အခန်း (၆၆၅)
Vol. 48 Ch. 665
"သေစမ်း"
အန်းမြောင်ယိက တပ်ဖွဲ့တစ်ခုလုံးကို တစ်ခါတည်းသတ်ဖို့ကြံထားဟန်ဖြင့် အားအင်အပြည့်တိုက်ကွက်များအား တရစပ်ထုတ်လွှတ်သည်။
အန်းမြောင်ယိမှာ အတော်လေးသတ္တိရှိသည်ဆိုရမည်။ သူမသည် ပထမ သူမ၏ကိုယ်ကိုမမြင်အောင် ပုန်းကွယ်နေလိုက်ကာ ရန်သူဘက်မှအသာစီးရနေပြီး ပေါ့လျော့နေချိန်မှ အခွင့်အရေးကိုအရယူ၍ အပိုင်သတ်ဖြတ်သည်။
ထိုမျက်လုံးကျင့်စဥ်သာမရှိလျှင် ကျင့်ကြံဆင့်အားဖြင့် သာမန်ဆန်လွန်းလှသော ဝိညာဥ်မျိုးနွယ်များမှာလည်း တစ်ချက်သတိလွတ်သွားသည်နှင့် ခပ်လွယ်လွယ်ပင် အပြတ်ရှင်းခံလိုက်ရတော့သည်။
"ဘယ်ကအမှိုက်လဲ"
စိမ်းပြာရောင်ဆံပင်ပိုင်ရှင်အမျိုးသားမှာ ထိတ်လန့်ခြင်းနှင့်အတူ ဒေါသလည်းထွက်သွားဟန်ရှိကာ သူ၏မျက်လုံးကျင့်စဥ်ကို တစ်ဖန်ပြန်အသက်သွင်းပြီး ထွက်ပေါ်လာသောအမျိုးသမီးအား ဘက်ပေါင်းစုံမှချုပ်လှောင်ထားရန် ကြိုးစားသည်။
"မကောင်းတော့ဘူး"
အန်းမြောင်ယိသည် အန္တရာယ်အငွေ့အသက်ကို ပြင်းစွာခံစားမိလိုက်ပြီး သူမသည်လည်း ထင်ယောင်ထင်မှားများထဲကျရောက်တော့မည်ကို နားလည်လိုက်သည်။
ထိုအခိုက်အတန့်တွင် ခမ်းနားထည်ဝါပြီး အဆုံးမဲ့ နက်ရှိုင်းသောစွမ်းအားဖြင့်၊ နက်နဲပြီး နားလည်ရန်ခက်ခဲသော ဂါထာမန္တန်တစ်ခုသည် မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာခဲ့သည်။
ဤနက်ရှိုင်းသော ဂါထာသံ ထွက်ပေါ်လာသည်နှင့် ထင်ယောင်ထင်မှားပုံရိပ်များထဲ ကျရောက်နေသူတိုင်း အတင်းအကြပ် ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ၎င်းတို့၏ သတိစိတ်အစဥ်မှာ တဖြည်းဖြည်း ပြန်လည်ကြည်လင်လာကြသည်။
"ငါ ငါ မြားအစင်းတစ်သောင်းနဲ့ ထိုးဖောက်မခံလိုက်ရဘူးလား" ဖန်းသယ်ကျန့်မှာ ချွေးအေးများထဲနစ်ဝင်လျက်ရှိကာ မကုန်သေးသောကြောက်စိတ်ဖြင့် တုန်တုန်ရီရီရပ်ရင်း တွေဝေကြောင်ငေးနေဆဲရှိ၏။
အလားတူပင် ကျင့်ကြံသူအများစုသည်လည်း ယခုမှအသိစိတ်ပြန်ဝင်လာပြီး တွေဝေငေးမောနေမိကြဆဲ။
အဘယ်ကြောင့်ဆိုသော် ထိုထင်ယောင်ထင်မှားပုံရိပ်များထဲတွင် ၎င်းတို့သည် ထောင်ပေါင်းများစွာ သို့မဟုတ် သောင်းပေါင်းများစွာသော နှစ်များကို ကုန်လွန်ခဲ့ရပြီး ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုသည်လည်း အလွန်အမင်း နှိပ်စက်ခံရသောကြောင့် ထုံထိုင်းသွားခဲ့ကြသည်ပင်။
သို့ပေသည့် ထိုဂါထာရွတ်ဆိုသံအား နာကြားပြီးသော် ဖန်းသယ်ကျန့်နှင့်အခြားသူများ တဖြည်းဖြည်းပြန်လည်သက်သာလာကာ ဒဏ်ရာကြီးစွာရထားသော ဝိညာဥ်စိတ်အစဥ်သည်လည်း ပြန်လည်သက်သာကောင်းမွန်လာကြတော့၏။
"ဘာတွေဖြစ်နေတာလဲ"
ရုတ်တရတ်ဆန်သောပြောင်းလဲမှုကြောင့် စိမ်းပြာဆံပင်နှင့်အမျိုးသား ထိတ်လန့်တကြားဖြစ်လျက်။
ဂါထာရွတ်ဆိုနေသောသူမှာ ရိုရှင်းသောဝတ်စုံဖြင့် လူတို့ထက်သာလွန်သောခံစားချက်ကို ပေးစွမ်းနိုင်သည့် အမျိုးသမီးတစ်ဦးပင်။
ချင်ရူရန်သည် ရင်ဘတ်ရှေ့တွင် လက်သင်္ကေတတစ်ခုကိုဖော်ဆောင်ထားလျက် စကားလုံးများကို တိုးတိုးသက်သာရွတ်ဆိုလျက်ရှိကာ သူမခေါင်းထက်တွင် ပန်းသုံးပွင့်စုစည်းပေါ်ထွက်လျက် ခရမ်းရောင်ချီစွမ်းအင်က သူမအားရစ်ပတ်လွှမ်းခြုံထားသည်မှာ အလွန်မြင့်မြတ်သန့်စင်နေဟန်ပေါ်စေသည်။
"အဲ့ဒါ ငါတို့ကိုကယ်လိုက်တဲ့ နတ်သမီးပဲ" လူတိုင်းက အာမေဋိတ်ပြုကြသည်။
အန်းမြောင်ယိမှာတော့ ဆက်လက်အံ့သြမနေတော့ဘဲ သတိဝင်လာသည်နှင့် အခွင့်အရေးကိုအရယူလျက် ရန်သူများကို သုတ်သင်ရှင်းလင်းတော့သည်။
"အား"
ဝိညာဥ်မျက်လုံးမျိုးနွယ်များမှာ သူတို့၏မျက်လုံးကျင့်စဥ်ကို ဆုံးရှုံးသွားကြဟန်ရှိကာ သိုးငယ်လေးများကဲ့သို့ ခုခံနိုင်စွမ်းကင်းမဲ့စွာ အချိန်တိုအတွင်း အကုန်အစင် အသတ်ခံလိုက်ကြရတော့၏။
ဆံပင်စိမ်းပြာနှင့်အမျိုးသားမှာ ကံကြမ္မာကိုလက်မခံနိုင်သကဲ့သို့ စိတ်ပျက်အားငယ်စွာအော်ဟစ်နေသေးသည်။
"မဖြစ်နိုင်ဘူး ဒါလုံးဝမဖြစ်နိုင်ဘူး"
ဝိညာဥ်မျက်လုံးမျိုးနွယ်များ အသက်ရှင်ရပ်တည်ရန် အားကိုးရသော မျက်လုံးစွမ်းအင်ကို ယနေ့တွင် အမျိုးသမီးတစ်ဦးက ဂါထာလေးတစ်ပုဒ်သုံး၍ ချိုးဖျက်ပစ်နိုင်သည်ကို သူ မယုံနိုင်လှပေ။
“ဘာမှ မဖြစ်နိုင်စရာ မရှိဘူး” အန်းမြောင်ယိသည် အေးစက်စက်မျက်နှာထားဖြင့် သူ့ရှေ့သို့ လျှပ်တစ်ပြက်ရောက်လာပြီး လက်သီးပြင်းပြင်းတစ်ချက် ပစ်ထိုးလိုက်သည်။
“မလုပ်ပါနဲ့…” ကြောက်လန့်တကြား အကြည့်ဖြင့် ဆံပင်စိမ်းပြာအမျိုးသားသည် လက်သီးစွမ်းအားကြောင့် အပိုင်းပိုင်းပြဲထွက်သွားပြီး သွေးမှုန်အဖြစ်သို့ပြောင်းကာ လွင့်ပျယ်သွားခဲ့သည်။
တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။
လူတိုင်းသည် သက်ပြင်းရှည်ကြီးချလိုက်ကြပြီး သေဘေးမှ သီသီလေးလွတ်မြောက်ခဲ့ရသည်ဟု ခံစားလိုက်ကြရသည်။
“အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်သမီးလေး” ဖန်းသယ်ကျန့်က လေးစားမှုအပြည့်ဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။
အခြားသော ကျင့်ကြံသူများလည်း ကျေးဇူးတင်ကြောင်းပြသသည့်အနေဖြင့် ဦးညွှတ်လာကြသည်။
“လမ်းကြုံလို့ ဝင်ရောက်ကူညီခဲ့တာပါ၊ မပြောပလောက်ပါဘူး” ချင်ရူရန်၏ မျက်နှာထားသည် ပကတိတည်ငြိမ်နေပြီး သူမ ထုတ်လွှတ်လိုက်သော စွမ်းအင်မှာ အလွန်အားကောင်းလွန်းသောကြောင့် ထိုနေရာရှိ ကျင့်ကြံသူများသည် သူမအား တိုက်ရိုက်ပင် မကြည့်ရဲကြပေ။
သူမ၏ ပြန်လည်ရရှိထားသော မှတ်ဉာဏ်ထဲတွင် ဝိညာဥ်မျက်လုံးမျိုးနွယ်၏ မျက်လုံးစွမ်းအင်ကို တန်ပြန်ပယ်ဖျက်နိုင်သော ဂါထာတစ်ခု မတော်တဆ ရှိနေခဲ့သည်။ ဤဂါထာကို ရွတ်ဆိုလိုက်မည်ဆိုလျှင် လူတို့၏ စိတ်နှင့်ဝိညာဉ်ကို ထိရောက်စွာ သန့်စင်ပေးနိုင်ပြီး ထင်ယောင်ထင်မှားနယ်ပယ်ထဲမှ ကယ်ထုတ်ပေးနိုင်မည်ပင်။
သူမရှေ့မှ ရိုးရိုးစင်းစင်းဝတ်စုံနှင့် ကြော့ရှင်းသော အမျိုးသမီး၏ပုံပန်းကို ကြည့်ရင်း အန်းမြောင်ယိသည် မည်သည့်အခါကမှ မခံစားဖူးသော သိမ်ငယ်မှုကို ရုတ်တရက် ခံစားလိုက်မိရ၏။
ချင်ရူရန်၏ကိုယ်ပေါ်မှအရှိန်အဝါသည် ခန့်မှန်းမရအောင်နက်နဲကာ စိတ်ကူးမရအောင် စွမ်းအားကြီးမည်ဖြစ်ကြောင်း သူမခံစားမိနေသည်။
တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့သော အမျိုးသမီးကျင့်ကြံသူပင်။
အန်းမြောင်ယိက စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံးထိန်းချုပ်ပြီး တလေးတစားမေးမြန်းလိုက်သည်။
"အကြီးအကဲက အလယ်ပိုင်းဒေသကလားဆိုတာ သိလို့ရမလားရှင်"
"ဟုတ်ပါတယ်"
ချင်ရူရန်က ခပ်တိုးတိုးဖြေသည်။
ထင်ထားသည့်အတိုင်းပင်။
မြင့်မြတ်သန့်စင်လှသော ကျင့်စဥ်ဖြင့် ထိုမျှအင်အားကြီးသည့်စွမ်းအားရှင်မှာ အလယ်ပိုင်းဒေသကလာခြင်းသာ ဖြစ်နိုင်သည်လေ။
ထိုစဥ် အန်းမြောင်ယိက တစ်စုံတစ်ခုကိုတွေးမိသည့်အလား နှုတ်ခမ်းကိုအသာကိုက်လျက် ပြောလိုက်သည်။
"ကျွန်မအဖေလည်း ဒီဝိညာဥ်မျက်လုံးမျိုးနွယ်တွေဆီက တိုက်ခိုက်ခံရပြီး စိတ်ကယောက်ကယက်ဖြစ်နေရှာတာပါ"
"အကြီးအကဲသာ ကျွန်မအဖေကိုကုသပေးနိုင်မယ်ဆိုရင် ကျွန်မတို့ဓားဆင့်ခေါ်ဂိုဏ်းက ရက်ရက်ရောရော ကျေးဇူးဆပ်ပါ့မယ်ရှင်"
အန်းမြောင်ယိက လက်သီးဆုပ်အရိုအသေပြုရင်း တောင်းဆိုသည်။
ဖန်းသယ်ကျန့်သည်း အကြီးအကျယ်စိုးရိမ်နေလျက်။ ဂိုဏ်းချုပ်၏အခြေအနေကို သူလည်းစိတ်ပူနေရပြီး ဤနတ်သမီးလေးမှလည်း ကုသပေးချင်စိတ်ရှိမရှိ မသိနိုင်သေးပေ။
အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ချင်ရူရန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
“လုပ်ပေးနိုင်ပါတယ်။”
သူမသည် အန်းမြောင်ယိ၏ စွမ်းဆောင်ရည်ကို ယခုလေးတင် မြင်ခဲ့ရသည်။ မိန်းကလေးမှာ အလွန်ရဲရင့်ပြီး ရက်စက်ပြတ်သားမှုသည် သူမယခင်က မြင်ဖူးခဲ့သော အမျိုးသမီးကျင့်ကြံသူများနှင့် လုံးဝကွဲပြားသောကြောင့် မိန်းကလေး၏ကိုယ်ရေးကိုယ်တာအထိ ကူညီပေးလိုခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ" အန်းမြောင်ယိလည်း ဝမ်းသာအားရဖြင့် ကျေးဇူးစကားဆိုလိုက်သည်။
"ကောင်းလိုက်လေ"
ဓားဆင့်ခေါ်ဂိုဏ်းမှာ ကျင့်ကြံသူအပေါင်းလည်း နှစ်ထောင်းအားရဖြစ်ကုန်ကြလျက်။
…