ဒီကောင်လေးက သာမန်မဟုတ်ဘူး
Vol. 48 Ch. 660
နှလုံးသားနတ်ဆိုးလူအိုက မျက်မှောင်ကြုတ်သည်။ ထိုလူငယ်လေး သူ့မျက်စိရှေ့ပေါ်လာကတည်းက သက်တောင့်သက်သာမရှိသောဖိအားတစ်ခုက သူ့စိတ်အတွင်းပိုင်း၌ နက်နက်ရှိုင်းရှိုင်းဖြစ်တည်လာသလို ခံစားနေရသည်။
ထိုသို့သောခံစားချက်မှာ သူ့အတွက်တော့ အလွန်တရာစိမ်းသက်လှပါသည်။
သိထားရမည့်တစ်ချက်မှာ သူသည် ရှုပ်ထွေးနတ်ဆိုးဝိညာဥ်တစ်ပါးဖြစ်ကာ မရေမတွက်နိုင်သောကျင့်ကြံသူတို့ကို နာမည်ကြားရုံဖြင့်ပင် ကြောက်လန့်စိုးထိတ်စေနိုင်သည့် စွမ်းအားကျင့်စဥ်များကိုပိုင်ဆိုင်ထားသည်။ ဤခေတ်အခါတွင် သူ့မျိုးတူရောင်းရင်းသုံးဦးမှလွဲ၍ ပြိုင်ဘက်ကင်းဟုဆိုရနိုင်မည့် ဖြစ်တည်မှုမျိုးပင်။
ထိုသို့ အန္တရာယ်ရှိသည့်ခံစားချက်ကို သူဘယ်လို ကြုံတွေ့ခဲ့ဖူးမည်နည်း။
"အရူးတွေ အဲ့နားမှာဘာရပ်လုပ်နေကြတာလဲ၊ ဒီလူကိုအမြန်ဆွဲထုတ်သွားစမ်း"
နှလုံးသားနတ်ဆိုးလူအိုက အသံနက်ကြီးဖြင့် ကြိမ်းမောင်းလိုက်သည်။
မျိုးနွယ်စုခေါင်းဆောင်သည်လည်း ယဇ်ကောင်ဝိညာဥ်ထံမှ ဒေါသတကြီးအသံကိုကြားလိုက်သည်နှင့် ကြောက်စိတ်ဖြင့်တုန်ယင်ကာ တစ်စက္ကန့်ပင်မဆိုင်းဘဲ ယဲ့ကျွင်းလင်ကိုလက်ညှိုးထိုး၍ ပြန်လည်ဟိန်းဟောက်ကြိမ်းမောင်းသည်။
"မင်းဘာလို့ထွက်မသွားသေးတာလဲ"
ချက်ချင်းဆိုသလိုပင် သတ်ဖြတ်လိုစိတ်ဖြင့် လေထုကား ပေါက်ကွဲမတတ်တင်းမာသွားခဲ့သည်။
မသေမျိုးလိပ်ပြာထီးများစွာသည် စတင်တိုက်ခိုက်ဖို့ပြင်ဆင်လာကာ စူးရှသောမျက်လုံးများဖြင့် ပစ်မှတ်ကိုစိုက်ကြည့်၍ နှာခေါင်းပေါက်များကို တစ်ပြိုင်နက်ပွင့်ဟစေလိုက်ကာ ယဲ့ကျွင်းလင်ထံမှမသေမျိုးစွမ်းအားကိုစုပ်ယူဖို့ ကြံရွယ်လိုက်ကြသည်။
သူတို့၏ ထိုဆန်းကြယ်စွမ်းအားကို အသန်မာဆုံးကျင့်ကြံသူတောင် တောင့်ခံနိုင်မည်မဟုတ်ပါချေ။
ထိုမြင်ကွင်းကိုမြင်လိုက်ရသော် အားရှန်းမှာ ဆက်မကြည့်ရက်တော့ဟန်ဖြင့် မျက်နှာလွှဲလိုက်သည်။ ဘာဆက်ဖြစ်မည်ကို သူမကြိုသိနေလေပြီ။
သူမကိုယ်တိုင်ကြုံခဲ့ရသောထိုအဖြစ်ကို ပြန်မြင်ယောင်လိုက်တိုင်း နှလုံးသားမှာ နာကျင်လာရ၏။
"မဆိုးပါဘူး ဒါပေမဲ့ လိုသေးတယ်" ယဲ့ကျွင်းလင်က နောက်တီးနောက်တောက်ဟန်ဖြင့် ရေရွတ်သည်။
ရှူး ရှူး ရှူး
ပတ်ပတ်လည်တွင် ဝန်းရံနေကြသော မသေမျိုးလိပ်ပြာထီးများသည် နဝမအဆင့် အရည်အသွေးရှိ မသေမျိုးစွမ်းအားအငွေ့အသက်များကို နှာခေါင်းပေါက်များမှတစ်ဆင့် ရှူသွင်းစုပ်ယူလိုက်ချိန်တွင် တစ်ခုခုမှားနေသည်ကို ချက်ချင်းသတိပြုမိလိုက်ကြ၏။ တမုဟုတ်ချင်းပင် သူတို့၏မျက်နှာများမှာ ယောင်ကိုင်းစိမ်းပုပ်သွားရကာ ခန္ဓာကိုယ်တို့က ပူဖောင်းလိုဖောင်းကားလာပြီး အသားအရည်များသည် ကြွေထည်ပန်းကန်အလား ကွဲအက်ကုန်ကြတော့သည်။
"အား"
ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပွားသွားခဲ့သည်။ မသေမျိုးလိပ်ပြာထီးတစ်အုပ်လုံး လေဟာနယ်တွင် တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ပေါက်ကွဲထွက်ကုန်ကြကာ ဖောက်ခနဲ ဖောက်ခန အသံများနှင့်အတူ သွေးစက်များမှာလည်း တဖွားဖွားပြန့်ကျဲကုန်ကြတော့၏။
ကျန်မသေမျိုးလိပ်ပြာမများမှာ ကြောက်စိတ်ဖြင့် မျက်နှာများဖြူဖျော့သွေးဆုတ်ကုန်ကာ အော်သံစူးစူးများထွက်ပေါ်လာတော့သည်။
"ဘာတွေဖြစ်ကုန်တာလဲ"
မျိုးနွယ်စုခေါင်းဆောင်မှာလည်း ထိတ်လန့်မှုဖြင့် မျက်လုံးများပင် ခေါင်းလောင်းကြီးအလားပြူးကျယ်လျက်ရှိသည်။
သရဲမြင်လိုက်ရသော သေမျိုးလူသားတစ်ဦးအလား ကြောက်လန့်မှုတွင် မယုံကြည်နိုင်မှုများရောယှက်လျက်။
"မ မစုပ်လိုက်နဲ့ သူ့မသေမျိုးစွမ်းအားကထူးဆန်း...အား"
မသေမျိုးလိပ်ပြာစွမ်းအားရှင်တစ်ဦးမှာ အခက်အခဲကြားမှ ကြိုးစားသတိပေးပြီး သူ့ခန္ဓာကိုယ်သည် ဆက်လက်ထိန်းသိမ်းမထားနိုင်တော့ဟန်ဖြင့် အသားတို့ပေါက်ကွဲ သွေးတို့လွင့်ပျံကာ နတ်ဘုရားဝိညာဥ်ပါ တစ်စမကျန်ချုပ်ငြိမ်းသွားလေတော့သည်။
ထိုအချင်းအရာကိုမြင်သော် မသေမျိုးလိပ်ပြာများမှာ တစ်ချက်ပင်မလှုပ်ရဲတော့သည်အထိ ကြောက်လန့်သွားကြလျက် ပြူးကျယ်နေသောမျက်လုံးများက ယဲ့ကျွင်းလင်ထံ၌သာ စူးစိုက်တည်မြဲနေကြသည်။
မိမိတို့ မသေမျိုးလိပ်ပြာမျိုးနွယ်၏ ဂုဏ်ယူဝံ့ကြွားစရာ ပါရမီစွမ်းရည်သည် ထိုဆံပင်ငွေရောင်နှင့်လူငယ်လေးထံမှ ဖိနှိပ်ထိန်းချုပ်ခံလိုက်ရလေသည်လော။
ဒီလူက တကယ်ပဲ ဘယ်သူများပါလိမ့်။
"ငါ့လမ်းကိုပိတ်တဲ့သူတွေ သေကြ"
ရေတွက်မရနိုင်သော ကြောက်လန့်တကြားအကြည့်များစွာ၏အလယ်တွင် ယဲ့ကျွင်းလင်သည် နောက်ပစ်ထားသောလက်နှစ်ဖက်ကိုပင် ဖြုတ်နေစရာမလိုဘဲ ဆံပင်ဖြူများ လေတွင်ဝေ့ယမ်းသွားသည်အထိ လေထဲသို့ လျှပ်စီးလက်လိုက်သည့်အလား ပြေးထွက်သွားသည်။
အုံး
အင်မတန်ပြင်းထန်အားကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာကာ ပတ်ပတ်လည်ရှိ ထောင်ချီသောမသေမျိုးလိပ်ပြာမျိုးနွယ်ဝင်များ လွင့်စင်ပျံထွက်ကုန်ကြလေသည်။
"သူ့ကိုဝိုင်းကြ"
မျိုးနွယ်စုခေါင်းဆောင်မှာလည်း ထိတ်လန့်ခြင်းနှင့်အတူ ဒေါသထွက်လျက်ရှိကာ သူ၏ခမ်းနားလှသော လိပ်ပြာတောင်ပံများကို ပြင်းပြင်းခတ်လျက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး အရှေ့သို့တည့်တည့်တက်သွားသည်။ သူ့လက်ထဲတွင် ကြေးဝါရောင်လှံတစ်ချောင်းပေါ်လာသည်။ ထိုလှံမှာ မျိုးနွယ်စု၏ နတ်ဘုရားလက်နက်ဟု သတ်မှတ်ထားသော မှော်လက်နက်ဖြစ်ကာ ဤကမ္ဘာရှိ အရာအားလုံးကို ထိုးဖောက်ခွင်းနိုင်သောစွမ်းအားဖြင့် ပြည့်စုံလေသည်။
ယဲ့ကျွင်းလင်က လက်တစ်ချက်ပင်မလှုပ်ပါဘဲ ပါးစပ်ကိုဟ၍ အတွင်းမှ ဆယ်ပေခန့်ရှည်လျားသော ဓားချီအလင်းတန်းကို ထွေးထုတ်လိုက်သည်။
ရွှေရောင်ဓားချီအလင်းတန်းသည် ပိုးထည်ပဝါတစ်စအလား ညင်သာပျော့ပျောင်းစွာ လှစ်ထွက်လာကာ နက်နဲ၍အကန့်အသတ်မရှိသော ဓားစိတ်ဆန္ဒဖြင့် ပြည့်လွှမ်းလျက်ရှိ၏။
ရွှိ
ထိပ်တန်းမသေမျိုးဧကရာဇ်တစ်ပါးဖြစ်သော မျိုးနွယ်စုခေါင်းဆောင်သည် ထိုဓားချီအလင်းတန်းထံမှ ခေါင်းဖြတ်ခံလိုက်ရကာ လည်ပင်းပြတ်ကြီးမှ သွေးတို့သည် ဖြန်းခနဲပန်းထွက်လာလျက် ခေါင်းမပါသောကိုယ်ထည်ကြီးမှာ မြေပြင်ပေါ်ဘုန်းဘုန်းလဲကျသွားပြီး ဖုန်မှုန့်များကို လုံးခနဲတက်လာစေသည်။
အကြီးအကျယ်စတင်တော့မည့်ဟန် တိုက်ပွဲမှာ တစ်ချက်တည်းနှင့်အဆုံးသတ်သွားပြီး မသေမျိုးလိပ်ပြာများလည် ကြောင်ကြည့်နေခဲ့မိကြသည်။
နေရာတစ်ခုလုံးကား တစပြင်အလား တိတ်ဆိတ်သွားလျက်။
ယဲ့ကျွင်းလင်သည်လည်း နည်းနည်းထူးဆန်းနေဟန်ရှိ၏။
ထိုမျိုးနွယ်စုခေါင်းဆောင်မှာ အားကိုးစရာဟူ၍ ကျင့်ကြံမှုတစ်ခုသာရှိကာ တိုက်ရည်ခိုက်ရည်စွမ်းအားသည် အရင်ကသူသတ်ခဲ့သော ဖားပြုပ်အရှင်မြတ်နှင့် နျိုပါ့ထျန်းလောက်ပင် ထူးချွန်ထက်မြက်ခြင်းမရှိ။
အဓိပ္ပာယ်မရှိသည်တော့မဟုတ်ပါလေ။ မသေမျိုးလိပ်ပြာမျိုးနွယ်ဆိုသည်မှာ မသေမျိုးစွမ်းအားစုပ်ယူသော အကွက်တစ်ကွက်တည်းကိုသာ မှီခိုမော်ကြွားနေကြခြင်းဖြစ်ရာ ထိုဝှက်ဖဲကို ချိုးဖျက်ခံလိုက်ရသည်နှင့် တကယ်တမ်း အနီးတိုက်ရမည့် တိုက်ရည်ခိုက်ရည်မှာတော့ ထင်မထားလောက်အောင် ညံ့ဖျင်းနေခဲ့ခြင်းသာ။
ကျင့်ကြံသူများ နာမည်ကြားလိုက်သည်နှင့် မျက်နှာပျက်သွားတတ်ကြသော ထိုမဟာဂြိုဟ်သားမျိုးနွယ်များဆိုသည်မှာ အမှန်တော့ ယဇ်ကောင်ဝိညာဥ်များထံမှ ဆက်ခံရယူထားသည့် ဆန်းကြယ်စွမ်းအားများကြောင့်သာ ခေါင်းထောင်နေနိုင်ခြင်းပင်။
ထိုစွမ်းအားများ အသုံးမဝင်တော့သည်နှင့် ပျော့ညံ့သောဗီဇသည် ချက်ချင်းဖော်ထုတ်ခံလိုက်ရလေပြီ။
ထိုမဟာဂြိုဟ်သားမျိုးနွယ်တို့ ထျန်းယွမ်ကျောက်များကို အသည်းအသန်စုဆောင်းနေရခြင်းမှာ အံ့သြစရာမရှိတော့ပေ။ ထိုယဇ်ကောင်ဝိညာဥ်များ နဂိုသန်မာသောအခြေအနေကို ပြန်လည်တက်ရောက်နိုင်မှသာ သူတို့လည်း အင်အားပြန်လည်ပြည့်ဝမည်ဖြစ်သည်။ တစ်ဦး၏အာဟာရသည် တစ်ဦး၏အနှစ်သာရဖြစ်သကဲ့သို့ အပြန်အလှန်မှီခိုနေရသော ဆက်ဆံရေးပင်။
လက်ရှိအချိန်တွင်တော့ မသေမျိုးလိပ်ပြာများ မဆင်မခြင် မလှုပ်ရှားရဲတော့ပေ။
လိပ်ပြာအထီးအမမြောက်များစွာသည် ယဲ့ကျွင်းလင်အား မကောင်းဆိုးဝါးတစ်ကောင်ကိုကြည့်သကဲ့သို့ ပြူးကြောင်ကြောင်ကြည့်နေရုံသာ တတ်နိုင်လေသည်။
နှလုံးသားနတ်ဆိုးလူအိုသည် ပလ္လင်ထက် တင်ပျဥ်ချိတ်ထိုင်နေရာမှ မျက်ခွံတို့မသိမသာတွန့်လှုပ်သွားရသည်။ ပြိုင်ဘက်၏ပုံရိပ်က သူ့အနားသို့ချဥ်းကပ်လာသည်နှင့် နှလုံးသားထဲမှ တင်းမာခဲကျပ်မှုသည်လည်း တစ်ပါတည်းမြင့်တက်လာရသည်ပင်။
"ဟမ့် ဒီလိုအမည်မသိနောက်တက်လေးကို ကြောက်နေရအောင် ဒီအဘိုးအိုက ဘယ်လိုအဆင့်အတန်းမျိုးမလို့လဲ"
နှလုံးသားနတ်ဆိုးလူအိုသည် စိတ်ကိုငြိမ်ငြိမ်ထားနိုင်စေရန် အကောင်းဆုံးကြိုးစားနေရင်း မျက်နှာထားကို ပျော်ခြင်းဝမ်းနည်းခြင်း တစ်စုံတစ်ရာမရှိသည့် အေးစက်စက်ဟန်အဖြစ် ပြောင်းလဲလိုက်သည်။ လေသံသည်လည်း အလားတူအေးစက်မာကျောနေလျက်။
"လူကြီးမင်းက ဒီနေရာအထိကျူးကျော်လာပြီး ဒီအဘိုးအိုရဲ့ယုံကြည်ကိုးကွယ်သူတွေကို လက်လွတ်စပယ်သတ်ဖြတ်နေတယ်။ ဒါက သေခြင်းတရားကိုဖိတ်ခေါ်နေတာ လူကြီးမင်းသိရဲ့လား"
လေးစားသမှုနှင့် ပြောနေဟန်ရှိပေသည့် ဖိနှိပ်လိုဟန်ကို ဖုံးကွယ်မထား။
ယဲ့ကျွင်းလင်က ရယ်သည်။
"ဟဲဟဲ ကျုပ်ခင်ဗျားကိုအရင်ရှင်းပေးမှာပါ။ ပြီးမှ ကျန်တဲ့သုံးယောက်ဆီသွားမှာ၊ နောက်ဘဝကိုကူးတဲ့တံတားလေးပေါ် အဘိုးကြီးလေးယောက် အဖော်သဟဲရအောင်စီစဥ်ပေးပါ့မယ်"
ထိုစကားများကိုကြားလိုက်သော် နှလုံးသားနတ်ဆိုးလူအိုမှာ ပထမတော့ ထိတ်လန့်ကြောင်တက်သွားရကာ ထို့နောက် ဒေါသမီးကထိုးတက်လာတော့၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ခမ်းနားသောအရှိန်အဝါတစ်ခုကို ကောင်းကင်ဆီသို့ထုတ်လွှတ်နေကာ လေနှင့်တိမ်ထုများကို အရပ်မျက်နှာအနှံ့သို့ မွှေနှောက်ပြန့်ကျဲစေသည်။
"ခွေးကောင်"
ထိုမျှမာန်မာနထောင်လွှားသော လူသားမျိုးနွယ်ကို တစ်ခါမှမမြင်စဖူး။
ယဲ့ကျွင်းလင်သည် သူ့ရှေ့တည့်တည့်တွင်ရပ်ပြီး သူ့ကိုသတ်ရုံမက ကျန်သည့်ပေါက်ဖော်သုံးဦးကိုပင် သေလမ်းသို့အတူပို့ဆောင်ပေးလိုက်မည်ဟု ပြောဆိုနေခြင်းပင်။
နှလုံးသားနတ်ဆိုးလူအိုမှာ ဤသို့သစ်လွင်အားနည်းသော ခေတ်အချိန်အခါတွင် ကိုယ့်အတွက် ဘာကအကျိုးရှိလို့ ဘာကအကျိုးယုတ်မှန်း ခွဲခြားမသိပါဘဲ ရှုပ်ထွေးနတ်ဆိုးဝိညာဥ်လေးပါး၏ ကိုယ်ပေါ်ကိုမှ လက်လှမ်းစမ်းသပ်ရဲသော လူသားမျိုးရှိနေလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့။
သူတို့သည် ယခင်ခေတ်များတုန်းက ကျင့်ကြံဆင့်များကို ပြန်လည်ရရှိနိုင်စွမ်းမရှိသေးသော်ငြား လက်ရှိခွန်အားနှင့် လျှို့ဝှက်ဆန်းကြယ်သော ကျင့်စဥ်နည်းလမ်းများကြောင့် ခွင်းလွင်ကမ္ဘာတစ်ခွင်တွင် မည်သည့်စွမ်းအားရှင်ကိုမဆို လက်အောက်ခံစေကာ အုပ်စိုးနိုင်သည့် အင်အားအပြည့် ရှိနေဆဲပင်။
မင်းလို လူမသိသူမသိ နောက်တက်လေးတစ်ကောင်က ငါ့ရှေ့မှာလာပြီး ရင်ကော့ကြွားဝါရဲသေးတာလားကွ။
သေလမ်းကိုရှာနေတာပဲ။
ပလ္လင်ဘေးပတ်လည်မှမြေပြင်သည် တဝုန်းဝုန်းအသံများနှင့်အတူ ပြိုပျက်ကွဲအက်ကာ သေခြင်းချီတို့ကို ဒီရေအလား ပျံ့နှံ့ထိုးတက်စေသည်။ ထိုချီစွမ်းအင် သွားသည့်လမ်းတစ်လျှောက်တွင် အပင်များညှိုးနွမ်းကာ မြစ်တို့ခြောက်ခမ်းကုန်၏။
"ပြေးကြ" အားရှန်းက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
တိုက်ပွဲနေရာတွင်ရှိနေသော သေမျိုးလိပ်ပြာမျိုးနွယ်ဝင်များမှာ အလန့်တကြားထပျံပြေးကုန်ကာ ဤပရမ်းပတာ စွမ်းအင်ဖြန့်ကျက်မှုကြားထဲတွင် အဖျားခတ်ခံရမည်ကို အလွန်အမင်းကြောက်လန့်နေကြဟန်ရှိ၏။
နှလုံးသားနတ်ဆိုးလူအို၏ မျက်နှာကြီးမှာ ကြောက်မက်ဖွယ်တွန့်လိမ်လာကာ လက်ကြီးတစ်ဖက်ကိုဆန့်တန်းလိုက်စဥ် သူ့အနောက်ဘက်တွင် မီးခိုးရောင်မသေမျိုးစက်ဝန်းကြီးတစ်ခု ပေါ်ထွက်လာလျက် ဆယ်ကြိမ်တိတိ လည်ပတ်သွားလေတော့သည်။
ဆယ်ပတ်လည် မသေမျိုးစက်ဝန်း။
ရှုပ်ထွေးနတ်ဆိုးဝိညာဥ်တစ်ပါးအနေဖြင့် သူသည် ကျင့်ကြံဆင့်၏ အဆုံးစွန်သောအဆင့်ကို ကျော်ဖြတ်ထားပြီးဖြစ်ရာ မသေမျိုးဧကရာဇ်အဆင့်၏ ပြိုင်ဘက်ကင်းစွမ်းအားကို ရယူထားပြီးဖြစ်၏။
ဝှစ်
ပိန်းပိတ်အောင်နက်မှောင်နေသော လက်ကြီးတစ်ဖက်သည် မိုင်ပေါင်းထောင်ချီအထိ ဆန့်ထုတ်နိုင်တော့မည့်အလား ရှည်လျားလာကာ လက်ဖဝါးတွင် နက်နဲရှုပ်ထွေးသော သင်္ကေတများစွာဖြင့် ပြည့်နှက်နေလျက် သေမင်း၏လက်အလား။
ရိုက်ချက်မှာ အလွန့်အလွန်အားပြင်းသည်။
သာမန်မသေမျိုးသူတော်စင်တစ်ပါးကိုပင် အနာတရဖြစ်သွားနိုင်စေမည့် ရိုက်ချက်တစ်ချက်။
ယဲ့ကျွင်းလင်၏အမြင်တွင်တော့ သူ့ကိုထိခိုက်စေဖို့ရာ နီးပင်မနီးကပ်သေး။
အုံး
ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်ပြင်းပြသောအရှိန်အဝါတစ်ခုဖြင့် ပေါက်ကွဲထွက်ကာ ငါးသန်းသော ဥပဒေစွမ်းအားအရေအတွက်သည် အပြည့်အဝပွင့်လန်းလာလျက် သူ့ဘေးပတ်ပတ်လည်တွင် အမိန့်တော်ရ ဒဏ်ခတ်သံကြိုးများအလား လှည့်ပတ်လာသည်။ ခမ်းနားမြင့်မြတ်မှုအပြည့်ဖြင့် သက်ရှိအားလုံးကို အုပ်စိုးချုပ်ကိုင်ထားသည့် ကောင်းကင်နတ်ဘုရားတစ်ပါးအလား။
ထို့နောက် လက်တစ်ဖက်ကို ခပ်သာသာမြှောက်၍ ဝေ့ယမ်းလိုက်သော် ကောင်းကင်ထက်ရှိ အုပ်မိုးထားသော အနက်ရောင်လက်ကြီးသည် ရုတ်ချည်းပြိုကွဲသွားလျက် အနက်ရောင်နှင်းမိုးများ ရွာကျသည့်အလား မြေပြင်ပေါ် တဖွဲဖွဲကျဆင်းလာလေတော့၏။
"အာ့ အား"
နှလုံးသားနတ်ဆိုးလူအို၏ ပါးစပ်မှ သွေးများပွက်ခနဲအန်ထွက်ကာ မျက်လုံးများက ပြုတ်ကျတော့မတတ်ပြူးကျယ်လာသည်။ အိုမင်းရှုံ့တွနေသော မျက်နှာကြီးတွင် ထိတ်လန့်မှုများအပြည့်ဖြင့်။
"မသေမျိုး မသေမျိုးသူတော်စင်လား"
မြင်နေရသောမြင်ကွင်းကြောင့် သူ့မှာ အကြီးအကျယ် ထိတ်လန့်အံ့သြသွားရသည်။
အတိအကျဆိုရလျှင် ယဲ့ကျွင်းလင်၏ ကျင့်ကြံဆင့်ကြောင့် သူလှည့်ထွက်ပြေးချင်လောက်အောင် ကြောက်ရွံ့သွားခြင်းပင်။
နှလုံးသားနတ်ဆိုးလူအိုသည် လက်ရှိကာလ၏အခြေအနေကို ရှင်းရှင်းလင်းလင်းကြားသိထားပါသည်။ ခွင်းလွင်၏ ကောင်းကင်ဥပေဒစည်းမျဥ်းများ အမြင့်ဆုံးကန့်သတ်ပေးထားသောအဆင့်မှာ မသေမျိုးဧကရာဇ်အဆင့်သာဖြစ်ကာ မသေမျိုးဧကရာဇ်အထက်ရှိ မည်သည့်ကျင့်ကြံသူမှ ဤနေရာတွင် ရှင်သန်ကြီးထွားနိုင်စွမ်း ရှိမည်မဟုတ်ဟု။
သို့သော် ယဲ့ကျွင်းလင်၏ကျင့်ကြံဆင့်က သူ့စိတ်ကူးအကာအရံကိုပင် ချိုးဖျက်သွားခဲ့သည်။
မသေမျိုးသူတော်စင်တစ်ပါး အရှင်လတ်လတ် ရှိနေခဲ့သည်။
ကောင်းကင်ဥပဒေစည်းမျဥ်းတွေတောင် သက်ရှိအားလုံးအပေါ် ညီတူညီမျှ မသက်ရောက်နိုင်တော့ဘူးလား။
အတွေးများစွာဖြင့် နှလုံးသားနတ်ဆိုးလူအို၏ နဖူးထက်တွင် ချွေးစက်များသည် ပုတီးလုံးများအလား သီးထလာကာ ယဲ့ကျွင်းလင်ထုတ်လွှတ်နေသော ထူးဆန်းအံ့ဖွယ်အရှိန်အဝါကို သူ့ခန္ဓာကိုယ်တွင် နေရာလပ်မကျန်ခံစားနေရသကဲ့သို့။
ဒီကောင်လေးက သာမန်မဟုတ်ဘူး။