝတွင်ရှိနေသော ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "မင်းနာမည်က ဇူယွမ်ဟုတ်တယ်မလား...ငါတို့မြင့်မြတ်သောနန်းတော်က ဒီနေ့ကိစ္စကို မေ့မှာမဟုတ်ဘူး။"
ထိုစကားအား ဆိုပြီးသည်နှင့်တစ်ပြိုင်နက် ကျောင်းထိုက်ရှင်းမှာ ချီလိန်နှင့် ချိုင်ယင်းတို့အား တစ်ချက်မျှပင်မကြည့်ပဲ တစ်ဖက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
ကျန်းထိုက်ချင်မှာလည်း ကျောင်းထိုက်ရှင်း၏နောက်မှ လျင်မြန်စွာပင် လိုက်ပါသွားသည်။ ကျင်းချန်းဇယ်မှာမူ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုလိုက်သည်။
"ဇူယွမ် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကနေ မင်းအသက်ရှင်လျက် ထွက်ခွာနိုင်ပါစေလို့ ငါဆုတောင်းပေးပါတယ်။" ကျင်းချန်းဇယ်မှာ တိုးညင်းစွာ ရေရွတ်လိုက်ပြီးနောက် တစ်ဖက်သို့လှည့်ကာ ထွက်ခွာသွား၏။
ဤသို့ဖြင့် မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများ တစ်ဦးပြီးတစ်ဦး ဆုတ်ခွာသွားကြသည်။
အဝေးမှ စောင့်ကြည့်နေကြသူများမှာ ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် စိတ်ပျက်သွားကြရသည်။ မြင့်မြတ်သောနန်းတော်သည်ပင် ဆုတ်ခွာသွားရပြီဖြစ်သောကြောင့် ယခုအချိန်တွင် ကန်ရွှမ်းကလန်၏ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာအား မည်သူကမှ ထိရဲတော့မည်မဟုတ်ပေ။
ထို့ကြောင့် စောင့်ကြည့်နေကြသူများမှာလည်း အသီးသီး ထွက်ခွာသွားကြသည်။
၎င်းတို့အားလုံးမှာ ယနေ့ပြီးဆုံးသွားပြီးသည့်နောက် ဇူယွမ်၏ အမည်နာမမှာ အလွန်ပင် ကျော်ကြားလာတော့မည်ဖြစ်ကြောင်း ကောင်းစွာသိရှိထားကြသည်။
ဇူယွမ်မှာ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံအသစ် ဖြစ်လာသောကြောင့်ပင် ဖြစ်လေတော့သတည်း။