အခန်း (၆၇၂)
Vol. 48 Ch. 672
"ကောင်းကင်ရိုင်းအကျဥ်းချလက်ချောင်း"
ယဲ့ကျွင်းလင် သတိဝင်သည်နှင့် လက်သင်္ကေတတစ်ခုကိုဖွဲ့စည်းကာ တိုက်ကွက်တစ်ခု အမြန်ပစ်ထုတ်လိုက်ပြီး ဥပဒေစွမ်းအားငါးသန်းဖြင့် အသက်သွင်းတိုးမြှင့်၍ နတ်ဆိုးဧကရာဇ်အား တစ်ချက်တည်းဖြင့်အပြတ်ရှင်းထုတ်ဖို့ ကြိုးစားလိုက်သည်။
အုံး
လေဟာနယ်မှာ ထိုကျင့်စဥ်အားကြောင့် တစ်စချင်းစီကွဲအက်ကြေမွသွားကာ ခမ်းနားထည်ဝါသော အလင်းပုံရိပ်တစ်ခုက သူ၏အနောက်ဘက်၌ ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ရင်တုန်ခြောက်ချားဖွယ် စွမ်းအင်ကို ထုတ်လွှတ်နေသည်။
ယဲ့ကျွင်းလင်သည် ချက်ချင်းပင် လက်ဝါးတစ်ဖက်ကိုမြှောက်၍ ရိုက်ချရန်ဟန်ပြင်လိုက်စဥ် သူ၏နောက်မှ ခမ်းနားထည်ဝါသော အလင်းရောင်ပုံရိပ်သည်လည်း လှုပ်ရှားလာပြီး တူညီသော လှုပ်ရှားမှုကို လုပ်ဆောင်သည်။
ရွှစ်
ရှေးဟောင်းအငွေ့အသက်ဖြင့် ကြီးမားသောလက်ဖဝါးကြီးသည် သိပ်သည်းစုစည်းနေသောစွမ်းအင်များဖြင့် လက်ဝါးပြင်ထက် အချိန်စီးကြောင်းသင်္ကေတများ ပြန့်ကျဲတည်ရှိနေလျက် နတ်ဆိုးဧကရာဇ်ရပ်နေသောဘက်သို့ တည့်တည့်ဦးတည်ချိန်ရွယ်လာသည်။
ကြောက်မက်ဖွယ် ပြင်းပြသောဖိအားသည် ပင်လယ်ပြင်ကြီးအလား ကျယ်ပြောလေးလံကာ မသေမျိုးတောင်ကြီးတစ်ခုလုံးပင် ပြင်းစွာတုန်ခါ၍ ကောင်းကင်ရိုင်းအကျဥ်းချလက်ချောင်း၏ ဖြစ်တည်ပေါ်ပေါက်လာမှုအား သည်းမခံနိုင်တော့သကဲ့သို့ရှိ၏။
ထို့နောက်တွင် အံ့သြထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။
ကြမ်းကြုတ်ရက်စက်သောအသွင်ဖြင့် နတ်ဆိုးဧကရာဇ်သည် ဥပဒေစွမ်းအားငါးသန်းအပြည့်ပါဝင်သော ကောင်းကင်ရိုင်းအကျဥ်းချလက်ချောင်းကျင့်စဥ်ကို ထုတ်ယူအသုံးပြု၍ တန်ပြန်တိုက်ခိုက်လာခြင်းပင်။
ထိုအခိုက်တွင် သူ၏ကျင့်ကြံဆင့်မှာလည်း မသေမျိုးသူတော်စင်အဆင့်တွင် ရှိနေခဲ့သည်။
ဘန်း
တိုက်ကွက်နှစ်ခု ထိပ်တိုက်တွေ့ဆုံရာတွင် ပြင်းပြသောစွမ်းအင်လှိုင်းများက အရပ်မျက်နှာပေါင်းစုံသို့ ပြန့်ကျဲသက်ရောက်သွားလျက် အောက်ဘက်ရှိမသေမျိုးတောင်ကြီး၏ အရွယ်အစားတစ်ဝက်ခန့်သည် ဖုန်မှုန့်များအဖြစ် ပြိုပျက်ကြေမွသွားရသည်။
"အဲ့လို ရသေးတယ်ပေါ့"
သူ၏ အရှိန်အဝါ အဆင့်အတန်းကို မှန်ချပ်တစ်ခုလိုပုံတူကူးယူထားသော နတ်ဆိုးဧကရာဇ်ကိုစူးစိုက်ကြည့်ရင်း ယဲ့ကျွင်းလင် အလွန်အမင်း အံ့အားသင့်မှုကိုလည်း မထိန်းချုပ်နိုင်ခဲ့။
နတ်ဘုရားကျင့်စဥ်အတတ်များ ပုံတူကူးခံရသည်အထိ သူလက်ခံနိုင်သေးသော်လည်း ဤအခြေအနေတွင် ပြိုင်ဘက်သည် သူ၏ဖြစ်တည်မှုတစ်ခုလုံးကို ကူးယူပြောင်းလဲလိုက်ခြင်းပင်မဟုတ်လော။
"အခုငါကမင်းပဲ။ မင်းကိုယ်မင်း အနိုင်ယူနိုင်ပါ့မလား ကြည့်ကြသေးတာပေါ့"
နတ်ဆိုးဧကရာဇ်သည် ခပ်မဲ့မဲ့ပြုံးရယ်ကာ ဆို၏။ သူ၏ခန္ဓာကိုယ်မှာ ဖြာထွက်နေသော ထူးဆန်းသည့်တောက်ပမှုများက ယဲ့ကျွင်းလင်၏ပုံရိပ်ကို အတိအကျဖမ်းယူထင်ဟပ်စေလျက်။
ဤသည်မှာ သူ၏အားအကောင်းဆုံးတိုက်ကွက်ဖြစ်သော ကြေးမုံကိုယ်ပွားပင်။
ပြိုင်ဘက်၏ ကျင့်ကြံဆင့်နှင့် ကျင့်စဥ်နည်းလမ်းအားလုံးကို ကူးယူသုံးစွဲနိုင်သော သူ၏အကြီးမားဆုံးဝှက်ဖဲ။
ထူးဆန်းစွာပင် ယဲ့ကျွင်းလင်သည် တည်ငြိမ်မှုကိုမပျက်ပြားစေရဘဲ တစ်မျိုးတစ်မည်ပြုံးသည်။
"မင်းမှာ အကြံဉာဏ်ကောင်းတွေရှိနေတာကို ငါလက်ခံပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးအချက်ကိုတော့ ထည့်မတွက်လိုက်ပုံပဲ။ ငါနဲ့ပုံတူပွားထားတဲ့အဆင့်က ငါ့ကိုဘယ်လိုအနိုင်ယူနိုင်မှာလဲ။ ဒီတိုက်ပွဲကအဆုံးမရှိပေမဲ့ မင်းရဲ့ကျင့်စဥ်ကတော့ တစ်ချိန်ချိန်မှာပျောက်ပျယ်သွားမှာပဲ။ အဲ့ဒီအခါကျ မင်းအခြေအနေကောင်းနိုင်ပါဦးမလား"
သူ၏အမြင်တွင် ဤအကွက်သည် မည်မျှထက်မြက်သည်ဆိုဆို အနိုင်အရှုံး ဖြစ်နိုင်ချေညီမျှနေပြီး အသာစီးရနိုင်ချေကို အခိုင်အမာမျှော်လင့်ထားလို့မရ။
သို့သော် နတ်ဆိုးဧကရာဇ်ဘက်တွင်မူ ကျင့်စဥ်ပျောက်ပျယ်သွားသည်နှင့် နဂိုအခြေအနေဖြင့် ဆက်တိုက်ရဦးမည်ဖြစ်၏။
ထိုမှတ်ချက်ကိုကြားသော် နတ်ဆိုးဧကရာဇ် တိတ်ဆိတ်သွားခဲ့သည်။
သူပြောတာမှန်သည်။
အခုအချိန် ယဲ့ကျွင်းလင်ကို သူထိန်းထားနိုင်ဦးမည်ဆိုပေသည့် ရေရှည်တွက်လို့ရသောအကြံမျိုးမဟုတ်ခဲ့။ ဤကြေးမုံကိုယ်ပွားကျင့်စဥ် ပျောက်ကွယ်သွားသည့်အချိန်တွင် သူ၏အခြေအနေသည်လည်း ဆုတ်ယုတ်ကျဆင်းသွားဦးမည်ဖြစ်ရာ သေခြင်းကို မလွှဲမရှောင်သာ ရင်ဆိုင်ရပေဦးမည်။
"ဟမ့် မင်းကိုကလေးက ဘာတွေအဲ့လောက်မာန်တက်နေတာလဲ။ ငါကျန်တဲ့ညီအစ်ကိုနှစ်ယောက်ဆီ သတင်းစကားပို့ပြီးပြီ။ သူတို့ရောက်တာနဲ့ ငါတို့မင်းကို အတူပြန်တိုက်ထုတ်လို့ရတယ်။ မင်းမှာလည်း နိုင်ဖို့အခွင့်အရေး ဘယ်လောက်ကျန်သေးလို့လဲ"
နတ်ဆိုးဧကရာဇ်က အေးစက်စက်ပြောသည်။
သန္ဓေသားဝိညာဥ် သေဆုံးခဲ့ပြီးဖြစ်သော်လည်း သူ့ဘက်တွင် နတ်ဆိုးဘုရင်နှင့် နှလုံးသားနတ်ဆိုးလူအို ကျန်ရှိနေသေးသည်။ ထိုညီအစ်ကိုနှစ်ယောက်၏ စွမ်းရည်များမှာလည်း ထူးကဲသာလွန်လှသည်ဖြစ်ရာ ယဲ့ကျွင်းလင် လျစ်လျူရှုထားလို့ရမည့်အနေအထားမဟုတ်။
အမှန်အတိုင်းဆိုရလျှင် နတ်ဆိုးဧကရာဇ်သည်လည်း ညီအစ်ကိုပင်ဆိုစေ ထိုနှစ်ဦးကို မဖြစ်မနေမလို့သာ အကူအညီခေါ်လိုက်ရခြင်းဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် သူ၏အားနည်းချိနဲ့နေသောအခြေအနေတွင် ထိုညီအစ်ကိုနှစ်ဦးသည်လည်း ကျားရဲများဖြစ်သောကြောင့်။
ရှုပ်ထွေးနတ်ဆိုးဝိညာဥ်များသည် တစ်ဦးကိုတစ်ဦးစားသုံးကာ အားဖြည့်အဆင့်တက်နိုင်သောအမျိုးအစားများ ဖြစ်လေသောကြောင့် သူတို့အချင်းချင်းလည်း ဤအချက်ကိုနားလည်စွာဖြင့် ငြိမ်းချမ်းရေးအား နှစ်ပေါင်းကြာရှည်စွာ အနိုင်နိုင်ထိန်းသိမ်းထားရခြင်းပင်။
ကံမကောင်းစွာဖြင့် အခြေအနေများက ဤသို့ကျပ်တည်းအခက်ကြုံလာခြင်းကြောင့် နတ်ဆိုးဧကရာဇ်လည်း လာမည့်ဘေးပြေးတွေ့လိုက်ရုံမှအပ ရွေးချယ်စရာမရှိတော့။
ထိုစကားများကိုကြားသော် ယဲ့ကျွင်းလင်၏မျက်လုံးများ တစ်ချက်စူးခနဲလက်သွားသည်။
ပြိုင်ဘက်သည် သူ၏ညီအစ်ကိုနှစ်ဦးအထိ ဆုံးရှုံးသွားပြီးကြောင်း သိထားဟန်မတူ။ မျောက်ဘီလူးမျိုးနွယ်ထံမှ ရှုပ်ထွေးနတ်ဆိုးဝိညာဥ်ကတော့ အကူအညီပေးဖို့ အမြန်ပြေးလာနေလောက်မည်ပင်။
ဘာဖြစ်လဲ
လာစမ်းပါစေ
အကုန်တစ်ခါတည်းပေါင်းရှင်းလို့ ရတာပေါ့။
"ဆက်တိုက်ကြတာပေါ့"
ယဲ့ကျွင်းလင်မှာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တက်ကြွလျက်ရှိသည်။ သူသည် လက်တစ်ဖက်ကိုမြှောက်၍ စန်းယွမ်ဓားအားဆင့်ခေါ်လိုက်ကာ တာအိုအဆင့်ဓားစိတ်ဆန္ဒကို သူ၏ဓားသွားထက်စုစည်းလျက် ကြောက်မက်ဖွယ်ဓားချီအလင်းတန်းအား ကောင်းကင်သို့တိုင် ထိုးတက်သွားစေလိုက်သည်။
ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ တိုက်ခိုက်ရတော့မည်။
လေ့ကျင့်မှုတစ်ခုအဖြစ် မှတ်ယူလိုက်ကြတာပေါ့။
"ဒီအခွင့်အရေးမှာ မင်းကိုခြေကုန်လက်ပန်းကျအောင် နှိပ်စက်ပြမယ်"
နတ်ဆိုးဧကရာဇ်က စိတ်ထဲမှရေရွတ်ကာ သူ၏ညီအစ်ကိုများရောက်မလာခင် ယဲ့ကျွင်းလင်ကို မရပ်မနားတိုက်ခိုက်ခိုင်းထားဖို့ စီစဥ်လိုက်သည်။ ဤသို့ဖြင့် စုပေါင်းတိုက်ပွဲတွင် သူတို့အောင်ပွဲခံနိုင်ပေမည်။
ဤသို့ဖြင့် နတ်ဆိုးဧကရာဇ်သည်လည်း လက်ထဲတွင် ဓားရှည်တစ်လက်ကိုဖော်ဆောင်လိုက်သည်။ အနက်ရောင်ဓားသွားမြမြသည်ကား ဆိုးဝါးနက်မှောင်သော နတ်ဆိုးစွမ်းအင်ဖြင့် ပြည့်လွှမ်းနေလျက် အတားအဆီးမရှိ အင်အားကြီးလှသည့် တာအိုအဆင့်ဓားစိတ်ဆန္ဒဖြင့် ဖြည့်တင်းထားလျက်ရှိ၏။
နောက်တစ်စက္ကန့်အကြာတွင် ထိုပုံရိပ်နှစ်ခုသည် ကြမ်းတမ်းသောတိုက်ပွဲတစ်ခုအား စတင်ဆင်နွှဲလိုက်ကြပြီး ဓားချီနှစ်တန်း ထိတိုက်ပွတ်ခတ်ရာမှ ဖြစ်ပေါ်လာသောနောက်ဆက်တွဲလှိုင်းများကား မသေမျိုးတောင်တစ်ခုလုံးကို ဖြိုချလေတော့သည်။
ကြောက်မက်ဖွယ်ဓားချီနှစ်သွယ်သည် ဒေါသအလျှံတငြီးငြီးဖြင့် မသေမျိုးတောင်တန်းကြီးတစ်ခုလုံးအား ဆုတ်ဖြဲတော့မည့်အလား ကြမ်းတမ်းစွာတိုက်ခိုက်နေကြသည်။
ဤနေရာသည်သာ အာကာသဟင်းလင်းပြင်ဖြစ်ခဲ့လျှင် ဂြိုဟ်ပေါင်းမည်မျှ လွင့်စင်ကြေမွကုန်လောက်မည်နည်း။
နတ်ဆိုးဧကရာဇ်သည် ယဲ့ကျွင်းလင်ကို မောပန်းနွမ်းနယ်စေရန်အဓိကထားပြီး ယဲ့ကျွင်းလင်ကတော့ နတ်ဆိုးဧကရာဇ်ကို သူ၏ကိုယ်ပွားအဖြစ်မှတ်ယူသည်။ ဤရှားပါးသောအခွင့်အရေးတွင် သူကိုယ်တိုင်၏အားနည်းချက်များကို စေ့စေ့စပ်စပ်ရှာဖွေ၍ တိုက်ရည်ခိုက်ရည်အား ဒီ့ထက်အဆင့်ပိုမြှင့်လိုသည်။
ထိုအချိန်တွင် ဝေးကွာလှသော မျောက်ဘီလူးစခန်းအခြေတွင် ပြန်လည်နိုးထသူ မြောက်မြားစွာနှင့် ဒေသခံကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော စစ်တပ်ကြီးသည် မကြုံစဖူးသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
စာစဉ်ပြီး၏