တိုက်ပွဲအလှည့်အပြောင်း
Vol. 48 Ch. 663
ဟွမ်ကျင်းကျိုးပြည်နယ်။
စစ်မြေပြင်တစ်ခုထက်တွင် နှစ်ဖက်သောတပ်ဖွဲ့တို့သည် တိုက်ပွဲကြမ်းကြမ်းတစ်ခုတွင် အသားကုန်ပါဝင်ဆင်နွှဲလျက်ရှိကာ အော်သံများက နားထိုင်းမတတ် ကောင်းကင်သို့တိုင် ပဲ့တင်ထပ်လျက်ရှိလေသည်။
ဤဒေသတစ်ဝိုက် အားအကောင်းဆုံးကျင့်ကြံရေးအင်အားစုဖြစ်သည့် ဓားဆင့်ခေါ်ဂိုဏ်းသည် အလံနဖူးစည်းများကို တလူလူလွှင့်ထူလျက် ဂြိုဟ်သားမျိုးနွယ်တို့အား ကောင်းကင်နှင့်ကမ္ဘာမြေ အမှောင်ဖုံးသွားလောက်အောင်ထိ အားကြိုးမာန်တက် တိုက်ခိုက်နေကြသည်။
အုံး အုံး အုံး
လက်သီးချင်းထိပ်တိုက်ဆုံရာမှ ထွက်ပေါ်လာသောပေါက်ကွဲသံများမှာ မိုးစက်မိုးပေါက်များအလား သိပ်သည်းထူထပ်လှကာ ကြားရသူအပေါင်းကို ကြောက်စိတ်ဖြင့်တုန်ရီနေစေသည်။
မျောက်ဘီလူးသတ္တဝါတို့မှာ တစ်ကောင်ပြီးတစ်ကောင် လတ်လတ်ဆတ်ဆတ်သွေးတို့ကိုထွေးထုတ်လျက် အနောက်သို့လွင့်ထွက်ကုန်လေသောကြောင့် နောက်ဘက်ရှိတပ်သားများမှာ စိတ်ရှုပ်ထွေးလာရတော့သည်။
"ချီးတဲ့မှ ဒီလူသားမျိုးနွယ်မိန်းမက ဘယ်လိုလုပ် အရမ်းစွမ်းအားကြီးနေရတာလဲ" အဖွဲ့ခေါင်းဆောင်ဖြစ်သူ သန်သန်မာမာ မျက်လုံးတစ်ဖက်ပါမျောက်ဘီလူးက မျက်နှာမသာမယာဖြင့် အံကြိတ်လျက်ပြောသည်။
ထိုအမျိုးသမီးမှာ အဝါရောင်ဂါဝန်ကိုဝတ်ဆင်ထားသော အရပ်ရှည်ရှည် ကိုယ်လုံးသွယ်သွယ် သခင်မလေးတစ်ဦးဖြစ်ပြီး ဆံပင်ရှည်များကို ရိုးရိုးသာစည်းနှောင်ထားကာ ကျောက်စိမ်းသားကဲ့သို့ ဖြူတင်းချောမွတ်သော နားရွက်နှင့်လည်တိုင်တို့အား လှစ်ပြထားလျက်ရှိသည်။ အသားအရည်မှာ ကြည်လင်ပြည့်ဖြိုးကာ လှပသောမျက်လုံးတစ်စုံသည် တောက်ပသက်ဝင်လျက်သားရှိ၏။ သူမသည် လက်သီးကို တိုက်ခိုက်ရေးဟန်အတိုင်း ကျစ်ကျစ်ပါအောင်ဆုပ်ထားလျက် ကျားသစ်မလေးတစ်ကောင်အလား ရဲစွမ်းသတ္တိအပြည့်ဖြင့် တိုက်ခိုက်နေလေသည်။
နောက်ဘက်မှဖြာထွက်နေသော ကြယ်ကိုးလုံးအလင်းတန်းတို့မှာ သူမ၏ပတ်ပတ်လည်ကို တောက်ပစွာလင်းဖြာစေကာ ထိုမိန်းကလေးအား ကောင်းကင်ကိုးထပ်မှ ဒဏ္ဍာရီလာနတ်သမီးအလား ထင်မှတ်မှားစေသည်။
ယခုအချိန်တွင် အန်းမြောင်ယိသည် သူမ၏ကြယ်တာရာမသေမျိုးခန္ဓာအားကိုးဖြင့် ကြယ်ကိုးလုံးကျင့်စဥ်ကို ကျင့်ကြံတတ်မြောက်ထားသည်။ သူမ၏ကျင့်ကြံဆင့်မှာ မသေမျိုးဘုရင်တစ်ပါးပင်မဖြစ်သေးသော်ငြား တိုက်ရည်ခိုက်ရည်မှာတော့ မသေမျိုးဘုရင်အဆင့်ကို ကျော်လွန်ပြီးလေပြီ။
အရှေ့ပိုင်းဒေသတွင် သူမ၏ဂုဏ်သတင်းသည် ရွှယ်ဝူဟန်အပြီး ဒုတိယလိုက်၍ကျော်ကြားကာ အပြင်လောကတွင် နတ်သမီးဟုန်ပြီးလျှင် အသန်မာဆုံးအမျိုးသမီးကျင့်ကြံသူဟု လူသိများလေသည်။
ဤအချိန်တွင် တာအိုပြည်နယ်ဆယ့်လေးခုလုံးသည် ပူးပေါင်းပုန်ကန်ဖို့ရာအစီအစဥ်ဖြင့် သန်မာအားကောင်းသောစွမ်းအားရှင်တို့ ရှေ့သို့ထွက်လာချိန်တန်ပြီဖြစ်၏။ သူမ၏ဦးဆောင်မှုအောက်တွင်ရှိသော ဓားဆင့်ခေါ်ဂိုဏ်းသည်လည်း ပူးပေါင်းရေးတွင်ပါဝင်ထားသောကြောင့် လက်ရှိမျောက်ဘီလူးအဖွဲ့ဖြင့် အသေအကျေ တိုက်ခိုက်နေရခြင်းပင်။
တိုက်ပွဲအစတုန်းက မျောက်ဘီလူးတပ်ဖွဲ့သည် ဆန်းကြယ်စွမ်းအားကိုအသုံးပြု၍ ကျင့်ကြံသူများ၏ ကျင့်စဥ်တို့ကို အသုံးမဝင်ဖြစ်စေပြီး သူတို့၏ကာယခွန်အားဖြင့် အသာစီးရနေစဥ် အန်းမြောင်ယိက ရုတ်တရတ်ပေါ်လာခဲ့ကာ တိုက်ပွဲ၏အခြေအနေကို တစ်ကိုယ်တည်းအားဖြင့်ပြောင်းပြန်လှန်၍ မျောက်ဘီလူးတပ်ဖွဲ့အား အရေးနိမ့်စေခဲ့လေသည်။
သူမထိုသို့လုပ်နိုင်ရသည့် အကြောင်းရင်းမှာ သူမ၏မွေးရာပါအားသာချက်သည်လည်း ကာယခွန်အားဖြစ်နေသောကြောင့်ပင်။
ကြယ်တာရာမသေမျိုးခန္ဓာ၏ အကြီးမားဆုံစွမ်းဆောင်ရည်မှာ ကြယ်တာရာတို့၏စွမ်းအားကို ကျင့်ကြံသူ၏ကာယခန္ဓာထဲ လွှဲပြောင်းထည့်သွင်းပေး၍ ထိုခန္ဓာကို အထပ်ထပ်သန့်စင်အားကောင်းစေခြင်းဖြစ်သည်။ ထိုစွမ်းရည်နှင့် ကြယ်ကိုးလုံးကျင့်စဥ်ကို ပေါင်းစပ်လိုက်သောအခါ အန်းမြောင်ယိ၏ကာယခန္ဓာအားတစ်ခုတည်းကပင် ဖိန့်ဖိန့်တုန်ကြောက်မက်ဖွယ်ရာကောင်းနေလေတော့၏။
လက်မောင်းသွယ်သွယ် ခြေတံနွဲ့နွဲ့လေးဖြင့် အမျိုးသမီးငယ်လေးမှာ အစွယ်ပါဒိုင်နိုဆောကြီးတမျှ ကြမ်းတမ်းခက်ထန်နေလိမ့်မည်ဟု မည်သူမှထင်မိမည်မဟုတ်။ ထိုမိန်းမလှလေးက အနားကပ်လာပြီး မျက်နှာချင်းဆိုင်တွင်ရပ်လိုက်သည်နှင့် သူမ၏အားသာချက်ဖြစ်သော ဒိုင်နိုဆောကဲ့သို့ခွန်အားကို ချက်ချင်းမြည်းစမ်းရမည်သာပင်။
ဤသို့ဖြင့် ထိုမျောက်ဘီလူးများမှာ စတီးပန်ကန်ပြားလေးများအလား တစ်ကောင်ပြီးတစ်ကောင်ကန်ထုတ်ခံရကာ ဒဏ်ရာအနာတရများစွာဖြင့် အော်ဟစ်ငိုကြွေးကုန်ရတော့၏။
အန်းမြောင်ယိ၏ လွှမ်းမိုးနိုင်မှုကို ကြုံတွေ့လိုက်ရစဥ်တွင် မျက်လုံးတစ်ဖက်ပါ မျောက်ဘီလူးခေါင်းဆောင်သည် ကြောက်စိတ်တို့စိမ့်တက်လာပြီး နဖူးမှ ချွေးအေးများစီးကျလာတော့သည်။
ထိုလူသားမိန်းမအား ကိုင်တွယ်ဖို့နည်းလမ်းကို သေချာစဥ်းစားရတော့မည်။
"နတ်သမီးအန်းက အရမ်းသန်မာတာပဲ။ ဒီမကောင်းဆိုးဝါးတွေနဲ့တောင် အားချင်းယှဥ်နိုင်နေပြီ။ လုံးဝနောက်ကျမကျန်ခဲ့ဘူးဟေ့"
"ဟုတ်ပါ့ကွာ ငါတို့မမလေးက စစ်နတ်ဘုရားမ ဆိုတဲ့နာမည်ရထားတာမပြောနဲ့၊ တကယ်လည်းထိုက်တန်တာကိုး"
"ဂိုဏ်းချုပ်က အရမ်းအံ့သြစရာကောင်းတာပဲ"
အန်းမြောင်ယိ၏ ထိရောက်သောတိုက်ကွက်တို့ကြောင့် ကျင့်ကြံသူအပေါင်းမှာ ယုံကြည်မှုတို့ပြည့်ဝကာ တိုက်ပွဲစိတ်ဓာတ်များ ကြွတက်လာကုန်ကြ၏။
"မမလေးက တကယ့်ကို မရပ်မနားစွမ်းအားကြီးလာတာပဲ" ဖန်းသယ်ကျန့် ရေရွတ်မိသည်။
ဤကာလများအတွင်း မမလေးမှာ ကျင့်ကြံရေးဘက်ကို အရူးတစ်ယောက်လိုလိုက်စားကာ မည်သည့်တိုက်ခိုက်နည်းကိုမဆို စလိုက်သည်နှင့် ပြည့်စုံသောအဆင့်ထိရောက်အောင် ကျင့်ကြံပြီး အဆုံးစွန်ထိကျွမ်းကျင်အောင် လေ့ကျင့်သည်။
ဖန်းသယ်ကျန့်မှာတော့ ထိုကြိုးစားမှုအားလုံးမှာ အကြီးအကဲယဲ့ကို အမီလိုက်ချင်သည့်စိတ်ကလေးကြောင့်ဖြစ်ကြောင်း နားလည်ထားပါသည်။
သူမလိုက်မမီနိုင်လျှင် ထိုသို့ကြီးမြတ်သောပုဂ္ဂိုလ်ကို ပန်းတိုင်တစ်ခုအဖြစ်သတ်မှတ်ထားခြင်းကား အရှုံးမရှိနိုင်ပါ။
ယခု အကြီးအကဲယဲ့တစ်ယောက် မသေမျိုးမဟာမိတ်ဟုခေါ်သောအဖွဲ့အစည်းတစ်ခုကို ဦးဆောင်ကာ အရှေ့ပိုင်းဒေသသို့ အားကောင်းစွာပြန်လည်ခြေချလာပြီး မဟာဂြိုဟ်သားမျိုးနွယ်တို့အား သုတ်သင်အပြစ်ပေးခြင်းစတင်နေသည်ဟု ကြားသိထားခြင်းကြောင့် လူတိုင်း အခွင့်အရေးကိုအမိဖမ်း၍ ပြန်လည်လူလုံးပြတိုက်ခိုက်ကြလေတော့၏။
တစ်ချိန်ကခံစားဖူးခဲ့သော တိုက်ပွဲစိတ်ဓာတ်တို့က သူတို့ခန္ဓာများကို တစ်ဖန်ပြန်လည်လောင်ကျွမ်းစေခဲ့လေပြီ။
ချကြတာပေါ့ကွာ။
"နောက်တစ်ကျော့"
အန်းမြောင်ယိသည် ထိုသို့ကြွေးကြော်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပျံထွက်သွားကာ ရန်သူတပ်ထဲထိုးခွဲဝင်ရောက်သွားသည်။ သူမ၏လက်သီးချက်များက ဥက္ကာခဲများအလား ပျံသန်းပျံ့နှံ့သွားကာ သူမရောက်ရှိသည့်နေရာတိုင်းတွင် အသွေးအသားများ စုတ်ပြဲလွင့်ပျံလျက် အော်သံငိုသံများက စီစီညံအောင်ထွက်ပေါ်လာကြသည်။
"ဒီစောက်ရူးမကတော့"
သူတို့၏စစ်တပ်ကြီးတစ်ခုလုံး တောင်ပြိုသည့်အလား တကွဲတပြားစီဖြစ်ကုန်သည်ကိုမြင်သော် ခေါင်းဆောင်မျောက်ဘီလူးမှာ စိုးရိမ်တကြီးဖြစ်ကာ ဒေါသလည်းတရှူးရှူးထွက်သည်။
ရုတ်တရတ် ဂြိုဟ်သားမျိုးနွယ်အင်အားစုနောက်တစ်ခု စစ်မြေပြင်တွင်ပေါ်လာပြီး အန်းမြောင်ယိ၏စစ်တပ်ဆီသို့ တည့်တည့်ဦးတည်လေသည်။
"သွားပြီ အဲ့ဒါ ဝိညာဥ်မျက်လုံးမျိုးနွယ်ပဲ"
ဖန်းသယ်ကျန့် လွှတ်ခနဲရေရွတ်မိလိုက်သည်။
"မဖြစ်ဘူး..." ကျင့်ကြံသူများ ချက်ချင်းပင် ဖြူဖပ်ဖြူရော်ဖြစ်ကုန်ကြသည်။
ထိုဝိညာဥ်မျက်လုံးမျိုးနွယ်တို့၏ ဆန်းကြယ်စွမ်းအားအကြောင်း သူတို့ကြားခဲ့ဖူးပြီးသားပင်။ အလွန်တရာမှကြောက်မက်ဖွယ်ကောင်းကာ ဖြေရှင်းနည်းမရှိသော စွမ်းအားမျိုးဖြစ်၏။
"ဟားဟား ငါတို့တပ်ကူတွေရောက်လာပြီ"
ခေါင်းဆောင်မျောက်ဘီလူးက ပျော်မြူးသွားဟန်ဖြင့် ပြောသည်။