လူမျိုခြင်း
Vol. 48 Ch. 666
အပြင်ကမ္ဘာကြီးတစ်ခုလုံး စစ်မြေပြင်ဖြစ်နေချိန်တွင် ယဲ့ကျွင်းလင်ကတော့ လိပ်ပြာမလေးလမ်းညွှန်လိုက်သည့် ဦးတည်ချက်အတိုင်း ဝိညာဥ်မျက်လုံးမျိုးနွယ်စခန်းဆီသို့ ချဥ်းကပ်ခဲ့လေသည်။
ဝိညာဥ်မျက်လုံးမျိုးနွယ်စခန်း၏ လေထုမှာမူ အတော်လေးမှိုင်းညို့အုပ်ဆိုင်းနေသည်ပင်။ စစ်မြေပြင်ဆီမှ သူတို့သတင်းတစ်ခုလက်ခံရရှိထားသောကြောင့်ဖြစ်၏။ ရိုးရိုးရှင်းရှင်းဝတ်စုံဖြင့် ထူးဆန်းသောအမျိုးသမီးတစ်ဦးပေါ်လာပြီး ဂါထာတစ်ပုဒ်ကိုရွတ်ဆိုရုံဖြင့် ဝိညာဥ်မျက်လုံးမျိုးနွယ်တို့၏ ဆန်းကြယ်စွမ်းအားကို ပိတ်သိမ်းလိုက်သောကြောင့် မျိုးနွယ်စုစစ်သည်အမြောက်အများ ခုခံနိုင်ခြင်းကင်းမဲ့စွာ အတုံးအရုံး ကျဆုံးခဲ့ကြရသည်ဟု။
မျိုးနွယ်စုခေါင်းဆောင်အိုကြီးက ယဇ်ပလ္လင်ထက်မှ ယဇ်ပူဇော်ဝိညာဥ်အား အကျိုးအကြောင်း လျှောက်တင်လျက်ရှိသည်။
ဝိညာဥ်မျက်လုံးမျိုးနွယ်တို့ ပူဇော်ကိုးကွယ်သော ယဇ်ပူဇော်ဝိညာဥ်သည် နက်ပြာရောင်အသားအရည်နှင့် ကြောက်မက်ဖွယ် ကလေးငယ်သဏ္ဌာန်ရှိပြီး အလောင်းခြုံအဝတ်စကိုခြုံလွှမ်းထားသည်။
၎င်း၏ခန္ဓာကိုယ်သည် နတ်ဆိုးဆန်၍ ထူးဆန်းသောချီစွမ်းအင်တစ်မျိုးကို ထုတ်လွှတ်နေကာ သာမန်အဆင့်မျှသန်မာရုံ ကျင့်ကြံသူတစ်ဦးဆိုလျှင် ထိုအငွေ့အသက်ကို ထိတွေ့မိရုံမျှဖြင့် ချက်ချင်းစိတ်လွတ်ရူးသွပ်သွားမည်ဖြစ်ကာ မိမိကိုယ်ကို အသက်ဆုံးသည်အထိ ထိခိုက်စေလိမ့်မည်။
"မင်းဆိုလိုတာက ငါမင်းတို့ကိုလက်ဆင့်ကမ်းပေးထားတဲ့ အဲ့ဒီစွမ်းအားကို ချိုးဖျက်နိုင်တဲ့လူသားမိန်းမတစ်ယောက် ပေါ်လာတယ်ပေါ့"
စူးရှအက်ကွဲနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
ပလ္လင်၏အလယ်တွင် တင်ပျဥ်ချိတ်ထိုင်နေသော သန္ဓေသားဝိညာဥ်၏ မျက်လုံးများမှာ တအံ့တသြဖြစ်သွားဟန်ရှိ၏။
ထိုသတင်းစကား အမှန်လည်း အံ့သြဖွယ်ကောင်းနေသည်ပင်။
"ငါမှတ်မိပြီ။ အရင်တုန်းက ငါ့ကို ထူးဆန်းတဲ့ဂါထာတစ်ပုဒ်နဲ့ အနိုင်ယူသွားဖူးတဲ့ အပေါစားမိန်းမတစ်ယောက်ရှိတယ်။ အဲ့ဒီဂါထာက စိတ်ဝိညာဥ်တွေကို တည်ငြိမ်စေနိုင်တဲ့အတွက် ငါ့စွမ်းအားနဲ့ဖောက်ထွင်းလို့မရခဲ့တာ"
သန္ဓေသားဝိညာဥ်၏အတွေးထဲတွင် ရှည်ကြာညောင်းလှသောတစ်ချိန်မှ မှတ်ဉာဏ်များပြန်ပြောင်းထွက်ပေါ်လာခဲ့သည်။ လောကကြီးတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်ခဲ့သော ဧကရီဖူယောင်၏ ရိပ်သည် သူကို ပြန်တွေးလိုက်ရုံမျှဖြင့် ယခုထိတိုင် ကြောက်ရွံ့တုန်လှုပ်စေပြီး ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းဖြန်းထစေဆဲ ဖြစ်သည်။
"မဟုတ်တာ၊ သူမဖြစ်နိုင်တာပါဘူး။ အဲ့ဒီအပေါစားမိန်းမက မရဏမျိုးနွယ်သူတော်စင်တွေနဲ့ အာကာသထဲမှာတိုက်ပွဲဖြစ်အပြီး သူ့ကိုယ်သူဖျက်ဆီးဖောက်ခွဲသွားပြီးခဲ့ပြီ"
ထိုအကြောင်းကိုပြန်တွေးလိုက်သည်နှင့် သန္ဓေသားဝိညာဥ်၏မျက်လုံးများမှာ သွေးရောင်ရဲရဲနီလာကာ ပေါက်ကွဲထွက်တော့မတတ် လက်လက်ထလာပြီး ရုပ်ဆိုးလှသောမျက်နှာရှုံ့ရှုံ့လေးသည်လည်း ရုန့်ရင်းကြမ်းကြုတ်လာဟန်ရှိ၏။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူသည် ထိုမရှုမလှ ရှုံးနိမ့်မှုကို မမေ့နိုင်သေး။ ဘဝတွင် အကြီးမားဆုံးသော အရှက်ရစရာဟုပင်ဆိုနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် ရန်သူသည် ပြန်လည်ရှင်သန်ရန် မဖြစ်နိုင်တော့သည်အထိ သေဆုံးပျောက်ကွယ်သွားခဲ့လေပြီ။
သို့ဆိုလျှင် ထိုထူးဆန်းသောအမျိုးသမီးကား မည်သူနည်း။
သန္ဓေသားဝိညာဥ်သည် အကြာကြီးအချိန်ယူစဥ်းစားနေရင်း ထိုအမျိုးသမီးမှာ ဧကရီဖူယောင်ချန်ခဲ့သော မျိုးဆက်တစ်ဦးသာဖြစ်နိုင်သည်ဟု အကျဥ်းချုပ်တွက်ဆလိုက်သည်။
ဒီတစ်ခုပဲ ဖြစ်နိုင်ချေရှိတော့တယ်။
"ဟမ့် ဖူယောင်၊ မင်းလည်း ဝှက်ဖဲတစ်ချပ်ချန်ထားခဲ့လိမ့်မယ်လို့ ငါမတွေးမိခဲ့ဘူးပဲ။ ခွင်းလွင်ရဲ့ဘုန်းအသရေကို ပြန်လည်အဖတ်ဆယ်ဖို့ ဆက်ခံသူတစ်ယောက်ကိုတောင် ပျိုးထောင်ထားခဲ့သေးတယ်ပေါ့"
"စိတ်မကောင်းစရာကတော့ အဲ့ကလေးမ ဒီ့ထက်ပိုပြီးကြီးပြင်းလာနိုင်တော့မှာမဟုတ်ဘူး"
"ငါမင်းရဲ့ အဲ့ဒီတပည့်မကိုရှာပြီး မင်းငါ့အပေါ် လုပ်ခဲ့တဲ့ပြစ်ဒဏ်တွေအတွက် အဆပေါင်း ထောင်ချီသောင်းချီ ပြန်ပေးဆပ်ရစေ့မယ်"
"အသက်သေသွားဖို့ကို အခါခါဆုတောင်းနေရရင်း မသေနိုင်တဲ့အဖြစ်မျိုး ကြုံတွေ့ရစေ့မယ်။ နောက်ဆုံးမှာတော့ ငါတို့မျိုးနွယ်တစ်ခုလုံးရဲ့ ဖျော်ဖြေရေးအတွက်အသုံးချပစ်မယ်။ ဟီးဟီးဟီးဟီး...."
ကြက်သီးထဖွယ် အက်ရှရှရယ်သံသည် အလွန်တရာ ယုတ်မာပက်စက်လှ၏။
"အရှင်ယဇ်ပူဇော်ဝိညာဥ်ခင်ဗျာ၊ မဟုတ်မှ ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်ဖို့ စီစဥ်နေတာများလား"
ဝိညာဥ်မျက်လုံးမျိုးနွယ်စုခေါင်းဆောင်က ဝမ်းသာအားရမေးလာသည်။
သူ့မျက်လုံးထဲတွင်မူ ယဇ်ပူဇော်ဝိညာဥ်သည် သူတို့၏ကိုးကွယ်ရာဘုရားသာဖြစ်၏။
ထိုဘုရားလိုလူက ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်တော့မည်ဆိုပါလျှင် ထိုအောက်တန်းစားလူသားများအတွက် အနိုင်ရဖို့ အခွင့်အရေးတစ်ခုပင်ရှိမည်မဟုတ်။
"ဒီတစ်ကြိမ်ကထူးခြားတာမလို့ ငါကိုယ်တိုင်သွားရမယ်"
သန္ဓေသားဝိညာဥ်သည် အဓိပ္ပာယ်ပါပါပြုံးရင်း ပလ္လင်ထက်မှထရပ်လိုက်သည်။
ထိုရန်သူဟောင်း၏ အဖိုးတန်တပည့်မကို ဖမ်းယူနှိပ်စက်ကာ အဆုံးစွန်ထိအရှက်ခွဲသိက္ခာချဖို့ မစောင့်နိုင်တော့ချေ။
ထို့နောက် သန္ဓေသားဝိညာဥ်သည် ပလ္လင်ထက်မှရုတ်ချည်းပျောက်ကွယ်ကာ မိုင်သန်းချီအဝေးတစ်နေရာတွင် လှစ်ခနဲပြန်ထွက်ပေါ်လာသည်။
"ဟမ် အဲ့ဒီကလေးပေါက်စက ထွက်ပြေးဖို့ကြံနေတာလား"
ထူးဆန်းသောချီစွမ်းအင်တစ်သုတ် ဖြတ်ပြေးသွားသည်ကိုခံစားမိလိုက်သဖြင့် ယဲ့ကျွင်းလင်၏မျက်လုံးများ မဆိုစလောက်ကျဥ်းမြောင်းသွားကာ အနောက်မှအမြန်လိုက်သည်။
သန္ဓေသားဝိညာဥ်သည် သောင်းချီမသေမျိုးတောင်တန်းနယ်နိမိတ်မှ အမြန်ထွက်ခွာဖို့ပြင်နေစဥ် အနောက်မှ အားကောင်းသောချီစွမ်းအင်လှိုင်းတစ်ခုက သူ့အား ချုပ်ကိုင်ဆွဲထားသည်ကို ခံစားမိလိုက်၏။
"ဘယ်သူလဲ"
သန္ဓေသားဝိညာဥ်မှာ ထိတ်လန့်မှုနှင့်အတူ ဒေါသလည်းထွက်ကာ ဆံပင်များပင်ထောင်သွားရသည်။
သူ့အရှေ့တွင် လူငယ်တစ်ယောက်သည် လေဟာနယ်ကိုဆုတ်ဖြဲ၍ထွက်ပေါ်လာကာ ရှည်လျားပျံ့လွင့်နေသော ငွေဖြူရောင်ဆံပင်များဖြင့် ကျက်သရေရှိ၍ လွတ်လပ်ပေါ့ပါးသောကိုယ်ဟန်အမူအရာရှိသည်။ ချောမော့ခံ့ညားသောမျက်နှာထက်မှ ခပ်ထေ့ထေ့မျက်လုံးများက သူ့ကိုစူးစိုက်ကြည့်နေလျက်။
"မင်္ဂလာပါ"
ယဲ့ကျွင်းလင်က အပြုံးဖြင့်နှုတ်ဆက်လိုက်သည့်ဟန်မှာ ရန်လိုခြင်းစိုးစဥ်းမရှိ မိတ်ဆွေဖွဲ့ဖို့ရောက်လာသည့်အလား။
"မင်းဘယ်သူလဲ၊ ငါ့နောက်ကိုတောင် လိုက်လာရဲတယ်ပေါ့"
သန္ဓေသားလောင်း၏မျက်နှာထားမှာ ရန်လိုကြမ်းတမ်းလျက်ရှိကာ သွားချွန်ချွန်များကိုပင် ပါးစပ်အပြည့်ထုတ်ပြလိုက်သေး၏။
ဘာကြောင့်ရယ်မပြောတတ်ပေသည့် ထိုလူငယ်ပေါ်လာသည့်အချိန်မှစ၍ သူ့နှလုံးသားသည့် တစ်စုံတစ်ခုကိုသတိပေးနေသည့်အလား တင်းကျပ်လာသည်ပင်။
တစ်ဖက်လူမှာ အလွန်အန္တရာယ်ကြီးသောရန်သူဖြစ်ကြောင်း သတိပေးနေသကဲ့သို့။
သူမသိသည့်တစ်ချက်မှာတော့ သူနှင့်မျိုးတူပေါက်ဖော်တစ်ယောက်ပင် ထိုလူငယ်၏လက်ထဲ မကြာသေးခင်က သေဆုံးသွားခဲ့ပြီးလေပြီဖြစ်ကြောင်း။
အတော်လေး ဆိုးဝါးရက်စက်သော အဆုံးသတ်တစ်ခုဖြစ်ခဲ့သည် မဟုတ်လော။
"ကျုပ်က ယဲ့ကျွင်းလင်၊ မသေမျိုးတာအိုမဟာမိတ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပါ" ယဲ့ကျွင်းလင်က ခပ်ဖျော့ဖျော့ပြုံးလျက် မိတ်ဆက်သည်။
"မသေမျိုးတာအိုမဟာမိတ်ခေါင်းဆောင်တဲ့လား"
ထိုဘွဲ့နာမည်အား ကြားလိုက်ရချိန်တွင် သန္ဓေသားဝိညာဥ်၏အကြည့်မှာ ချက်ချင်းပြောင်းလဲသွားသည်။
ရှေးဟောင်းခေတ်တွင် မွေးဖွားရှင်သန်ခဲ့သော သက်ရှိသတ္တဝါတိုင်း ထိုနာမည်၏သဘောတရားကို ကောင်းကောင်းနားလည်သည်။
ဧကရာဇ်ထျန်းကဲ့သို့ အင်အားကြီးစွမ်းအားရှင်တစ်ပါးပင် မသေမျိုးမဟာမိတ်တပ်ကိုဖွဲ့စည်းကာ မဟာမိတ်ခေါင်းဆောင်အဖြစ် တစ်စင်ထူချင်ပါသော်ငြား ကျန်စွမ်းအားရှင်သုံးဦး၏ တစ်စုတစ်စည်းတည်းသောဆန့်ကျင်မှုကြောင့် နောက်ပိုင်းတွင် အသံတောင်မထွက်ရဲတော့သည်အထိ ငြိမ်ဝပ်သွားခဲ့သည်ပင်။
သို့တိုင် ယနေ့ခေတ်အချိန်ခါတွင် မသေမျိုးတာအိုမဟာမိတ်ခေါင်းဆောင်ဟု သူ့ကိုယ်သူကင်ပွန်းတပ်ရဲသောသူ ရှိနေခဲ့သည်လော။
သန္ဓေသားဝိညာဥ်သည် ယဲ့ကျွင်းလင်ကို ဝေဖန်ကဲ့ရဲ့ဟန်ဖြင့် စေ့စေ့စပ်စပ်ကြည့်ရှုလိုက်ပြီး လှောင်ရယ်သည်။
"မင်းဟာမင်း အစစ်နေနေ အတုနေနေ ငါဂရုမစိုက်ဘူး။ ငါ့အိမ်တံခါးဝထိရောက်လာပုံထောက်ရင်တော့ အပြင်လောကကိစ္စတွေမှာဝင်မပါဖို့ ငါ့ကိုလာစည်းရုံးညှိနှိုင်းတာများလား"
"ဒီလိုဆိုရင်တော့ စိတ်ပျက်စေမိပါပြီလို့ပဲ ပြောရတော့မယ်"
တစ်ဖက်လူသည် မသေမျိုးမဟာမိတ်ခေါင်းဆောင်မကလို့ ခေါင်းဆောင်၏ဘိုးအေဖြစ်နေပါစေ၊ သူကတော့ ကြောက်ရွံ့ပေးနေမည်လည်းမဟုတ်သလို နာခံပေးဖို့လည်းစိတ်ကူးမရှိ။
"မိတ်ဆွေလေး အထင်လွဲနေပြီနဲ့တူပါတယ်။ ကျုပ်ကဒီတိုင်း သတ်ဖို့သက်သက် အထူးတလည်လာခဲ့တာပါ။ ကြီးသူကိုရိုသေ ငယ်သူကိုသနားဆိုတဲ့စကားအတိုင်း နောက်ဆုံးစကားလေးတစ်ခွန်းတော့ ပြောခွင့်ပြုလိုက်ပါ့မယ်။ ဘာများမှာကြားခဲ့ချင်ပါသလဲခင်ဗျာ"
ယဲ့ကျွင်းလင်၏ မျက်နှာထက်မှအပြုံးလေးကတော့ နွေဦးလေညင်းအလား လတ်ဆတ်နွေးထွေးနေဆဲပင်။
သန္ဓေသားဝိညာဥ်: "?"
နောက်တစ်စက္ကန့်အကြာတွင် ၎င်းသည် သွားကြိတ်သံတကျိကျိဖြင့် အစွယ်များကိုဖြဲထုတ်၍ အနက်ရောင်ချီစွမ်းအင်များက သူ့ခေါင်းထိပ်မှ ဒေါသနှင့်အတူ တလူလူတက်လာတော့သည်။
ဒီကောင် အရမ်းရဲတင်းနေပါလား။
ငါက ဒဏ္ဍာရီလာ ရှုပ်ထွေးနတ်ဆိုးဝိညာဥ်ပဲကွ။ မင်းလိုကောင်လေးတစ်ကောင်က သတ်ချင်တိုင်းသတ်လို့ရတဲ့သူထင်နေလား။
"လူသားမျိုးနွယ် မင်းပြောခဲ့တဲ့စကားတွေနဲ့ လုပ်ရပ်တွေအတိုင်း ပြန်ပေးဆပ်ရလိမ့်မယ်"
သန္ဓေသားဝိညာဥ်သည် ဒေါသချောင်းချောင်းထွက်နေပြီဖြစ်ကာ သူ့အကြည့်များက ယဲ့ကျွင်းလင်ဆီတွင် မလှုပ်မယှက်တည်မြဲနေလျက် ထိုမျက်လုံးများအတွင်းမှ သွေးနီရောင်အလင်းတန်းတို့ ဖြာထွက်လာခဲ့သည်။
ရုတ်တရတ် ကမ္ဘာ၏လည်ပတ်မှုကို ယဲ့ကျွင်းလင်ခံစားလိုက်ရသည်။
အခိုက်အတန့်မျှ မူးဝေသွားသော်ငြား မကြာမီပင် ပြန့်ကျဲဝေဝါးသွားသောမျက်ဆံတို့ ပြန်လည်စုစည်းတည်မြဲလာပြီး ထိုမျက်ဆံများအတွင်း ဓားစိတ်ဆန္ဒစွမ်းအင်၏ အမျှင်အတန်းတို့က ဝေ့ဝဲတည်ရှိနေခဲ့သည်။
သူ၏ ပြိုင်ဘက်ကင်းဓားနှလုံးသားက သန္ဓေသားဝိညာဥ်၏ ထင်ယောင်ထင်မှားပြကွက်များကို ချိုးဖျက်လိုက်ပြီး ယဲ့ကျွင်းလင်ကို ကာကွယ်လိုက်ခြင်းပင်။
"မဖြစ်နိုင်တာ"
သူ၏အကျွမ်းကျင်ဆုံး လူသတ်နည်းက ကျရှုံးသွားခဲ့သဖြင့် သန္ဓေသားဝိညာဥ် အကြီးအကျယ်ထိတ်လန့်သွားသည်။
တစ်ချိန်က ဧကရီဖူယောင်နှင့်တိုက်ခိုက်စဥ်ကပင် သူမသည် ထိုတိုက်ကွက်ကိုချိုးဖျက်ဖို့ ဂါထာတစ်ပုဒ်တော့ရွတ်ဆိုရသည်သာ။ သို့သော် ဤလူငယ်လေးကတော့ ဘာဆိုဘာမှမရွတ်ဆိုလိုက်ဘဲ အကောင်းအတိုင်းသာကျန်ရစ်ခဲ့လေသည်။
"ဟဲဟဲ မင်းလည်းတော်တော့တော်ပါတယ်၊ ဒါပေမဲ့ လိုသေးတယ်"
ယဲ့ကျွင်းလင်က လှောင်ရယ်လိုက်ပြီး လက်တစ်ဖက်ကိုဆန့်ထုတ်၍ ခပ်ဖြည်းဖြည်းဆုပ်လိုက်သည်။ ထိုလက်သီးသည် နေမင်းကြီးတစ်စင်းအလား ထူးကဲစွာထွန်းလင်းတောက်ပနေပြီး ဘေးပတ်ပတ်လည်တွင် ဥပေဒစွမ်းအားမြောက်များစွာဖြင်ဝန်းရံထားကာ အဆုံးမရှိစွမ်းအားများပါဝင်နေ၏။
"ဉာဏ်စမ်းမေးမယ်။ မင်းဒီလက်သီးနဲ့ထိရင် ချက်ချင်းသေမလား၊ ဒါမှမဟုတ် သေခါနီးဆဲဆဲလေးဖြစ်သွားမလား"
ထိုလက်သီးကိုမြင်သော် သန္ဓေသားဝိညာဥ်၏မျက်လုံးများမှာ ထိတ်လန့်စွာဖြင့် ထွက်ကျတော့မတတ်ပြူးကျယ်လာကာ မျက်နှာအမူအရာမှာ မယုံကြည်နိုင်ဟန်ရှိ၏။
ငါဘာကိုမြင်လိုက်ရတာလဲ။
အဲ့ဒီကောင်ငယ်လေးက မသေမျိုးသူတော်စင်ကျင့်ကြံဆင့်ကို ထုတ်သုံးနေနိုင်တာလား။
"မဖြစ်နိုင်တာ၊ လက်ရှိကောင်းကင်တာအိုစည်းမျဥ်းတွေက မသေမျိုးသူတော်စင်ပေါ်လာစရာအကြောင်းမှမရှိတာ။ မင်းကျ ဘယ်လိုလုပ်နိုင်တာလဲ"
သန္ဓေသားဝိညာဥ်က စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။
ကောင်းကင်တာအိုနှင့် တစ်စိတ်တစ်ပိုင်းဆက်စပ်နေသော ရှုပ်ထွေးနတ်ဆိုးဝိညာဥ်လို တည်ရှိမှုသည်ပင် ထိုစည်းမျဥ်းဥပဒေကို ချိုးဖျက်လို့မရသည်မဟုတ်လော။
"ဖြစ်နိုင်တာကတော့..."
ယဲ့ကျွင်းလင်က လေးလေးနက်နက်တွေးတောနေသယောင်ဖြင့် ထုတ်ပြောလာသည်။
"ငါကပိုချောနေလို့ ဖြစ်မှာပေါ့ကွာ"
ထိုအဖြေကိုကြားသော် သန္ဓေသားဝိညာဥ်မှာ သွေးအန်ထွက်တော့မတတ် ဒေါသပေါက်ကွဲလေသည်။
အရှက်မဲ့တဲ့ ခွေးမျိုး။
"မင်းဘက်က ကျင့်ကြံဆင့်အားသာနေရုံနဲ့ အနိုင်ယူနိုင်မယ်ထင်နေလား။ မသေမျိုးသူတော်စင်ဖြစ်နေရင်တောင် ငါ့လက်ထဲမှာ သေကိုသေရမှာပဲ"
သန္ဓေသားဝိညာဥ်၏မျက်လုံးများမှာ စူးရှတောက်ပလာကာ သူ၏စွမ်းအင်ရင်းမြစ်ကို လောင်ကျွမ်းစေဖို့ဆုံးဖြတ်လိုက်သည်။ ချက်ချင်းပင် သူ့တစ်ကိုယ်လုံးမှ အနက်ရောင်ချီများ မီးခိုးလုံးများကဲ့သို့ လှိုက်တက်လာတော့၏။
အင်အားအရာတွင် သူသည် နှလုံးသားနတ်ဆိုးလူအိုထက် ပိုသာသည်ပင်။
"ဝါးမျိုပစ်မယ်"
ရုတ်တရတ်ဆိုသလို ယဲ့ကျွင်းလင်၏ဘေးပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျသွားခဲ့ကာ သူ့မျက်စိရှေ့တွင် ပိန်းပိတ်မှောင်မည်းနေသော လေဟာနယ်မှအပ ကောင်းကင်ကိုပင်မမြင်ရတော့။ သူ့ကိုပိတ်ကာထားသော ဘေးနံရံများတွင် အရည်ချွဲချွဲများစီးကျနေပြီး အသွေးအသားများဖြင့်တည်ဆောက်ထားသကဲ့သို့ရှိသောကြောင့် သားရဲတစ်ကောင်ထံမှ မျိုချခံလိုက်ရသော ခံစားချက်မျိုးဖြစ်သည်။
"ဟားဟားဟား မင်းရှုံးပြီ။ ဒီတိုက်ကွက်က ငါ့ရဲ့ မဟာဝါးမျိုခြင်းပညာပဲ။ မင်းဟာမင်း မသေမျိုးသူတော်စင် ထိပ်တန်းအဆင့်ဖြစ်နေရင်တောင် ငါ့ဝမ်းဗိုက်ထဲမှာတော့ နာနာခံခံနဲ့ အစာချေခံရဖို့ပဲ စောင့်နေလိုက်တော့"
သန္ဓေသားဝိညာဥ်သည် အောင်နိုင်သူတစ်ဦးကဲ့သို့ တဟားဟားရယ်မောကာ လက်သေးသေးလေးများအား အဆက်မပြတ်ဝှေ့ယမ်းအောင်ပွဲခံလျက်ရှိတော့၏။