← Chapters

အခန်း (၆၆၉)

Vol. 48 Ch. 669

အခန်း (၆၆၉)

Vol. 48 Ch. 669

ထိုသူမှာ ကောင်းပုလီပင်။

"အကြီးအကဲကောင်းဟောင်လိုက်တာ တော်တော်ထိရောက်သားပဲဗျ"

ဘေးတွင်ကပ်ပါလာသော ဓားဝှက်တောင်ထိပ်သခင်က တအံ့တသြဆိုသည်။

"ဒါပေါ့၊ ငါက ကောင်းကင်ခွေးမျိုးနွယ်ဝင်လေ။ ငါ့‌ဟောင်သံက ညစ်ထေးနေတဲ့ဝိညာဥ်တွေကို သန့်စင်ပေးပြီး လူတွေရဲ့ဦးနှောက်ကို ရှင်းလင်းကြည်လင်စေတယ်"

ကောင်းပုလီက ဂုဏ်ယူစွာကြွားဝါသည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ" ခေါင်းကိုက်အတော်သက်သာသွားသော ရှယိုနျန်က လက်သီးဆုပ်အရိုအသေပြုကာ တလေးတစားဆိုသည်။

"ဂိုဏ်းချုပ် ကျွန်တော် ပေးလိုက်တဲ့တာဝန်ကို ပြီးမြောက်အောင်ထမ်းဆောင်နိုင်ခဲ့ပါတယ်၊ ဂိုဏ်းချုပ်ကို စိတ်မပျက်စေခဲ့ဘူးဟုတ်"

ဓားဝှက်တောင်ထိပ်သခင်က ရယ်ကျဲကျဲဖြင့်ဆိုသည်။

ရှယိုနျန် ပြုံးမိသွားသည်။

"မဆိုးဘူး တော်တော်ကြိုးစားခဲ့တာပဲ"

"စကားမစပ် မင်းနဲ့ပါသွားတဲ့ ဟိုမြည်းကလေးရော ဘယ်မှာလဲ"

ရှယိုနျန်က ဖျတ်ခနဲသတိရသွားဟန်ဖြင့် ‌မေးလာသည်။

"မမေးပါနဲ့ဗျာ ကျွန်တော်လည်းမသိတော့ပါဘူး"

ဓားဝှက်တောင်ထိပ်သခင်က ခြေကုန်လက်ပမ်းကျနေဟန်ဖြင့် ပြောသည်။

ထိုအချိန်တွင် ကောင်းပုလီ၏ နေရောင်ခြည်တန်းလေးလို လင်းလက်စွာရောက်ရှိလာမှုကြောင့် စစ်မြေပြင်တစ်ခုလုံး စိတ်အားတက်ကြွကာ ကျင့်ကြံသူတို့ ပြန်လည်မာန်သွင်းလာကြတော့၏။

"ငါတော့မယုံဘူးဟေ့၊ ပြင်းအားတိုးလိုက်ကြစမ်း" အမာရွတ်နှင့်လူက ကြုံးဝါးသည်။

"ဟုတ်ကဲ့"

ရုတ်တရတ်ပင် ထိုနတ်ရုပ်ထုမျိုးနွယ်တို့၏ နဖူးထက်မှသလင်း‌ကျောက်များ တဖျတ်ဖျတ် အပြိုင်တောက်ပလာကြကာ မျက်စိကျိန်းဖွယ်အလင်းတန်းတို့ကို ကျယ်ပြန့်စွာထုတ်လွှတ်လျက် သူတို့၏စွမ်းအင်ဖြန့်ကျက်မှုမှာလည်း သမုဒ္ဒရာအလား ပို၍ပင် ထူထပ်ကျယ်ပြောလာတော့၏။

"ဪ ကစားချင်သေးတာပေါ့၊ အေးလေ ငါလည်းပျင်းနေတာနဲ့ အတူကစားပေးပါဦးမယ်"

လူတိုင်း နာကျင်ညှိုးငယ်သွားကြချိန်တွင် ကောင်းပုလီကခပ်မဲ့မဲ့ပြုံးကာ မျက်လုံးတို့ကိုမှေးမှိတ်လျက် အသက်ပြင်းပြင်းရှုသွင်းလိုက်သည်။ ထို့နောက် မျက်လုံးတို့ပြန်ပွင့်လာချိန်တွင် ဟောင်သံများ ရူးသွပ်စွာ တရစပ်ထွက်ပေါ်လာလေတော့၏။

"ဝုတ် ဝုတ် ဝုတ် ဝုတ် ဝုတ် ဝုတ် ဝုတ်"

ထိုဟောင်သံများမှာ အံ့မခန်းလောက်အောင်ကျယ်လောင်လျက် မှော်အစွမ်းတို့ အပြည့်ပါဝင်နေသယောင် ခံစားရလေသည်။

ကျင့်ကြံသူအများမှာ တစ်ဖန်ပြန်၍ သက်သာကောင်းမွန်လာကြပြန်ကာ လန်းဆန်းသွားသောအမူအရာတို့မှာ ကောင်းကင်ဘုံမှ နတ်သမီး၏‌စောင်းခတ်သံကို နားဆင်လိုက်ရသည့်အလား။

ထိုမြင်ကွင်းကိုမြင်သော် အမာရွတ်နှင့်လူ၏မျက်လုံးများမှာ ပေါက်ထွက်တော့မတတ်ပြူးကျယ်လာလျက် ဒေါသတကြီးဖြင့် ဒွာရခုနှစ်ပေါက်မှ အငွေ့တရှူးရှူးထွက်လာလေတော့သည်။

"မင်း မင်းဆက်မဟောင်ပါနဲ့တော့။ အား အား အား"

ထိုစိတ်ရှုပ်စရာ ခွေးဟောင်သံများ ဆက်လက်ထွက်ပေါ်နေသရွေ့ သူ၏အားကိုးအားထားပြုစရာ မွေးရာပါစွမ်းရည်သည်လည်း တစ်စက်မှမသုံးမဝင်တော့။

ကောင်းပုလီက မျက်ခုံးကို ဟန်ပါပါပင့်သည်။

"မင်းကများငါ့ကို ဟိုဟာလုပ် ဒီဟာလုပ် လိုက်ပြောနေရသလား။ ငါ့ပါးစပ်နဲ့ငါ ဟောင်ချင်ဟောင်မှာပဲကွာ"

"ငါမင်းကိုသတ်မယ်" အမာရွတ်နှင့်လူသည် ကြွေးကြော်လိုက်ပြီး တစ်ပြိုင်နက် ရှေ့သို့ထိုးတက်လာကာ လက်ဝါးထက်စွမ်းအားများစုစည်းလျက် ခပ်ကြမ်းကြမ်းရိုက်ချလိုက်သည်။

"အောင်မာ ငါ့များ ဟောင်ပဲဟောင်တတ်တဲ့ကောင်လို့ ထင်နေသလား" ကောင်းပုလီက ဟမ့်ခနဲရယ်သည်။ ထို့နောက် သူ၏ခွေးလက်သည်းလေးများအား လျှပ်စီးအလျင်ဖြင့် ဆတ်ခနဲထုတ်လိုက်တော့၏။

"အား"

အမာရွတ်နှင့်လူသည် သွေးမှုန်စများအဖြစ် ပေါက်ကွဲထွက်သွားကာ အော်သံသည်ပင် ပြတ်တောင်းတောင်းသာထွက်သွားခဲ့ရ၏။

ဆောက်တည်ရာမရပြိုလဲနေကြသော နတ်ရုပ်ထုမျိုးနွယ်များကိုကြည့်ရင်း ကောင်းပုလီသည် မာန်တက်လာဖြင့် ဝင့်ကြွားစွာဆိုသည်။

"ငါမင်းတို့စွမ်းရည်တွေအကြောင်း လေ့လာခဲ့ဖူးတယ်၊ ဝိညာဥ်ညစ်ထေးခြင်းအစွမ်းအပြင် မင်းတို့မှာ ပုံတူကူးစွမ်းရည်ပါရှိနေသေးတာပဲ။ ဒါပေမဲ့ နတ်ဘုရားစွမ်းရည်တွေကိုပဲ ပုံတူကူးနိုင်တာဆိုတော့ ဒီအချိန်မှာ အသုံးမဝင်တော့ဘူးပေါ့ကွာ"

စကားဆုံးသည်နှင့် သူ၏ခွေးလက်သည်းလေးများကို ဟန်ပါပါထုတ်လျက် နတ်ရုပ်ထုမျိုးနွယ်စုတစ်အုပ်လုံးအား အားကြိုးမာန်တက် လိုက်ကုတ်ဆွဲတော့လေသည်။

ကောင်းပုလီသည်လည်း မသေမျိုးဧကရာဇ် ထိပ်တန်းအဆင့်စွမ်းအားရှင်တစ်ပါးဖြစ်လေရာ ထိုမနူးမနပ်ဂြိုဟ်သားလေးတစ်အုပ်ကိုသတ်ဖို့လောက်တော့ ခက်ခဲမနေခဲ့ပါ။

"အကြီးအကဲကောင်းပြောတာမှန်တယ်၊ တာအိုရောင်းရင်းတို့ တိုက်ကြ"

ဓားဝှက်တောင်ထိပ်သခင်လည်း ဓားရှည်ကိုဆွဲထုတ်လျက် ဝင့်ကိုင်ကာ စိတ်အားတက်ကြွစွာ ဟစ်ကြွေးလိုက်သည်။

ဤသို့ဖြင့် ကျင့်ကြံသူအပေါင်းသည် တိုက်ပွဲကိုပြန်လည်စတင်လိုက်ကြကာ ရန်သူအား တဖြည်းဖြည်းခြင်း ဆုတ်ခွာထွက်ပြေးစေရန် တက်ညီလက်ညီတိုက်ခိုက်ကြတော့လေသည်။

မကြာလိုက်သောအချိန်အတွင်း နတ်ရုပ်ထုမျိုးနွယ်တို့ တစ်ယောက်မကျန် သုတ်သင်ခံလိုက်ရသည်။

ကုန်းမြေထက်တွင် သွေးမြစ်ကြောင်းကြီး စီးဆင်းနေသည့်အလား အနိဌာရုံအပြည့်ဖြင့်။

"ကျွန်တော်က ရွှယ်ထျန်းဂိုဏ်းရဲ့ဂိုဏ်းချုပ် ရှယိုနျန်ဖြစ်ပါတယ်။ ကံကောင်းထောက်မလို့ အကြီးအကဲ ဝင်ရောက်ကူညီပေးလို့သာပါ။ မဟုတ်ရင် ရလဒ်ကို တွေးတောင်မတွေးဝံ့ပါဘူး"

ရှယိုနျန်သည် သူတို့ဆီတည့်တည့်ပျံသန်းလာပြီး လက်သီးဆုပ်လျက် အလေးအနက်ကျေးဇူးတင်သည်။

"မောင်မင်းတို့ရွှယ်ထျန်းနဲ့ တာအိုရောင်းရင်းယဲ့က တရင်းတနှီးဆက်စပ်နေမှတော့ ကျုပ်ဘက်က ရက်ရက်ရောရောကူညီရတာပေါ့ဗျာ"

ကောင်းပုလီက မုတ်ဆိတ်ကိုသပ်ကာ ပြုံးလျက်ဆိုသည်။

"အဲ့သလိုကိုး"

ရှယိုနျန်က ခေါင်းတညိတ်ညိတ်ဖြင့် ဆရာတူညီလေး၏အဆက်အသွယ်များက အားကောင်းလှပေစွဟု တွေးနေမိသည်။

"ဂိုဏ်းချုပ်မသိသေးဘူးပဲ၊ ဆရာတူညီလေးယဲ့က အခုဆိုရင် အရမ်းအံ့သြစရာကောင်းနေပြီ။ သူက အလယ်ပိုင်းဒေသမှာလည်း အရမ်းလူသိများပြီး ရွှယ်ထျန်းသူတော်စင်နယ်မြေမှာ နယ်မြေမဟာအကြီးအကဲဆိုတဲ့ရာထူးကိုရထားတာ၊ အဲ့ရာထူးက သူတော်စင်သခင်ထက်တောင် ပိုမြင့်သေးသတဲ့"

ဓားဝှက်တောင်ထိပ်သခင်က စိတ်လှုပ်ရှားစွာ ဖောက်သည်ချသည်။

"ဆရာတူညီလေးရဲ့စွမ်းဆောင်ရည်တွေကို ငါတို့မျက်မြင်တွေ့ဖူးပြီးသားပဲ။ ဒီလောက်စွမ်းဆောင်နိုင်တာ သူ့အတွက်တော့ သာမန်ပါပဲ"

ရှယိုနျန်သည် ဆရာတူညီလေး၏ နတ်ဘုရားစွမ်းရည်များအကြောင်းပြန်တွေးရင် စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်မိ၏။

"အမှန်ပဲ" ကျန်တောင်ထိပ်သခင်များကလည်း ထောက်ခံသည်။

ထိုစဥ် ဆက်သွယ်ရေးအဆောင်တစ်ခု လေဟာနယ်ကိုဖြတ်သန်းရောက်ရှိလာခဲ့သည်။ ရှယိုနျန်က ထိုအဆောင်အား လက်မြှောက်ဖမ်းလိုက်ကာ သတင်းစကားကိုဖတ်ရှုသည်။

"ကောင်းလိုက်လေ"

"အခုဆိုရင် ပြည်နယ်ဆယ့်လေးခုလုံးကို အခြေခံအားဖြင့် ပြန်သိမ်းပိုက်ပြီးကြပြီတဲ့။ အားအကောင်းဆုံး မဟာမိတ်တပ်ဖွဲ့တွေ သောင်းချီမသေမျိုးတောင်တန်းထဲဝင်ပြီး အတွင်းကျကျသွားရောက်သိမ်းပိုက်ဖို့ပဲ ကျန်တော့တယ်"

ရှယိုနျန်သည်ပင် ထိုသတင်းကြောင့် စိတ်လှုပ်ရှားသွားဟန်ရှိ၏။

"ဒါဆို ငါတို့ဘာရပ်စောင့်နေဦးမှာလဲ၊ သွားပေါင်းကြစို့" ဓားဝှက်တောင်ထိပ်သခင်က တက်ကြွစွာတိုက်တွန်းသည်။

"သွားကြမယ်"

...

လူတိုင်းထွက်ခွာသွားပြီးအချိန်တွင် မြည်းငယ်လေးတစ်ကောင်သည် အပဲ့ပဲ့အရွဲ့ရွဲ့ မျက်နှာလေးဖြင့် ဟွမ်ကျိုးတွင်ပေါ်ထွက်လာပြီး အနောက်ကိုလည်း စိတ်မလုံလှသေးဟန်ဖြင့် မကြာမကြာလှည့်ကြည့်နေသည်။

"သောက်ကျိုးနည်း၊ အဲ့နဂါးက လုံအော်ထျန်းကြီးဟ။ အဲ့လိုမကောင်းဆိုးဝါးမျိုးကိုမှ ဝမ်းဘိုင်ဝမ်းသွားချရတယ်လို့၊ ငါအတော်ကံညံ့နေတာပဲ"

တိုက်ပွဲတွင်း မသေရုံတမယ်အရိုက်ခံခဲ့ရသည်များအား ပြန်စဥ်းစားရင်း မြည်းကလေးမှာ မကုန်သေးသောကြောက်စိတ်ဖြင့် ကြက်သီးဖြန်းဖြန်းထလာရသည်။

အလယ်ပိုင်းဒေသတွင် သူ၏ထူးကဲသောစွမ်းအားကို တွန်းလှန်နိုင်သူမရှိလောက်ဟုထင်မှတ်ကာ မြည်းမလှလှလေးများ ရာချီလောက်ရှာပြီး မောင်းမဆောင်ထဲသိမ်းကျုံးထည့်မည့်အကြံဖြင့် ခြေဆန့်စိန်ခေါ်လိုက်ခြင်းပင်။

သို့သော် ထိုနဂါးက သူ့အိပ်မက်လှလှလေးကို ဖျက်ဆီးပစ်ခဲ့သည်။

လမ်းတစ်လျှောက်လုံး ထပ်ကြပ်မကွာနောက်ကလိုက်ကာ မိတိုင်းရိုက်နှက်နေသဖြင့် နောက်ဆုံးတော့ မလွတ်လွတ်အောင် လျှို့ဝှက်ကျင့်စဥ်ပါသုံး၍ ထွက်ပြေးခဲ့ရသည်ပင်။

မြည်းကလေးမှာ သူ၏ခိုလှုံရာခြံဝင်းငယ်ဆီသို့သာ ဒုန်းစိုင်းပြန်ချင်လောက်အောင် ပညာရသွားခဲ့ပြီး နောက်ထပ် အရေးကြီးအချင်းအရာမပေါ်လာသရွေ့ အပြင်ကမ္ဘာကိုလုံးဝမထွက်တော့ဟု ကြိုတင်ဆုံးဖြတ်ထားလိုက်တော့၏။

ထိုအပြင်ကမ္ဘာကား သူ့လို့မြည်းငယ်လေးတစ်ကောင်အတွက် အလွန်အန္တရာယ်များလှပေသည်။

All Chapters