← Chapters

ခြောက်ခြားဖွယ်အော်သံတစ်ခု

Vol. 48 Ch. 662

ခြောက်ခြားဖွယ်အော်သံတစ်ခု

Vol. 48 Ch. 662

သူမသည်လည်း ရလဒ်ကိုလက်ခံရုံမှအပ ဘာမှမတတ်နိုင်။ စောစောစီးစီး ဘက်မှားမရွေးခဲ့မိခြင်းအတွင် ကြိတ်ဝမ်းသာနေရုံသာရှိသည်။

ယခုတော့ ယဇ်ကောင်ဝိညာဥ်လည်း အသတ်ခံလိုက်ရပြီဖြစ်သောကြောင့် သဘောတူညီချက်အရ အနည်းဆုံး ရာမဲသဲမျိုးနွယ်ကတော့ အသက်ချမ်းသာရာရပါလိမ့်မည်။

ဝေါ်နံဒဲလိပ်ပြာများအတွက်မူ....

အားရှန်းသည် အနားမှမသေမျိုးလိပ်ပြာအထီးကို စာနာသနားစွာ လှည့်ကြည့်မိသည်။

ဝမ်းနည်းကြေကွဲခြင်းသည် မသေမျိုးလိပ်ပြာမျိုးနွယ်စုများဆီ တစ်စတစ်စပျံ့နှံ့သွားချိန် မသေမျိုးလိပ်ပြာများစွာက အခြေအနေများ ရုတ်ချည်းပြောင်းလဲသွားချင်းကို သည်းမခံနိုင်တော့ဟန်ဖြင့် ယဲ့ကျွင်းလင်အား ဒေါသတကြီးအော်ဟစ်ကြသည်။

"မကောင်းဆိုးဝါးကောင်၊ မင်းလုပ်လို့ ယဇ်ပူဇော်ဝိညာဥ်သေသွားရတာကွ။ အခုငါတို့ ခွင်းလွင်ကမ္ဘာမှာ ဘယ်လိုအသက်ဆက်ရှင်ရတော့မလဲ"

အားရှန်းမှာ ကြောက်လွန်းလို့စကားတောင်မပြောနိုင်တော့ဘဲ နူးညံ့သေးသွယ်သောကိုယ်လေးမှာလည်း တုန်ယင်လျက်။

ဒီတစ်ကြိမ်တော့ သူတို့အမှန်တကယ် သေလမ်းကိုရှာနေခြင်းသာ။

ယဲ့ကျွင်းလင်၏နှုတ်ခမ်းများက နှစ်ခြိုက်စွာကွေးညွှတ်သွားသည်။

"မစိုးရိမ်ပါနဲ့ ငါမင်းတို့ဝေါ်နံဒဲလိပ်ပြာတစ်မျိုးလုံးကိုလည်း တီကောင်အကကရတာကြိုက်တဲ့အဘိုးကြီးနဲ့ ပြန်လည်ဆုံစည်းရ‌အောင် တစ်ခါတည်းပို့ပေးလိုက်ပါ့မယ်"

ထိုစကားအဆုံးတွင် ရွှေရောင်ဓားချီအလင်းတန်းမြောက်များစွာကို ထုတ်လွှတ်လိုက်ပြီး လက်ညှိုးထိုးအော်ဟစ်နေသော လိပ်ပြာထီးအုပ်စုထံ တစ်ခါတည်းပစ်လွှတ်လိုက်တော့၏။

ရွှစ် ရွှစ် ရွှစ်

ဓားချီအလင်းတန်း တစ်မျှင်ချင်းစီမှာ အံ့မခန်းထက်မြလျက်ရှိကာ ၎င်း၏လမ်းကြောင်းရှိ သက်ရှိသက်မဲ့အကောင်အထည်တိုင်းကို လှီးဖြတ်ထိုးဖောက်သွားလျက် ယဲ့ကျွင်းလင်ပစ်လွှတ်လိုက်ရာ ဦးတည်ဘက်မှ မသေမျိုးလိပ်ပြာထီးများကို တစ်ကောင်မကျန် ‌ဒေါသတကြီးရှင်းလင်းသတ်ဖြတ်လေသည်။

အော်ဟစ်သံများ၊ ငိုကြွေးသံများနှင့် အသနားခံတောင်းပန်သံများက ကောင်းကင်သို့တိုင်စီစီညံလျက်။

"အကြီးအကဲ ကျွန်တော့်ကိုမသတ်ပါနဲ့ အခွင့်အရေးလေးတစ်ခုလောက်ပေးပါဦး"

"ကျွန်တော်လည်း ဘာဆိုဘာမှဝင်မပြောလိုက်ပါဘူးဗျာ ဘာလို့သေရမှာလဲ"

"ညီအစ်ကို ငါတို့ထဲက တစ်ယောက်လောက်ပဲလွတ်အောင်ပြေးရ‌အောင်။ တစ်ယောက်လောက်ပဲ။ မဟုတ်ရင် ဝေါ်နံဒဲလိပ်ပြာမျိုးတော့ အကုန်တုံးပြီကွ"

...

ဆန့်ကျင်ဘက်အားဖြင့် မသေမျိုးလိပ်ပြာမလေးများမှာတော့ မျက်လုံးလှလှလေးများကိုပြူးကျယ်လျက် သွယ်ပျောင်းသောကိုယ်လေးများမှာ သစ်သားကဲ့သို့ တောင့်တင်းနေလျက်ရှိကာ သူတို့ဘေးမှ မသေမျိုးလိပ်ပြာထီးတို့ အကုန်အစင်ရှင်းလင်းသတ်ဖြတ်ခံနေရသည်ကို ကြောင်လျက်သားကြည့်မိနေကြသည်။ သွေးနံ့ပြင်းပြင်းက လေထုကိုပြည့်နှက်နေစေလျက်။

မကြာလိုက်သော အချိန်အတွင်း ဝေါ်နံဒဲလိပ်ပြာအပေါင်းတို့ တစ်ယောက်မကျန် ဇီဝိန်ချုပ်ငြိမ်းသွားခဲ့သည်။

ဤလောကတွင် ရာမဲသဲတို့သာ ကျန်ရစ်ခဲ့လေပြီ။

ယဲ့ကျွင်းလင်သည် ရှည်လျားသောငွေရောင်ဆံပင်တို့ တလွင့်လွင့်ဖြစ်လျက် အားရှန်းအနားသို့လျှောက်လာကာ လက်နှစ်ဖက်ကို အနောက်သို့ပစ်ရင်း တည်တည်ငြိမ်ငြိမ်ဆိုသည်။

"ငါစကားတည်ပါ့မယ်။ မင်းတို့ရာမဲသဲတွေကို ချမ်းသာပေးမယ်။ အခုကစပြီး မသေမျိုးတောင်တန်းထဲမှာပဲ ငြိမ်ငြိမ်ဆိမ်ဆိမ် သေသေဝပ်ဝပ်နေကြ၊ အပြင်ကိုခြေဆန့်ဖို့မကြိုးစားကြနဲ့။ နားလည်လား"

"ဟုတ် ဟုတ်ကဲ့ လူကြီးမင်း"

ထိုလူငယ်၏ အာဏာစက်အရှိန်အဝါအောက်တွင် အားရှန်းမျာ ခေါင်းကိုတွင်တွင်ငုံ့လျက်သားဖြင့် ငုံးငှက်ငယ်လေးအလား တုန်ယင်လျက်။

ကျန်သည့် မသေမျိုးလိပ်ပြာမလေးများမှာတော့ ကူကယ်ရာမဲ့နေဟန်မျက်လုံးလေးများဖြင့် မထိန်းနိုင်စွာရှိုက်ငိုလျက်ရှိ၏။

သူတို့အမြင်တွင်တော့ ယဲ့ကျွင်းလင်ဟူသည် သူတို့အသိုက်အမြုံကိုလာဖျက်ဆီးသော နတ်ဆိုးဘုရင်တစ်ပါးသာ။

မသေမျိုးလိပ်ပြာတို့၏ ရှေးဟောင်းမှတ်တမ်းကျမ်းစာ ပြုစုရေးတွင်တော့ ဤသို့ရေးထည့်ရပေတော့မည်။ တစ်နေ့သောအခါ မျိုးနွယ်စုယဇ်ပူဇော်ပွဲအတွင်း ဆံဖြူနတ်ဆိုးတစ်ကောင်က ကောင်းကင်ထက်မှရုတ်ချည်းဆင်းသက်လာလျက် ယဇ်ပူဇော်ဝိညာဥ်ကို သတ်ဖြတ်လိုက်ရုံမက မျိုးနွယ်စုအတွင်း စည်းလွတ်ဝါးလွတ်ရမ်းကားကာ ဝေါ်နံဒဲလိပ်ပြာမျိုးနွယ်ကို မျိုးတုံးသည်အထိသတ်ဖြတ်သည်။ ထိုအချိန်မှစ၍ ဘုန်းတန်းခိုးကြီးမြတ်သော မသေမျိုးလိပ်ပြာတို့၏ ဆုတ်ယုတ်ကျဆင်းခြင်း စတင်ခဲ့လေသည်ဟု။

"အဟမ်း အဟမ်း"

ရှိုက်ကြီးတငင်ငိုယိုနေကြေသော မသေမျိုးလိပ်ပြာမလေးများကို တစ်ချက်ကြည့်လိုက်ရင်း ယဲ့ကျွင်းလင်အကြံတစ်ခုရကာ ချောင်းအနည်းငယ်ဟန့်၍ အတည်ပေါက်မေးလိုက်သည်။

"ကဲ အခုငါမေးတာကိုကျယ်ကျယ်ဖြေကြ။ မင်းတို့က ဘယ်လိပ်ပြာမျိုးနွယ်ကလဲ"

ရုတ်တရတ်ပင် မသေမျိုးလိပ်ပြာမလေးတို့အုပ်စုမှာ မလှုပ်မယှက်တောင့်ခဲသွားကာ သူတို့ကိုဘာကြောင့်ထိုသို့မေးလာမှန်း မသိတတ်စွာ ကြောင်ကြည့်နေမိကြသည်။

အားရှန်းသည်လည်း ရှုပ်ထွေးနေဟန်ရှိ၏။ ထို့နောက် မရဲတရဲမေးလာသည်။

"အကြီးအကဲ အစောကပဲကျွန်မပြောထား..."

ယဲ့ကျွင်းလင်၏လေသံက ပိုမိုအေးစက်လာသည်။

"ဘာလဲ၊ မင်းတို့က ဒီတောင်းဆိုမှုလေးတစ်ခုကိုတောင် ဖြည့်ဆည်းမပေးနိုင်ကြတဲ့သဘောလား"

အားရှန်းမှာ ချက်ချင်းလန့်ဖျပ်သွားပြီး လက်ကိုကပျာကယာယမ်း၍ စိုးရိမ်တကြီးပြောလာသည်။

"ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ကျွန်မတို့က အကြီးအကဲရဲ့အမိန့်ကို ဘယ်လိုမနာခံဝံ့ပဲရှိမလဲ"

"ဒါဆိုလည်း မြန်မြန်ဆန်ဆန်အော်ကြ၊ ကျယ်ကျယ်‌အော်လေ ပိုကောင်းလေပဲ။ ပီပီသသပြောဖို့မမေ့နဲ့နော်၊ ငါကမတိကျတာမျိုးမကြိုက်ဘူး"

ယဲ့ကျွင်းလင်က တွန်းအားပေးသည်။

"ဟုတ်ကဲ့ရှင့်"

ထူးဆန်းသောတောင်းဆိုမှုကြောင့် နည်းနည်းတော့စိတ်ရှုပ်ရပါသော်ငြား ဘာမှလွန်ကြူးနေတာမျိုးမရှိသည့်အတွက် သူမလည်း ညီအစ်မများကို အတူလိုက်လုပ်ဖို့အချက်ပြလိုက်သည်။

မကြာမီတွင် မသေမျိုးလိပ်ပြာမလေးတစ်စုသည် မျက်နှာလှလှလေးများထက် မျက်ရည်များပေကျံစိုလူးလျက်သားဖြင့် အသံကုန်အော်ဟစ်ကြရရှာ၏။

"ရာ~~~မဲ~~~သဲ~~~~"

ဖွံ့ဖြိုးတိုးတက်သော ဂျပန်ကျွန်းနိုင်ငံမှ ငယ်ငယ်လှလှ မိန်းမပျိုလေးများစွာ ပီသတိကျသောဂျပန်အသံဖြင့် ထိုစကားအား ပြိုင်တူအော်ဟစ်နေကြသည့်မြင်ကွင်းကို မြင်ယောင်ကြည့်ပါလေ။

ယဲ့ကျွင်းလင် မျက်လုံးများကိုမှေးမှိတ်ကာ အသံလှလှလေးများအား နားဆင်ခံစားသည်။

အိမ်း နားဝင်ပီယံရှိလိုက်ပါဘိ။

သဘာဝရဲ့တေးသံဆိုတာ ဒါမျိုးလေးများလား။

"ဟုတ်ပြီ မင်းတို့ လုပ်စရာရှိတာလုပ်လို့ရပြီ"

ထိုသို့ဆိုပြီး ယဲ့ကျွင်းလင် လှည့်ကာထွက်ခွာသွားလေသည်။

အားရှန်းလည်း စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချကာ တုန်ယင်နေဆဲရင်ကို အသာဖိထားရသည်။ ဒီနေ့ဖြစ်ပျက်ခဲ့သမျှ ဒုက္ခတွေအားလုံးကို စုပေါင်းတွေးတောမိသော် ကြွင်းကျန်ရစ်သောကြောက်စိတ်ကို ခံစားမိနေသေး၏။

ထိုစဥ် ယဲ့ကျွင်းလင်က ခပ်တည်တည်မျက်နှာဖြင့်ပင် လာရာလမ်းအတိုင်းပြန်လှည့်လာသည်။

အားရှန်းမှာတော့ ထိုမျက်နှာထားကြောင့် သေလုမတတ်ကြောက်လန့်နေရလေပြီ။ ဒီလူ စိတ်ပြောင်းပြီး ကတိများဖျက်တော့မလို့လား။

"တခြားမျိုးနွယ်စုတွေရော ဘယ်မှာလဲ။ လမ်းညွှန်ပေးပါဦး"

အားရှန်း: "…"

ထို့နောက် ယဲ့ကျွင်းလင်သည် ဝိညာဥ်မျက်လုံးမျိုးနွယ်ဆီသို့ ဦးတည်ထွက်ခွာခဲ့တော့၏။

ဝိညာဥ်မျက်လုံးမျိုးနွယ်တို့၏ ဆန်းကြယ်စွမ်းအားမှာ မျက်လုံးအကြည့်တွင်ရှိကြောင်း သူနားလည်ခဲ့ပြီးလေပြီ။

နောက်ပြီး ဝိညာဥ်မျက်လုံးမျိုးနွယ်တို့၏ ယဇ်ပူဇော်ဝိညာဥ်မှာ ကလေးတစ်ယောက်ဖြစ်သည်ဟူ၏။

တစ်ချိန်တည်းမှာပင် အရှေ့ပိုင်းဒေသရှိ ကျင့်ကြံသူများ စုပေါင်းအုံကြွပုန်ကန်သည်ဟု သတင်းရလေသော် မသေမျိုးလိပ်ပြာမျိုးနွယ်မှလွဲ၍ ကျန်ဂြိုဟ်သားမျိုးနွယ်စုသုံးခုလုံးသည် တပ်ကူများစေလွှတ်ဖြန့်ကျက်ပြီးကြလေပြီ။

စစ်မြေပြင်တွင် တိုက်ပွဲကား တရကြမ်းဆက်ဖြစ်နေရာမှ တစ်ဖက်မှ အသာစီးရလာခဲ့သည်။

ထိုဂြိုဟ်သားမျိုးနွယ်စုသုံးခုမှ တိုက်ပွဲကိုအလေးအနက်ထားလာချိန်တွင် မသေမျိုးမဟာမိတ်အင်အားစုများမှာ ဆက်လက်ခုခံတိုက်ခိုက်ဖို့ ခက်ခဲလာကြကာ တပ်ပြန်ဆုတ်ဖို့ အကြိမ်ကြိမ်ဖိအားပေးခံရသောအခြေအနေသို့ ရောက်ရှိနေလေပြီ။

ဂြိုဟ်သားမျိုးနွယ်များမှာ မူလတိုက်ရည်ခိုက်ရည်တွင် ဘာအစွမ်းအစမှရှိသည်မဟုတ်။ သူတို့၏အားနည်းချက်များမှာ အလွန်သိသာထင်ရှားသည်။ သို့တိုင် သူတို့တွင်ကိုယ်စီပိုင်ဆိုင်ထားသော ဆန်းကြယ်စွမ်းအားများ၏ အားကိုးဖြင့် မရေမတွက်နိုင်သောကျင့်ကြံသူများအား ထိတ်လန့်မိစေနိုင်သည်ပင်။

ဥပမာအားဖြင့် မျောက်ဘီလူးမျိုးနွယ်သည် မှော်သုဥ်းနယ်ပယ်အတတ်ကိုပိုင်ဆိုင်ထားပြီး သူတို့၏ကာယအင်အားတွင်သာ လုံးလုံးမှီခိုထားရသည်။ ကျင့်ကြံသူအများစုမှာ ထိုသူတို့၏ဆန်းကြယ်စွမ်းအားနှင့်ထိပ်တိုက်တွေ့ရလျှင် သူတို့၏အင်အား၃၀ရာခိုင်နှုန်းခန့်ကိုပင် ထုတ်မသုံးနိုင်သောကြောင့် အထိနာရသည်ကများ၏။

ဤကျင့်ကြံရေးနယ်ပယ်တွင် ကာယဗလအားကိုးသော ကျင့်ကြံသူဆိုသည်မှာ အလွန်ရှားပါးလှသည်မဟုတ်လော။

ကံကောင်းထောက်မစွာဖြင့် မွေးရာပါ ထူးခြားသောကိုယ်ခန္ဓာများဖြင့် ယာအိုမျိုးနွယ်ကျင့်ကြံသူများရှိနေ၍သာ တိုက်ပွဲကိုဤအနေအထားထိ ဆက်ထိန်းထားနိုင်ခြင်းဖြစ်၏။

ဘုန်း ဘုန်း ဘုန်း

ပြင်းထန်သောရိုက်နှက်သံများက ကျင့်ကြံသူအချို့၏အော်ဟစ်သံနှင့်အတူ ထွက်ပေါ်လာသည်။

မျောက်ဘီလူးမျိုးနွယ် စစ်သူကြီးတစ်ဦးက သွေးရောင်ရဲနေသောမျက်လုံးများဖြင့် ကြွေးကြော်သည်၊

"မင်းတို့လို အဆင့်နိမ့်သတ္တဝါကောင်တွေက ငါတို့ကိုခံတိုက်ရဲတယ်ပေါ့။ ငရဲကိုသွားလိုက်ကြ"

တာလု၏မျက်နှာမှာ ရုန့်ရင်းကြမ်းတမ်းမှုဖြင့်ပြည့်နှက်လျက် သံလက်သီးကြီးများကို လွှဲကာလွှဲကာဖြင့် ကြောက်မက်ဖွယ် လေထုလှိုင်းတွန့်များကိုဖြစ်ပေါ်စေကာ အနီးတဝိုက်ရှိ ကျင့်ကြံသူများစွာအား သွေးမှုန်များအဖြစ် ပေါက်ကွဲလွင့်စင်သွားစေသည်။

တုယှဥ်နိုင်စွမ်းမရှိသော အရှိန်အဝါပင်။

"သတ်ကြစမ်း"

အနောက်မှ မျောက်ဘီလူးတပ်သားများလည်း အားအင်တက်ကြွကာ လူသားကျင့်ကြံသူများကို တစ်ယောက်ပြီးတစ်ယောက်ထိုးခွဲ၍ သိုးအုပ်ကြားပစ်ချလိုက်သော ဝံပုလွေအုပ်အလား သောင်းကျန်းကုန်ကြတော့သည်။

"ချီးတဲ့မှ ဒီကောင်တွေကိုတိုက်တာ ဘာမှော်ကျင့်စဥ်မှလည်းသုံးလို့မရဘူး၊ ငါတို့ဘာလုပ်သင့်လဲ"

တစ်ယောက်က ပျာပျာသလဲပြောလာသည်။

ထိုစကားပြောပြီးမကြာမီ အမွေးထူလက်ကြမ်းကြီးတစ်ဖက်က သူ့ခေါင်းကိုဆွဲကာ ဖျက်ဆီးချေမွှလိုက်ပြီး ဦးနှောက်မှုန်များကိုပါ ပေါက်ထွက်သွားစေခဲ့သည်။

"ဟဲဟဲ အရသာမဆိုးဘူးပဲ"

တာလုသည် လက်ကြီးကိုအားရပါးရလျက်ကာ အ‌တော်လေးကျေနပ်အားရနေဟန်ဖြင့် ရေရွတ်သည်။

"ငါတို့တော့ သွားပြီ..."

ထိုမြင်ကွင်းအား မြင်လိုက်ရသူတိုင်းမှာ ကြောက်စိတ်များဖြင့်ဖုံးလွှမ်းခံလိုက်ရသည်။

ထိုအချိန်တွင် ကောင်ငယ်လေးတစ်ဦးက တိုက်ပွဲအလယ်သို့ ပြင်းစွာသောအရှိန်အဝါဖြင့် ခုန်ဝင်လာကာ လက်သီးနုနုလေးများအား ကျစ်ကျစ်ပါအောင်ဆုပ်လျက် တာလုကို ခပ်ပြင်းပြင်းတစ်ချက်ထိုးချလိုက်သည်။ ပါးစပ်မှလည်း‌ အော်ချလိုက်သေး၏။

"ရုပ်ဆိုးဘီလူးကောင် ခွင်းလက်သီးတစ်လုံးလောက် မြည်းကြည့်လိုက်စမ်း"

တာလုက ဟမ့်ခနဲရယ်သည်။

"ဒီပေါက်စလေးက ဘယ်ကနေရောက်လာတာလဲ။ ငါ့ကိုစိန်ခေါ်ရဲတယ်ပေါ့လေ"

ထို့နောက် ထိုကောင်ငယ်လေးကိုဖမ်းရန် အရှေ့သို့ပြေးဝင်လိုက်စဥ် ရှင်းပြ၍မရနိုင်သော သတိပေးချက်တစ်ခုက သူ့နှလုံးသားအား လှုပ်နှိုးလိုက်သည့်နှယ်ရှိ၏။

သူတို့၏လက်သီးများ ထိခတ်သွားသည့်အချိန်တွင် တာလု၏လက်မောင်းကြီးတစ်ဖက်လုံးမှာ သွေးမှုန်များအဖြစ် ပေါက်ကွဲထွက်သွားလေပြီ။

"အား အား အား အား"

တာလုမှာ နာကျင်မှုကြောင့် မပြတ်အော်ဟစ်ငိုကြွေးရင်း မျက်ရည်နှာရည်များက ရွှဲနေအောင်ထွက်ကျလာကြတော့၏။ ထို့နောက် အရှေ့မှကောင်ငယ်လေးကို ကြောက်လန့်ခြင်းကြီးစွာ ပြန်ကြည့်လိုက်သည်။

တစ်ဖက်လူမှာ ကလေးတစ်ယောက်၏သွင်ပြင်ကို ပိုင်ဆိုင်ထားပါသော်ငြား ကြောက်မက်ဖွယ်သားရဲတစ်ကောင်လိုသာ ခံစားနေမိရသည်။

"မင်း မင်းကဘယ်သူလဲ"

ကောင်ငယ်လေးက နှာခေါင်းကိုတစ်ချက်ပွတ်ကာ ခေါင်းကိုမော့ပင့်လိုက်ပြီး ဝင့်ကြွားစွာဆိုသည်။

"ငါ့ဆရာသခင်ကတော့ ငါ့ကိုအားခွင်းလို့ခေါ်တတ်ပေမဲ့ မင်းကတော့ငါ့ကို အရှင်ခွင်းလို့ခေါ်ရမှာပေါ့"

ထိုသူသည် ယဲ့ကျွင်းလင်၏စီးတော်ယာဥ် ခွင်းဖန်းပင်။

မျောက်ဘီလူးသည် ထိပ်တန်း ကာယအားကိုးကျင့်ကြံသူပင် ဖြစ်လင့်ကစား နတ်သားရဲခွင်းဖန်းနှင့်ယှဥ်လျှင် အမိဝမ်းမှထွက်ပြူစ မွေးကင်းစကလေးနှင့်မခြားလှပေ။

ကွာဟချက်သည် တိုင်းတာပြောဆို၍ပင်မရနိုင်။

"ကိုင်း ဒီကလေးစုတ်ကို အရင်ရှင်းကြတာပေါ့" တာလုက အော်ဟစ်အမိန့်ပေးသည်။

"သတ်"

မျောက်ဘီလူးအုပ်ကြီးတစ်အုပ်သည် ရဲရဲတောက်နေသောမျက်လုံးများဖြင့် ပစ်မှတ်ဆီသို့ခုန်ဝင်လာကြကာ ကောင်ငယ်လေး၏တစ်ကိုယ်လုံးအား တစ်စစီဆုတ်ဖြဲရန်ကြံရွယ်သည်။

"အချိန်ကိုက်ပဲ"

အားခွင်းသည် စိတ်ဓာတ်တက်ကြွစွာဖြင့် မျောက်ဘီလူးအုပ်ကြီးထဲ ယက်ကန်ယက်ကန်ပြေးတင်သွားရင်း ပုခုံးများကို စည်းချက်ကျကျလှုပ်ယိမ်းသည်။ လှုပ်ယိမ်းချက်တစ်ချက်တိုင်းမှာ ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်သုံးနေခဲ့သည်ပင်။

"အား"

ပတ်ပတ်လည်မှ မျောက်ဘီလူးတို့၏ အော်သံစီစီညံထွက်လာကာ ဖွဲအိတ်ကြီးများအလား အနောက်သို့ လွင့်စင်ထွက်ကုန်ကြလျက် လေထဲတွင်ပင် သွေးမှုန်များအဖြစ် ပေါက်ကွဲထွက်သွားကြတော့သည်။ မြင်ကွင်းတစ်ခုလုံးမှာ သွေးရောင်ရဲရဲနီလျက်။

"ဒါ ဒါက"

တာလု၏တစ်ကိုယ်လုံးမှာ တုန်ရီနေလျက် ချွေးအေးတို့က တပေါက်ပေါက်စီးကျလျက်သား။

ထိုအဖွဲ့ကို အပြီးရှင်းပြီးချိန်တွင် အားခွင်းကိုခေါင်းကိုတစ်ချက်ခါလိုက်ကာ လက်သီးနုနုလေးတစ်ဖက်ကိုမြှောက်၍ ကြွေးကြော်သည်။

"ထာဝရတာ့တာပဲ"

ထိုလက်သီးသည် တာလုထံတည့်တည့်ကျရောက်လျက် အရှိန်အဝါမှ လူကိုမလှုပ်နိုင်အောက်ထိ ချုပ်ထိန်းထားလိုက်သော် သနားစဖွယ် တောင်းပန်ရလေတော့သည်။

"အရှင်ခွင်း ကျွန်တော့်အသက်ကိုချမ်းသာပေးပါ"

ဘန်း

တာလု၏ကိုယ်လုံးထွားထွားကြီးမှာ ပူဖောင်းကိုအပ်ဖြင့်ထိုးလိုက်သည့်အလား တစ်ချက်တည်းပေါက်ကွဲသွားခဲ့သည်။

"ဟမ့် အခုမှလာခေါ်တော့ နောက်ကျလွန်းသွားပြီပေါ့"

ရှင်ကျန်ရစ်သော ကျင့်ကြံသူများကတော့ သူ့ကိုတအံ့တသြငေးမောကြလျက်။

အလွန်ငယ်ရွယ်နုပျိုဟန်ပေါက်သော ဤကောင်ငယ်လေးသည် ကာယပိုင်းကျင့်ကြံရေးတွင်တော့ အလွန်နက်နဲမြင့်မားလှသည်ကော။

"အရှင်ခွင်း၊ ကျွန်တော်တို့ကိုကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"

လူတိုင်းမှာ လျစ်လျူရှုဖို့မရဲစွာ လက်သီးဆုပ်အရိုအသေပြုလျက် ကျေးဇူးစကားဆိုကြသည်။

အားခွင်းက လက်ကိုဝှေ့ယမ်းလိုက်သည်။

"ဘာမှမဟုတ်‌တာလေးပါ"

ထိုစကားအဆုံးတွင် ဧရာမခွင်းဖန်းအကောင်ကြီးအဖြစ် ပြန်လည်အသွင်ပြောင်းလိုက်ပြီး ကောင်းကင်ထက်ပျံသန်းကာ ကျန်စစ်မြေပြင်များတွင် တပ်ကူလိုသေးလားဟု ကြည့်ရှုစစ်ဆေးဖို့ ထွက်သွားလေသည်။

"အကြီးအကဲယဲ့ရဲ့ စီးတော်ယာဥ်ပဲ။ ဒီလောက်ကြမ်းနေတာ မအံ့သြတော့ပါဘူး"

လူတိုင်း‌ လေးစားခြင်းကြီးစွာ ရေရွတ်လိုက်ကြတော့၏။

All Chapters