ဘယ်မှာလဲ နှလုံးသားနတ်ဆိုး
Vol. 48 Ch. 661
နှလုံးသားနတ်ဆိုးလူအိုမှာ အမှန်တကယ်ပင် ဘာဆက်လုပ်လို့လုပ်ရမှန်းမသိသော အခြေအနေသို့ ရောက်ရှိနေလေပြီ။
ရှုပ်ထွေးနတ်ဆိုးဝိညာဥ်တစ်ကောင်အနေဖြင့် သူသည် ခွင်းလွင်ကမ္ဘာ၏ ထူးဆန်းအံ့ဖွယ်များထဲမှ အရင်းအမြစ်တစ်ခုဖြစ်ပြီး ယခုပြန်လည်နိုးထလာချိန်တွင် ပို၍ပင် ကောက်ကျစ်ယုတ်မာသောအကြံအစည်များဖြင့် ဆိုးညစ်နေခဲ့ပြီဖြစ်၏။
အခုတော့ အဲ့ဒါတွေအကုန် ဘာအသုံးဝင်သေးသလဲ။
"ခင်ဗျား ဒီလောက်ပဲတတ်နိုင်တာဆိုရင်တော့ အခုသေလိုက်တော့"
"ကျုပ် ထပ်သွားရမဲ့နေရာတွေကျန်သေးတယ်"
ယဲ့ကျွင်းလင်၏လေသံမှာ အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်နေဟန်ရှိသည်။
ပြောရင်းဆိုရင်းပင် လက်သင်္ကေတတစ်ခုကို ပုံဖော်လိုက်ရာ သိပ်သည်းသောရွှေရောင်ဓားချီအလင်းတန်းတစ်ခုက သူ့ခေါင်းထက်စုစည်းသွားလျက် နှလုံးသားနတ်ဆိုးလူအိုဆီသို့တည့်တည့် ထိုးချိန်ထားလေသည်။
ကြောက်မက်ဖွယ် ဓားအရှိန်အဝါသည် အလွန်ထက်ရှပြင်းပြကာ မသေမျိုးတောင်ကြီးတစ်ခုလုံးမှာ ၎င်း၏စွမ်းအားကို ထပ်မံသည်းမခံနိုင်တော့သကဲ့သို့ တစ်လက်မချင်း ပဲ့ကြွေပြိုကျလာခဲ့သည်။
နှလုံးသားနတ်ဆိုးလူအိုသည် သူခန္ဓာကိုယ်တစ်ခုလုံးတွင် ဖြတ်ပြေးသွားသောကြက်သီးကို ဖြန်းခနဲခံစားမိလိုက်ကာ စိတ်ထဲမှ သေခြင်းအချက်ပေးခေါင်းလောင်းသံများ တဒေါင်ဒေါင်အော်မြည်လာလေတော့၏။
ဤတိုက်ခိုက်မှုကို သူလုံးဝတားဆီးနိုင်တော့မည်မဟုတ်ကြောင်း နားလည်လိုက်သည်။
သေကိုသေရတော့မည်။
"နေစမ်းပါဦး ငါကဘာလို့ကြောက်နေရမှာလဲ"
"ဒီအဘိုးကြီးက နှလုံးသားနတ်ဆိုးတွေကို လိုသလိုထိန်းချုပ်နိုင်တဲ့ မှော်ပညာရှင်ပဲမဟုတ်လား"
"ဒီကမ္ဘာကြီးမှာ ကျင့်ကြံသူတစ်ယောက်ဟာ ဘယ်လောက်ပဲသန်မာအားကောင်းနေပါစေ နှလုံးသားနတ်ဆိုးတစ်ကောင်ကိုတော့ အမြဲမွေးမြူထားကြလေ့ရှိတာပဲ"
"ဒီအဘိုးကြီးကို တစ်ချိန်က တိုက်ခိုက်နှိမ်နင်းဖို့ကြိုးစားခဲ့တဲ့ သက်ရှည်အကြီးအကဲတောင် သတိတစ်ချက်လွတ်သွားတဲ့အချိန်လေးမှာ လှည့်ကွက်ထဲကျရောက်သွားခဲ့တာပဲလေ"
ထိုအကြောင်းကို တွေးမိသွားချိန်တွင် နှလုံးသားနတ်ဆိုးလူအိုမှာ ချက်ချင်းစိတ်ငြိမ်သွားလျက် ယဲ့ကျွင်းလင်ကို မခန့်လေးစားပြန်ကြည့်လိုက်သည်။
"နှလုံးသားနတ်ဆိုး မဟာဥပဒေ"
ထို့နောက် ယဲ့ကျွင်းလင်၏ အံ့သြသွားဟန်အကြည့်အောက်တွင် နှလုံးသားနတ်ဆိုးလူအိုသည် မျက်လုံးများကိုမှိတ်ချလိုက်ကာ ၎င်း၏ခန္ဓာကိုယ်ကို စတင်ယိမ်းနွဲ့လျက် ရှေးဟောင်းအကတစ်ခုအား စတင်ကပြဖျော်ဖြေလေတော့သည်။
မမြင်ရသော ထူးဆန်းသည့်စွမ်းအင်လှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားကာ ယဲ့ကျွင်းလင်၏ တစ်ကိုယ်လုံးသာမက အဝေးတစ်နေရာမှ ရပ်စောင့်ကြည့်နေကြသော မသေမျိုးလိပ်ပြာမျိုးနွယ်ဝင်များကိုပင် ခြုံလွှမ်းသွားလေတော့၏။
"အား"
ထိတ်လန့်တကြားအော်ဟစ်သံများက နေရာတိုင်းမှထွက်ပေါ်လာကာ စခန်းတစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့သည်။
ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပါလျှင် မသေမျိုးလိပ်ပြာ အထီးအများစွာသည် တစ်စုံတစ်ခုဖြင့် ဖမ်းစားထိန်းချုပ်ခံထားရသည့်အလား မျက်လုံးများသည် သွေးရောင်နီရဲလျက်ရှိကာ မြေပြင်ပေါ်လူးလှိမ့်လျက် အလဲလဲအပြိုပြိုဖြစ်ကုန်ကြလေသည်။
သူတို့အားလုံး သူတို့၏ ကိုယ်ပိုင်နှလုံးသားနတ်ဆိုးများကို လှုံ့ဆော်ခံလိုက်ရခြင်းပင်။
ကျင့်ကြံသူများအတွက် နှလုံးနတ်ဆိုးများ၏သက်ရောက်မှုက အတော်ကြီးလေးပြင်းထန်သည်။ သူတို့ကို အချိန်တစ်ခုစာမျှ အသိစိတ်လွတ်အော်ဟစ်နေမိစေပြီး မကြာမီပင် တာအိုနှလုံးသားလည် ကွဲအက်ပြိုပျက်ရမည်ပင်။
စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်သန်မာကြံ့ခိုင်သော ကျင့်ကြံသူအနည်းအကျဥ်းမျှသာ မယိုင်လဲသောတာအိုနှလုံးသားဖြင့် ထိုတိုက်ကွက်ကို တောင့်ခံနိုင်ကြပြီး တက်ကြွလာသော နှလုံးသားနတ်ဆိုးကို ပြန်လည်ဖိချနိုင်သည်။
ပြန်လည်ဖိချနှိမ်နင်းခြင်း ကျရှုံးသွားခဲ့ပါက ထိုနှလုံးသားနတ်ဆိုး၏တိုက်စားမှုဖြင့် နစ်မြုပ်သွားရမည်ဖြစ်ပြီး လမ်းလျှောက်နေသော လူသေရုပ်သေးများကဲ့သို့ အသိစိတ်ကို ဆုံးရှုံးသွားရမည်ပင်။
ဤတိုက်ကွက်သည် ကျင့်ကြံသူအများ၏ အားနည်းချက်နေရာတည့်တည့်ပင်။
"ဟဲဟဲ မင်းလိုမသေမျိုးသူတော်စင်တစ်ပါးမပြောနဲ့ စကြဝဠာအရှင်တစ်ပါးတောင် နှလုံးသားနတ်ဆိုးနဲ့တွေ့ရင် နက်နက်နဲနဲ ချည်နှောင်ထိန်းချုပ်ခံရမှာပဲ"
"ဒီအတိုင်းဆို မင်းလိုကောင်လောက်ကိုဖြေရှင်းဖို့က ဘာခက်နေဦးမှာလဲ"
နှလုံးသားနတ်ဆိုးလူအိုက မျက်လုံးများကိုပြန်မှိတ်လိုက်ကာ လက်အုပ်ချီလျက် ခေါင်းပေါ်မြှောက်တင်လိုက်ပြီး တစ်မျိုးဆွဲဆောင်မှုရှိသော နတ်ဝင်သည်အကကို ဆက်ကလေသည်။
ထိုတိုက်ကွက်သည် သူ၏ဂုဏ်ယူရသော ဝှက်ဖဲတစ်ချပ်ဖြစ်သည်။ ဤကမ္ဘာရှိ တာအိုကျင့်ကြံသူတိုင်း သူတို့၏နှလုံးသားနတ်ဆိုးကို မကြောက်ရွံ့ဘဲမနေ။
ထိုနတ်ဆိုးသည် သူတို့ဘဝတစ်လျှောက်လုံး ရှောင်တိမ်းပုန်းကွယ်လာရသည့် အတွင်းရန်သူတော်ကြီးသာ။
အခုတော့ ထိုလူငယ်လေးသည် သူ၏တာအိုကျင့်စဥ်တွင် ကျရှုံးသွားလောက်ပြီး ၎င်း၏နှလုံးသားအတွင်းဘက်မှ နက်ရှိုင်းစွာတိုက်စားနေသော နှလုံးသားနတ်ဆိုးများကို အပြင်းအထန်ခုခံနေရပေတော့မည်။
ထိုအချိန်တွင် သူသည် အားကုန်ထုတ်ကာ ပြတ်သားစွာ ချေမှုန်းတိုက်ခိုက်ရပေမည်။
နှလုံးသားနတ်ဆိုးလူအိုသည် ခပ်မဲ့မဲ့တစ်ချက်ပြုံးရယ်ကာ တိုက်ခိုက်ဖို့အတွက် အင်အားများကို စုစည်းတော့မည်အလုပ် မျက်လုံးဖွင့်လိုက်ချိန်တွင် မြင်လိုက်ရသောမြင်ကွင်းကြောင့် တောင့်တင်းသွားရလေသည်။
တစ်ဖက်လူက သူ့ကို အရူးတစ်ယောက်အားကြည့်နေသကဲ့သို့ ကြောင်တက်တက်ရပ်ကြည့်နေသည်လေ။
ယဲ့ကျွင်းလင်မှာ အလွန်အံ့သြနေရခြင်းသာဖြစ်၏။ ထိုနှလုံးသားနတ်ဆိုးလူအိုသည် တကယ့်နတ်ဘုရားစွမ်းအားကြီးကို ထုတ်ယူတိုက်ခိုက်တော့မလို ဟန်ပြင်နေပြီးမှ မျှော်လင့်မထားစွာ စကားပင်တစ်ခွန်းမဆိုဘဲ ထူးထူးဆန်းဆန်းထကပြနေသည်။
အတော်လေးပျော့ပျောင်းယိမ်းနွဲ့လှသော ကကွက်များမှာ ကြည့်ရှုသူကိုပင် မျက်လုံးကန်းချင်လာစေသည်။
သူကဘာလုပ်ပြချင်တာလဲ။
သူတို့မျက်လုံးချင်းဆုံသည့်အခိုက်တွင် လေထုမှာ အတော်လေးအူကြောင်ကြားနိုင်လှ၏။
နှလုံးသားနတ်ဆိုးလူအို၏ မျက်နှာကြွက်သားများမှာ တတွန့်တွန့်လှုပ်သွားကာ အတော်လေးရှက်သွားဟန်လည်းရှိသည်။
ကျေးဇူးပြုပြီး ငါ့ကိုအဲ့လိုတော့မကြည့်ပါနဲ့ကွာ၊ ဟုတ်ပြီလား။
ငါမင်းကို မြူဆွယ်ဖို့ကပြနေတာလို့တော့ မထင်ဘူးမဟုတ်လား။
နေစမ်းပါဦး။
ဒီကလေးကဘာလို့ ဘာတစ်ခုမှမတုံ့ပြန်တာလဲ။
သူ့နှလုံးသားနတ်ဆိုးက ဘယ်မှာလဲ။
ဟေ့ မင်းရဲ့နှလုံးသားနတ်ဆိုးက ဘာလို့ပေါ်မလာတာလဲကွ။
နှလုံးသားနတ်ဆိုးလူအိုသည် ရုတ်တရတ်သတိဝင်သွားကာ မျက်စိရှေ့ရှိယဲ့ကျွင်းလင်ကို မယုံကြည်နိုင်စွာ အလန့်တကြားလှမ်းကြည့်မိသည်။
သာမန်အခြေအနေများအောက်တွင် မည်သည့်ကျင့်ကြံသူမဆို ထိုကျင့်စဥ်အောက်တွင် နှလုံးသားနတ်ဆိုးတစ်ကောင်ကို လှုံ့ဆော်နိုးထစေနိုင်ပြီး သူကိုယ်တိုင်ကတော့ နည်းနည်းလောက်လှုပ်လှုပ်ရွရွ ကပြလိုက်ဖို့သာလိုသည်။
တစ်ခါကတိုက်ခိုက်ခဲ့ဖူးသော သက်ရှည်အကြီးအကဲအိုကြီးပင် ဘဝတစ်လျှောက်လုံး ခွေးအိုကြီးတစ်ကောင်ကဲ့သို့ တည်ငြိမ်အေးဆေးစွာနေထိုင်ခဲ့ပါသော်ငြား သူ၏နှလုံးသားနတ်ဆိုး ဖောက်ထွက်လာချိန်တွင်မတော့ ပြင်းစွာနာကျင်ခံစားခဲ့ရလေသည်။
သို့တိုင် မျက်စိရှေ့မှ ဤလူငယ်ကား သက်ရောက်မှုတစ်စုံတစ်ရာမရှိခဲ့။
ဒီကမ္ဘာပေါ်မှာ ဘာတွေဖြစ်ပျက်ကုန်တာလဲ။
နှလုံးသားနတ်ဆိုးလူအိုသည် သူ့ကိုယ်သူ ပုံမှန်မဟုတ်သောလူတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်းအား မသိခဲ့ပါချေ။
အခြားကျင့်ကြံသူများမှာ ကျင့်ကြံဆင့်များကို တစ်ဆင့်ပြီးတစ်ဆင့် ချိုးဖျက်ဖို့အရေး မနားမနေရုန်းကန်အားထုတ်ရကာ အင်အားကြီးသောရန်သူများကို အသက်စွန့်၍ တစ်ယောက်ပြီးတစ်ယောက်တိုက်ထုတ်ရသည်။
ထိုသို့ ရှည်လျားကြမ်းတမ်းသော ကျင့်ကြံရေးခရီးလမ်းတစ်လျှောက်တွင် အတက်အကျများစွာကို ကြုံတွေ့ခဲ့ရာမှ သူတို့၏စိတ်အစဥ်သည်လည်း များစွာလှုပ်ခတ်ထိခိုက်ခဲ့ရကာ နောင်တများဖြင့်ပြည့်နှက်နေတတ်သည်မှာ ပုံမှန်သာဖြစ်၏။
ထိုသို့သောအခြေအနေများအောက်တွင် စကြဝဠာအရှင်တစ်ပါးသည်ပင် နှလုံးသားနတ်ဆိုးမွေးမြူမိခြင်းကို တားဆီး၍မရ။ ပုံမှန်အခြေအနေတွင် ပုန်းကွယ်တည်ရှိနေသည့် ထိုနတ်ဆိုးကို ထိုသို့နှိုးဆွပေးလိုက်ခြင်းဖြင့် သူတို့အတွက် စိတ်ထိန်းမရလောက်အောင် သက်ရောက်မှုကြီးတတ်လေသည်။
သို့သော် ယဲ့ကျွင်းလင်က ကွဲပြားနေခဲ့သည်။
သူ၏ကိုယ်ကျင့်စရိုက်မှာ လုပ်ဖို့ဆန္ဒရှိမှ ထလုပ်တတ်သည်။ အပျော်ကိုသာရှာဖွေချင်ပြီး ကျင့်ကြံရာတွင်လည်း အချောင်ခိုလို့ရသည့်စနစ်တစ်ခုကို ပိုင်ဆိုင်ထားသေးသည်။ သူပြဿနာနှင့်တိုးလျှင် ကျင့်ကြံဆင့်တက်သည်၊ ရန်သူကြီးကြီးနှင့်တိုးလျက် အားပိုကောင်းလာသည်။ ထို့အပြင် ထပ်ဆောင်းအပိုပေးသော ဆိုင်းအင်ဆုများ တိုက်ပွဲဆုလာဘ်များထံမှ ကျင့်စဥ်စွမ်းအားများလည်း ရရှိတတ်သေး၏။
ဇွဲလုံ့လဝီရိယဖြင့် အခက်အခဲများကြားမှ ကြိုးပမ်းအားထုတ်ရခြင်းကို သူ့တစ်သက်တာတွင် မကြုံခဲ့ရဖူးပါချေ။
ထို့အပြင် ယခုအချိန်ထိ သူသည် ရန်သူမှန်သမျှကို အနိုင်ပိုင်းတိုက်ခိုက်နိုင်ခဲ့သည့် အစစ်အမှန် ပြိုင်ဘက်ကင်းတာအိုကျင့်ကြံသူတစ်ဦးဖြစ်ကာ သေစေလောက်မည့်အန္တရာယ်ဆိုတာကိုလည်း တစ်ခါမှခံစားဖူးသည်မဟုတ်။
အားလပ်ချိန်များတွင် စားခြင်းသောက်ခြင်း ပျော်ပါးပျင်းရိခြင်းဖြင့်သာ ကုန်ဆုံးလေ့ရှိသည်မဟုတ်လော။
ထို့အပြင် တက်ရောက်ခဲ့သည့်အဆင့်တိုင်းတွင် အဆုံးစွန်အထိချိုးဖျက်နိုင်ခဲ့သည်ဖြစ်ရာ အမြင့်ဆုံးသောကောင်းကင်ထက်တွင် မည်သည့်နောင်တတရားမှ မကျန်ရစ်ခဲ့။
ထိုသို့ ပုံမှန်မဟုတ်သောကျင့်ကြံသူတွင် နှလုံးသားနတ်ဆိုးတစ်ကောင်မှ မရှိခဲ့ပါချေ။
နှလုံးသားနတ်ဆိုးများက သူ့ကိုပြန်ကြောက်ရမည်ဆိုလျှင် ဖြစ်နိုင်ချေရှိသေးသည်။
ထို့ကြောင့် ယဲ့ကျွင်းလင်သည် ဘာသက်ရောက်မှုမှမရှိ မတုန်မလှုပ် အေးအေးဆေးဆေးရပ်နေနိုင်ခြင်းပင်။
သနားစရာ နှလုံးသားနတ်ဆိုးလူအိုခမျာ သူ၏အကြီးမြတ်ဆုံး နတ်ဘုရားစွမ်းရည်ကို ယုံကြည်မှုအပြည့်ဖြင့်ထုတ်လွှတ်လိုက်ပါသော်ငြား လူရှေ့သူရှေ့ တွန့်လိမ်တွန့်လိမ်ကပြရခြင်းသာ အဖတ်တင်ကျန်ခဲ့တော့၏။
ရုတ်တရတ် ယဲ့ကျွင်းလင်သည် မျက်နှာထားတင်းတင်းဖြင့် ဆုံးမလာသည်။
"အဘိုးကြီး ကျုပ်ကိုအကနဲ့သွေးဆောင်ဖို့ မကြိုးစားနဲ့နော်"
"ကျုပ်က ဒါမျိုးတွေမကြိုက်ဘူး"
နှလုံးသားနတ်ဆိုးလူအို: "???"
ဟေး ဟေး ငါ့ကိုအဲ့လိုအထင်မလွဲနဲ့လေ။
ဒီအဘိုးကြီးက ဘဝတစ်လျှောက်လုံး သန့်ရှင်းစင်ကြယ်စွာ နေထိုင်ခဲ့တာ။ ဘယ်သူ့ကိုမှ သွေးဆောင်သိမ်းသွင်းဖို့ မကြိုးစားဖူးဘူးကွ။
"မတတ်နိုင်တော့ဘူး ထွက်ပြေးရတော့မယ်"
ဝှက်ဖဲပါ ချိုးနှိပ်ခံလိုက်ရသည့်အချိန်တွင် နှလုံးသားနတ်ဆိုးလူအိုလည်း လှည့်ပျံပြေးဖို့ပြင်လိုက်ကာ အသက်မသေအောင် ဤနေရာမှအမြန်ထွက်သွားဖို့သာ စိတ်ထဲရှိတော့သည်။
ဤမျှအကြာကြီး ကြိုးစားအသက်ရှင်ခဲ့ပြီး ခေတ်သစ်အချိန်အခါရောက်လာကာမှ မသေလို။
"ဟဲဟဲ ပြေးချင်သေးတာလား"
ယဲ့ကျွင်းလင်က သဘောတကျပြုံးရယ်လျက် လက်တစ်ဖက်ကိုမြှောက်ကာ ထောင်ချီသော ရွှေရောင်ဓားချီအလင်းတန်းများအား ရှေ့သို့ပစ်လွှတ်လိုက်တော့၏။
ရွှစ် ရွှစ် ရွှစ်
ဓားချီအလင်းတန်းများသည် ရွှေရောင်မြစ်ကြောင်းအလား ခမ်းနားမြင့်မြတ်စွာမြင့်တက်သွားခဲ့ကာ အရှိန်အဝါမှာ တားဆီး၍မရနိုင်လောက်အောင် ပြင်းထန်သည်။
"မဖြစ်ဘူး..."
စိတ်ပျက်အားငယ်ဖွယ် အော်သံတစ်ခု ထွက်ပေါ်လာသည်။
နှလုံးသားနတ်ဆိုးလူအိုမှာ ရှောင်ပုန်းဖို့နေရာမရှိတော့သည့်အချိန်တွင် ကျယ်ပြန့်အားကောင်းသောချီဖြင့် ဖုံးလွှမ်းခံရလျက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တိုက်စားခံရသည့်အလား တစစီပျောက်ကွယ်သွားလေတော့၏။
ရှုပ်ထွေးနတ်ဆိုးဝိညာဥ်သည် နှိမ်နင်းသုတ်သင်ခံလိုက်ရလေပြီ။
အတော်လေးမွန်းကျပ်ကြေကွဲဖွယ်ကောင်းသော သေခြင်းမျိုးဟု ဆိုနိုင်ပေမည်။
နှလုံးသားနတ်ဆိုးလူအို သေဆုံးခြင်းနှင့်အတူ ကိုယ်ပိုင်နှလုံးသားနတ်ဆိုးများထဲတွင် ပိတ်မိနေခဲ့သော လိပ်ပြာမသေမျိုး မျိုးနွယ်စုဝင်များအားလုံး တစ်ပြိုင်နက်တည်း ပြန်လည်ကောင်းမွန်လာကြသည်။ သူတို့၏ မျက်လုံးများမှာ အရင်ကအတိုင်း ကြည်လင်ရှင်းလင်းလာကြကာ ကိုယ်ခန္ဓာအတွင်းမှ တစ်ခုခု ပျောက်ကွယ်သွားသည်ကို ခံစားနေရသဖြင့် ရှုပ်ထွေးမှုနှင့် အံ့အားသင့်မှုများ ရောနှောနေလျက်ရှိကြသည်။
"ယဇ်ပူဇော်ဝိညာဥ် သေသွားပြီ"
မသေမျိုးလိပ်ပြာတစ်ကောင်က ကြေကွဲစွာအော်ဟစ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော လိပ်ပြာမသေမျိုးများသည် မြေပြင်ထက် ပြိုလဲကျကုန်လျက် ကျယ်လောင်စွာအော်ဟစ်ငိုကြွေးကုန်ကြသည်။
ရှည်လျားကြာညောင်းသော နှစ်ပေါင်းများစွာအတွင်း မသေမျိုးလိပ်ပြာမျိုးနွယ်သည် နှလုံးသားနတ်ဆိုးလူအိုထံတွင်သာ မှီခိုရှင်သန်ခဲ့ကြကာ ထိုသူ၏အားကိုးဖြင့် အပြင်လောကရှိ ကျင့်ကြံသူများအားလုံး စွဲမြဲကြောက်ရွံ့ရသော ဆန်းကြယ်စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားနိုင်ခဲ့သည်။
ယခုတော့ နှလုံးသားနတ်ဆိုးလူအိုသေဆုံးသွားရခြင်းနှင့်အတူ မသေမျိုးလိပ်ပြာတို့၏ ဆန်းကြယ်စွမ်းအားမှာလည်း သဘာဝအတိုင်း လွင့်ပါးပျောက်ကွယ်သွားခဲ့လေပြီ။
တိုက်ရည်ခိုက်ရည်တွင်မူ သူတို့မှာ ပြောပလောက်အောင် အစွမ်းအစမရှိလှ။
ခွင်းလွင်ကမ္ဘာရှိ ကျင့်ကြံရေးလောက၏ ထိပ်ဆုံးမှ အောက်ဆုံးဆီသို့ ရုတ်တရက် တွန်းချခံလိုက်ရသည့် ခံစားချက်သည် လိပ်ပြာမသေမျိုးအားလုံးအတွက် မခံမရပ်နိုင်ဖြစ်လှကာ လစ်ဟာကွာဟနေသောခံစားချက်ကို ပေးစွမ်းသည်။
အားရှန်း၏မျက်နှာမှာ ထိတ်လန့်မှုအပြည့်ဖြင့် မျက်စိရှေ့ရှိ ကျော့ရှင်းသပ်ရပ်မြဲပုံရိပ်ကို လှမ်းကြည့်လျက် ခက်ခက်ခဲခဲ ရေရွတ်လိုက်မိသည်။
"သူ သူတကယ် လုပ်နိုင်လိုက်ပြီ"