မင်းကငါ ငါကမင်း
Vol. 48 Ch. 671
ယဲ့ကျွင်းလင်သည် ရှုပ်ထွေးနတ်ဆိုးဝိညာဥ်မှ သူနှင့်တစ်ပုံစံတည်းတူသော တိုက်ကွက်ကိုထုတ်သုံးလိုက်ခြင်းအတွက် အံ့သြသွားမိသည်ကိုတော့ မငြင်းဆန်နိုင်။
ထိုတိုက်ကွက်သည် သူ၏ မသေမျိုးကျင့်စဥ်များအနက်မှ အမြင့်တကာ့အမြင့်ဆုံး ထူးကဲကျင့်စဥ်ဖြစ်ကာ ထုတ်လွှတ်နိုင်သောစွမ်းအားမှာလည်း ကြောက်မက်ဖွယ်ကြီးမားသည်။
အုံး အုံး အုံး အုံး
ရှေးဟောင်းကျင့်စဥ်လက်သီးနှစ်ခု ထိပ်တိုက်တွေ့သည့်အခါတွင် တစ်ခုကိုတစ်ခု ထိုးတိုက်ချေဖျက်လိုက်ကြကာ စွမ်းအင်အစအနတို့က မိုင်သောင်းချီအထိ ပြန့်ကျဲသွားခဲ့လေတော့၏။
ဂြိုဟ်သိမ်တစ်ခုနှင့်ပင် အရွယ်အစားချင်းနှိုင်းယှဥ်နိုင်သော မသေမျိုးတောင်ကြီးသည်လည်း ပဲ့ရွဲ့ပြိုပျက်လျက် လုံးတက်လာသောဖုန်မှုန့်များက ကောင်းကင်ကိုဖုံးလွှမ်းကုန်သည်။ သစ်ပင်များလည်း မခံနိုင်ဟန် ကျိုးပျက်ပေါက်ကွဲကာ မြစ်ချောင်းများပင် ခန်းခြောက်ပျက်စီးကုန်သည်။
"အား..."
အော်သံများသည် အချိန်တိုတစ်ခုအတွင်း ပြတ်တောင်းပျောက်ကွယ်သွားရလေ၏။
နတ်ရုပ်ထုမျိုးနွယ်စခန်းတစ်ခုလုံးမှာ နောက်ဆက်တွဲရိုက်ခတ်လာသော စွမ်းအင်လှိုင်းကြောင့် မြေပြင်နှင့်တစ်သားတည်းကျအောင် ညက်ညက်ကျေသွားရကာ ကျန်ကောင်းကျန်ရာ မျိုးနွယ်စုဝင်အနည်းငယ်မှာ သေလောက်အောင်တုန်ယင်ကြောက်လန့်နေကြလျက်ရှိသည်။
ပြိုင်ဘက်ကင်းဟန်ပန်ဖြင့် မားမတ်စွာရပ်တည်နေသောပုံရိပ်အား ကြည့်ရင်း ယဲ့ကျွင်းလင်သည် ဤရှုပ်ထွေးနတ်ဆိုးဝိညာဥ်သည်ကား သူတိုက်ခဲ့သော ရှေ့နှစ်ဦးထက် အတော်လေးကွာခြားသောအဆင့်တွင်တည်ရှိနေကြောင်း သဘောပေါက်လိုက်သည်။
ပြိုင်ဘက်သည် သူ၏နတ်ဘုရားစွမ်းရည်ကို တုပအသုံးပြုနိုင်ရုံသာမက ထုတ်လွှတ်နေသော မသေမျိုးချီအရည်အသွေးသည်ပင် အမြင့်ဆုံးသော နဝမအဆင့်တွင် ရှိနေခြင်းပင်။
ဒါ ဘယ်လိုသဘောတရားမျိုးပါလိမ့်။
မယုံနိုင်လောက်အောင် သန်မာနေတဲ့လူပဲ။
"အံ့သြသွားလား"
နတ်ဆိုးဧကရာဇ်က ဟက်ခနဲလှောင်ရယ်သည်။
"မင်းက မသေမျိုးသူတော်စင်အဆင့်မှာရှိနေတိုင်း ငါ့ကိုနိုင်ပြီလို့မဆိုလိုဘူး။ ခုနကသုံးတဲ့လှုပ်ရှားမှုအတိုင်း ငါကမင်းနဲ့ အမြဲသရေကျနိုင်တဲ့အဆင့်မှာရှိတယ်"
"စိတ်ဝင်စားစရာကောင်းသားပဲ"
ယဲ့ကျွင်းလင်က မျက်လုံးကိုအသာမှေးစင်းလျက် အမှန်တကယ်စိတ်ဝင်စားလာဟန် ရေရွတ်သည်။
ထိုစဥ် သူ့စိတ်ထဲ ခန့်မှန်းတွက်ချက်မှုတစ်ခု လက်ခနဲပေါ်လာသည်။
ထိုအတွေးအတိုင်း ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
"နောက်တစ်ကြိမ်"
ယဲ့ကျွင်းလင်သည် တိုက်ခိုက်ရေးသူတော်စင်လက်သီး နောက်တစ်လုံးကို ပစ်လွှတ်လိုက်ရာ ထိုလက်သီးရာသည် တောက်ပသောရွှေရောင်အလင်းဖြင့် ပျံထွက်သွားပြန်၏။
"အသုံးဝင်မှာမဟုတ်ဘူး"
နတ်ဆိုးဧကရာဇ်က နှာတစ်ချက်မှုတ်ကာ တူညီသောလက်သီးတစ်လုံးကို ပြန်လှန်ပစ်လွှတ်၍ ပြိုင်ဘက်၏တိုက်ခိုက်မှုအား ဖျောက်ဖျက်လိုက်သည်။
လက်သီးရာကြီးနှစ်ဖက် တိုက်ခတ်မိလိုက်သည့် အခိုက်အတန့်တွင် နေမင်းကြီးနှစ်လုံးဝင်တိုက်မိသည့်အလား အလွန်ထူးခြားသာလွန်သည့် တောက်တောက်ပပ မြင်ကွင်းများကို ဖြစ်ပေါ်စေ၏။
ရုတ်တရတ် နတ်ဆိုးဧကရာဇ်သည် တစ်စုံတစ်ခုလွဲမှားနေသည်အား နားလည်လိုက်မိသည်။ သူပစ်လွှတ်လိုက်သော မသေမျိုးသူတော်စင်လက်သီးကား ယဲ့ကျွင်းလင်၏လက်သီးထက် လွန်စွာအားနည်းနေခြင်းပင်။
သို့သော် နားလည်လိုက်ချိန်မှာ နောက်ကျသွားခဲ့လေပြီ။
ရွှစ်ခနဲအသံဖြင့် ရွှေရောင်လက်သီးပုံရိပ်သည် ယခင်တစ်ခါလို ပျောက်ပျက်မသွားဘဲ ပြိုင်ဘက်ကင်းသော စွမ်းအင်ဖြင့် ရှေ့သို့ ချီတက်လာပြီး နတ်ဆိုးဧကရာဇ်ကို ပြင်းထန်စွာ ထိမှန်သွားသည်။
"ချီးပဲ။ ဒီတစ်ခေါက်သူက ဥပဒေစွမ်းအား ငါးသန်းအားကို ထည့်သုံးလိုက်တာ"
နတ်ဆိုးဧကရာဇ်သည် ထိတ်လန့်သည်နှင့်အမျှ ဒေါသလည်းကြွကာ သူ၏ပုံတူကူးစွမ်းရည်က ပြိုင်ဘက်ကိုအမီမလိုက်နိုင်မှန်း လက်ခံလိုက်ရတော့၏။
သူ့စွမ်းရည်သည် ကျင့်ကြံသူတိုင်း၏ နတ်ဘုရားကျင့်စဥ်စွမ်းရည်များကို မည်သည့်အဆင့်ပင်ဖြစ်စေ ပုံတူကူးအသုံးပြုနိုင်စွမ်း ဖြစ်သည်။ သို့သော် ပြိုင်ဘက်သည် ပစ်လွှတ်လိုက်သောစွမ်းရည်အတွင်း မူရင်းကိုယ်၌စွမ်းအားကို ထည့်ပေါင်းတိုက်ခိုက်လျှင်တော့ သူလည်းဘာမှတတ်နိုင်မည်မဟုတ်။
(သူ့ပုံမှန်စွမ်းအားက ကျင့်စဥ်တို့ လက်နက်တို့ကို အတုယူနိုင်ပေမဲ့ ကျင့်ကြံဆင့်ကိုတော့ အတုလုပ်မယူနိုင်ပါ)
ဤတိုက်ပွဲသည် ဝှက်ဖဲများကို တစ်ချပ်ပြီးတစ်ချပ်ထုတ်ပြနေရသလို ခံစားမိရကာ ဝှက်ဖဲအရေအတွက်ပိုများသောသူသာ အနိုင်ရလိမ့်မည်ပင်။
ထို့ကြောင့် ဤနေရာတွင် ယဲ့ကျွင်းလင်၏ မသေမျိုးသူတော်စင်အဆင့် ဥပဒေစွမ်းအားက တစ်ပန်းသာသွားခဲ့ခြင်းဖြစ်၏။
နတ်ဆိုးဧကရာဇ်ကဲ့သို့ မသေမျိုးသူတော်စင်လမ်းတစ်ဝက်တွင်သာရှိသေးသော ကျင့်ကြံသူတွင် ဥပဒေစွမ်းအားငါးသောင်းကိုသာ အမိအရဆုပ်ကိုင်ထားနိုင်သေးရာ ထို့ထက်ပို၍ လက်လှမ်းနိုင်စွမ်းရှိသေး။
သို့ပေသည့် ယဲ့ကျွင်းလင်၏လက်ထဲတွင် ဥပဒေစွမ်းအား ငါးသန်းအတိ အပြည့်အဝရောက်ရှိနေသည်။
ကွာဟချက်မှာ သနားစရာကောင်းလောက်အောင် ကြီးမားနေလေသည်။
ထိုစဥ် ပေါက်ကွဲသံတစ်ချက်ဖြင့် ကမ္ဘာမြေပြင်တစ်ခုလုံး တုန်ခါသွားရ၏။
မီးခိုးမည်းမည်းများကြား ရုပ်လုံးပေါ်လာသော ပုံရိပ်တစ်ခုသည် သွေးစီးကြောင်းများအပြည့်လွှမ်းလျက် မကျေမနပ်အမူအရာဖြင့် အလင်းရောင်ဆီသို့ ပြန်လည်နင်းလျှောက်ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်မျက်လုံးများက ယဲ့ကျွင်းလင်ကို မနာလိုစိတ်အပြည့်ဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
"အရသာဘယ်လိုရှိလဲ ကိုယ့်လူ"
ယဲ့ကျွင်းလင်က ခပ်နောက်နောက်မေးသည်။
နတ်ဆိုးဧကရာဇ်၏နှလုံးသားမှာ ဒေါသမီးဖြင့်ကျွမ်းလောင်လျက်ရှိကာ သူ့စိတ်အစဥ်က နည်းဗျူဟာမျိုးစုံကို တွက်ချက်ရေးဆွဲနေသည်။
လက်ရှိအခြေအနေအောက်တွင် ပြိုင်ဘက်၏ သန်းချီသောဥပဒေစွမ်းအားကြောင့် သူ၏ဆန်းကြယ်စွမ်းအားဖြင့် ဆက်လက်တိုက်ခိုက်နေပါလျှင် ဆက်ရှုံးဖို့သာရှိပေတော့မည်။
ထို့ကြောင့် သူ၏အထူးအဆင့်ကို မဖြစ်မနေ အသက်သွင်းဖို့ရာသာရှိတော့လေ၏။
အထူးအဆင့်ကို ထုတ်သုံးလိုက်ပါက ဤတိုက်ပွဲအပြီးတွင် သူ၏ အခြေအနေ ကျဆင်းသွားမည်ဆိုသော်လည်း ထျန်းယွမ်သလင်းကျောက် အပုံလိုက်ကို ထပ်မံစားသုံးလိုက်ပါက အချိန်သေချာယူပြီး ပြန်လည် နာလန်ထူနိုင်သေးသည်။
သေခြင်းထက် ပို၍ကြောက်မက်ဖွယ်ကောင်းသောအရာ မရှိ။
အချိန်တစ်ခဏအတွင်း အစအဆုံး စဥ်းစားဆုံးဖြတ်ပြီး နတ်ဆိုးဧကရာဇ်သည် အရေးကြီးဆုံးဖြတ်ချက်တစ်ခုအား ချမှတ်လိုက်တော့၏။
"ကောင်စုတ်လေး၊ မင်းကိုယ်မင်း နိုင်ပြီထင်နေသလား"
"ငါ့ရဲ့ ကြေးမုံကိုယ်ပွားကို တစ်ချက်လောက်ကြည့်လိုက်"
ကျယ်လောင်သောဟစ်ကြွေးသံနှင့်အတူ နတ်ဆိုးဧကရာဇ်၏ခန္ဓာကိုဘ်သည် ထူးဆန်းသောအမှောင်ရိပ်တစ်မျိုးဖြင့် ကြေးမုံတစ်ချပ်အလား ရောင်ပြန်ဟပ်လာတော့သည်။
သူ၏အဆင့်မှာ ယဲ့ကျွင်းလင်၏ မှန်ထဲမှပုံရိပ်အလား တစ်ထပ်တည်းကျအောင် မြင့်တက်လာခဲ့တော့၏။
"ဟင်"
ယဲ့ကျွင်းလင် မျက်ခုံးတစ်ဖက်ပင့်သွားသည်။ သူ့တစ်ကိုယ်လုံးကို စကန်ဖတ်ကူးယူခံနေရသည့်အလား ထူးဆန်းသည့်ခံစားချက်ကြီးမှာလည်း တဖြည်းဖြည်းမြင့်တက်လာလေတော့၏။