အခန်း (၆၆၄)
Vol. 48 Ch. 664
သူ့စကားအဆုံးတွင် အဆုံးမဲ့စွမ်းအားဖြင့် လက်သီးဖြူဖြူလေးတစ်ခုက သူ့မျက်နှာထက် အားအပြည့်ဖြင့်ကျရောက်လာသည်။
ဘန်း
ပေါက်ကွဲသံတစ်ချက်ပါ ထပ်ဆင့်ပါလာသေး၏။
ခေါင်းပြတ်ကိုယ်ကြီးမှာ လည်ပင်းမှသွေးစိမ်းရှင်ရှင်ပန်းလျက် မြေပြင်ပေါ်လဲကျသွားတော့သည်။
"ဝိညာဥ်မျက်လုံးမျိုးနွယ်..."
အန်းမြောင်ယိ၏နဖူးထက်တွင် ချွေးအေးများအစီအရီသီးလျက်ရှိကာ သူမ၏ရင်အုပ်မို့မို့လေးမှာလည်း နိမ့်ချည်မြင့်ချည်။ မက်မွန်ပွင့်ရောင်မျက်လုံးလေးများကတော့ စစ်မြေပြင်ထက်မှ ဝိညာဥ်မျက်လုံးတပ်ဖွဲ့ကို စိုက်ကြည့်နေလျက်။
မျက်နှာလှလှလေးတွင် ရွံရှာစက်ဆုပ်ဟန်အပြည့်ဖြင့်။
မျောက်ဘီလူးတို့နှင့် ကာယခွန်အားပြိုင်ရသလိုမဟုတ်ဘဲ ဝိညာဥ်မျက်လုံးမျိုးနွယ်သည် သူတို့နှင့်အကြည့်ချင်းဆုံသူတိုင်းကို ထင်ယောင်ထင်မှားပုံရိပ်များထဲ မျောပါသွားစေနိုင်သည့်အစွမ်းရှိကာ စိတ်ကူးဖြင့်ပင် လှိမ့်နေအောင်နာကျင်သေဆုံးသွားအောင် လုပ်နိုင်စွမ်းရှိသည်။
ကြောက်စရာအကောင်းဆုံးမှာ သူတို့သည် ပစ်မှတ်၏စိတ်ကူးထဲ နှစ်ထောင်ပေါင်းများစွာကြာအောင် နှိပ်စက်ညှင်းပန်းခံလိုက်ရသည်ဟု ထင်မှတ်စေသော်ငြား လက်တွေ့ကမ္ဘာတွင် အချိန်တစ်စက္ကန့်သာကြာစေခြင်းပင်။
အန်းမြောင်ယိထိုအကြောင်းကို ထိုမျှကောင်းကောင်းသိနေရခြင်းအကြောင်းရင်းမှာ ဖခင်ဖြစ်သူ အန်းကျစ်ကျိုက်သည် ဓားဆင့်ခေါ်ဂိုဏ်း ဖိနှိပ်ခံထားရသည့်တစ်ချိန်တုန်းက ထိုဝိညာဥ်မျက်လုံးမျိုးနွယ်ထံမှ ထိုနည်းဖြင့်ညှင်းပန်းခံခဲ့ရသောကြောင့်။
ထိုနေ့က သူမ၏ဖခင် ဟောခန်းမထဲတွင် မပြောနိုင်မဆိုနိုင် ခုခံနိုင်စွမ်းကင်းမဲ့စွာဖြင့် စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ခြင်းကို ခံစားခဲ့ရသည့်မြင်ကွင်းအား သူမဘယ်တော့မှမေ့နိုင်တော့မည်မဟုတ်။ တရားခံကတော့ ကျေနပ်စွာရယ်မောလျက် ထွက်သွားခဲ့လေသည်။
ဖခင်ဖြစ်သူမှာ ယခုအချိန်ထိ စိတ်ပုံမှန်ပြန်မဖြစ်သေးကာ ငိုလိုက်ရယ်လိုက်နှင့် လက်တွေ့နှင့်စိတ်ကူးကို ခွဲခြားမရနိုင်သေးသော ဝေဒနာကို ခံစားနေရဆဲဖြစ်၏။
ဤသို့ဖြင့် ဓားဆင့်ခေါ်ဂိုဏ်း၏အုပ်ချုပ်မှုကို သူမလက်လွှဲယူခဲ့ရသည်။
ထိုအဖြစ်ကြောင့် အန်းမြောင်ယိသည် ဝိညာဥ်မျက်လုံးမျိုးနွယ်များကို နက်နက်ရှိုင်းရှိုင်းမုန်းတီးကာ ထိုဆန်းကြယ်စွမ်းအားကို အလွန်ကြောက်ရွံ့မိသည်။
ထိုဝိညာဥ်မျက်လုံးမျိုးနွယ်တို့ ချင်းနင်းဝင်ရောက်လာပြီး တိုက်ပွဲ၏ အနိုင်ရသူချိန်ခွင်လျှာမှာ တစ်ဖန်စောင်းငဲ့သွားပြန်လေသည်။
"ဟမ့် အဆင့်နိမ့်အရိုင်းကောင်တစ်သိုက်ကများ အောင်ပွဲကိုလိုချင်ရသေးတယ်လို့"
ခေါင်းဆောင်ဖြစ်သူသည် သားရေဝတ်စုံဝတ်ထားသော အရပ်ရှည်ရှည်အမျိုးသားတစ်ဦးဖြစ်ပြီး စိမ်းပြာရောင်ဆံပင်ရှိသည်။
မျက်လုံးများမှာ မင်ကဲ့သို့မည်းနက်ကာ တစ်မျိုးတစ်မည်ထူးဆန်းလေသည်။
"သူတို့နဲ့ မျက်လုံးချင်းမဆုံနဲ့" တစ်ယောက်ကအော်သည်။
ထိုသတိပေးချက်ကိုကြားသည်နှင့် ကျင့်ကြံသူအများ မျက်လုံးများကို ကမန်းကတန်းစေ့ပိတ်ကာ လှုပ်ရှားမှုများကိုအာရုံခံဖို့ နတ်ဘုရားအာရုံကိုသာ ထုတ်လွှင့်ထားလိုက်ကြ၏။
သို့သော် ထင်မထားစွာပင် စိမ်းပြာရောင်ဆံပင်ပိုင်ရှင်လူက လှောင်ရယ်လာသည်။
"တုံးအလိုက်ကြတာ ဒီလိုလုပ်ရင်ဘေးကင်းသွားလိမ့်မယ် ထင်တယ်ပေါ့။ ငါတို့ဝိညာဥ်မျက်လုံးကျင့်စဥ်က မြင်နေရတဲ့သူတိုင်းကို သက်ရောက်နိုင်စွမ်းရှိတယ်လေ"
ထို့သို့ပြောအပြီး သူကျင့်စဥ်ကို စတင်အသက်သွင်းတော့သည်။
မည်းနက်နေသောမျက်လုံးများက ထူးဆန်းသောအလင်းမှိန်မှိန်ဖြင့်တောက်ပလာကာ ရှေ့တွင်မျက်စိစုံမှိတ်ရှိနေကြသော ကျင့်ကြံသူတို့ကို စေ့စေ့စပ်စပ်လိုက်ကြည့်လေသည်။
ချက်ချင်းဆိုသလိုပင် ကျင့်ကြံသူအားလုံးမှာ အသိစိတ်လွတ်သွားကြဟန်ရှိကာ ထင်ယောင်ထင်မှားအတွေးများထဲ ကျရောက်သွားလေတော့၏။
"အား အား အား အား"
မကြာမီပင် ကြောက်မက်ဖွယ်အော်ဟစ်သံတို့ တစ်ခုပြီးတစ်ခုထွက်ပေါ်လာကာ လူအများမှာ နာကျင်မှုကြောင့် မြေပြင်ထက်လဲကျ၍ ပြင်းစွာတွန့်လိပ်တုန်ယင်ကာ ပါးစပ်မှအမြှုပ်များထွက်ကြလာကုန်သည်။
အသိသာကြီးပင် သူတို့အားလုံးသည် စိတ်ကူးဖြင့်ဖန်တီးထားသော ညှင်းပန်းနှိပ်စက်မှုများထဲကျရောက်လျက် စိတ်နှင့်ခန္ဓာ တိုက်ခိုက်ဖျက်ဆီးခံနေရခြင်းပင်။
"မြန်မြန် တစ်ခုခုနဲ့ကာလိုက်ကြ"
ဖန်းသယ်ကျန့်က ဒေါသတကြီးအော်ဟစ်ကာ သူ့ဝတ်ရုံလက်စကိုခါရမ်း၍ အညိုဖျော့အလင်းကာတစ်ခုဖြင့် သူ့ရှေ့တွင်အုပ်ကာထားလိုက်သည်။
ကျန်သူများလည်း ထိုနည်းဖြင့် ဝိညာဥ်မျက်လုံးတို့၏ရန်မှ ကာကွယ်ဖို့ကြိုးစားကြသည်။
ဆံပင်စိမ်းပြာဖြင့်အမျိုးသားက လှောင်ရယ်သည်။
"ရယ်ရသားပဲ ငါတို့ယဇ်ပူဇော်ဝိညာဥ်က လက်ဆင့်ကမ်းပေးထားတဲ့ မျက်လုံးကျင့်စဥ်ကို အဲ့လိုလေးကာရုံနဲ့ပြေးလွတ်မယ်လို့ ထင်နေကြတာလား"
ထို့နောက် ကျင့်စဥ်စွမ်းအားကို တိုးမြှင့်လိုက်ရာ နဖူးထက်အကြောများပင် ပြင်းစွာထောင်ထလာတော့၏။
ထိုဆန်းကြယ်သော မျက်လုံးနက်များသည် ဖန်းသယ်ကျန့်နှင့်ကျန်ကျင့်ကြံသူများ၏ ဘေးပတ်လည်တွင် အစုံလိုက်ပေါ်လာကြပြီး ကာရံထားသမျှအား ထိုးဖောက်ကြလေတော့သည်။
"ဘာ"
ထိုအချိန်တွင် လူတိုင်းဗရုတ်သုတ်ခများကြားထဲ ထင်ယောင်ထင်မှားကျင့်စဥ်ထဲသို့ ကျရောက်သွားကာ ချွေးဒီးဒီးကျလျက် နာကျင်မှုထဲ လူးလှိမ့်ရုန်းကန်ကြရတော့၏။
"အား"
အဆက်မပြတ်ထွက်နေသောအော်သံများက ကောင်းကင်နှင့်ကမ္ဘာမြေကို ဖုံးလွှမ်းပဲ့တင်သွားခဲ့သည်။
ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုပင်။
စိမ်းပြာရောင်အမျိုးသားသည် တစ်ကိုယ်တည်းအားဖြင့် ကျင့်ကြံသူစစ်တပ်ကြီးတစ်ခုလုံးအား အလဲလဲအပြိုပြိုဖြစ်အောင် ပြုစားနိုင်လေသည်။
ဝိညာဥ်မျက်လုံးမျိုးနွယ်တို့မှာ ထိုမျှကြောက်စရာကောင်းလှသည်ပင်။
စိမ်းပြာရောင်အမျိုးသားလည်း အတော်လေးပင်ပန်းနေဟန်ဖြင့် ချွေးရွှဲရွှဲနစ်ကာ မျက်လုံးမှသွေးတစ်ပေါက်စီးကျလာသည်။ သူ အသံနက်ကြီးဖြင့် ပြောလိုက်သည်။
"ဒီလူတွေကိုအကုန်လုံးကို ဖိနှိပ်ထားလိုက်။ နောက်ပြီး မိုင်းဆက်တူးဖို့ခိုင်းထား၊ မသေမချင်း မိုင်းတူးရမယ်သာမှတ်"
ထိုကျင့်စဥ်ကို အလွန်အကျွံအသုံးပြုလျှင် သူတို့မျက်လုံးလည်း ထိခိုက်တတ်သည်ပင်။
"ဟုတ်ကဲ့ ခေါင်းဆောင်"
သူ့ငယ်သားများသည် ကောက်ကျစ်သောအပြုံးများဖြင့် ဖန်းသယ်ကျန့်ဆီသို့ ဦးတည်ပြေးထွက်သွားကြ၏။
"ဆုတောင်းလေ"
ပြတ်သားသော အော်သံတစ်ချက်။
လေဟာနယ်ထဲတွင် ပုန်းကွယ်နေခဲ့သောအန်းမြောင်ယိသည် ရုတ်ချည်းဖောက်ထွက်လာကာ ကြယ်တာရာစွမ်းအင်ဖြင့် အရှိန်အဟုန်ကို အစွမ်းကုန်မြှင့်တင်လျက် တိုင်းတာ၍မရနိုင်သောအလင်းပြင်းအားဖြင့် လက်သီးများကို တစ်လုံးပြီးတစ်လုံး ပစ်သွင်းလိုက်သည်။ အားမာန်အပြည့်ဖြင့် ချီတက်လာသော နဂါးများအလား။
မျှော်လင့်မထားသော တိုက်ခိုက်မှုကြောင့် ဝိညာဥ်မျက်လုံးမျိုးနွယ်တစ်သုတ်မှာ ကျယ်ပြန့်သော ကြယ်တာရာလက်သီးစွမ်းအားဖြင့် တစ်ပြိုင်တည်းအရှင်းခံလိုက်ရတော့၏။