ရန်သူတော်ကြီး
Vol. 48 Ch. 667
၎င်း၏ အားကြီးသော ဝါးမျိုခြင်းကျင့်စဥ်သည် တစ်ဖက်ရန်သူအား နားမလည်လိုက်ခင်မှာပင် သူ၏ အစာစုပ်ယူသော နယ်ပယ်အတွင်းပိုင်းထဲကျဆင်းစေနိုင်ပြီး သူ၏ကြီးထွားမှုအတွက် အာဟာရတစ်ခုအဖြစ် အစာချေအသုံးပြုမည်သာဖြစ်၏။
ထိပ်တန်းအဆင့်သို့ရောက်ပြီးဖြစ်သော၊ ဥပဒေစွမ်းအား သန်းဆယ်ချီပိုင်ဆိုင်ထားသည့် မသေမျိုးသူတော်စင်တစ်ပါးသည်ပင် ထိုထူးဆန်းသောအစာချေနယ်ပယ်ကိုဖောက်ထွက်ဖို့ အခက်တွေ့ရလေ့ရှိသောကြောင့် သန္ဓေသားဝိညာဥ်မှာ ဤတစ်ကြိမ်အတွက် ယုံကြည်မှုအပြည့်ရှိသည်။
ယဲ့ကျွင်းလင်ကဲ့သို့ အသစ်တက်ရောက်ခါစမသေမျိုးသူတော်စင်သည် ထိုဝင်္ကပါအတွင်းမှ ထွက်လမ်းရှာဖို့ကြိုးစားနေစဥ်ပင် ကူကယ်ရာမဲ့စွာ ဖြည်းဖြည်းချင်းဝါးမျိုခံရလိမ့်မည်သာဖြစ်၏။
"ငါမင်းကို အပြည့်အဝအစာချေပြီးတာနဲ့ မင်းဆီကကျင့်စဥ်စွမ်းအားတွေ လျှို့ဝှက်အတတ်တွေအကုန် နားလည်တတ်မြောက်ပြီး မင်းလိုပဲ ကောင်းကင်တာအိုဥပဒေကိုလည်း မျက်ကွယ်ပြုနိုင်သွားမှာပဲ၊ ဟားဟားဟားဟား"
စူးရှသော ထူးထူးဆန်းဆန်းရယ်မောသံကြီး ပျံ့လွင့်လာခဲ့သည်။
ထိုစဥ် ရုတ်တရတ်ဆိုသလို သားကောင်ကိုဖုံးအုပ်ထားသော အနက်ရောင်မျက်နှာပြင်ကြီးသည် မျက်စိဖြင့်မြင်နိုင်လောက်သည်အထိ သိသိသာသာ ပြင်းပြင်းထန်ထန်တုန်ယင်လာကာ ခဏချင်းတွင်းမှာပင် ထိပ်ပိုင်းမျက်နှာပြင်သည် ပင့်ကူအိမ်တစ်ခုအလား အက်ကွဲလာလေတော့၏။
ဂျွတ် ဂျွတ် ဂျွတ်
ဘန်း
အနက်ရောင်မျက်နှာပြင်ကြီးသည် အားဖြင့်ထိုးခွဲခံလိုက်ရသည့်အခိုက် ငွေဖြူရောင်ဆံပင်ဖြင့်ပုံရိပ်က ဝုန်းခနဲထွက်ပေါ်လာတော့၏။
ယဲ့ကျွင်းလင်က လက်သီးဆုပ်ကိုဘေးပြန်ချလိုက်ပြီး ဆိုသည်။
"ဆောရီး ထွက်လာလိုက်ပြီ"
သန္ဓေသားဝိညာဥ်၏ရယ်သံမှာ တစ်ဝက်တစ်ပျက်ရပ်တန့်သွားကာ ကြောက်မက်ဖွယ်မကောင်းဆိုးဝါးတစ်ကောင်ကို မြင်လိုက်ရသည့်အလား အကြောက်ကြောက်အလန့်လန့် ပြောလာသည်။
"မင်း မင်းဘာလို့ ဒီလောက်မြန်မြန်ထွက်လာနိုင်သွားတာလဲ"
သူ့အမြင်တွင် ယဲ့ကျွင်းလင်မှာ မည်မျှအင်အားသန်မာလှသည်ဆိုဆို မကြာသေးမီကမှအဆင့်တက်ထားသော မသေမျိုးသူတော်စင်တစ်ပါးသာဖြစ်မှန်း သိသာနေသည်ပင်။ သို့တိုင် ထိုမျှမြန်မြန် ဖောက်ထွက်လာနိုင်ခဲ့သည်လော။
ယဲ့ကျွင်းလင်အတွက်တော့ ပုံမှန်လက်သီးတစ်ချက်ထက် ဘာမှထပ်မလိုသည့်ကိစ္စသာဖြစ်၏။
သူ့အတွက်ပုံမှန်သာဖြစ်သော ထိုလက်သီးချက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အင်အားကုန်ပေါင်းစည်းပါဝင်ကာ မသေမျိုးစွမ်းအင် နဝမအဆင့်အရည်အသွေးဖြင့်ပေါင်းစပ်သော် လူတို့ကိုးကွယ်ပသသော နတ်ဘုရားများကိုပင် အလဲထိုးနိုင်လောက်သည်ဟုဆိုလျှင် မလွန်လှ။
ကျင့်ကြံဆင့်မှာ တစ်ဖက်လူထင်သလိုပင် မသေမျိုးသူတော်စင်အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်ဆိုသော်ငြား သူထုတ်လွှတ်နိုင်သော တိုက်ရည်ခိုက်ရည်အားမှာတော့ ထိပ်တန်းမသေမျိုးသူတော်စင်တစ်ပါးထက် မလျော့သောအနေအထားရှိ၏။
စနစ်၏ ရက်ရောသောဆုလာဘ်ပေါင်းစုံဖြင့် နေရာတိုင်းတွင်အဆင့်မြှင့်ခံထားရသော ဤကိုယ်ခန္ဓာ၏အားကို သာမန်စကားလုံးများဖြင့် ရှင်းပြလို့မရနိုင်လောက်။
ယခုအချိန်တွင် သန္ဓေသားဝိညာဥ်မှာ မျက်စိရှေ့တွင်ရပ်နေသော အံ့မခန်းခွန်အားဖြင့် အမျိုးအမည်နောက်ခံမသိနိုင်သည့် လူငယ်လေးအား ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့နေမိပြီဖြစ်သည်။
အတိတ်တစ်ချိန်က ဧကရီဖူယောင်ကိုရင်ဆိုင်ရစဥ်ကထက်ပင် ပိုသောအကြောက်တရား။
အတိတ်ကို ပြန်လည်အောက်မေ့မိသောအခါ ထိုအချိန်က အနည်းဆုံးတော့ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ကြုံတွေ့ပြီးမှ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ သို့သော် ယခုမူ ပြိုင်ဘက်က အစမှအဆုံးအထိ ဟာကွက်မရှိ ဖိနှိပ်ထားခြင်းသာပင်။
အခုဆက်တိုက်နေတော့ရော ဘာထူးမှာမလို့လဲ။
"အခုသေလိုက်တော့"
ယဲ့ကျွင်းလင်က အရှေ့ကိုအမြန်ပြေးထွက်လာကာ လက်သီးပြင်းပြင်းတစ်ချက်ထိုးကျွေးလိုက်သည်။ ရွှေရောင်လက်သီးစွမ်းအင်သည် နဂါးအစစ်တစ်ကောင်အလား အဟုန်အပြည့်ဖြင့် ကောင်းကင်ကိုထိုးခွဲတော့မတတ် အင်အားပြင်းထန်လှ၏။
တွန်းလှန်၍မရနိုင်လောက်သောဖိအားကို ခံစားမိလိုက်သောအခါ သန္ဓေသားဝိညာဥ်သည် ဤလက်သီးချက်ကိုတော့ သူတောင့်မခံတော့လောက်မှန်း နားလည်လိုက်ပြီး လွတ်လမ်းရှာဖို့ပြင်သည်။
"ချီးပဲ အခုမှတော့အဲ့နည်းပဲကျန်တော့တယ်"
စိတ်ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် သန္ဓေသားဝိညာဥ်၏ဦးခေါင်းသည် လည်ပင်းမှပြတ်ထွက်သွားကာ အလင်းအလျဥ်ဖြင့် လှစ်ခနဲပြေးထွက်သွားပြီး သန်းဆယ်ချီသော ပုံစံတူဦးခေါင်းများစွာ ပြန့်ကျဲထွက်ပေါ်လာတော့၏။ ထိုဦးခေါင်းများက အနက်ရောင်ဒီရေလှိုင်းလုံးကြီးအလား အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားခဲ့သည်။
"လူသားမျိုးနွယ် ငါမင်းကိုမှတ်ထားတယ်၊ မင်းကိုပြန်လက်စားချေမယ်"
ထိုဦးခေါင်းသန်းပေါင်းများစွာက တစ်ပြိုင်တည်းအော်ဟစ်လာသော် အသံများသည် ကောင်းကင်ကိုတုန်ခါစေသည်အထိ လီပေါင်းသောင်းချီတိုင် ပျံ့နှံ့သွားလေတော့၏။
"ဟင်"
ပြိုင်ဘက်၏ ကျန်ခဲ့သောခန္ဓာကိုဖျက်ဆီးပြီးနောက် ပြန့်ကျဲနေသောဦးခေါင်းပြတ်ပင်လယ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး တစ်ချက်အံ့သြသွားပုံပေါ်သည်။ ထို့နောက် အေးစက်စက်အကြည့်က ပြန်လည်အစားထိုးဝင်ရောက်လာ၏။
"ဒီလိုလှည့်ကွက်လေးသုံးပြီး လွတ်အောင်ပြေးနိုင်မယ်ထင်တယ်ပေါ့ ကလေးဆန်လှချည်လား"
ထိုစကားဆိုအပြီး သူသည် ရင်ဘတ်ရှေ့တွင် လက်သင်္ကေတတစ်ခုကိုဖွဲ့စည်းလိုက်သော် ရွှေရောင်ဓားပျံတစ်လက်က ဝှစ်ခနဲထွက်ပေါ်လာပြီး ရွှေရောင်ဓားချီပင်လယ်ပြင်ကြီးကို ထုတ်လွှတ်ဖန်ဆင်းကာ နတ်သမီးပျိုလေးတစ်ပါး ပန်းရောင်စုံများကျဲချလိုက်သကဲ့သို့ ဓားအလင်းတန်းများစွာကို ဖြန့်ကျက်ကျဲချလိုက်တော့သည်။
ဝှစ် ဝှစ် ဝှစ်
ရွှေရောင်ဓားချီအလင်းများဖြင့်ပြည့်နေသော ကောင်းကင်ပြင်ကြီးတွင် များစွာသော သန္ဓေသားဝိညာဥ်ဦးခေါင်းတို့မှာလည်း ပြေးမလွတ်အောင်အလိုက်ခံနေရကာ တစ်ခေါင်းပြီးတစ်ခေါင်း ခုတ်ချခံရတော့၏။
ထိုမြင်ကွင်းမှာ အလွန်ခမ်းနား၍ မှော်ဆန်လှသည်ဟု ဆိုရမည်။
"မဖြစ်ဘူး၊ မလုပ်ပါနဲ့၊ ဒီတစ်ခေါင်းပဲကျန်တော့တယ်"
ထိုခေါင်းအုပ်စုကြီးထဲမှ ခေါင်းတစ်ခေါင်းက အနောက်မှလိုက်လာသောဓားချီကို ခံစားမိလိုက်ပြီး ထိတ်လန့်တကြားအော်ဟစ်လာသည်။ ထို့နောက် မျက်နှာထက်တွင် မျက်ရည်များအပြည့်စီးကျလျက် မွေးကင်းစတစ်ယောက်ငိုသည့်အလား အသံစူးစူးဖြင့် ဆွဲဆွဲငင်ငင်ငိုကြွေးလာသည်။
သန္ဓေသားလောင်းဝိညာဥ်မှာ လွတ်လမ်းမကျန်တော့ပြီ။
ပြန်လည်ရှင်သန်နိုးထလာပြီးနောက်တွင် ပြိုင်ဘက်ကင်းဘဝကို အပြည့်အဝခံစားကာ ကျန်မျိုးတူသုံးဦးဖြင့် ဘိုးဘေးကြီးလေးပါးကဲ့သို့ စံစားပျော်ပါးရင်း ခွင်းလွင်ကမ္ဘာတစ်ခုလုံးကို သူတို့၏အာဟာရဓာတ်စာ မွေးမြူခြံအဖြစ်ပြောင်းလဲမည်ဟု စိတ်ကူးယဥ်ထားခဲ့သည်။
မမျှော်လင့်ထားစွာဖြင့် မူလရင်းမြစ်မသိရသော လူငယ်တစ်ဦးက ရုတ်တရတ် အိမ်တံခါးကိုလာခေါက်ပြီး အသက်ကိုနှုတ်ယူသွားခဲ့လေပြီ။
ကြောက်စရာအကောင်းဆုံးမှာ ထိုလူငယ်၏စွမ်းအားသည်ကား သာမန်မဟုတ်သည့် နတ်ဆိုးမျိုးနွယ်တစ်ပါးအလား ထင်မှတ်ရသည်ပင်။
"ငါသာ အရင်ကျင့်ကြံဆင့်ကိုပြန်တက်နိုင်ခဲ့ရင် မင်းဆိုတဲ့ကလေး သေတာကြာလှပေါ့။ အခုတော့ ကောင်းကင်ဘုံက ငါ့ကိုအရင်သေခိုင်းချင်တယ်တူပါရဲ့..."
သန္ဓေသားဝိညာဥ်က ဝမ်းနည်းကြေကွဲစွာ ငိုချလိုက်သည်။
ရွှစ်
လေတိုးသံပြင်းပြင်းတစ်ချက်က ခေါင်းနောက်မှထွက်ပေါ်လာပြီး မကြာမီပင် ဦးခေါင်းခွံထက်၌ စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။
သေဆုံးခါနီးအချိန်တွင် သန္ဓေသားဝိညာဥ်သည် သူ၏နောက်ဆုံးလက်ကျန်စွမ်းအင်ကိုအသုံးပြု၍ ကျန်မျိုးတူသုံးဦးအား အရေးကြီးသတင်းအချို့ ပေးပို့ဖို့ကြိုးစားလိုက်သည်။
"အားလုံးပဲ ငါတော့ကံဆိုးသွားတယ်။ ဒီမှာကြောက်စရာအကောင်ကြီးတစ်ကောင်....."
အွတ်
ရွှေရောင်ဓားချီသည် သူ့ဦးခေါင်းကို နှစ်ပိုင်းဖြတ်သွားသည်နှင့်အမျှ အသိစိတ်သည်လည်း မှောင်အတိကျသွားရတော့၏။
သန္ဓေသားဝိညာဥ်၏ ဦးခေါင်းအစစ် ရှင်းထုတ်ခံလိုက်ရသည်နှင့် ကျန်ဦးခေါင်းများစွာသည်လည်း တစ်ခါမှပေါ်မလာခဲ့ဖူးသလို ချက်ချင်းပျောက်ကွယ်သွားကြတော့သည်။
"ပြီးပြီ နောက်တစ်နေရာဆက်ရွှေ့ကြတာပေါ့"
ဓားပျံကိုပြန်သိမ်းလိုက်ပြီး ယဲ့ကျွင်းလင်သည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ နောက်ဦးတည်ချက်တစ်ခုဆီသို့ အမြန်ဦးလှည့်လိုက်သည်။
ယခုသူသည် နတ်ရုပ်ထုမျိုးနွယ်ဆီသို့ ဦးတည်နေလေပြီ။
နတ်ရုပ်ထုမျိုးနွယ်၏ ယဇ်ပူဇော်ခံဝိညာဥ်သည် အသန်မာဆုံးဟု ဆိုစမှတ်ပြုကြပြီး အတိတ်တစ်ချိန်တုန်းက နတ်ဆိုးဧကရာဇ်ဟု သတ်မှတ်ခံခဲ့ရသည်လည်းဖြစ်၏။
ထိုအချိန်မှာပင် ဝိညာဥ်မျက်လုံးမျိုးနွယ်စုများသည် သူတို့ကိုယ်တွင်းမှ တစ်စုံတစ်ရာပျောက်ဆုံးသွားသည့်ခံစားချက်ဖြင့် လစ်ဟာကျန်ရစ်ခဲ့ရင်း အဆုံးမရှိသော ဝမ်းနည်းကြောက်လန့်စိတ်တို့ လှိုက်တက်လာသည်။
"ဒီ ဒီခံစားချက်၊ မဟုတ်မှ ယဇ်ပူဇော်ဝိညာဥ် တိုက်ပွဲကျသွားတာများလား"
မျိုးနွယ်စုခေါင်းဆောင်မှာတော့ အံ့သြခြင်းကြီးစွာဖြင့် နေရာတွင်ပင်ပုံလဲကျသွားကာ မြေပြင်ပေါ်ဒူးထောက်လျက် ကောင်းကင်ကိုမော့ကြည့်ရင်း မထိန်းချုပ်နိုင်စွာ အော်ဟစ်လေသည်။
"မဖြစ်ဘူး...."
ဤသို့ဖြင့် ဝိညာဥ်မျက်လုံးမျိုးနွယ်စခန်းတွင် အားကိုးရာမဲ့ငိုကြွေးသံများ ပဲ့တင်ထပ်ပျံ့လွင့်လာတော့၏။
မျက်လုံးကျင့်စဥ်စွမ်းအားကို ဆုံးရှုံးလိုက်ရပြီးအချိန်တွင် သူတို့၏အနာဂတ်လမ်းကို မှန်းဆတွေးခေါ်လို့ပင် မရနိုင်တော့ပါချေ။
သန္ဓေသားဝိညာဥ်၏ အချိန်မီသတင်းပေးပို့နိုင်ခဲ့မှုကြောင့် ကျန်ရှုပ်ထွေးနတ်ဆိုးဝိညာဥ်နှစ်ပါးလည်း သတိကပ်မိသွားကြသည်။
သူတို့အားလုံးသည် ကောင်းကင်တာအို၏ အညစ်အကြေးများဆီမှ မွေးဖွားလာသော နတ်ဆိုးညီနောက်များဖြစ်သောအကြောင်း ဝိညာဥ်ချင်းကလည်း အတိုင်းအတာတစ်ခုအထိ ချိတ်ဆက်ယှက်နွယ်လျက်ရှိကြသည်။
လက်ရှိအချိန်တွင် ကျန်ရှိသော ရှုပ်ထွေးနတ်ဆိုးဝိညာဥ်နှစ်ဦးမှာ စိတ်ဝိညာဥ်လေးလံကာ မလုံခြုံမှုကိုလည်း ခံစားနေရ၏။
သူတို့ကြားထဲတွင် သံသယစိတ်လေးများ အနည်းနှင့်အများရှိခဲ့သော်ငြား အရေးကြုံသောအခြေအနေတွင် ပေါင်းစည်းတိုက်ခိုက်ရမည်သာပင်။
"သန္ဓေသားဝိညာဥ်သေသွားပြီပဲ ဒါနဲ့ သူပြောသွားတဲ့ကြောက်စရာကောင်ဆိုတာက ဘာများလဲ"
နတ်ရုပ်ထုမျိုးနွယ်၏ ပလ္လင်ထက်တွင် မကြာသေးခင်ကမှ ထျန်းယွမ်ကျောက်တစ်ပုံကိုဝါးမျိုထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦး မတ်တပ်ရပ်နေလျက် အဝေးကိုမျှော်ကြည့်နေခဲ့သည်။ ကောက်ကျစ်သောမျက်နှာသွင်ပြင်ဖြင့် ထူးဆန်းသောချီစွမ်းအင်တစ်မျိုးကို ထုတ်လွှတ်နေသည့်ခန္ဓာမှာ သွားယှဥ်လို့မရသော တည်ရှိမှုတစ်ခုဖြစ်ကြောင်း ဖော်ပြနေသကဲ့သို့။
သူ့ကိုယ်တွင်း၌ အလွန်ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားများကို သိုလှောင်ထားပြီး သူ့ဆီကထုတ်လွှတ်နေသော ကျင့်ကြံဆင့်အရှိန်အဝါမှာလည်း မသေမျိုးဧကရာဇ်တစ်ပါးမက။ ၎င်းသည် မသေမျိုးသူတော်စင်အဖြစ်သို့ တက်ရောက်လုဆဲဆဲအခြေအနေတွင်ရှိပြီး ကောင်းကင်တာအိုဥပေဒများ၏ ဖိနှိပ်ကန့်သတ်မှုကြောင့် ရှေ့ဆက်မသွားနိုင်ခြင်းဖြစ်၏။
ထိုသူသည် တစ်ချိန်က နတ်ဆိုးတို့၏ ဧကရာဇ်။
ရှုပ်ထွေးနတ်ဆိုးဝိညာဥ်လေးပါး၏ ခေါင်းဆောင်။
သန္ဓေသားဝိညာဥ်ပေးပို့ခဲ့သော သတင်းစကားကို ပြန်စဥ်းစားရင်း နတ်ဆိုးဧကရာဇ်၏မျက်နှာသည် အထူးတလည်ညို့မှိုင်းနေလျက်ရှိကာ အကြည့်များကလည်း အဆက်မပြတ်ပြောင်းလဲနေသည်။
ဤခွင်းလွင်တွင် ရှုပ်ထွေးနတ်ဆိုးဝိညာဥ်များသည်သာ ကြောက်စရာအကောင်းဆုံး မဟုတ်ပါလော။
ယခု သူတို့ထက်ပိုပြီး ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုက သန်မာအားကောင်းသည့်ညီနောက်တစ်ဦးကို သတ်ဖြတ်ရှင်းလင်းပစ်လိုက်လေပြီ။
"ဟမ့် ကိစ္စတွေကတော့ ပိုပြီးစိတ်ဝင်စားစရာကောင်းလာတာပဲ။ ဒီနေ့ခေတ်မှာ ဘယ်လိုကောင်ကများ ငါ့ကိုခြိမ်းခြောက်နိုင်ဦးမလဲ သိချင်စမ်းရဲ့"
နတ်ဆိုးဧကရာဇ်သည် လက်များကိုနောက်ပစ်ရပ်ရင်း ဖြောင့်မတ်သောကိုယ်ဟန်ဖြင့် ပြိုင်ဘက်ကင်းသောအရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
အဝေးတစ်နေရာမှ မျောက်ဘီလူးမျိုးနွယ်စခန်းတွင်။
ဝေါင်း
နတ်ဆိုးနဂါးတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာခဲ့သည်။
အရွယ်အစားအလွန်ကြီးမားသော ခေါင်းသုံးလုံးနတ်ဆိုးနဂါးသည် ကျယ်ပြန့်သောအတောင်နှစ်ဖက်ကို ကောင်းကင်ယံထက်ဖြန့်ကျက်၍ ကိုယ်လုံးမှာလည်း နက်စွေးသောအကြေးခွံများဖြင့် ဖုံးအုပ်ထားလျက်ရှိသည်။ ထိုနဂါးသည် ယဇ်ပလ္လင်ထက်မှ ကောင်းကင်သို့ ပျံတက်သွားပြီး အလွန်အမင်း ဖိနှိပ်နိုင်စွမ်းကြီးသော နဂါးစွမ်းအားကို ထုတ်လွှတ်လိုက်သည်။
"မဟာယဇ်ပူဇော်ဝိညာဥ်ခင်ဗျာ ဒေါသကိုထိန်းပါ"
စခန်းတစ်ခုလုံးမှလူများမှာ မြေပြင်ထက်ပြားပြားဝပ်လျက် အကြောင်းရင်းကိုမသိသေးပါသော်ငြား ကြောက်ကြောက်နှင့်ဖျောင်းဖျဖို့ ကြိုးစားနေရရှာလေသည်။
အနက်ရောင်နတ်ဆိုးဘုရင်က သူ၏ကိုးကွယ်သူများကိုငုံ့ကြည့်လိုက်ပြီး အေးစက်စက်အသံဖြင့်ဆိုသည်။
“အမိန့်၊ စစ်တပ်တွေကို ချက်ချင်း ဆုတ်ခွာလိုက်ပါ။ ငါတို့ ပိုအားကောင်းတဲ့ ရန်သူတစ်ယောက်ကို ကိုင်တွယ်ရတော့မယ်”
သန္ဓေသားဝိညာဥ်ကိုယ်တိုင် ချန်ထားခဲ့သည့် သတိပေးစကားကို ဝေဖန်ပိုင်းခြားရလျှင် ဤတစ်ကြိမ်တော့ သေချာသော ပြင်ဆင်မှုများ ပြုလုပ်ပြီး မကြာခင် ရောက်ရှိလာမည့် ရန်သူတော်ကို ဦးစွာကိုင်တွယ်ဖြေရှင်းရပေမည်။
"အမိန့်အတိုင်းပါ"