← Chapters

ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာအားရရှိခြင်း

Vol. 45 Ch. 626

ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာအားရရှိခြင်း

Vol. 45 Ch. 626

စောင့်ကြည့်နေကြသော ကလန်အသီးသီးမှ ထွက်ခွာသွားကြပြီးသည့်နောက် ပတ်ဝန်းကျင်ရှိ တင်းမာနေသော အခြေအနေမှာလည်း ပျောက်ကွယ်သွားရသည်။

ချူချင်းနှင့် လီချင်းချန်တို့မှာလည်း မြင့်မြတ်သောနန်းတော်မှ ဆုတ်ခွာသွားကြသဖြင့် အတော်ပင် စိတ်သက်သာရာ ရသွားကြသည်။ လက်ရှိအခြေအနေ၌ ကန်ရွှမ်းကလန်မှ အသာစီးရနေပါသော်လည်း မြင့်မြတ်သောနန်းတော်မှသာ အသေအကြေ တိုက်ခိုက်လာမည်ဆိုပါက ပြဿနာဖြစ်ရမည်ပင် ဖြစ်သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ကျောင်းထိုက်ရှင်းမှာ ပြန်လည်ဆုတ်ခွာရန်သာ ရွေးချယ်ခဲ့လေသည်။

"အစီအရင်ကို ဆက်ပြီးကာကွယ်ထားရအောင်။" ချူချင်းမှ ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။

မြင့်မြတ်သောနန်းတော်မှ ဆုတ်ခွာသွားပြီဖြစ်ပါသော်လည်း သတိလက်လွတ် ပြုမူ၍မရသေးပါချေ။ အကယ်၍ တစ်စုံတစ်ဦးမှသာ ထပ်မံကျူးကျော်လာပါက အခြေအနေအား ကိုင်တွယ်ရန် ခက်ခဲသွားရပေလိမ့်မည်။

ယောင်ယောင်မှာ မူလမှော်စာလုံးစုတ်တံအား ညင်သာစွာ လှုပ်ရှားစေလျက် မူလမှော်စာလုံးများကို ထွက်ပေါ်စေကာ အစီအရင်နှင့် ပေါင်းစည်းစေလိုက်သည်။

အစီအရင်မှာ အတော်ပင် မှေးမှိန်သွားရသည်။

လက်ရှိအချိန်၌ အစီအရင်မှာ ခုခံအားနည်းနေသော အခြေအနေတွင် ရှိနေခြင်းဖြစ်ပြီး လိုအပ်ပါက အချိန်မရွေး ပြန်လည်အသက်သွင်းနိုင်ပေသည်။

ချူချင်းနှင့် အခြားသောရွေးချယ်ခံများမှာ မှေးမှိန်သွားသော အစီအရင်အား ကြည့်ရှုလိုက်ပြီးနောက် လျင်မြန်စွာပင် တောင်ကြားအတွင်းသို့ ဝင်ရောက်သွားကြသည်။

မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံချီလိန်မှာ ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများ တောင်ကြားအတွင်း ဝင်ရောက်လာသည်ကို တွေ့ရှိလိုက်ရပြီးနောက် အမူအရာ ပြောင်းလဲသွားရသည်။ ထို့နောက် သူသည် ကူကယ်ရာမဲ့စွာဖြင့် အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်မိ၏။

ချုချင်းမှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ကျောင်းဇူ သူ့ရဲ့ချီစွမ်းအင်တွေကို ချိတ်ပိတ်ထားလိုက်။"

ကျောင်းဇူမှာ ချူချင်း၏စကားအား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ချီလိန်အနီးသို့ သွားလိုက်သည်။ ချီလိန်၏ အမူအရာမှာ ခက်ထန်နေရပါသော်လည်း ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများစွာ စောင့်ကြည့်နေခြင်းကြောင့် ပြန်လည်တိုက်ခိုက်ရဲခြင်းမရှိပဲ ကျောင်းဇူမှ ချီစွမ်းအင် ချိတ်ပိတ်လိုက်ခြင်းကို အသာတကြည် ခွင့်ပြုလိုက်ရသည်။

"မင်းငြိမ်ငြိမ်လေး နေမယ်ဆိုရင် ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကို သိမ်းပြီးတာနဲ့ ငါမင်းကိုလွှတ်ပေးမှာပါ။ ဒါပေမယ့် ပေါက်ကရတွေ ကြံစည်နေမယ်ဆိုရင်တော့ အညှာအတာမဲ့တယ်ဆိုပြီး ငါတို့ကိုအပြစ်မတင်ပါနဲ့။" ချူချင်းမှ သတိပေးစကားဆိုလိုက်သည်။

ချီလိန်မှာ ဓားစာခံတစ်ဦး ဖြစ်နေပါသော်လည်း ၎င်းအားများစွာ စော်ကားပြုမူခြင်းများ မပြုလုပ်သင့်ကြောင်း ချူချင်းမှ ကောင်းစွာနားလည်ထားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာမှာ မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့၏ ဆက်ဆံရေးအပေါ် များစွာအကျိုးသက်ရောက်မှု ဖြစ်ပေါ်စေနိုင်သောကြောင့်ပင် ဖြစ်သည်။

ချီလိန်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်နေရပါသော်လည်း မည်သည့်စကားမှ ဆိုရဲခြင်းမရှိပေ။ ယခုအချိန်၌ ကန်ရွှမ်းကလန်အား ဆန့်ကျင်ခြင်းသည် ကောင်းမွန်သော ဆုံးဖြတ်ချက်တစ်ခုမဟုတ်ကြောင်း သူသည်လည်း ကောင်းစွာသိရှိနားလည်ထားသည်။ ၎င်းထံ၌ အကြံအစည်နှင့် ဝှက်ဖဲများ မည်မျှပင် ရှိနေပါစေ ထိုမျှများပြားသော ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများကို ကိုင်တွယ်နိုင်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ချီလိန်မှာ ယခုထိတိုက် သတိလစ်မေ့မြောနေဆဲဖြစ်သော ချိုင်ယင်းအနီးသို့ လျှောက်လှမ်းသွားပြီးနောက် ဒေါသထွက်စွာဖြင့် ကန်ကျောက်လိုက်သည်။

ချူချင်းနှင့် လီချင်းချန်မှာ ချီလိန်နှင့် စကားပြောဆိုပြီးသည့်နောက် ဇူယွမ်အနီးသို့ လျှောက်လှမ်းလာကြသည်။

"ဂျူနီယာညီတော်ဇူယွမ် မင်းကအရည်အချင်းတွေကို တကယ်ဝှက်ထားတာပဲ။" ချုချင်းမှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။

"မင်းဘာကိုသုံးပြီး တိုက်ခိုက်လိုက်တာလဲ။ မင်းရဲ့ချီစွမ်းအင်တွေက ဘာလို့အရမ်းသန်မာလာရတာလဲ။" ခုန်းရှန်မှ ဇူယွမ်အားကြည့်ကာ မေးလိုက်သည်။

ဇူယွမ်မှာ တည်ငြိမ်သောအမူအရာဖြင့် ခုန်းရှန်အား တစ်ချက်မျှသာ ကြည့်ရှုလိုက်သည်။ ဇူယွမ်သည် ၎င်း၏အမေးစကားအား အနည်းငယ်မျှပင် အလေးထားခြင်း မရှိပါချေ။

သို့သော် လီချင်းချန်မှ ခုန်းရှန်အားကြည့်ကာ ဝင်ရောက်ပြောဆိုလိုက်သည်။ "စီနီယာအကိုတော် ခုန်းရှန်....လူတိုင်းမှာ သူတို့ရဲ့ သီးသန့်ကျင့်စဉ်ဆိုတာမျိုး ရှိကြမှာပဲလေ။ ကျွန်မတို့ ကန်ရွှမ်းကလန်ကလည်း ကလန်ကသင်ပေးတဲ့ ကျင့်စဉ်တွေကိုပဲ ကျင့်ကြံရမယ်ဆိုတဲ့ စည်းမျဉ်းမျိုးမှ မရှိတာ။"

အခြားသော ရွေးချယ်ခံများမှာလည်း လီချင်းချန်၏စကားအား ခေါင်စညိတ်ထောက်ခံလိုက်ကြသည်။

ခုန်းရှန်မှာ အနည်းငယ် ရှက်ရွံ့သွားရသည်။ သူသည် ဇူယွမ်၏ ချီစွမ်းအင်များ အဆမတန် တိုးမြင့်လာရခြင်းအကြောင်းကို စူးစမ်းလိုလှသဖြင့် စိတ်ကိုပင် မထိန်းချုပ်နိုင်တော့ပဲ မေးမြန်းမိလိုက်ခြင်း ဖြစ်သည်။ သူ၏ အမေးစကားမှာ အမှန်တကယ်ပင် စည်းကျော်မိသကဲ့သို့ ဖြစ်သွားရလေသည်။

အခြေအနေမှာ အနည်းငယ် တင်းမာနေရသလို ဖြစ်နေသောကြောင့် ချူချင်းမှ ခပ်ဖွဖွကယ်မောကာ စကားဆိုလိုက်သည်။ "ဂျူနီယာညီတော် ဇူယွမ်ကတော့ အရမ်းကို ကျော်ကြားလာတော့မှာပဲ။"

ဇူယွမ်မှာ ချိုင်ယင်းအား လူအများရှေ့တွင် အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယနေ့ပြီးဆုံးသွားပြီးသည့်နောက်တွင် ဇူယွမ်၏ အမည်နာမမှာ မသိသူမရှိရလောက်အောင် ကျော်ကြားလာတော့မည်ပင် ဖြစ်၏။

ဇူယွမ်မှ ချုချင်းအားကြည့်ကာ ခပ်ဖွဖွပြုံးလိုက်သည်။ "စီနီယာအကိုတော် ချူချင်းနဲ့ တခြားသူတွေသာ တောင်ကြားအပြင်ဖက်က အခြေအနေကို မထိန်းသိမ်းပေးထားဘူးဆိုရင် ကျွန်တော်လည်း ဒီလိုလုပ်နိုင်မှာ မဟုတ်ပါဘူး။"

"အပိုတွေ ပြောနေစရာ မလိုပါဘူး။ ဒီတစ်ခေါက် မင်းရဲ့စွမ်းဆောင်မှုက ပေါ့သေးသေးမှ မဟုတ်တာ။ မင်းကြောင့်သာမဟုတ်ရင် ငါတို့အခြေအနေကလည်း တော်တော်ခက်ခဲသွားရမှာ။" ချုချင်းမှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။

အကယ်၍ ဇူယွမ်သာ မရှိခဲ့ပါက ကျောင်းဇူတစ်ဦးတည်းဖြင့် မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံနှစ်ဦးအား မည်သို့မျှ ရင်ဆိုင်ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

ကျောင်းဇူ ရှုံးနိမ့်သွားသည်နှင့်တစ်ပြိုင်နက် ကန်ရွှမ်းကလန်၏ အခြေအနေမှာလည်း ဆိုးရွားသွားရပေလိမ့်မည်။ ထိုသို့သာ ဖြစ်ခဲ့ပါက ချူချင်းမှာလည်း ရွေးချယ်စရာ မရှိတော့ပဲ မြင့်မြတ်သောနန်းတော်အား ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကို ပေးအပ်လိုက်ရလိမ့်မည်သာ ဖြစ်သည်။

အဆိုးရွားဆုံးမှာ ကန်ရွှမ်းကလန်၏ ဂုဏ်သိက္ခာ ဆုံးရှုံးနစ်နာမှုပင် ဖြစ်သည်။

"ဂျူနီယာညီတော် ဇူယွမ်ကြောင့် ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကို ငါတို့ကန်ရွှမ်းကလန်က ရခဲ့ပြီ။" ချူချင်းမှ ဇူယွမ်၏ပခုံးအားပုတ်ကာ ပြောလိုက်သည်။ ထို့နောက် တောင်ကြားအတွင်းပိုင်းအား ကြည့်ရှုကာ စိတ်လှုပ်ရှားစွာဖြင့် စကားဆိုလိုက်သည်။ "ရန်သူတွေလည်း မရှိတော့ဘူးဆိုတော့ ငါတို့ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာဆီ သွားကြည့်ကြရအောင်။"

အခြားသော ရွေးချယ်ခံများ၏ မျက်ဝန်းများမှာလည်း စိတ်လှုပ်ရှားမှု အငွေ့အသက်များဖြင့် ပြည့်နှက်သွားရသည်။

ဤသို့ဖြင့် ရွေးချယ်ခံနှစ်ဦးအား တောင်ကြားဝတွင် စောင့်ကြပ်ရန် ထားရစ်ခဲ့ပြီးနောက် အခြားသော ရွေးချယ်ခံများမှာ ချူချင်း၏ဦးဆောင်မှုဖြင့် ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာအတွင်းသို့ ဝင်ရောက်လာကြသည်။

ဇူယွမ်နှင့် ယောင်ယောင်မှာ ရွေးချယ်ခံများ၏ နောက်ဆုံးမှ အတူတကွ လိုက်ပါလာကြခြင်း ဖြစ်သည်။ ယောင်ယောင်မှာ ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။  "နင်ကတော့ ထပ်ပြီးကျော်ကြားတော့မှာပဲ။"

ယောင်ယောင်မှာ ဇူယွမ်၏ လက်ဖဝါးအား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ အခြားသူများမှာ ဇူယွမ် တိုက်ပွဲအတွင်း အသုံးပြုခဲ့သော အရာအား မသိရှိပါသော်လည်း ယောင်ယောင်မှာ ထိုအရာသည် မူလသူတော်စင်တောင်ထွတ်၏ အဓိကတောင်ထွတ်မှ ရရှိခဲ့သော မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးဖြစ်ကြောင်း ကောင်းစွာသိရှိနေသည်။

ဇူယွမ်မှ သက်ပြင်းချကာ စကားဆိုလိုက်သည်။ "ကျွန်တော့်ရဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ်က ရွေးချယ်ခံတစ်ယောက်အဆင့်နဲ့ အများကြီး ကွာဟနေတုန်းပဲ။"

ဇူယွမ်၏ ချီပင်လယ်အတွင်း ချီကြယ်ပွင့် တစ်သောင်းကျော်မျှသာရှိပြီး မြင့်မြတ်သောနန်းတော်မှ နောက်ဆုံးအဆင့် ရွေးချယ်ခံဖြစ်သော ချိုင်ယင်းနှင့်ပင် များစွာကွာဟနေဆဲ ဖြစ်သည်။

ယောင်ယောင်မှ ခပ်ဖွဖွပြုံးလိုက်သည်။ " နင်ကအခုမှ မူလစဦးသတ္တမအဆင့်ပဲ ရှိသေးတာလေ။ နင်သာ အဆင့်တက်သွားရင် ချီစွမ်းအင်အ​ခြေခံအုတ်မြစ်ကလည်း အများကြီးပိုပြီး ကောင်းမွန်လာလိမ့်မယ်။"

ယောင်ယောင်မှာ တောက်ပရွှန်းစိုနေသော မျက်ဝန်းများဖြင့် ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာ၏ အဝင်ဝအား ကြည့်ရှုလိုက်ပြီးနောက် ဆက်လက်စကားဆိုလိုက်သည်။ "ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာက ထူးခြားတဲ့နေရာတစ်ခုပဲ။ ဒီနေရာမှာ နင်အဆင့်တက်ဖို့ အခွင့်အရေး ရချင်ရနိုင်တယ်။"

ဇူယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာသို့ ရောက်ရှိခဲ့စဉ်ကလည်း ဇူယွမ်မှာ ထိုနေရာမှရရှိသော ရွှေရောင်အရည်များဖြင့် ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်အား ရွှေအိုရောင်သွေးစက်အထိ တိုးမြှင့်ကျင့်ကြံနိုင်ခဲ့သည်။

ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာသည်ပင် ဇူယွမ်အတွက် အလွန်အကျိုးကျေးဇူး များစေခဲ့သည်။ ထို့ကြောင့် ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာ၌ မည်သို့သော အရာများစွာဖြင့် တွေ့ကြုံရမည်ကို ဇူယွမ်မှ အလွန်ပင် စိတ်လှုပ်ရှားနေမိတော့သတည်း.....

All Chapters