မီးလျှံကြာပွင့်
Vol. 45 Ch. 628
လိုဏ်ဂူအတွင်းပိုင်း၌
ကန်ရွှမ်းကလန်၏ တပည့်များအားလုံးမှာ တင်းကားနေသော ဝမ်းဗိုက်ဖြင့် စိတ်ကျေနပ်နေဟန်ရှိသော ထန်ထန်အား မျက်စိအပြူးသားဖြင့် ငေးမောကြည့်ရှုနေမိကြသည်။
ထန်ထန်မှာ ရွေးချယ်ခံတစ်ဦး အဆင့်ရှိသော ရွှေရောင်မိကျောင်းနဂါးကြီးအား တစ်လုတ်တည်းဖြင့် မြိုချလိုက်ခြင်းပင် ဖြစ်သည်။
ထန်ထန်မှာ အကြည့်များစွာအား လျစ်လျုရှုထားလျက် ဇူယွမ်ခေါင်းပေါ်သို့ ခုန်တက်လိုက်လေသည်။ ဇူယွမ်မှ မည်မျှပင် ခါချနေပါစေ တုတ်တုတ်ပင်မလှုပ်ပဲ ဇိမ်ကျစွာဖြင့် လဲလျောင်းနေလျက်သာ ရှိသည်။
ဇူယွမ်မှာ နှုတ်ခမ်းအစုံအား ရှုံ့မဲ့လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ဦးခေါင်းထက်တွင် ရှိနေသော ထန်ထန်အား လျစ်လျုရှုထားလိုက်ရသည်။
ချူချင်းမှ ထန်ထန်အားကြည့်ကာ စကားဆိုလိုက်သည်။ "ထန်ထန်က တိုက်လည်းတိုက်ခိုက်နိုင်တယ်။ အရမ်းလည်း ချစ်ဖို့ကောင်းတယ်။ ဂျူနီယာညီတော် ဇူယွမ် မင်းသာထန်ထန်ကို ငါ့ကိုပေးမယ်ဆိုရင် ငါ့ရဲ့ရွေးချယ်ခံနေရာနဲ့တောင် အလဲအလှယ်လုပ်ချင်တယ်။"
လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများမှာ ချူချင်းအား မျက်စောင်းထိုးလိုက်ကြသည်။
ဇူယွမ်၏ ဦးခေါင်းပေါ်တွင် ဇိမ်ကျစွာဖြင့် အနားယူနေသော ထန်ထန်မှာလည်း ချုချင်းအား မထီမဲ့မြင်ပြုစွာဖြင့် တစ်ချက်မျှ ကြည့်ရှုလိုက်သည်။
ဇူယွမ်မှာလည်း ငိုရမလား၊ ရယ်ရမလားပင် မသဲမကွဲ ဖြစ်သွားရသည်။ သူသည် ရွေးချယ်ခံတစ်ဦး၏ နေရာအား အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိပေ။ ရွေးချယ်ခံဟူသော သတ်မှတ်ချက်သည် ထိုကဲ့သို့ စိတ်ရှိသလို လဲလှယ်နိုင်သော အရာမျိုးမဟုတ်ပဲ ကလန်ခေါင်းဆောင်ကိုယ်တိုင် ခန့်အပ်ထားသော ရာထူးမျိုးပင် ဖြစ်သည်။
ထို့အပြင် ယခုကဲ့သို့ လဲလှယ်ရန် ပြောဆိုနေသည်အား ကလန်ခေါင်းဆောင်ချင်းယန်မှသာ ကြားသိခဲ့ပါက ချူချင်းအား အလွန်ပင် ဒေါသထွက်ကာ ရိုက်နှက်နေလိမ့်မည်ပင် ဖြစ်သည်။
"ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။" လီချင်းချန်မှ စိတ်အလိုမကျဟန်ဖြင့် ပြောလိုက်သည်။ ချူချင်းသည် သူမအား ခေါင်းခဲစရာ ပြဿနာများစွာ ဖြစ်ပေါ်စေခဲ့ပြီးပင် ဖြစ်သည်။
ချူချင်းမှာ ရှက်ရွံ့စွာဖြင့် ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ "ဟားဟား...ငါကစနေတာပါ။ လာကြ...နောက်ဆုံးဂူထဲ ဝင်ကြည့်ကြရအောင်။"
ထိုစကားအား ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် ချုချင်းမှာ လျင်မြန်လှသောအရှိန်ဖြင့် လိုဏ်ဂူအတွင်း ဝင်ရောက်သွားတော့သည်။
အခြားသူများမှာလည်း ချူချင်း၏နောက်မှ လိုက်ပါသွားလိုက်ကြ၏။
အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ကန်ရွှမ်းကလန်၏ တပည့်များအားလုံး လိုဏ်ဂူအပြင်ဖက်သို့ စုစည်းရောက်ရှိနေကြပြီ ဖြစ်သည်။ ချူချင်းမှာ အရှေ့ဆုံးမှ ဦးဆောင်လျက် လိုဏ်ဂူအတွင်းသို့ ဦးစွာဝင်ရောက်သွားသည်။
ထိုလိုဏ်ဂူမှာ အလွန်ပင် ကျယ်ပြောလွန်းလှ၏။ သို့သော် အနက်ရှိုင်းဆုံး နေရာများအထိ ရှာဖွေပြီးသည့်နောက်တွင် လှိုဏ်ဂူမှာ မည်သည့်အရာမှ မရှိသည့် ဂလိုင်ပေါက်ကြီး တစ်ခုကဲ့သို့သာ ဖြစ်နေကြောင်း သိရှိလိုက်ကြရသည်။ လိုဏ်ဂူအတွင်း အရာဝတ္ထု တစ်ခုတစ်လေမှပင် တွေ့ရှိရခြင်း မရှိပေ။ သို့သော် လိုဏ်ဂူအတွင်းရှိ ချီစွမ်းအင်များမှာ အလွန်ပင် သန့်စင်လွန်းလှလေသည်။
"ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာက ဘယ်မှာလဲ။" လူတိုင်းမှာ စိတ်ရှုပ်ထွေးစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။ ဤနေရာသည် ရွှေရောင်မိကျောင်းနဂါးကြီးမှ စောင့်ရှောက်ထားသော အရေးအကြီးဆုံး နေရာတစ်ခု ဖြစ်ပါသော်လည်း မည်သည့်အရာမှ တွေ့ရှိရခြင်း မရှိချေ။
ချူချင်းမှာ စိတ်ရှုပ်ထွေးစွာဖြင့် သူ၏ပြောင်လက်နေသော ဦးခေါင်းအား ပွတ်သပ်လိုက်သည်။
ခုန်းရှန်နှင့် အခြားသော ရွေးချယ်ခံများမှာလည်း အလွန်ပင် စိတ်အလိုမကျ ဖြစ်နေရသည်။ ဤရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာအား ရရှိနိုင်ရန်အတွက် ၎င်းတို့အားလုံး အပြင်းအထန် ကြိုးစားခဲ့ကြရခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုလက်ရှိ အခြေအနေအား မည်သို့မျှပင် လက်မခံနိုင် ဖြစ်နေကြရ၏။
"ကျွန်မတို့ ဒီနေရာကို ရောက်လာတုန်းကတော့ ဒီမှာ ဘယ်သူမှ ရှိမနေဘူး။ ပြီးတော့ ကျွန်မတို့ ဒီနေရာကို ဝင်လာပြီးတာနဲ့ ထန်ထန်က ရွှေရောင်မိကျောင်းနဂါးကြီးနဲ့ တိုက်ရတော့တာပဲ။" ထန်းမုရှင်းမှ စကားဆိုလိုက်သည်။
"ငါတို့သေချာထပ်ရှာကြည့်ကြမလား။" ရွေးချယ်ခံတစ်ဦးမှ အကြံပြုလိုက်သည်။
ထိုအချိန်၌ ယောင်ယောင်မှာ တောင်နံရံတစ်ခုထံသို့ သွားရောက်ကာ သူမ၏လှပနူးညံ့သော လက်ချောင်းလေးများဖြင့် ထိတွေ့စေလျက် မျက်ဝန်းများကိုပိတ်ကာ အာရုံခံကြည့်လိုက်သည်။
လီချင်းချန်မှာလည်း ယောင်ယောင်အနီးသို့ ရောက်ရှိလာပြီးနောက် တောင်နံရံအား အာရုံခံကြည့်လိုက်သည်။ သို့သော် မည်သည့်ထူးခြားချက်မှ မခံစားမိသောကြောင့် မျက်မှောင်ကျုံ့လိုက်မိလေသည်။
"နံရံကိုဖြိုချလိုက်။" ယောင်ယောင်မှ လီချင်းချန်အားကြည့်ကာ ပြောလိုက်သည်။
လူတိုင်းမှာ ယောင်ယောင်အား နားမလည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။ ထိုအချိန်မှာပင် ရှမ့်ချွမ်ချူးမှ အရှေ့သို့ထွက်ကာ ပြုံး၍ပြောလိုက်သည်။ "ဒီလို ကြမ်းတမ်းတဲ့ အလုပ်တွေကို ငါ့တာဝန်ထားလိုက်ပါ။"
ရှမ့်ချွမ်ချူးမှာ တောင်နံရံရှေ့တွင် ရပ်လိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်သည်။ သူ၏ အသားအရေမှာ ကျောက်စိမ်းရောင်များ လင်းလက်လာပြီးနောက် အသွေးအသားမှာလည်း ငွေရောင်ခြည်အလင်းတန်းများဖြင့် တောက်ပသွားလေသည်။
ဇူယွမ်မှာ ရှမ့်ချွမ်ချူး၏ ခန္ဓာကိုယ်အား လေ့လာသုံးသပ်နေမိသည်။ ရှမ့်ချွမ်ချူး၏ အသားအရေမှ တောက်ပနေသော ကျောက်စိမ်းရောင်အလင်းတန်းနှင့် အသွေးအသားများအတွင်း လင်းလက်နေသော ငွေရောင်ခြည်အလင်းတန်းများမှာ ဇူယွမ်ထက် သိသာစွာပင် ပို၍ကြည်လင်နေသည်။
ထိုသည်မှာ အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်ပင် ဖြစ်သည်။
ဝုန်း.....
ရှမ့်ချွမ်ချူးမှာ ပြင်းထန်လှသောအရှိန်ဖြင့် တောင်နံရံအား ထိုးချလိုက်သည်။
ဒုန်း.....
ချက်ချင်းဆိုသလိုပင် တောင်နံရံတစ်ခုလုံးမှာ အက်ကွဲကြောင်းများ ပေါ်ပေါက်လာရပြီးနောက် ပြိုကျသွားရလေတော့သည်။
ချူချင်းမှာ ချီစွမ်းအင်အမျှင်တန်းတစ်ခုအား ထုတ်ဖော်၍ ပြိုကျသွားသော တောင်နံရံ အပိုင်းအစများအား ဖယ်ရှားစေလိုက်သည်။
လူတိုင်းမှာ တောင်နံရံအတွင်းဖက်အား ကြည့်ရှုလိုက်ကြသည်။ တောင်နံရံ အတွင်းပိုင်းသည် နီရဲနေသောအလင်းရောင်များဖြင့် အလွန်ပင် အပူရှိန် ပြင်းထန်လွန်းလှ၏။ ထိုနေရာ၌ ချော်ရည်ကန်တစ်ခု ရှိနေခြင်းပင် ဖြစ်သည်။
"ဒီနေရာမှာ တကယ်ကို တစ်ခုခု ရှိနေတာပဲ။" လီချင်းချန်မှ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
"ဒီတောင်နံရံတွေက သာမန်ကျောက်တွေနဲ့ လုပ်ထားတာ မဟုတ်ဘူး။ ဒီကျောက်တွေက ချီစွမ်းအင်တွေကို အာရုံခံလို့မရအောင် ပိတ်ဆို့ထားတာပဲ။" ချူချင်းမှ တောင်နံရံ အပိုင်းအစတစ်ခုအား သုံးသပ်ကာ စကားဆိုလိုက်သည်။
"ယောင်ယောင် ရှိနေလို့ တော်သေးတာပေါ့။" လီချင်းချန်မှ ပြုံးကာပြောလိုက်သည်။ ချူချင်းသည်ပင် တောင်နံရံအား အာရုံခံနိုင်ခဲ့ခြင်း မရှိပေ။ ယောင်ယောင်၏ အာရုံခံနိုင်စွမ်းမှာ ဤနေရာတွင် ရှိနေသော ရွေးချယ်ခံများ အားလုံးထက်ပင် သာလွန်ပေသည်။
တပည့်များမှာ လီချင်းချန်၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ထို့နောက် ၎င်းတို့အားလုံးမှာ ဂရုတစိုက်ဖြင့် ချော်ရည်ကန်၏ ထောင့်စွန်းသို့ သွားရောက်လိုက်ကြလေသည်။
တပည့်များမှာ ချော်ရည်ကန်၏ အလယ်တွင် ရှိနေသော နီရဲနေသည့် ကြာပန်းတစ်ပွင့်အား တွေ့ရှိလိုက်ကြရသည်။
"ရတနာက ဒီမှာပဲ။" ချူချင်းမှာ စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်အားပွတ်ကာ ပြောလိုက်သည်။
ကြည့်ရှုနေသော မျက်ဝန်းများစွာ၏အောက်၌ပင် ထိုကြာပန်းနီမှာ ဖြည်းညင်းစွာ ဖူးပွင့်လာလေသည်။ ယင်းကြာပန်း၏ အလယ်ဗဟို၌ မီးတောက်ငယ်တစ်ခု ရှိနေ၏။ ထိုမီးတောက်ငယ်ထံမှ ရောင်စဉ်ခုနစ်သွယ် အလင်းတန်းများ တောက်ပစွာ ထွက်ပေါ်နေလျက် ရှိသည်။
"ရောင်စဉ်ခုနစ်သွယ် ရတနာပဲ။"
လူတိုင်းမှာ ကြာပန်းထံမှ ထွက်ပေါ်နေသော ရောင်စဉ်ခုနစ်သွယ် အလင်းတန်းများအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုလိုက်ကြသည်။ ရောင်စဉ်ခုနစ်သွယ် ရတနာအား ရရှိထားပါက နတ်ဘုံခန်းဝါအဆင့်သို့ တက်ရောက်သည့်အချိန်တွင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုအား ဖွင့်လှစ်နိုင်လိမ့်မည်ပင် ဖြစ်သည်။
ရွေးချယ်ခံများ အကြား၌ပင် နတ်ဘုံခန်းဝါ ရတနာ၏ အကူအညီမပါဝင်ပဲ နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုအား ဖွင့်လှစ်နိုင်သူမှာ လွန်စွာရှားပါးလှပေသည်။
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ကြာပန်းနီမှာ ပန်းလွှာတစ်ခု ထပ်မံဖူးပွင့်လာသည်။ ထိုကြာပန်း၏ ကြာခွက်အတွင်း၌ ဆယ်ဂဏန်းနှင့်ချီသော ကြာစေ့များစွာ ရှိနေပြီး ၎င်းတို့မှာ ချော်ရည်ကန်အတွင်းမှ ပြင်းထန်လှသော ချီစွမ်းအင်များအား စုပ်ယူနေလျက် ရှိသည်။
ထို့နောက် ယင်းကြာစေ့များထံမှ သန့်စင်လှသော ချီစွမ်းအင်များအား ပြန်လည်ထုတ်လွှတ်ပေးလိုက်သည်။ ရွေးချယ်ခံများမှာ ထိုမီးလျှံကြာပွင့်အား ကြည့်ရှုနေရင်းဖြင့် သွားရေတမြားမြား ဖြစ်လာရလေသည်။
ထိုကြာစေ့များမှာ အမှန်တကယ်ပင် ရှားပါးလှသော မူလရတနာများပင် ဖြစ်သည်။
ချူချင်းမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် လက်ကြီးတစ်ဖက်အသွင်သို့ ပြောင်းလဲကာ ချော်ရည်ကန်အတွင်းမှ မီးလျှံကြာပွင့်အား ဆွတ်ခူးလိုက်သည်။
ချူချင်းမှာ မီလျှံကြာပွင့်အား ကြည့်ရှုကာ နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီးနောက် စကားဆိုလိုက်သည်။ "ကဲ....ငါတို့ရတနာတွေကို ဝေစုခွဲကြရအောင်။ လူတိုင်းလည်း ဒီအချိန်ကို မျှော်လင့်နေကြတာမလား။"