ခွေးဟောင်သံတညံညံ
Vol. 48 Ch. 668
လိပ်ပြာမသေမျိုးစခန်းနှင့် ဝိညာဥ်မျက်လုံးစခန်းကို အောင်မြင်စွာဖြိုလှဲခဲ့ပြီးနောက် ကျန်မဟာဂြိုဟ်သားမျိုးနွယ်နှစ်ခုသာ သတိထားစရာအဖြစ် ကျန်ရှိနေခဲ့သောကြောင့် အရှေ့တိုင်းသားတို့၏ ပုခုံးထက်မှ လေးလံဖိစီးမှုများလည်း အတော်ကြီးလျော့ကျသက်သာသွားတော့၏။
အောင်ပွဲအလားအလာသည် တစ်ဖက်သို့ယိမ်းနေပြီဖြစ်သည်။
ဟွမ်ကျိုးပြည်နယ်။
ကောင်းကင်နှင့်မြေကြီးသည် အရောင်အဝါမှုန်မှိုင်းရီဝေလျက် လေဟာနယ်ပြင်မှာလည်း ကွဲအက်ကာ မွေးညင်းတို့ထောင်ထစေသည်အထိ ကြောက်မက်ဖွယ်မြင်ကွင်းတို့ ဖြစ်ပေါ်နေသည်။
"တာအိုရောင်းရင်းတို့၊ ရွှယ်ထျန်းဂိုဏ်းကကျင့်ကြံသူတွေ ရောက်လာပြီ"
စစ်မြေပြင်ထက်တွင် သွေးအလူးလူးလွှမ်းနေသော ကျင့်ကြံသူတစ်ဦးက ပျော်ရွှင်စွာဟစ်ကြွေးလိုက်သည်။
"တိုက်ကြ"
အပြင်သို့တစ်ချက်မျှော်ကြည့်လိုက်ပါလျှင် ရွှယ်ထျန်းကိုယ်စားပြုဝတ်ရုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူတို့သည် အလင်းတန်းများအဖြစ် ပျံသန်းလာလျက် စစ်မြေပြင်ရှိ အင်အားစုအသီးသီးသို့ လျင်မြန်စွာ အားဖြည့်ပေးကာ ဂြိုလ်သားမျိုးနွယ်တပ်မတော်ကို ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။
တိုက်ပွဲကြွေးကြော်သံများသည် ဆူနာမီလှိုင်းလုံးကြီးများအလား တဝုန်းဝုန်းရိုက်ခတ်လျက် မိုင်သိန်းချီအထိပျံ့နှံ့သွားသည့်ဟန်မှာ အလွန်ခမ်းနားကြီးကျယ်လှပေသည်။
"ဟမ့် လူတွေဘယ်လောက်များများထပ်လာပါစေ၊ ဘာမှထူးခြားသွားမှာမဟုတ်ဘူး။ ငါတို့နတ်ရုပ်ထုမျိုးနွယ်က မင်းတို့ကျင့်ကြံသူတွေအတွက် ကပ်ဘေးတစ်ခုပဲ"
နဖူးပေါ်တွင် စိန်ပုံသဏ္ဌာန် သလင်းကျောက်တစ်ခုနှင့် ကြောက်စရာအမာရွတ်ကြီးတစ်ခုရှိသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက မထီမဲ့မြင်ဆိုသည်။
"အရှက်မရှိ ကြွားဝါမနေနဲ့"
ဂိုဏ်းချုပ်ရှယိုနျန်က ဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကို မရေမတွက်နိုင်သော မိုးပြာရောင်အလင်းလုံးများဖြင့် ခြံရံစေကာ ကောင်းကင်ကိုးထပ်ဆီမှ ပစ်ချလိုက်သောမိုးကြိုးသွားတစ်လက်နှယ် လေထုထဲတွင်ရပ်တည်နေလျက် လျှပ်စီးစစ်ပွဲလှံတံတစ်ခုကိုကိုင်ကာ အရှိန်အဝါအပြည့်ဖြင့် ထိုးစိုက်ချလိုက်သည်။
ထိုလျှပ်စီးလှံတံသည် စူးရှရှလေချွန်သံလို့ လေတိုးသံတစ်ချက်သာပေးလိုက်ပြီး မသေမျိူးဘုရင်တစ်ပါးကိုပင် ဒဏ်ရာကြီးစွာရစေနိုင်သည့် အရှိန်အဟုန်ဖြင့် ထိုးထွက်သွားခဲ့၏။
နတ်ရုပ်ထုမျိုးနွယ်ဘက်မှ သန်မာဟန်ရှိသောကျင့်ကြံသူတစ်ယောက်က လှောင်ရယ်သံတစ်ချက်ပြုကာ လက်ကိုမြှောက်၍ နောက်ထပ်လျှပ်စီးလှံတံတစ်ချောင်းဖောက်ဆောင်ကာ ပြန်လည်ပစ်လွှတ်လိုက်သည်။
လှုပ်ရှားမှုတို့သည်ပင် ထပ်တူကျလျက်။
အုံး
ခုန်ထွက်လာသောစွမ်းအားများသည်ပင် အဆင့်ညီလျက်ရှိကာ တစ်ဖက်နှင့်တစ်ဖက် ချေဖျက်ဖယ်ထုတ်သွားလေတော့သည်။
"ကြားထားသလိုပါပဲလား..."
ရှယိုနျန် မျက်နှာပျက်သွားသည်။
မဟာဂြိုဟ်သားမျိုးနွယ်စုလေးခု၏ ခေါင်းဆောင်မျိုးနွယ်ဖြစ်သော နတ်ရုပ်ထုမျိုးနွယ်ဝင်တို့သည် တစ်ဖက်ရန်သူ၏ နတ်ဘုရားစွမ်းရည်များကို အရှိန်အဝါကအစ ထပ်တူအတုယူ၍ လိုက်လံအသုံးပြုနိုင်သောစွမ်းအား,အား ပိုင်ဆိုင်ထားသည်။
"ကြောက်နေပြီလား၊ ပွဲကခုမှစတာကို"
အမာရွတ်ဖြင့်လူ၏မျက်နှာမှာ ကောက်ကျစ်ယုတ်မာစွာ ခပ်တွန့်တွန့်ပြုံးလျက်ရှိကာ နဖူးထက်မှသလင်းကျောက်သည်လည်း ဖျတ်ခနဲတစ်ချက် လက်ခါသွားသေး၏။ ထိုစဥ် မမြင်နိုင်သော စွမ်းအင်သတ္တုလှီုင်းတို့ကို ထုတ်လွှတ်လိုက်သကဲ့သို့ အရပ်လေးမျက်နှာလုံး ဒီရေလွှမ်းသည့်အလား ပြည့်နှက်သွားလေတော့သည်။
"အား..."
ကျင့်ကြံသူတို့မှာ သူတို့၏စိတ်ဝိညာဥ်များကို ထူးဆန်းသောစွမ်းအင်တစ်မျိုးက တိုက်စားကာ တိုက်ခိုက်ညှင်းပန်းနေသည်ကို ခံစားရလျက် ဦးခေါင်းခွံများကွဲထွက်မတတ် လူးလှိမ့်နာကျင်ကုန်ကြရသည်။
ထိုအရာမှာ နတ်ရုပ်ထုမျိုးနွယ်တို့၏ ဒုတိယမြောက်စွမ်းရည်ဖြစ်သော ဝိညာဥ်ညစ်ထေးခြင်း ဖြစ်လေသည်။
အမာရွတ်နှင့် မျိုးနွယ်စုခေါင်းဆောင်သည် အနီးတဝိုက်တွင်ရှိနေသော မျောက်ဘီလူးမျိုးနွယ်များ၏ဘေးကိုပင် ထည့်တွက်မနေတော့ဘဲ ထိုစွမ်းရည်အား သူ့လူကိုယ့်လူမခွဲခြားစွာ စတင်ဖြန့်ကျက်လာလေတော့သည်။
မျောက်ဘီလူးမျိုးနွယ်များပင် မခံမရပ်နိုင်တော့ဟန်ဖြင့် နာကျင်စွာအော်ဟစ်ကုန်ကြသည်။
"နတ်ရုပ်ထုကောင်တွေ မင်းတို့ဘာလုပ်တာလဲကွ"
"မင်းတို့လို ဦးနှောက်အဆီပိတ်တွေနဲ့အလုပ်လုပ်ရတာ တကယ်ပဲစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်၊ မင်းတို့ကို ထပ်မလိုတော့ဘူး" အမာရွတ်နှင့်လူက ခပ်လှောင်လှောင်ဆိုသည်။
"ချီးတဲ့မှ မင်း..."
မျောက်ဘီလူးခေါင်းဆောင်ငယ်သည် အံသာတင်းတင်းကြိတ်ကာ ငြိမ်လိုက်ရသော်လည်း စိတ်ထဲတွင်တော့ တစ်ဖက်လူကို ချက်ချင်းထရိုက်ချင်လှသည်။
"ခေါင်းဆောင် စခန်းဆီက ကျွန်တော်တို့ကို မြန်မြန်ပြန်ဆုတ်ခဲ့ဖို့ အမိန့်ရောက်ပါတယ်။ ဒီစစ်ပွဲကို သူတို့နဲ့ပဲအပ်ခဲ့လိုက်ရအောင်" ငယ်သားတစ်ဦးက ခပ်တိုးတိုးဆိုသည်။
ခေါင်းဆောင်ငယ်လည်း အစပထမတော့ အံ့သြသွားပေသည့် ဒေါသကိုထိန်းကာ ပြန်လည်အမိန့်ချလိုက်သည်။
"ဒီနည်းပဲရှိတော့တယ်၊ ဆုတ်"
ချက်ချင်းဆိုသလိုပင် မျောက်ဘီလူးမျိုးနွယ်တပ်ဖြွ့များသည် စစ်မြေပြင်မှထွက်ခွာကာ သူတို့၏စခန်းရှိရာ သောင်းချီမသေမျိုးတောင်တန်းများဆီသို့ ဦးလှည့်ကုန်ကြ၏။
"မင်းတို့လိုဝန်ထုပ်ဝန်ပိုးတွေမရှိမှ ငါတို့နတ်ရုပ်ထုမျိုးနွယ်တွေ ကောင်းကောင်းအစွမ်းပြနိုင်မှာပေါ့"
အမာရွတ်ဖြင့်လူက ရေရွတ်လိုက်သည်။
စစ်မြေပြင်ရှိ လူသားကျင့်ကြံသူတို့မှာတော့ မျှော်လင့်ချက်မဲ့ကုန်ကြလေပြီ။
ထိုမျောက်ဘီလူးများဆုတ်ခွာသွားခြင်းသည် ပုံမှန်အားဖြင့်တော့ ဖိအားလျော့ကျသွားသင့်သည်ဖြစ်သော်ငြား လက်ရှိအခြေအနေတွင် လျော့မသွားသည့်အစား ပို၍ပင်တိုးလို့လေးလံလာခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ထိုအခါတွင် နတ်ရုပ်ထုမျိုးနွယ်တို့သည် သူတို့၏ဒုတိယမြောက်စွမ်းရည်ဖြစ်သော ဝိညာဥ်ညစ်ထေးခြင်းကို အားကုန်အသုံးပြုနိုင်တော့မည်ဖြစ်သောကြောင့်။
"ဂိုဏ်းချုပ်၊ ကျွန်တော်တို့ခေါင်းတွေ နာလွန်းလှပါပြီ..."
တောင်ထိပ်သခင်တစ်ဦးက ဝိညာဥ်ကိုအနိုင်နိုင်ထိန်းသိမ်းထားရင်းဖြင့် ဆံပင်များကိုရူးသွပ်စွာဆွဲဆုပ်ကာ မျက်ဖြူလှန်တော့မည့်ဆဲဆဲအခြေအနေတွင် ပြောလာခဲ့သည်။
ရှယိုနျန်လည်း အတော်လေးအခြေအနေမဟန်တော့သည်ဖြစ်၍ စိတ်အားငယ်လှလေပြီ။
ဤသို့ အလဲလဲအပြိုပြိုအခြေအနေတွင် မည်သို့ပြန်လည်တွန်းလှန်ရပါမည်နည်း။
ဤတစ်ကြိမ်တော့ ကျဆုံးရပေတော့မည်။
ထိုခဏတွင် ကမ္ဘာမြေကိုဖြိုခွဲတော့မည့်ဟန် အားကောင်းလှသော ခွေးဟောင်သံတစ်ချက်က ပဲ့တင်ထွက်ပေါ်လာခဲ့၏။
"ဝုတ်"
ချက်ချင်းဆိုသလိုပင် ဦးခေါင်းကွဲထွက်မတတ်ခံစားနေရသည့် မရေမတွက်နိုင်သောကျင့်ကြံသူတို့ အတော်လေးပြန်လည်သက်သာကုန်ကြသည်။
သူတို့၏ဝိညာဥ်များကို တိုက်စားနေသောစွမ်းအားမှာလည်း အနည်းအကျဥ်းလျော့ကျသွားဟန်ရှိ၏။
"ဘယ်ကောင်ဟောင်တာလဲကွ"
အမာရွတ်နှင့်လူသည် တစ်ခုခုလွဲချော်သွားသည်ကို သတိထားမိလိုက်ဟန်ဖြင့် ဟိုလှည့်သည်လှည့် ရှာဖွေလာသည်။
ထိုစဥ် ဆံပင်အဝါဖြင့် အသက်အရွယ်ရလှဟန်ရှိသော တာအိုအဘိုးကြီးတစ်ယောက်သည် ခွေးနှင့်အတော်လေးဆင်တူသောအမူအရာဖြင့် ယပ်တောင်တစ်ချပ်ကိုင်လျက် လှပကြည်လင်သော တိမ်တိုက်များထက် နင်းလျှောက်ရောက်ရှိလာသည်။