သူ ငါ့ကို ကျေးဇူးတင်သင့်သေးတယ်
Vol. 30 Ch. 375
ရွှေရောင် ဆေးအိုး ကျွန်း ပေါ်က ထွက်ကုန်တွေက မြေပုံ ပြောင်းလဲမှုပေါ် မူတည်ပြီး ကွဲပြားသွားတယ် ဆိုတာ သိလိုက်ရကတည်းက ကျန်းပေရန်က လူရွေးချယ်မှု အသစ် တစ်ကျော့ ပြန်စလိုက်လေသည်။
အရင်က ရွေးချယ်ခဲ့တဲ့ အသုတ်က လက်ရာမြောက် အလုပ်ရုံက ထိပ်တန်း အလုပ်သမားတွေ ဖြစ်သည်။
ဒါပေမဲ့ အဲ့လောက် ထိပ်တန်း မကျတဲ့ လူတွေလည်း အများကြီး ရှိနေသေးသည်။
နောက်ထပ် တစ်ကြိမ် စိစစ်ပြီးတဲ့အခါ သူတို့ကိုလည်း ခေါ်ယူပြီး အလားတူ အသုံးပြုနိုင်လေသည်။
ရက်တွေ ကုန်ဆုံးလာတာနဲ့အမျှ မိုးပြာရောင် ကောင်းကင် စုဝေးပွဲ အတွက် ကျန်းပေရန်ရဲ့ လူစာရင်းက ပိုပြီး ပြည့်စုံလာပြီး ပိုပြီး ကြီးမားလာလေသည်။
အတွင်းမြို့တော်၊ ကောင်းကင်ထိ မဏ္ဍပ်။
"သခင်မလေး"
"သခင်မလေး"
အစေခံမလေးတွေရဲ့ ရိုသေစွာ နှုတ်ဆက်သံတွေ ကြားထဲ ရှီကျာမု တည့်တည့်မတ်မတ် လျှောက်ဝင်လာခဲ့လေသည်။
"အမေ"
ပြတင်းပေါက်နားမှာ ထိုင်နေတဲ့ ကျက်သရေရှိ အမျိုးသမီး တစ်ယောက်ဆီ ပြေးသွားရင်း ရှီကျာမု အော်ခေါ်လိုက်လေသည်။
သူမဆီ ပြေးဝင်လာတဲ့ ရှီကျာမုကို ပွေ့ဖက်လိုက်ပြီး ရှီရွေ့ကျင်းက သူမ ဆံပင်ကို ပွတ်သပ်ပေးကာ ပြောလိုက်လေသည်။
"လာလည်ရမယ့် အမေတစ်ယောက် ရှိမှန်း မှတ်မိသေးတာပဲ"
ရှီရွေ့ကျင်းရဲ့ ရင်ခွင်ထဲ ခေါင်းမြှုပ်ပြီး နှစ်ခါလောက် ပွတ်သပ်ရင်း ရှီကျာမု ချွဲနွဲ့စွာ ပြောလိုက်လေသည်။
"အမေကလည်း"
ပြုံးပြီး ခေါင်းခါလိုက်ကာ ရှီရွေ့ကျင်းက သမီးဖြစ်သူရဲ့ ချောမွေ့တဲ့ ဆံပင်နက်လေးတွေကို ပွတ်သပ်ပေးပြီး မေးလိုက်လေသည်။
"ဒီရက်ပိုင်း သမီးက အမေ့ထက် ဒေါ်လေးနဲ့ ပိုရင်းနှီးနေသလိုပဲ"
"ဘယ်ဟုတ်မလဲ" ရှီကျာမု ခေါင်းမော့ပြီး သူမ အမေကို ပြုံးပြလိုက်လေသည်။
"မိုးပြာရောင် ကောင်းကင် စုဝေးပွဲ အတွက် အလုပ်ရှုပ်နေလို့ပါ ဒေါ်လေးဆီ သွားတာက အလုပ်ကိစ္စ သက်သက်ပါပဲ"
"ဟုတ်လို့လား" ရှီရွေ့ကျင်း အနည်းငယ် ပြုံးလိုက်လေသည်။
"ဒါဆို ပြင်ဆင်မှုတွေ ဘယ်လိုလဲ"
"အရမ်း ကောင်းတယ် ဒီတစ်ခါ ရှီမျိုးနွယ်စု သေချာပေါက် နိုင်မှာ"
"ပြောတာ ကောင်းတယ်"
အဲ့ဒီအချိန်မှာပဲ မျက်နှာပြင် နောက်ကနေ သက်လတ်ပိုင်း အမျိုးသား တစ်ယောက် ထွက်လာလေသည်။
"ကျာအာ ဖေဖေ ဂုဏ်ယူရအောင် သမီးကို အားကိုးနေတယ်နော်"
သူမ အဖေ ရောက်လာတာ မြင်တော့ ရှီကျာမု အမြန် ထရပ်ပြီး ခေါ်လိုက်လေသည်။
"ဖေဖေ"
"အင်း"
ခေါင်းညိတ်လိုက်ပြီး ရှီယင်းဖာက သူ့နောက်က နောက်မှီပါ ကုလားထိုင်မှာ ဝင်ထိုင်လိုက်လေသည်။
အစေခံမလေးဆီက လက်ဖက်ရည်ခွက် ယူပြီးနောက် ရှီယင်းဖာက အဖုံးဖွင့်ပြီး လက်ဖက်ခြောက်တွေကို နှစ်ခါလောက် အသာအယာ ဖယ်လိုက်ကာ ရှီကျာမုကို ရုတ်တရက် မော့ကြည့်ပြီး မေးလိုက်လေသည်။
"ဟို ကျန်းပေရန် နဲ့ အခြေအနေ ဘယ်လိုလဲ"
"သာမန်ပါပဲ သူက ထူးဆန်းတဲ့ လူတစ်ယောက်ပါ" ရှီကျာမု ပြန်ဖြေလိုက်လေသည်။
"ဘယ်လို ထူးဆန်းတာလဲ"
ရှီယင်းဖာ စိတ်ဝင်တစား မေးလိုက်လေသည်။
"သူက အရမ်း စွမ်းဆောင်ရည် ရှိမှန်း သိသာပေမယ့် စွမ်းဆောင်ရည် ရှိတဲ့ လူတစ်ယောက်လို လုံးဝ မနေဘူး"
ဒါကို ကြားတော့ ရှီယင်းဖာ ရယ်မောလိုက်လေသည်။
"ဒါဆို စွမ်းဆောင်ရည် ရှိတဲ့ လူတစ်ယောက်က ဘယ်လို နေရမယ်လို့ သမီး ထင်လဲ"
"ဖေဖေ့လိုမျိုးပေါ့ မကြိုးစားဘဲနဲ့ လူတွေကို ကြောက်ရွံ့ရိုသေသွားအောင် လုပ်နိုင်တဲ့ သူမျိုး"
"အိုး ဟားဟားဟား" ရှီယင်းဖာ ခဏလောက် ရယ်မောပြီးနောက် ပြောလိုက်လေသည်။
"စွမ်းဆောင်ရည် မရှိပုံ ပေါက်တဲ့ သူတွေက အမြဲတမ်း စွမ်းဆောင်ရည် ရှိသလို နေတဲ့ သူတွေထက် အရေးကြုံရင် ပိုပြီး အားကိုးရတတ်တယ် သမီး သူနဲ့ သိကျွမ်းခွင့် ရမှတော့ သူ့ဆီကနေ သင်ယူပြီး သူ့ကို မကြာခဏ လေ့လာသင့်တယ် သမီး အကျိုးရှိမယ်လို့ ဖေဖေ ယုံကြည်တယ်"
ဒါကို ကြားတော့ ရှီကျာမု မနေနိုင်ဘဲ ပြောလိုက်လေသည်။
"ဖေဖေ ဖေဖေက အဲ့ဒီ ဦးလေးနဲ့ တစ်ခါမှတောင် မတွေ့ဖူးသေးဘဲ ဘာလို့ ဒီလောက် အထင်ကြီးနေရတာလဲ"
"ဘိုးဘေးကြီး ဖိတ်ခေါ်ထားတယ် ဆိုတဲ့ အချက် တစ်ခုတည်းနဲ့တင် ဖေဖေ သူ့ကို မတူညီတဲ့ အမြင်နဲ့ ကြည့်ဖို့ လုံလောက်နေပြီ"
ရှီယင်းဖာက လက်ဖက်ရည်ပူ တစ်ငုံ သောက်လိုက်လေသည်။
"ဒါနဲ့ မိုးပြာရောင် ကောင်းကင် စုဝေးပွဲ အတွက် ကိုယ်စားလှယ်လောင်းတွေ ဆုံးဖြတ်ပြီးပြီလား သမီးရဲ့ ဆဌမ ဦးလေးက ဒီနေ့ ပြောလာတယ် သမီး အစ်ကို ယုံယွမ်က သမီး လာရှာမယ့် အချိန်ကို လက်ပိုက် စောင့်နေတယ်တဲ့"
"အဲ့ဒါက"
ရှီကျာမု အကြည့်လွှဲလိုက်တာ မြင်တော့ ရှီယင်းဖာ မေးလိုက်လေသည်။
"ဘာလဲ သမီး လူရွေးပြီးသွားပြီလား"
"အင်း ဟုတ်တယ် ထင်တယ်" ရှီကျာမု ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်တယ် ထင်တယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ ဒီနေ့ ဘာလို့ ဒီလောက် ဝေ့လည်ကြောင်ပတ် လုပ်နေရတာလဲ"
သူမ အဖေ နည်းနည်း မပျော်မရွှင် ဖြစ်နေတာ မြင်တော့ ရှီကျာမု အမြန် ရှင်းပြလိုက်လေသည်။
"သမီး ဆိုလိုတာက ကိုယ်စားလှယ်လောင်း စာရင်း အဆင်သင့် ဖြစ်နေပါပြီ နောက်ဆုံး အဆင့် စိစစ်ဖို့ပဲ လိုတော့တာပါ"
"သမီး အစ်ကို ယုံယွမ် စာရင်းထဲ မပါဘူးလား"
"ဟင့်အင်း မပါဘူး"
"အိုး" ရှီယင်းဖာ နည်းနည်း အံ့သြသွားလေသည်။
"ပြီးခဲ့တဲ့ တစ်ခေါက်က သမီး အစ်ကို ယုံယွမ်က တစ်ယောက်တည်းနဲ့ ဖယောင်းတိုင် နဂါး ခံတပ်က အထွတ်အထိပ် အနက်ရောင်ဘုရင် နှစ်ယောက်ကို အနိုင်ယူခဲ့တယ် သူက သမီးတို့ မျိုးဆက်ထဲမှာ အထူးချွန်ဆုံး လူတွေထဲက တစ်ယောက်လို့ သတ်မှတ်လို့ ရတာကို သမီး မျက်စိထဲ မဝင်သေးဘူးလား ဒါဆို သမီး ဘယ်သူတွေကို ရွေးထားလဲ ဆိုတာ ဖေဖေ တကယ် သိချင်လာပြီ စာရင်း ပါလာလား"
"ပါတယ်"
သမီးဖြစ်သူ တွေဝေနေတာ မြင်တော့ ရှီယင်းဖာက လက်ဆန့်ထုတ်လိုက်လေသည်။
"ပေးစမ်း"
"ဟုတ်ကဲ့"
ရှီကျာမု ပြန်ဖြေပြီး ကိုယ်စားလှယ်လောင်း စာရင်းကို သူမ အဖေဆီ ကမ်းပေးလိုက်လေသည်။
ရှီယင်းဖာက ယူလိုက်ပြီး ချက်ချင်း ဖွင့်ဖတ်လိုက်လေသည်။
သူ့မျက်နှာ အမူအရာက တော်တော်လေး အရောင်စုံသွားလေသည်။
အချိန်အတော်ကြာပြီးနောက် ရှီယင်းဖာ စာရင်းကို ပိတ်လိုက်လေသည်။
"သမီးရဲ့ ဦးလေးကြီးက ဒါကို သဘောတူလိုက်တာလား"
"ဟုတ်ကဲ့ သူ သဘောတူပါတယ်"
"ဟားဟားဟား"
သူ့သမီးရဲ့ အဖြေကို ကြားပြီးနောက် ရှီယင်းဖာ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"ဒီ ကျန်းပေရန် သူက တကယ်ပဲ စွမ်းဆောင်ရည် ရှိတဲ့ လူတစ်ယောက်ပါလား"
စာရင်းထဲက နာမည်တွေကို ကျန်းပေရန် ရွေးထားမှန်း သူမ အဖေ ဘယ်လို သိလဲ ဆိုတာ မေးလောက်အောင် ရှီကျာမု မတုံးအပေ။
သိသာလွန်းနေသည်။
စာရင်းကို ရှီကျာမုဆီ ပြန်ပေးရင်း ရှီယင်းဖာ ပြုံးပြီး ပြောလိုက်လေသည်။
"ဒါပေမဲ့ သမီး စိတ်ကို ပြင်ဆင်ထားသင့်တယ် နောက်ရက်နည်းနည်း ကြာရင် သမီး ခေါင်းကိုက်ရလောက်တယ်"
ရှီကျာမု သူမ အဖေရဲ့ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်ပြီး မဲ့ပြုံးပြုံးကာ ပြန်ဖြေလိုက်လေသည်။
"အိမ်မှာပဲ ရက်နည်းနည်းလောက် ပုန်းနေရင် ကောင်းမလား"
"မရဘူး ထွက်ပြေးလို့ အလကားပဲ သမီး ဖြေရှင်းရမယ့် ပြဿနာကို သမီးပဲ ဖြေရှင်းရမှာ"
" ကောင်းပါပြီ"
သုံးရက် အကြာမှာ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ရှီကျာမုက မြောက်များစွာသော ပန်းချိုင့်ဝှမ်းကို ရောက်လာပြီး ကျန်းပေရန်ရဲ့ တဲအိမ်ထဲ ဝင်ကာ အော်လိုက်လေသည်။
"ဦးလေး မြန်မြန် အကြံပေးပါဦး ကျွန်မ စိတ်ညစ်လွန်းလို့ သေတော့မယ်"
"…..."
တိတ်ဆိတ်ခြင်း။
အခန်းက အလွတ်ကြီး ဘယ်သူမှ ပြန်မဖြေပေ။
ရှီကျာမု တခြားနေရာကို ကြည့်ဖို့ ပြင်လိုက်တုန်း အခန်းရဲ့ နောက်ဖေးတံခါး ပွင့်လာသံ ကြားလိုက်ရလေသည်။
"မိုမို ရောက်လာပြီလား ပေရန်လေးက ရက်နည်းနည်းလောက် အပြင်ထွက်မယ်လို့ ပြောတယ် မနက်ကတည်းက ထွက်သွားတာ" ဝင်လာရင်း ရှီဖုန်းလန် ပြောလိုက်လေသည်။
"သွားပြီ ဟုတ်လား" ရှီကျာမု မျက်လုံးတွေ ပြူးကျယ်သွားလေသည်။
သူမက 'အသက်ကယ်ဖို့' လာတာကို သူက ထွက်ပြေးသွားပြီတဲ့လား။
"ဘာဖြစ်လို့လဲ ပေရန်လေးနဲ့ အရေးကြီး ကိစ္စ ရှိလို့လား"
ရှီကျာမုရဲ့ စိတ်ပျက်နေတဲ့ မျက်နှာထားကြောင့် နားမလည်နိုင်ဘဲ ရှီဖုန်းလန် မေးလိုက်လေသည်။
"ဟုတ်တယ် အရေးကြီး ကိစ္စ အရမ်း အရေးကြီးတယ်"
ဒါကို ကြားတော့ ရှီဖုန်းလန် ရင်ကော့လိုက်ပြီး ပြောလိုက်လေသည်။
"အရေးကြီး ကိစ္စ ရှိရင် ငါ့ဆီ လာလည်း အတူတူပါပဲ ပြောပါ ငါ ကူညီမယ်"
ဒါပေမဲ့ သူမရဲ့ အဒေါ်လေးကို ခဏလောက် အကဲခတ်ပြီးနောက် ရှီကျာမု ခေါင်းခါလိုက်လေသည်။
"ထားလိုက်ပါတော့ ကိုယ့်ဘာသာပဲ ဖြေရှင်းဖို့ နည်းလမ်း ရှာလိုက်ပါ့မယ်"
"ဟေ့" ရှီဖုန်းလန် အော်လိုက်လေသည်။
"နင်က ငါ့ရဲ့ စွမ်းရည်ကို အထင်သေးနေတာလား"
"ဟုတ်တယ်" ရှီကျာမု ခေါင်းညိတ်လိုက်လေသည်။
"နင် နင်က ပေရန်လေးဆီက အကျင့်ဆိုးတွေ ရလာတာပဲ"
ရှီကျာမုကို လက်ညှိုးထိုးပြီး ရှီဖုန်းလန် အော်လိုက်လေသည်။
ရှီကျာမုက သူမရဲ့ အဒေါ်လေးကို ထပ်စဖို့ ပြင်လိုက်တုန်း အစွမ်းထက်တဲ့ အတွင်းအား တစ်ခု သူမဆီ ဦးတည်လာတာ ရုတ်တရက် ခံစားလိုက်ရလေသည်။
'ဘာလို့ ငါ သူတို့ကို ဖယ်ရှားလို့ မရတာလဲ'
စိတ်ထဲကနေ အော်ဟစ်ရင်း ရှီကျာမု တံခါးဖွင့်ပြီး ပြေးဖို့ ပြင်လိုက်တုန်း တောက်ပတဲ့ အပြာရောင် ပိုးသား ဝတ်ရုံ ဝတ်ထားတဲ့ အမျိုးသား တစ်ယောက် လေထဲကနေ ဆင်းသက်လာပြီး သူမ ရှေ့ ရောက်လာတာ တွေ့လိုက်ရလေသည်။
"အစ်ကို ကျင်းဟွမ်း" လူသစ်ကို မြင်တော့ ရှီကျာမု ရှင်းလင်းပြတ်သားတဲ့ အသံနဲ့ ခေါ်လိုက်လေသည်။
"ငါက နင့်အစ်ကို ဆိုတာ မှတ်မိသားပဲ နင်က ငါ့ကို တွေ့တိုင်း သရဲ မြင်သလို ထွက်ပြေးနေတာ"
ရှီကျင်းဟွမ်းက မကျေမနပ် ပြောလိုက်လေသည်။
"ကျွန်မ ကျွန်မ အလျင်လိုနေလို့ပါ"
"ကွက်တိပဲ ငါလည်း နင့်ကို ပြောစရာ အရေးကြီး ကိစ္စ ရှိတယ် မိုးပြာရောင် ကောင်းကင် စုဝေးပွဲ က သုံးရက်ပဲ လိုတော့တာ နင် ဘယ်သူ့ကို ရွေးမလဲ ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့တော့ မပြောနဲ့နော်"
"ကျွန်မ ရွေးပြီးပါပြီ အာ ဦးလေးကြီး ဘာကိစ္စ ရောက်လာတာလဲ"
ပညာရှိ ရောက်လာပြီ ဆိုတာ ကြားလိုက်တာနဲ့ ရှီကျင်းဟွမ်းက ရှီကျာမု ကြည့်နေတဲ့ ဘက်ကို အမြန် ဦးညွှတ်လိုက်ပေမယ့် ဘယ်သူမှ မရှိတာ တွေ့လိုက်ရလေသည်။
"နင် ကလေးဆိုးလေး"
သူ ပြန်လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ ရှီကျာမု ထွက်ပြေးသွားပြီ ဆိုတာ ရှီကျင်းဟွမ်း တွေ့လိုက်ရလေသည်။
"ပြန်လာခဲ့စမ်း"
မြောက်များစွာသော ပန်းချိုင့်ဝှမ်း ကနေ ထွက်ပြေးလာပြီးနောက် ရှီကျာမု ရင်ထဲမှာ ခါးသီးမှုတွေပဲ ခံစားနေရလေသည်။
ဦးလေးက လူရွေးခဲ့တာလေ ဘာလို့ သူမက အပြစ်ခံနေရတာလဲ။
သူမ အဖေ ပြောသလိုပဲ မိုးပြာရောင် ကောင်းကင် စုဝေးပွဲ နီးကပ်လာတာနဲ့အမျှ သူမရဲ့ အစ်ကိုတွေ အစ်မတွေ အငြိမ်မနေနိုင်ကြတော့ပေ။
သူတို့ အားလုံး သူမဆီ ပြေးလာပြီး ရှင်းပြချက် တောင်းဆိုကြလေသည်။
တချို့က သွယ်ဝိုက် ပြောကြတယ် တချို့က တည့်တိုး ပြောကြတယ် ဒါပေမဲ့ သူတို့ အားလုံး မေးခွန်း တစ်ခုတည်း မေးကြလေသည်။
ဘာလို့ သူတို့ မပါရတာလဲ။
ရှီကျာမု တကယ် အကျပ်ရိုက်နေလေသည်။
သူမနဲ့ သိပ်မရင်းနှီးတဲ့ မောင်နှမတွေကိုတော့ အဖွဲ့ခေါင်းဆောင် အာဏာသုံးပြီး မေးခွန်းထုတ်ရမယ့် နေရာ မဟုတ်ဘူးလို့ ပြောလို့ ရပါသေးသည်။
ဒါပေမဲ့ အတူတူ ကြီးပြင်းလာတဲ့ အစ်ကိုတွေနဲ့ကျတော့ အဲ့လို လုပ်လို့ မရပေ။
သူတို့ကို အဲ့လို သွားပြောရင် သူမ အရိုက်ခံရမှာ သေချာသည်။
ကိုင်တွယ်ရ အခက်ဆုံး အစ်ကိုတွေ အတွက် နေရာတချို့ တောင်းဖို့ သူမ ကျန်းပေရန်ကို လာရှာတာ ဒါပေမဲ့ သူက ထွက်ပြေးသွားလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။
'ဦးလေး ကျွန်မ ဦးလေးကို မုန်းတယ်'
ထွက်ပြေးရင်းနဲ့ ရှီကျာမု စိတ်ထဲကနေ အော်ဟစ်လိုက်လေသည်။
ဒီအချိန်မှာ ကျန်းပေရန်က အထွတ်အထိပ် စည်းလုံးခြင်း ခန်းမထဲမှာ လူယန်ယွီနဲ့ အတူ သောက်စားနေလေသည်။
ဒီမနက် သူ နိုးလာတုန်းက ရွေးချယ်မှု သုံးခု သူ့ရှေ့မှာ ပေါ်လာခဲ့လေသည်။
အဓိပ္ပာယ်က ရိုးရှင်းပါတယ် တဲအိမ်ထဲ ဆက်နေရင် ပြဿနာ တက်လိမ့်မည်။
ကျန်းပေရန် ခဏ စဉ်းစားပြီး ဘာလို့လဲ ဆိုတာ နားလည်လိုက်လေသည်။
မိုးပြာရောင် ကောင်းကင် စုဝေးပွဲ က သိပ်မလိုတော့ဘူး ဆိုတော့ လက်စွမ်းပြချင်နေတဲ့ ရှီမျိုးနွယ်စု ဂျူနီယာတွေက 'နေရာ' လာတောင်းကြမှာ သေချာသည်။
မရတဲ့အခါကျရင် သူတို့ရဲ့ ဒေါသကို သူ့အပေါ် သေချာပေါက် ပုံချကြလိမ့်မည် ဘယ်လို ပြဿနာတွေ ဖြစ်လာမလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။
ဒါကြောင့် ဒုတိယအကြိမ် မစဉ်းစားဘဲ ကျန်းပေရန်က လစ်ထွက်ဖို့ ရွေးချယ်လိုက်ပြီး လူယန်ယွီဆီ ပြေးလာခဲ့ခြင်း ဖြစ်လေသည်။
"ချလွင်"
သူတို့နှစ်ယောက် ခွက်ချင်းတိုက်လိုက်ပြီး ခေါင်းမော့ကာ ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ကြလေသည်။
"ဟား" လူယန်ယွီက ကျေနပ်အားရစွာ ဝိုင်နံ့သင်းနေတဲ့ လေတစ်ချက် မှုတ်ထုတ်လိုက်လေသည်။
"ပေရန် မင်းရဲ့ ဝိုင်က သောက်လေလေ အရသာ ရှိလေလေပဲ ငါ တစ်သက်လုံး ဒါ မရှိရင် နေနိုင်တော့မှာ မဟုတ်ဘူး ထင်တယ်"
လူယန်ယွီက ပေါင်းခံနည်းကို သင်ယူထားပြီးပြီ ဖြစ်ပေမယ့် ဝိုင်ကောင်း ဆိုတာ အဲ့လောက် မြန်မြန် ချက်လို့ ရတာ မဟုတ်ဘူး ရရင်တောင် ကျန်းပေရန် ဟာနဲ့ မယှဉ်နိုင်ပေ။
ဒါကြောင့် လူယန်ယွီက အခု မြှောက်ပင့် ပြောဆိုနေခြင်း ဖြစ်သည် အားလုံးက ဝိုင်နည်းနည်းလောက် သောက်ရဖို့ပါပဲ။
"ဟား"
နောက်ထပ် ပြင်းအားမြင့် အရက် တစ်ခွက် မော့သောက်ပြီးနောက် လူယန်ယွီက ကျန်းပေရန်ကို ကြည့်ပြီး ပြောလိုက်လေသည်။
"အော် ဟုတ်သားပဲ ရှန်အိုကြီးက စာပို့လာတယ် အဲ့ဒီ ရှေးဟောင်းစာအုပ်နဲ့ ပတ်သက်ပြီး သဲလွန်စ ရပြီတဲ့ မင်း ရွှေရောင် ဆေးအိုး ကျွန်း ကနေ ပြန်လာရင် ငါတို့ နောက်တစ်ဆင့် တက်လို့ ရလောက်ပြီလို့ သူ တွက်ထားတယ်"
"အင်း" ကျန်းပေရန်က မရေမရာ ပြန်ဖြေလိုက်လေသည်။
ကျန်းပေရန်ရဲ့ ဂရုမစိုက်တဲ့ လေသံကို ကြားတော့ သူက ရှေးဟောင်းစာအုပ်ကို တကယ် စိတ်ဝင်စားရဲ့လား ဆိုတာ လူယန်ယွီ ပိုပြီး ဇဝေဇဝါ ဖြစ်လာလေသည်။
ကျန်းပေရန်က နောက်ရက်အနည်းငယ်ကို လက်ရာမြောက် အလုပ်ရုံမှာပဲ ကုန်ဆုံးလိုက်လေသည်။
သူတို့ ထွက်ခွာမယ့် နေ့မတိုင်ခင် အထိ သူ မြောက်များစွာသော ပန်းချိုင့်ဝှမ်းကို ပြန်မသွားခဲ့ပေ။
"ပေရန်လေး"
ကျန်းပေရန် တံခါးတွန်းဖွင့်ပြီး ဝင်လာတာ မြင်တော့ ပျင်းလွန်းလို့ ငေးငိုင်နေတဲ့ ရှီဖုန်းလန်က ခုန်ထပြီး အော်လိုက်လေသည်။
"လွန်ခဲ့တဲ့ ရက်တွေက မင်း ဘယ်ရောက်နေတာလဲ"
"လမ်းလျှောက်ထွက်နေတာ" အိမ်ထဲ ဝင်ရင်း ကျန်းပေရန် ပြန်ဖြေလိုက်လေသည်။
ကျန်းပေရန် နောက်လိုက်ပြီး လက်ဖက်ရည် ခန်းထဲ ဝင်ရင်း ရှီဖုန်းလန် ပြောလိုက်လေသည်။
"မိုမိုက ဒီရက်ပိုင်း မင်းကို ခဏခဏ လာရှာတယ် သူ ကြည့်ရတာ တော်တော် စိတ်ပူနေပုံ ရတယ်"
အကြောင်းရင်းကို သိတာမို့ သူမ ဘယ်လောက် ဗျာများနေမလဲ ဆိုတာ ကျန်းပေရန် ကောင်းကောင်း စိတ်ကူးကြည့်လို့ ရပေမယ့် ရှီကျာမု အတွက် တာဝန်ယူပေးဖို့ စိတ်ကူး မရှိပေ။
ဘာပဲဖြစ်ဖြစ်...
သူမက အဖွဲ့ခေါင်းဆောင်လေ။
ရေနွေးအိုး တည်ရင်း ကျန်းပေရန်က ရှီဖုန်းလန်ကို ကြည့်ပြီး မေးလိုက်လေသည်။
"ဒီနေ့ သူ မလာဘူးလား"
"မလာဘူး မင်း မရှိမှန်း သိပြီးကတည်းက သူ မလာတော့ဘူး အသည်းနှလုံး မရှိတဲ့ ကောင်မလေး ငါက သူ့အပေါ် ဒီလောက် ကောင်းပေးခဲ့တာကို"
ရှီဖုန်းလန် စကားဆုံးတာနဲ့ တံခါးကို အလျင်စလို ခေါက်သံတွေ ကြားလိုက်ရလေသည်။
"ဝင်ခဲ့" ကျန်းပေရန် ပြောလိုက်လေသည်။
"ဘုန်း" ဆိုတဲ့ အသံနဲ့ အတူ တံခါး ပွင့်သွားလေသည်။
ရှီကျာမု အပြေးဝင်လာပြီး စကားပြောဖို့ ပြင်လိုက်တုန်း ထိုင်ပြီး လက်ဖက်ရည် သောက်နေတဲ့ ကျန်းပေရန်ဆီ သူမ မျက်လုံး ရောက်သွားလေသည်။
"ဦးလေး"
ရှီကျာမု အော်လိုက်လေသည်။
"ဒီလောက် အကြာကြီး ဘယ်ရောက်နေတာလဲ"
"လမ်းလျှောက်ထွက်နေတာ" ကျန်းပေရန် တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။
"လမ်းလျှောက်ထွက်နေတာ ဟုတ်လား"
ရှီကျာမု ကျန်းပေရန် ရှေ့ကို ဒေါသတကြီး လျှောက်လာပေမယ့် ပါးစပ်ဟပြီး စကားပြောဖို့ ပြင်လိုက်တာနဲ့ သူ့ရဲ့ အကြည့်တစ်ချက်ကြောင့် ခြေလှမ်း သုံးလှမ်းလောက် နောက်ဆုတ်သွားရလေသည်။
အသက်ရှူသံ ပြင်းပြင်းနဲ့ ရှီကျာမုက သနားစရာ ကောင်းအောင် အော်ပြောလိုက်လေသည်။
"သုံးရက် လွန်ခဲ့တဲ့ သုံးရက်လုံး ကျွန်မ ဘယ်လို ကျော်ဖြတ်ခဲ့ရလဲ ဦးလေး သိလား"
ရှီကျာမုကို မော့ကြည့်ပြီး ကျန်းပေရန် ပြောလိုက်လေသည်။
"ခက်ခဲမှာပဲ လို့ ပြောပြီး ငါ မင်းခေါင်းကို ပုတ်ပေးရဦးမလား"
ရှီကျာမု ခဏ ရပ်သွားပြီး ပြန်ဖြေလိုက်လေသည်။
"အဲ့ဒါ အဲ့ဒါတော့ မလိုပါဘူး"
"ဒါဆို ကလေးဆိုးလေးလို လုပ်မနေနဲ့တော့ ဒီတစ်ခါ မင်းမိသားစု အကြီးအကဲတွေက မင်းကို အဖွဲ့ခေါင်းဆောင် ခန့်အပ်လိုက်တယ် ဆိုကတည်းက မင်းအပေါ် မျှော်လင့်ချက် ကြီးမားပြီး မင်းကို လေ့ကျင့်ပေးချင်တယ် ဆိုတဲ့ သဘောပဲ မင်းမှာ အခု အာဏာ ရှိနေပြီ နောင်ကျရင် မင်းရဲ့ ကစားဖော်တွေ မင်းရဲ့ မောင်နှမတွေ နဲ့ မင်းရဲ့ ဘဝတစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားလိမ့်မယ် ဒါက အစပဲ ရှိသေးတယ်"
အံ့သြစရာပါပဲ။
တိုတောင်းတဲ့ စကားတစ်ခွန်းပဲ ဖြစ်ပေမယ့် ဦးလေးအပေါ် ထားတဲ့ ရှီကျာမုရဲ့ နာကြည်းမှုတွေ အားလုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။
'သြော်... ဒါကြောင့် ကျွန်မ ဒါတွေ အားလုံးကို ကိုယ်တိုင် ရင်ဆိုင်ရအောင် သူ ထွက်သွားခဲ့တာကိုး'
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်တော့ ဦးလေး ပြောသလိုပါပဲ။
သူမရဲ့ သူငယ်ချင်းဟောင်းတွေနဲ့ သူမကို အမြဲ ဂရုစိုက်ပေးခဲ့တဲ့ အစ်ကိုတချို့... သူတို့ အားလုံး ပြောင်းလဲသွားကြပြီ ဒါမှမဟုတ် သူတို့ကြားက ဆက်ဆံရေး ပြောင်းလဲသွားပြီ လို့ ပြောရင် ပိုမှန်လိမ့်မည်။
အရင်လို မသန့်ရှင်းတော့ပေ။
"ဦးလေး ဒါက... ကြီးပြင်းလာတယ် ဆိုတာလား"
ရှီကျာမုက ကျန်းပေရန်ကို ကြည့်ပြီး မေးလိုက်လေသည်။
"ဟုတ်တယ် ဂုဏ်ယူပါတယ် မင်း လူကြီး ဖြစ်သွားပြီ"
ကျန်းပေရန် ခေါင်းညိတ်လိုက်လေသည်။
သက်ပြင်းရှည် တစ်ချက် ရှူသွင်းပြီး ရှီကျာမု အဲ့ဒီ အခိုက်အတန့်မှာ အများကြီး ရင့်ကျက်သွားသလို ဖြစ်သွားလေသည်။
သူမ ကျန်းပေရန်ကို ဦးညွှတ်လိုက်လေသည်။
ဦးလေးက ဒါတွေ အားလုံးကို သူမ ကောင်းဖို့အတွက် လုပ်ပေးခဲ့မှန်း သူမ အခု နားလည်သွားပြီ။
ကျေနပ်စွာ ခေါင်းညိတ်ပြီး ကျန်းပေရန် ပြောလိုက်လေသည်။
"ကောင်းပြီ ပြန်ပြီး ပြင်ဆင်လိုက်တော့ မနက်ဖြန် တွေ့မယ်"
"အင်း မနက်ဖြန် တွေ့မယ် ဦးလေး"
ကျန်းပေရန်ကို လက်ဝှေ့ယမ်းပြပြီး ရှီကျာမု တံခါးဆီ လျှောက်သွားလေသည်။
ရှီကျာမု ထွက်သွားတာနဲ့ တောက်လျှောက် နားထောင်နေတဲ့ ရှီဖုန်းလန် ရုတ်တရက် မေးလိုက်လေသည်။
"ပေရန်လေး လူတစ်ယောက်က ဘယ်လို အတိအကျ ကြီးပြင်းလာတာလဲ"
"မင်းက ဖြစ်မနေဘူးလား"
"ဘယ်ဟုတ်မလဲ" ရှီဖုန်းလန် သက်ပြင်းချပြီး ပြောလိုက်လေသည်။
"မိသားစုထဲက လူတိုင်းက ငါ့ကို ကလေးလို ဆက်ဆံပြီး ဘာမှ မသိအောင် ထားကြတယ် မင်း ခုနက ပြောတာ ကြားပြီးနောက် ငါ မိုမိုကို ရုတ်တရက် နည်းနည်း အားကျမိသွားတယ်"
စကားဆုံးတာနဲ့ ရှီဖုန်းလန်က ကျန်းပေရန်ရဲ့ လက်မောင်းကို ဆွဲပြီး တောင်းပန်လိုက်လေသည်။
"ပေရန်လေး ငါ့ကိုလည်း လူကြီး ဖြစ်လာအောင် ကူညီပေးလို့ ရမလား"
"မရဘူး"
ပေရန်လေးရဲ့ ပြတ်သားတဲ့ ငြင်းပယ်သံကို ကြားတော့ ရှီဖုန်းလန် နှာခေါင်းရှုံ့လိုက်လေသည်။
"နှမြောလိုက်တာ မိုမို လူကြီးဖြစ်လာအောင် မင်း ကူညီပေးပြီးပြီပဲ ဘာလို့ ငါ့ကိုကျ မကူညီပေးနိုင်ရတာလဲ"
ရှီဖုန်းလန်ရဲ့ အသံ ဆုံးသွားတဲ့ အခိုက်အတန့်မှာပဲ "ဘုန်း" ဆိုတဲ့ အသံနဲ့ အတူ သစ်သားတံခါးက ပြင်းထန်တဲ့ လေပြင်းကြောင့် ပွင့်ထွက်သွားလေသည်။
တစ်ချိန်တည်းမှာပဲ အလွန် အစွမ်းထက်တဲ့ အရှိန်အဝါ တစ်ခုက ကျန်းပေရန်ဆီ တန်းတန်းမတ်မတ် ပစ်ဝင်လာလေသည်။
'ဒါက ဘာသဘောလဲ...'
စားပွဲပေါ် ပြန့်ကျဲသွားတဲ့ လက်ဖက်ရည် ပန်းကန်တွေကို ကြည့်ပြီး ကျန်းပေရန် စိတ်ပျက်လက်ပျက် ဖြစ်သွားရလေသည်။
သူ ဒီရောက်နေတာ တစ်လ ရှိပြီ။
သူ့ကို အမြဲ စိုက်ကြည့်နေတဲ့ အကြည့်က ရှီဖုန်းလန်ရဲ့ အဖေဆီက ဆိုတာ ကျန်းပေရန် ကြာကတည်းက သိခဲ့ပြီးသား ဖြစ်သည်။
'အရှက်မရှိတဲ့ အဖိုးကြီး...
ခင်ဗျားကသာ ညစ်ပတ်တဲ့ စိတ်ထား ရှိနေတာ ဘာလို့ ကျွန်တော့်ကို ဒေါသ လာပုံချနေတာလဲ'
ဒီအချိန်မှာ ရှီဖုန်းလန်က တံခါးဆီ ပြေးသွားပြီး အပြင်ဘက်ကို ချောင်းကြည့်ကာ တံခါးပြန်ပိတ်ပြီး ကျန်းပေရန်ကို မေးလိုက်လေသည်။
"အဲ့ဒီ ထူးဆန်းတဲ့ လေက ဘယ်က လာတာလဲ"
"ဘယ်သူ သိမှာလဲ"