တစ်လုတ်တည်းဖြင့်မြိုချလိုက်ခြင်း
Vol. 45 Ch. 627
ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာမှာ ကြီးမားလှသော လှိုဏ်ဂူကြီးတစ်ခုအတွင်း တည်ရှိနေခြင်း ဖြစ်သည်။
ချူချင်းမှာ ဇူယွမ်နှင့် အခြားသော ရွေးချယ်ခံများအား ဦးဆောင်ကာ လှိုဏ်ဂူအတွင်းသို့ ဂရုတစိုက်ဖြင့် ဝင်ရောက်သွားသောအခါတွင် မြေပြင်ပေါ်၌ အတုံးအရုံး လဲကျသေဆုံးနေသော ကုန်းနေမိကျောင်းများ၏ ရုပ်အလောင်းများစွာအား တွေ့ရှိလိုက်ရသည်။ ထန်ထန်မှာ များပြားလှသော တပည့်များအား ဦးဆောင်ကာ ကြမ်းတမ်းလှသော တိုက်ပွဲများအား ရင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
ကုန်းနေမိကျောင်း အရေအတွက်မှာ များပြားလွန်းလှပါသော်လည်း ထန်ထန်မှ ဦးဆောင်တိုက်ခိုက်ခြင်းဖြစ်သောကြောင့် ကန်ရွှမ်းကလန်၏ မည်သည့်တပည့်ကမှ ဆိုးရွားစွာ ဒဏ်ရာရရှိလိမ့်မည် မဟုတ်ပါချေ။
ဤသို့ဖြင့် ရွေးချယ်ခံများမှာ အချိန်အနည်းငယ်မျှ ဆက်လက်လျှောက်လှမ်းလာပြီးနောက် လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာကြသည်။ လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးနေရာဟု တထစ်ချ သတ်မှတ်နိုင်ခြင်းမှာ ထိုနေရာ၌ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ များပြားလှစွာ သိပ်သည်းတည်ရှိနေသောကြောင့်ပင် ဖြစ်သည်။
ဤနေရာ၌ ပြင်းထန်ကြမ်းတမ်းလွန်းလှသော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ ထင်ရှားလှပေသည်။
ဇူယွမ်နှင့် အခြားသော ရွေးချယ်ခံများမှာ စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်ရာနေရာအား ကြည့်ရှုလိုက်ကြသည်။ နက်ရှိုင်းလှသော လှိုဏ်ဂူကြီးအတွင်း ကြီးမားလှသော ပုံရိပ်ကြီးနှစ်ခု မျက်နှာချင်းဆိုင် အနေအထားတွင် ရှိနေကြသည်။ ၎င်းတို့အနက် ပုံရိပ်တစ်ခုမှာ တိုက်ခိုက်ရန် အသွင်ပြောင်းထားသော ထန်ထန်ပင် ဖြစ်သည်။
ထန်ထန်နှင့် တိုက်ခိုက်နေသော ဧရာမသတ္တဝါကြီးမှာ နဂါးလက်သည်းများအား ပိုင်ဆိုင်ထားသော ခက်ထန်ကြမ်းတမ်းလှသည့် ရွှေရောင်မိကျောင်းနဂါးကြီးတစ်ကောင် ဖြစ်သည်။ ယင်း၏ လက်သည်းများမှာ အလွန်ပင် ချွန်ထက်လွန်းလှပြီး လေထုကိုပင် ဆုတ်ဖြဲနိုင်သည့်အသွင် ရှိသည်။
ထိုရွှေရောင်မိကျောင်းနဂါးကြီးထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ အလွန်ပင် ကြမ်းတမ်းခက်ထန်လွန်းလှပြီး ရွေးချယ်ခံတစ်ဦး၏အဆင့်ထက် အနည်းငယ်မျှပင် နိမ့်ပါးခြင်းမရှိပေ။
ထန်ထန်မှ ရွှေရောင်မိကျောင်းနဂါးကြီးနှင့် ရင်ဆိုင်တိုက်ခိုက်နေစဉ်အတွင်း အခြားသော တပည့်ခေါင်းဆောင်များမှာ တပည့်များအား ဦးဆောင်လျက် အဝေးရှိ ကုန်းနေမိကျောင်းများအား ရှင်းလင်းနေကြခြင်း ဖြစ်သည်။ လှိုဏ်ဂူအတွင်းပိုင်းရှိ လေထုတစ်ခုလုံးမှာ သွေးနံ့များဖြင့် ပြည့်နှက်နေလျက် ရှိလေသည်။
"ဒီကုန်းနေမိကျောင်းတွေကို အရင်ရှင်းထုတ်လိုက်ရအောင်။" ချူချင်းမှာ ထန်ထန်နှင့် ရွှေရောင်မိကျောင်းနဂါးကြီးတို့၏ တိုက်ပွဲအား ဝင်ရောက်ဖြေရှင်းခြင်းမရှိပဲ ကုန်းနေမိကျောင်းများကိုသာ ဦးစွာရှင်းလင်းရန် ပြောလိုက်သည်။
ဇူယွမ်နှင့် အခြားသူများမှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် အဆုံးမရှိ ရောက်ရှိလာနေသော ကုန်းနေမိကျောင်းများ၏အရှေ့သို့ သွားလိုက်ကြသည်။
ထိုကုန်းနေမိကျောင်းများမှာ မူလစဦး ပထမအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအင်မျှသာ ရှိကြသည်။ သို့သော် အရေအတွက် များပြားလွန်းလှသဖြင့် ကန်ရွှမ်းကလန်မှ တပည့်များအား ယှဉ်ပြိုင်နိုင်ခြင်းပင် ဖြစ်သည်။ သို့သော် ယခုအခါတွင် ရွေးချယ်ခံများပါ ရောက်ရှိလာကြပြီဖြစ်သောကြောင့် အခြေအနေမှာ ပြောင်းလဲသွားရပြီပင် ဖြစ်သည်။
ရွေးချယ်ခံတစ်ဦးမှ အနည်းငယ်မျှ လှုပ်ရှားလိုက်တိုင်းတွင် ကုန်းနေမိကျောင်းများစွာ အတုံးအရုံး သေဆုံးကုန်ကြရသည်။ ဤသို့ဖြင့် အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ၎င်းကုန်းနေမိကျောင်းများမှာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ဆုတ်ခွာထွက်ပြေးကြလေတော့သည်။
ထန်းမုရှင်း၊ ကျင်ကျန်းနှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ အနည်းငယ် စိတ်သက်သာရာ ရသွားပြီးသည့်နောက် ရောက်ရှိလာကြသော ချူချင်းနှင့် ရွေးချယ်ခံများအားကြည့်ကာ အံအားသင့်စွာဖြင့် မေးမြန်းလိုက်သည်။ "တောင်ကြားအပြင်ဖက်ကို စောင့်ကြည့်နေကြတာ မဟုတ်ဘူးလား။"
ထန်းမုရှင်းတို့မှာ ရတနာတည်နေရာလှိုဏ်ဂူအတွင်း ရောက်ရှိနေကြခြင်း ဖြစ်ပါသော်လည်း တောင်ကြားအပြင်ဖက်ရှိ အခြေအနေများအား ခန့်မှန်းမိကြသည်။ ထို့ကြောင့်ပင် ၎င်းတို့မှာ သတိလက်လွတ် ပြုမူရဲခြင်းမရှိပဲ ကုန်းနေမိကျောင်းများအား တက်နိုင်သမျှ လျင်မြန်စွာ ရှင်းလင်းနေခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင် ချူချင်းနှင့် အခြားရွေးချယ်ခံများ ရောက်ရှိလာကြခြင်းကြောင့် ထန်းမုရှင်းတို့မှာ အခြေအနေအား နားမလည်နိုင် ဖြစ်နေကြရလေသည်။
"ဇူယွမ်က မြင့်မြတ်သောနန်းတော်ရဲ့ ရွေးချယ်ခံချိုင်ယင်းကို အနိုင်တိုက်နိုင်ခဲ့တယ်လေ။ အဲ့ဒါကြောင့် မြင့်မြတ်သောနန်းတော်က နောက်ဆုတ်သွားကြပြီမို့ ဒီရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာက ငါတို့အပိုင်ဖြစ်သွားပြီ။" လီချင်းချန်မှ ပြုံးကာပြောလိုက်သည်။
ထန်းမုရှင်း၊ ကျင်ကျန်းနှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ အလွန်ပင် အံ့အားသင့်သွားကြရ၏။
"ဇူယွမ်က ချိုင်ယင်းကို နိုင်သွားတယ်ဟုတ်လား။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" ပိုင်လီချွီးမှာ ကူကယ်ရာမဲ့စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်သည်။ ချိုင်ယင်းသည် မြင့်မြတ်သောနန်းတော်မှ အသက်အငယ်ဆုံး ရွေးချယ်ခံတစ်ဦးဖြစ်ပြီး အလွန်ပင် ထူးချွန်လှသူဖြစ်ကြောင်း ပိုင်လီချွီးမှ မကြာခဏ ကြားသိခဲ့ရဖူးသည်။
ချိုင်ယင်းအား ဇူယွမ်မှ အနိုင်ရခဲ့ခြင်းမှာ မည်သို့မျှ ဖြစ်နိုင်ခြေမရှိသော ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။
ပိုင်လီချွီးမှာ မည်သို့မျှ လက်မခံနိုင် ဖြစ်နေရပါသော်လည်း ရွေးချယ်ခံများမှာ ထိုကဲ့သို့သော အကြောင်းကိစ္စများနှင့် ပက်သတ်၍ စနောက်ခြင်းပြုလုပ်မည်မဟုတ်ဟု ဆင်ခြင်မိသောကြောင့် ပါးစပ်ကိုသာ အလျင်အမြန် ပိတ်ထားလိုက်ရသည်။ ထို့နောက် ပိုင်လီချွီးမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့်သာ ဇူယွမ်အား ကြည့်ရှုလိုက်မိ၏။
လွန်ခဲ့သော နှစ်ဝက်ခန့်က ပိုင်လီချွီးမှာ ဇူယွမ်အား အလွန်ပင် အထင်အမြင်သေးခဲ့ပြီး တပည့်ခေါင်းဆောင် တစ်ဦးအနေနှင့်ပင် အသိအမှတ် မပြုခဲ့ပေ။
သို့သော် ယခုအခါတွင် ဇူယွမ်မှာ သူလှမ်း၍မမှီနိုင်သော အနေအထားတစ်ခုသို့ ရောက်ရှိသွားပြီပင် ဖြစ်သည်။
ဇူယွမ်မှာ မြင့်မြတ်သောနန်းတော်၏ တပည့်ခေါင်းဆောင် နှစ်ဦးအားသတ်ဖြတ်ကာ ကျောက်ကျင့်၏လက်မောင်းအား ဖြတ်တောက်ပစ်ခဲ့စဉ်က ပိုင်လီချွီးမှာ ဇူယွမ်၏ စွမ်းရည်အကန့်အသတ်သည် ထိုမျှလောက်ဟုသာ ထင်မှတ်ခဲ့သည်။ သို့သော် ယနေ့တွင် ဇူယွမ်မှာ မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံတစ်ဦးအား အနိုင်ယူကာ သူ၏တိုက်ပွဲစွမ်းရည်များအား ထပ်မံပြသခဲ့ပြီပင် ဖြစ်သည်။
ပိုင်လီချွီးမှာ ရွေးချယ်ခံတစ်ဦး ဖြစ်လာနိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားနေစဉ်မှာပင် ဇူယွမ်မှာ ရွေးချယ်ခံတစ်ဦးအား အနိုင်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
ခုန်းရှန်မှာ ချောင်းဟန့်လိုက်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်အခြေအနေအား ဖြိုခွဲကာ စကားဆိုလိုက်သည်။ "ဒီမှာရော အခြေအနေ ဘယ်လိုရှိလဲ။"
ထန်းမုရှင်းမှာ ဇူယွမ်ထံမှ အကြည့်များကို ရုတ်သိမ်းလိုက်ပြီးနောက် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ပြောလိုက်သည်။ "ဒီရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာက အရမ်းကို ကျယ်ပြောလွန်းတယ်။ လှိုဏ်ဂူတလျှောက် ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာလို့ခေါ်နိုင်တဲ့ ဂူငါးလုံးကို တွေ့ခဲ့ရတယ်။ အဲ့နေရာတွေကနေ တဝက်တပျက် ရှန်းဟွတံဆိပ်ပြား ငါးခုနဲ့ ရောင်စဉ်ခြောက်သွယ် ရတနာကိုးခု ရခဲ့တယ်။ ပြီးတော့ တခြားနတ်ဘုံခန်းဝါ ရတနာတွေကိုလည်း ရခဲ့တယ်။"
"အချိန်မရလို့ သေချာတော့ မရှာရသေးဘူး။"
ထန်းမုရှင်းမှာ တဝက်တပျက် ရှန်းဟွတံဆိပ်ပြားများနှင့် ကလေးလက်သီး အရွယ်ခန့်ရှိသော ရောင်စဉ်ခြောက်သွယ် ရတနာများအား ပြသလိုက်သည်။
ဇူယွမ်မှာ အံ့အားသင့်စွာဖြင့် သက်ပြင်းချလိုက်မိသည်။ အခြားသော ရွေးချယ်ခံများ၏ မျက်ဝန်းများမှာလည်း လိုချင်ရမ္မက်များဖြင့် တောက်လောင်နေရ၏။
ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာမှာ အမှန်တကယ်ပင် ထူးခြားအံ့သြဖွယ်ကောင်းလှပေသည်။
ချူချင်းမှာ ရှန်းဟွတံဆိပ်ပြားများနှင့် ရတနာများအား ကြည့်ရှုလိုက်ပြီးနောက် တွေးတောကာ ပြောလိုက်သည်။ "ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကို ကာကွယ်တဲ့နေရာမှာ ဇူယွမ်က အများဆုံး ကြိုးစားခဲ့ရတဲ့သူပဲ။ အဲ့ဒါကြောင့် ဒီတဝက်တပျက် ရှန်းဟွတံဆိပ်ပြားထဲက နှစ်ခုကို သူရသင့်တယ်။"
အခြားသော ရွေးချယ်ခံများမှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
ဇူယွမ်ကြောင့်သာ မဟုတ်ပါက အစီအရင်အတွင်းသို့ ချီလိန်နှင့် ချိုင်ယင်းတို့ ဝင်ရောက်သွားသည့် အချိန်မှစ၍ အခြေအနေများမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားရမည်ပင် ဖြစ်သည်။
ထို့ကြောင့် ရတနာများအား ဝေစုခွဲရာ၌ ဇူယွမ်မှသာ အများဆုံး ရရှိသင့်ပေသည်။ ဤတစ်ကြိမ်၌ ချူချင်း၏ သင့်တင့်မျှတသော ဆုံးဖြတ်ချက်အား ခုန်းရှန်သည်ပင် ဝင်ရောက်ကန့်ကွက်ရဲခြင်း မရှိပေ။
ချူချင်းမှာ တဝက်တပျက် ရှန်းဟွတံဆိပ်ပြား နှစ်ခုအား ယူဆောင်လိုက်ပြီးနောက် ဇူယွမ်အား ပေးအပ်လိုက်သည်။ "ဒီနှစ်ခုနဲ့ မင်းမှာရှိတာနဲ့ ေပါင်းလိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ရှန်းဟွတံဆိပ်ပြားတစ်ခုကို ရလိမ့်မယ်။"
ဇူယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် ထိုတံဆိပ်ပြားနှသ်ခုအား အလျင်အမြန် ရယူလိုက်သည်။ ထိုတံဆိပ်ပြားများအား ပေါင်းစည်းလိုက်ပါက ဇူယွမ် လိုအပ်နေသော ပြီးပြည့်စုံသည့် ရှန်းဟွတံဆိပ်ပြား တစ်ခုအား ရရှိနိုင်တော့မည်ပင် ဖြစ်သည်။
"တခြားရတနာတွေက ရောင်စဥ်ခုနစ်သွယ် ရတနာတည်နေရာတစ်ခုလုံးကို ရှာဖွေပြီးတော့မှ ဝေစုခွဲကြတာပေါ့။" ချူချင်းမှ ရတနာများအား ခေတ္တသိမ်းဆည်းထားလိုက်သည်။
အခြားသော ရွေးချယ်ခံများမှာလည်း ချူချင်း၏စကားအား လက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
"ရွှေရောင်မိကျောင်းနဂါးကြီး စောင့်ရှောက်နေတဲ့နေရာက ဒီရောင်စဥ်ခုနစ်သွယ် ရတနာတည်နေရာ တစ်ခုလုံးမှာ အနက်ရှိုင်းဆုံး နေရာပဲ။" လီချင်းချန်မှ လှိုဏ်ဂူအတွင်းပိုင်းအား ကြည့်ရှုကာ စကားဆိုလိုက်သည်။
အခြားသူများမှာလည်း ထန်ထန်နှင့် ရွှေရောင်မိကျောင်းနဂါးကြီးတို့ တိုက်ပွဲဖြစ်ပွားရာနေရာအား ကြည့်ရှုလိုက်ကြသည်။
ရွှေရောင်မိကျောင်းနဂါးကြီးမှာ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာ၏ အစောင့်အရှောက် သားရဲကြီးပင် ဖြစ်လေသည်။
ဝုန်း......
ထန်ထန်နှင့် ရွှေရောင်မိကျောင်းနဂါးကြီးတို့၏ တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်နေလျက် ရှိသည်။ နှစ်ဖက်လုံးမှာ ၎င်းတို့၏ ကြီးထွားသန်မာလှသော ခန္ဓာကိုယ်များအား အသုံးပြုကာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ တိုက်ပွဲမှာ ပြင်းထန်ကြမ်းတမ်းလွန်းလှသဖြင့် လှိုဏ်ဂူအတွင်းရှိ တောင်နံရံများပင် ပြိုကျကုန်ရပြီး မြေပြင်မှာလည်း ငလျင်လှုပ်နေသကဲ့သို့ ခါယမ်းနေလျက် ရှိသည်။
ထိုအချိန်မှာပင် ယောင်ယောင်မှ ထန်ထန်အားကြည့်ကာ အော်ဟစ်လိုက်၏။ "ထန်ထန် ဆော့မနေနဲ့တော့။ နင့်ကို ဆော့ခိုင်းထားတာ မဟုတ်ဘူး။"
ထန်ထန်မှာ တိုက်ပွဲနေရာ၌ ပျော်ရွှင်မြူးထူးစွာ တိုက်ခိုက်ဆော့ကစားနေခြင်းပင် ဖြစ်သည်။ သို့သော် ယောင်ယောင်၏ အော်ဟစ်သံအား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ချက်ချင်းဆိုသလိုပင် တည်ကြည်လေးနက်သွားကာ အာခံတွင်းထဲမှ နက်ရွှေရောင်အလင်းတန်းတစ်ခုအား ထုတ်လွှတ်လိုက်သည်။
ထိုနက်ရွှေရောင်အလင်းတန်းမှာ ရွှေရောင်မိကျောင်းနဂါးကြီး၏ ခန္ဓာကိုယ်အား ရစ်ပတ်သွားပြီးနောက် အမှတ်အသားတစ်ခု ဖြစ်ပေါ်သွားစေသည်။
"ဝေါင်း....."
အမှတ်အသား ဖြစ်ပေါ်လာပြီးနောက် ထန်ထန်မှာ ဦးခေါင်းအားမော့လျက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ နက်ရွှေရောင်အလင်းတန်းမှာ ရွှေရောင်မိကျောင်းနဂါးကြီးအား ရစ်ပတ်ထားလျက် ထန်ထန်ထံသို့ ပြန်လည်ရောက်ရှိလာ၏။ ထန်ထန်မှာ ပါးစပ်အား ကျယ်လောင်စွာ ဖွင့်ဟ၍ ထိုရွှေရောင်မိကျောင်းနဂါးကြီးမှာ တစ်လုတ်တည်းဖြင့် မြိုချလိုက်လေသည်။
ရွှေရောင်မိကျောင်းနဂါးကြီးအား မြိုချလိုက်ပြီးသည့်နောက် ထန်ထန်၏ အရွယ်အစားမှာ ယခင်အတိုင်း ချစ်စဖွယ် အကောင်ငယ်လေးအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားသည်။ သို့သော် ၎င်း၏ဝမ်းဗိုက်လေးမှာ တင်ကားနေလျက် ရှိလေသည်။
လှိုဏ်ဂူတစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိသည်။
ရွေးချယ်ခံများမှာ ရွှေရောင်မိကျောင်းနဂါးကြီးအား တစ်လုတ်တည်းဖြင့် မြိုချလိုက်သော ထန်ထန့်အားကြည့်ကာ ကြောက်ရွံ့ထိတ်လန့်နေရ၏။ ထန်ထန် မြိုချလိုက်သော ထိုရွှေရောင်မိကျောင်းနဂါးကြီးမှာ ရွေးချယ်ခံတစ်ဦးမျှ စွမ်းအင်ရှိသော အစောင့်အရှောက် သားရဲကြီးပင် ဖြစ်သည်။
လီချင်းချန်၊ ခုန်းရှန်နှင့် အခြားသော ရွေးချယ်ခံများမှာ အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။ ထို့နောက် ၎င်းတို့၏ အတွေးများအတွင်း မေးခွန်းတစ်ခုကိုသာ ထပ်တလဲလဲ မေးမြန်းနေမိတော့သည်။
ထန်ထန်က ဘာသားရဲအမျိုးအစားလဲ.......
ဘာလို့ အဲ့လောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ.......