တ်ဆိုးဧကရာဇ်၏ စွမ်းအားထုတ်ဖော်ပြသခြင်း
Vol. 48 Ch. 670
ဆုံးရှုံးသွားခဲ့သောနယ်မြေများကို ပြန်လည်သိမ်းပိုက်ရယူပြီးဖြစ်သော်ငြား အရှေ့ပိုင်းဒေသမဟာမိတ်တပ်တို့နှင့် မသေမျိုးမဟာမိတ်တပ်ဖွဲ့သည် တင်းတိမ်ကျေနပ်သွားခြင်းမရှိကြသေး။ သူတို့အားလုံးတွင် တူညီသောပန်းတိုင်တစ်ခုရှိသည်။ သောင်းချီမသေမျိုးတောင်တန်းများအတွင်းမှ ဂြိုလ်သားလူမျိုးအကြွင်းအကျန်များကို အကုန်အစင် တိုက်ခိုက်သုတ်သင်ရန်။
ဤသို့ဖြင့် ခွန်အားကြီးမားသော ကျင့်ကြံသူစစ်တပ်ကြီးသည် တောင်တန်းများ၏ နက်ရှိုင်းရာအရပ်သို့ အရှိန်အဟုန်ဖြင့် ချီတက်လာပြီး သူတို့၏တာအိုနှလုံးသားများမှာ ပြင်းပြသော ဒေါသများဖြင့် ပြည့်နှက်နေကာ နဂါး၏ ဦးခေါင်းကို တိုက်ရိုက်ပစ်မှတ်ထားသကဲ့သို့ ရန်သူ့ ခိုအောင်းရာကို အချက်အချာနယ်မြေကို အပြီးတိုင်ရှင်းလင်းဖို့ ကြံရွယ်ထားကြသည်။
"ဖြေစမ်း၊ ဒီဦးတည်ချက်အတိုင်းမှန်သလား။ အလိမ်အညာတစ်ခွန်းဆိုတာနဲ့ မင်းကို အသားကြိတ်လုံးဖြစ်အောင် နုတ်နုတ်စင်းပစ်လိုက်မယ်"
လီဝူကျယ်က ဓားဦးဖြင့်ချိန်ရွယ်ထားပြီး အကျပ်ကိုင်မေးသည်။
"မှန် မှန်ပါတယ်ခင်ဗျာ..." ဖမ်းဆီးခံထားရသော မျောက်ဘီလူးမျိုးနွယ်များမှာ အကြောက်ကြောက်အလန့်လန့်ဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ပြရလေသည်။
သူတို့၏ သန်မာကြံ့ခိုင်လှပါသည်ဆိုသော ပေါက်ဖော်ညီအစ်ကိုများလည်း မကြာသေးခင်ကပင် မျက်စိရှေ့တွင် ခုတ်ပိုင်းသတ်ဖြတ်ခံထားရသောကြောင့် လူသားကျင့်ကြံသူများအား ထပ်မံအာခံဝံ့ခြင်းမရှိတော့ဘဲ မျိုးနွယ်စခန်းနေရာကို ထုတ်ဖော်ပြောပြဖို့သာ တတ်နိုင်တော့လေသည်။
သို့သော် တစ်ယောက်မှမသိထားသော အချက်တစ်ချက်ရှိ၏။
ဤမျောက်ဘီလူးသုံ့ပန်းများသည် အပြင်ပန်းတွင်တော့ လိုလိုလားလား လက်နက်ချအညံ့ခံထားပြီး မလှုပ်မယှက်ရဲဟန်ရှိသော်လည်း အတွင်းစိတ်ထဲတွင် မကောင်းသောအကြံအစည်များကို သိုဝှက်ထားကြသည်။ ၎င်းတို့က လူသားကျင့်ကြံသူများကို စခန်းနယ်မြေထဲဆွဲသွင်း၍ သူတို့၏ယဇ်ပူဇော်ဝိညာဥ်ဖြစ်သော နတ်ဆိုးဘုရင်အတွက် ယဇ်ကောင်ရှာပေးဖို့ ကြံစည်နေကြခြင်းသာဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ဤမျောက်ဘီလူးစစ်သည်များမှာ သူတို့၏ယဇ်ကောင်ဝိညာဥ်အပေါ် စွမ်းအားအရာတွင် ပြိုင်ဘက်ကင်းပေသည်ဟု အပြည့်အဝယုံကြည်ထားသောကြောင့်။
ထို့ကြောင့် ဤသို့လွယ်လွယ်ကူကူအညံ့ခံလိုက်ကာ အစီအစဥ်ကို နောက်တစ်ဆင့်မြှင့်ဖို့ အသုံးချနေကြခြင်းပင်။
"ဟမ့် မင်းငါ့ကိုလိမ်ရဲလိမ်ကြည့်လိုက်စမ်းပါ" လီဝူကျယ်က ထပ်မံခြိမ်းခြောက်သည်။
"အဲ့ဒီနေရာကို ငါပြန်သွားဖြစ်လိမ့်မယ်လို့ လုံးဝမမျှော်လင့်ခဲ့ဘူး"
ချင်းလျန်ဓားမသေမျိုးက အရှေ့မှတောနက်ကျယ်ကြီးကိုငေးကာ ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ချသည်။
နှစ်ပေါင်းများစွာအကြာက ထိုသောင်းချီမသေမျိုးတောင်တန်းများအတွင်းမှ သူသည် ဒဏ်ရာအပြည့်ဖြင့် အသက်လုထွက်ပြေးခဲ့ရပြီး မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအလွန်တွင် အသစ်တစ်ဖန်ပြန်လည်ကောင်းမွန်လာ အခြေအနေဖြင့် ထိုထောင်ချောက်အတွင်း နောက်တစ်ကြိမ်သက်ဆင်းရပေဦးမည်။
"မြန်မြန်သွားကြတာပေါ့" ဟုန်ချန်ယဲ့က လောဆော်သည်။
ဒူးထောက်ကျန်ရစ်သော မျောက်ဘီလူးသုံ့ပန်းတို့ဆီ အကြည့်တစ်ချက်ရောက်ချိန်တွင် ထိုအမျိုးသား၏ ရေခဲလိုအေးစက်လှပသည့်မျက်နှာထက် သတ်ဖြတ်ချင်စိတ်အငွေ့အသက်တို့ ထင်ဟပ်လာသည်။
ထိုဂြိုဟ်သားတို့၏ဆန်းကြယ်စွမ်းအားကြောင့် သူသည် သုံးစားမရသူဟု လီဝူကျယ်ထံမှ အနိုင်ပိုင်းနှိပ်ကွပ်ခံခဲ့ရသည်။
သူ့ကို ဤမျှထိအသုံးမကျဖြစ်အောင် ထိန်းချုပ်နိုင်နေသော ထိုမျိုးနွယ်အား ယနေ့အတွင်းအမြစ်ဖြတ်ပစ်ရမည်။
"ထွက်ခွာ"
ချင်းလျန်ဓားမသေမျိုး၏ အမိန့်စကားအဆုံးတွင် အနောက်မှ ပြန်လည်နိုးထလာသူအဖွဲ့သည်လည်း ခြေကုန်သုတ်ဖို့ အရှိန်တင်လိုက်ကြတော့၏။
အနောက်မှ အရှေ့ပိုင်းကျင့်ကြံသူများအုပ်စုလည်း အလျင်အမြန်ပင် နောက်ကလိုက်ကြလေတော့သည်။
"ရှေးဟောင်းခေတ်တုန်းကတောင် လျှမ်းလျှမ်းတောက်နာမည်ကျော်ခဲ့တဲ့ မဟာဂြိုဟ်သားမျိုးနွယ်စုလေးခုက ခေတ်သစ်အခါမှ ဒီလိုညက်ညက်ကျေချေမှုန်းခံရလိမ့်မယ်လို့ တစ်ခါမှမထင်ခဲ့ဖူးဘူး"
ကျူးကျို့ရှန်းက သမိုင်းတွင်မည့်တိုက်ပွဲတစ်ပွဲအား မျက်ဝါးထင်ထင်မြင်တွေ့နေရသူတစ်ဦးအနေဖြင့် သူ့ခံစားချက်ကို ဖော်ကျူးလာသည်။
ထိုအချိန်မှာပင် နတ်ရုပ်ထုမျိုးနွယ်မှာတော့ အမြင့်ဆုံးသတိအနေအထားတွင်ရှိနေပြီး သစ်ပင်ချုံပုတ်များသည်ပင် ရန်သူများအလား ထင်မှတ်နေရလျက်။
နတ်ဆိုးဧကရာဇ်သည် လက်နှစ်ဖက်ကိုနောက်ပစ်၍ မတ်တပ်ရပ်ကာ တောင်တစ်လုံးလိုမားမတ်နေသောကိုယ်ဟန်ဖြင့် တစ်စုံတစ်ခုအား တိတ်ဆိတ်စွာစောင့်ဆိုင်းနေဟန်ရှိ၏။
သူ၏ပတ်လည်ရှိ စွမ်းအင်သည် စဉ်ဆက်မပြတ် ဆူပွက်နေပြီး ပေါက်ကွဲထွက်ခါနီးဆဲဆဲ အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
ရွှစ်
ထိုစဥ် ခွန်အားကြီးအရှိန်အဝါတစ်ခုက အလျင်အမြန်ချဥ်းကပ်လာသဖြင့် နတ်ရုပ်ထုမျိုးနွယ်တစ်စုလုံး လန့်ဖျပ်သွားရသည်။
နတ်ဆိုးဧကရာဇ်သည် ရောက်လာသောသူအား ခေါင်းလှည့်ကြည့်လာ သူ့မျက်လုံးများသည် အန္တရာယ်အငွေ့အသက်ဖြင့် ကျဥ်းမြောင်းသွားခဲ့၏။
"အဲ့ဒါသူလား"
ယဲ့ကျွင်းလင်သည် နတ်ရုပ်ထုမျိုးနွယ်စုစခန်းဆီသို့ ချင်းနင်းကျူးကျော်လာခဲ့လေပြီ။
အမြင့်ဆုံးသောတစ်နေရာတွင် ခြေချရပ်တည်လိုက်သည့် ထိုပုံရိပ်သည် လေနှင့်အတူလွင့်မျောနေသော နှင်းဖြူရောင်ဆံပင်ရှည်ဖြင့် ကျောက်စိမ်းသားအလား ချောမွေ့ပြေပြစ်သည့် မျက်နှာသွင်ပြင်ကိုပိုင်ဆိုင်ထားကာ မျက်လုံးအစုံက ကြယ်ပွင့်အလား တောက်ပလင်းလက်သည်။
နတ်ဘုရားတို့၏တည်ရှိမှုအလား သက်ရှိအားလုံးအတွက် မော့ကြည့်ဖူးမြော်နေရမည့် အသွင်အပြင်မျိုး။
"ကျူးကျော်သူ"
မျိုးနွယ်စုစစ်သည်တစ်အုပ်က အော်ဟစ်ကာ အမြန်ပြေးထွက်လာကြသည်။
မရေမတွက်နိုင်သောအကြည့်တို့ ယဲ့ကျွင်းလင်ထံ စုစည်းရောက်ရှိလာကြကာ လေးလံနက်ရှိုင်းသော သတ်ဖြတ်ခြင်းရည်ရွယ်ချက်သည် လေထုကိုစိုးမိုးသွားလေတော့၏။
အသေးအဖွဲအကောင်ပလောင်လေးများကို ယဲ့ကျွင်းလင် အာရုံစိုက်ချိန်မရှိ။ ထိုအစား သူတစ်စုံတစ်ခုကို အထူးတလည်အာရုံခံမိနေကာ အကြည့်တို့က သက်လတ်ပိုင်းလူရွယ်တစ်ယောက်ထံ၌သာ ဆိုက်ရောက်လျက် မျက်နှာအမူအရာသည်လည်း မဆိုစလောက် အံ့အားသင့်နေဟန်ရှိသည်။
"မဟုတ်မှ အားလုံး ကျုပ်ကိုစောင့်နေကြတာလား"
ဤအခြေအနေကိုကြည့်ရသလောက် တစ်ဖက်လူသည် သူ့အလာကို အထူးတလည်စောင့်ဆိုင်းနေခဲ့ခြင်းပင်။
"ကျုပ်ညီအစ်ကိုကို သတ်လိုက်တဲ့သူက လူကြီးမင်းပါလား"
နတ်ဆိုးဧကရာဇ်သည် သူ့ရှေ့မှ ဆံပင်ဖြူနှင့် ငယ်ငယ်ရွယ်ရွယ်အမျိုးသားကို စူးစမ်းကြည့်ရှုနေမိ၏။
သူ၏ အာရုံခံစားမှုက ထက်မြက်စူးရှသဖြင့် ထိုအမျိုးသား၏ ခန့်မှန်းတွက်ချက်မရနိုင်သော နက်နဲမှုကို ခံစားမိနေသည်။
တစ်ချိန်တည်းမှာပင် နတ်ဆိုးဧကရာဇ်သည် ပူပင်ကြောင့်ကြစိတ်များဝင်လာရသည်။ ဤသို့ စွမ်းအားကြီးသောကျင့်ကြံသူမျိုးက မည်သို့မည်ပုံပေါ်ပေါက်ခဲ့လေသနည်း။ အဘယ့်ကြောင့် သူသည် ထိုလူ့အကြောင်းကို တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့လေသနည်း။
ယဲ့ကျွင်းလင်က စိတ်ဝင်စားဟန် ပြုံးသည်။
"ကြည့်ရတာ အဲ့ကောင်စုတ်လေးမွှေလိုက်တဲ့ပုံပါပဲ။ မသေခင်တောင် ဖြစ်အောင်လှမ်းသတိပေးခဲ့တယ်ဟုတ်။ ဒါတောင် ဘာကြောင့်စောစောစီးစီး ထွက်မပြေးကြသေးတာလဲ ခင်ဗျားတို့က"
"ပြေးရမယ်?"
နတ်ဆိုးဧကရာဇ်သည် အပြောင်မြောက်ဆုံးပြက်လုံးကိုကြားလိုက်ရသည့်အလား မထိန်းနိုင်စွာ ဟက်ဟက်ပက်ပက်ရယ်မောလေသည်။ ထိုရယ်သံမှာပင် ကြောက်မက်ဖွယ်ကောင်းသော ထွင်းဖောက်နိုင်စွမ်းတစ်ခု ပါဝင်နေသကဲ့သို့ မသေမျိုးတောင်ကြီးတစ်ခုလုံး တုန်ခါသွားခဲ့ရ၏။
"ဒီနေ့ဒီအချိန်ထိ ငါကထွက်ပြေးဖို့လိုနေသေးတာလား"
"မင်းကိုယ်မင်း ဘယ်သူလို့များထင်နေတာလဲ။ သန္ဓေသားဝိညာဥ်လို အမှိုက်ကောင်တစ်ကောင်ကို ကိုင်တွယ်လိုက်နိုင်ရုံနဲ့ ငါ့ကိုပါအနိုင်ယူနိုင်မယ်ထင်နေတာလား။ ဒါကတော့ တော်တော်လေးရူးရာကျသွားပြီ"
ရယ်မောသံ တဖြည်းဖြည်းတိတ်ဆိတ်သွားပြီး နတ်ဆိုးဧကရာဇ်က ကြောက်မက်ဖွယ်စူးလက်လာသော မျက်လုံးများဖြင့် အေးစက်စက်အော်ဟစ်ကြိမ်းဝါးသည်။
"နည်းနည်းတော့ စိတ်ဝင်စားစရာပဲ။ နောက်လည်း လေသံဆက်မာနိုင်သေးဖို့ မျှော်လင့်ပါတယ်" ယဲ့ကျွင်းလင်က သဘောကျဟန်ပြုံး၍ ဆိုသည်။
"ငါ့ရဲ့သစ္စာရှိနောက်လိုက်များ၊ သူ့အင်အားကို စမ်းသပ်ကြစမ်း" နတ်ဆိုးဧကရာဇ်က အမိန့်ပေးသည်။
"ဟုတ်ကဲ့"
မျိုးနွယ်စုစစ်သည်တော်များသည် တစ်စုတစ်စည်းတည်းအနေအထားဖြင့် သူတို့၏ ညစ်ထေးဝိညာဥ်စွမ်းအားကို ထုတ်လွှတ်လိုက်ကြကာ ယဲ့ကျွင်းလင်ဆီသို့ မုန်တိုင်းတစ်ခုအလား ပို့လွှတ်လိုက်ကြ၏။
သို့သော် ယဲ့ကျွင်းလင်၏ စိတ်စွမ်းအင်တံတိုင်းကို ဖောက်ထွင်းဖို့ရာ မစွမ်းသာခဲ့။
"အဓိပ္ပာယ်မရှိလိုက်တာ၊ မင်းတို့ကိုအရင်သတ်မယ်"
ယဲ့ကျွင်းလင် စိတ်မရှည်လက်မရှည်ဟန်ဖြင့် အင်္ကျီလက်စကိုခေါက်တင်လိုက်စဥ် သန်းချီသောဥပဒေစွမ်းအားများသည် ချိန်းကြိုးများဆက်ထားသည့်အလား အတွဲလိုက်စီထွက်လာကြ၏။
"အား..."
ရုတ်တရတ်ဆိုသလို မျိုးနွယ်စုစစ်သည်အများအပြား အတုံးအရုံးရှင်းထုတ်ခံလိုက်ရသည်။
ထိုတိုက်ကွက်တွင် နတ်ဆိုးဧကရာဇ်သည်လည်း အမူအရာပျက်ယွင်းသွားခဲ့၏။
"မင်း မင်းကဘယ်လိုလုပ် မသေမျိုးသူတော်စင်ဖြစ်နေရတာလဲ"
ယဲ့ကျွင်းလင်၏ကျင့်ကြံဆင့်ကို မြင်လိုက်ရသည့်တစ်ခဏတွင် သူ၏နှလုံးသားထက် မုန်တိုင်းဝင်မွှေသွားခဲ့သလိုပင်။
သူသည်ပင် မသေမျိုးသူတော်စင်အဆင့်သို့တက်ရာလမ်းတစ်ဝက်တွင် တစ်ကျန်နေဆဲဖြစ်ကာ ကောင်းကင်တာအိုဥပဒေကို မချိုးဖျက်နိုင်ခဲ့သေး။
သို့သော် ထိုလျှို့ဝှက်ဆန်းကြယ်သည့် လူငယ်ကောင်လေးက သူ့ထက်အရင် မသေမျိုးသူတော်စင်အဖြစ် တက်လှမ်းနှင့်ခဲ့ပြီးဖြစ်၏။
သူ့စိတ်အစဥ်မှာ ထိုအချက်ဖြင့် အကြီးအကျယ်ယိမ်းယိုင်သွားခဲ့ရသည်။
"ခန့်မှန်းကြည့်ပေါ့" ယဲ့ကျွင်းလင်က ခပ်ပြုံးပြုံးဆိုသည်။
ဘာကြောင့်ရယ်မှန်းမသိသော်လည်း ရန်သူတော်များ သူ့ကျင့်ကြံဆင့်ကိုမြင်အပြီး အံ့သြဘနန်းဖြစ်သွားကြဟန် မျက်နှာအမျိုးမျိုးကို ကြည့်ရသည်မှာ အတော်လေးပျော်စရာကောင်းလေသည်။
ကြည့်ရသလောက် ဤကမ္ဘာတွင် သူသည်သာ တစ်ဦးတည်းသောမသေမျိုးသူတော်စင်ဖြစ်ပုံရ၏။
ငါက အဲ့လိုပဲ တစ်မူထူးခြားတယ်လေ။
"ငါ့ဖင်ကိုခန့်မှန်းပါ့လား"
နတ်ဆိုးဧကရာဇ်က ဒေါသတကြီးအော်သည်။
သူ့အတွေးထဲတွင်မူ ရှေးဟောင်းခေတ်တုန်းက ကြားခဲ့ဖူးသည့် ကောလဟလတစ်ခု ဝင်ရောက်လာလျက်။
ထိုသို့သောဒဏ္ဍာရီတစ်ပုဒ် ရှိခဲ့သည်။ ကောင်းကင်တာအို၏ ချစ်လှစွာသောသားတော်သည် အင်အားအကြီးဆုံးဟူသည့်ဂုဏ်ပုဒ်ကိုစွဲကိုင်ကာ ထွက်ပေါ်လာလိမ့်မည်ဟု။
ကောင်းကင်တာအို၏ ချစ်ကြည်ခြင်းကိုခံရသော ထိုပုဂ္ဂိုလ်သည် ကောင်းကင်တာအိုကိုယ်တိုင် ထောက်ခံအားပေးထားသော အလားအလာဖြင့် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ပါးအဖြစ် မွေးဖွားလာကာ ဤကမ္ဘာလောက၏ကံတရားကို ကြိုးကိုင်ထိန်းချုပ်လိမ့်မည်ဟု။
ထိုသို့သောဒဏ္ဍာရီတစ်ပုဒ် ရှိခဲ့သောကြောင့် သူသည် ယဲ့ကျွင်းလင်၏ မသေမျိုးသူတော်စင်အဆင့်ကိုမြင်သော် မထိန်းချုပ်နိုင်စွာ တွေဝေငေးငိုင်သွားရ၏။
"ကောင်းကင်တာအိုရဲ့ ဥပဒေစည်းမျဥ်းတွေကိုလွန်ဆန်ပြီး မသေမျိုးသူတော်စင်အဆင့်ကို တက်ရောက်ထားနိုင်တယ်ဆိုရင် ဒီလူက ဒဏ္ဍာရီထဲက အဲ့ဒီ ကောင်းကင်တာအိုရဲ့ မျက်ရှုသားတော်ဖြစ်နေလေမလား"
"အရေးကြီးတာက သူကဒီကို ရှုပ်ထွေးနတ်ဆိုးဝိညာဥ်တွေကိုရှင်းထုတ်ဖို့ ရောက်လာခဲ့တာ။ အဲ့ဒါဟာလည်း ကောင်းကင်တာအိုရဲ့ညွှန်ကြားချက်များ ဖြစ်လေမလား"
ထိုအကြောင်းကိုတွေးမိသော် နတ်ဆိုးဧကရာဇ်သည် အံတင်းတင်းကြိတ်လိုက်မိပြီး ကျယ်ပြောသောကောင်းကင်ယံကို မော့ကြည့်မိရင်း မျက်နှာအမူအရာက အင်မတန်ရက်စက်ကြမ်းကြုတ်လာခဲ့သည်။
တစ်ချိန်က တစ်ပေါင်းတစ်စည်းတည်း အတူတည်ရှိခဲ့ကြဖူးသူအချင်းချင်း ဒီလောက်ထိလုပ်ရမှဖြစ်မှာလား။
ဒီလိုဆိုတော့လည်း အဲ့ကလေးကို သတ်လိုက်ကြတာပေါ့။
နောက်ပြီး သူ့ရဲ့ကံကြမ္မာကောင်းချီးတွေအကုန် ငါ့လက်ထဲရောက်အောင် လုယူပစ်မယ်။
ဤသို့ စိတ်ပိုင်းဖြတ်အပြီးတွင် နတ်ဆိုးဧကရာဇ်သည် ယဲ့ကျွင်းလင်၏မျက်လုံးများထဲသို့ တောရိုင်းသားရဲတစ်ကောင်၏ သွေးဆာနေသောမျက်လုံးများကဲ့သို့ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် တစ်ဖန်ပြန်စိုက်ကြည့်ရင်း အေးစက်စက်ဆိုသည်။
"ဆက်ကြတာပေါ့ မင်းဘယ်လောက်လုပ်နိုင်လဲ ငါ့ကိုပြစမ်းပါ"
"အလိုကျ ဖြစ်စေရပါ့မယ်ခင်ဗျာ"
ယဲ့ကျွင်းလင်က ခပ်နောက်နောက်ဆိုရင်း လက်သီးဆုပ်လိုက်သည်။ ထိုလက်သီးဆုပ်မှ မျက်စိကျိန်းစပ်ဖွယ်အလင်းရောင်များ စူးထွက်လာသည့်ဟန်မှာ နတ်ဘုံနတ်နန်းမှ မဟာနေမင်းကြီး ထွန်းလင်းတောက်ပလာသကဲ့သို့။
"တိုက်ခိုက်ရေးသူတော်စင်လက်သီး"
ယဲ့ကျွင်းလင်သည် ထပ်မံချုပ်တည်းထားခြင်းမရှိတော့ဘဲ သူ၏ထူးကဲကျင့်စဥ်လက်သီးကို အသက်သွင်းလိုက်သည်။ ရွှေရောင်အလင်းဝိုင်းတစ်ခုက သူ့ကိုလည်ပတ်ဖြစ်တည်လာကာ ရှေးဟောင်းဆန်၍ တသီးတသန့်ဖြစ်သော သြဇာအာဏာဖြင့် ပြည့်စုံကြွယ်ဝလျက်။
အုံး
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျယ်ပြောစိုးမိုးလှသော ရွှေရောင်လက်သီးရာတစ်ချက် ထိုးထွက်လာကာ အဆုံးမရှိသော ကြောက်မက်ဖွယ်စွမ်းအားအဟုန်ဖြင့် လေဟာနယ်ကိုချိုးဖျက်၍ ဦးတည်ရာဆီ တည့်တည့်ဆိုက်ရောက်လေ၏။
"မင်းအကွက်က ဒါလား"
နတ်ဆိုးဧကရာဇ်၏မျက်လုံးများမှာ တစ်မျိုးတစ်မည်တောက်ပသွားပြီး သူ၏အနောက်တွင် ကြီးမားသောအလင်းစက်ဝန်းကြီးတစ်ခုဖြစ်တည်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အလဲထိုးမရနိုင်သော တိုက်ခိုက်ရေးအရှိန်အဝါကို တမုဟုတ်ချင်းထုတ်လွှတ်လာလျက် ရွှေရောင်လက်သီးရာတစ်ချက်အား ပစ်ထိုးလိုက်လေ၏။
အတိအကျတူညီနေပါသော တိုက်ခိုက်ရေးသူတော်စင်လက်သီးပင်။
"ဘာ"
ယဲ့ကျွင်းလင် တအံ့တသြဖြစ်ကျန်ခဲ့သည်။
သူ၏ အသန်မာဆုံးသော တိုက်ကွက်များထဲမှတစ်ခုကို ပြိုင်ဘက်က မျက်စိတစ်မှိတ်အတွင်း သင်ယူအသုံးပြုလိုက်ခြင်းပေလော။