ကောင်းမင်ရဲ့ အသားနှလုံး
Vol. 28 Ch. 408
လော်တုန်းမှာ နောက်ဆုတ်ရန် လမ်းမရှိတော့ချေ။ ဘတ်စ်ကားပြတင်းပေါက်များတွင် အက်ကွဲကြောင်းငယ်လေးများ ပေါ်လာသည်။ ကောင်းမင်၏အလောင်းများက မကြာမီ ဘတ်စ်ကားထဲ ဝင်ရောက်လာတော့မည်ဖြစ်သည်။
“ချီးပဲ ငါ ဘာလုပ်ရမလဲကွာ”
လော်တုန်းသည် ထာဝရဘဝအိမ်ရာတွင် ဘာဖြစ်ပျက်ခဲ့သည်ကို မသိချေ။ သို့သော်လည်း သူသာ ထပ်မံရွေးချယ်ခွင့်ရမည်ဆိုပါက လူချမ်းသာရပ်ကွက်ထဲသို့ ဘယ်တော့မှ ဝင်ရောက်ခဲ့မည်မဟုတ်ချေ။ လော်တုန်း ယာဉ်မောင်းခန်းထဲသို့ ဝင်၍ ထိုင်ခုံတွင် ထိုင်လိုက်သည်။ တန်းလန်းဖြစ်နေသော့ကို သူလှည့်လိုက်သည်။ အင်ဂျင်၏ဟိန်းသံမှာ ကောင်းမင်တို့၏ဟိန်းဟောက်သံများနှင့် ရောထွေးသွား၏။
ကောင်းမင်များ ပိုမိုများပြားစွာ ဘတ်စ်ကားပတ်လည်တွင် စုဝေးလာကြသည်။ သူတို့သည် လော်တုန်း ဘတ်စ်ကားကို မောင်းထွက်သွားခြင်းမှ တားဆီးရန် ကြိုးစားနေကြခြင်းဖြစ်သည်။
“သူတို့အားလုံး ရူးနေကြတာပဲ၊ ဒါသာ အနာဂတ်ဆိုရင် ငါသရဲဖြစ်တာက ပိုကောင်းဦးမယ်”
လော်တုန်းသည် ခြေနင်းကို နင်းလိုက်ပြီး စတီယာရင်ဘီးကို ကိုင်လိုက်သည်။ ပုံမှန်အားဖြင့် ရှက်တတ်သော ပရိုဂရမ်မာသည် ထိုအချိန်တွင် မကောင်းဆိုးဝါးတစ်ယောက်နှင့် တူနေလေသည်။ သူ ဘတ်စ်ကားကို မောင်းနှင်လိုက်ပြီး အလောင်းများကို ကြိတ်ချေလိုက်သည်။
“ဖယ်ကြ၊ ဖယ်ကြစမ်း”
လော်တုန်းသည် ၎င်းတို့မှာ သေနှင့်နေပြီးသော အလောင်းများဖြစ်လင့်ကစား သတ်ဖြတ်လိုစိတ် မရှိချေ။ သူသည် မည်သူ့ကိုမျှ မထိခိုက်စေလိုသော်လည်း ရွေးချယ်စရာ မရှိချေ။ ဘတ်စ်ကားသည် ဒဏ်ရာရထားသော သားရဲကြီးတစ်ကောင်နှင့်တူနေလေသည်။ချောင်ပိတ်မိနေခဲ့သောကြောင့် ၎င်း၏ချွန်ထက်သော သွားစွယ်များကို ဖော်ထုတ်လိုက်တော့သည်။ မှန်များ ကွဲကြေကုန်သည်။ ကားရှေ့မီးများသည် ကံကြမ္မာကို တိုက်ခိုက်နေသည့် အလင်းအစက်များကဲ့သို့ အမှောင်ထုထဲတွင် တဖျပ်ဖျပ်လင်းလင်းနေလေသည်။
လော်တုန်း၏စိတ်မှာ ဟာလာဟင်းလင်းဖြစ်နေခဲ့သည်။ သူ အမှောင်ထုထဲသို့ ပိုနက်ရှိုင်းစွာ မောင်းနှင်သွားရင်း အံတင်းတင်းကြိတ်ထားသည်။ သူ့အား မည့်သည့်အရာများစောင့်ကြိုနေမှန်း သူမသိသော်လည်း ယင်းသည် ထိုအချိန်တွင် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ ခြောက်ခြားဖွယ်ရာအနံ့အသက်ဖြင့် လေပြင်းသည် ဘတ်စ်ကားထဲသို့ တိုက်ခတ်လာ၏။ လော်တုန်း၏နှလုံးသားအောက်ခြေမှ ခေါ်သံသည် တစ်စုံတစ်ခု နိုးထလာသကဲ့သို့ ပိုကျယ်လောင်လာတော့သည်။
အလောင်းမိုးများ ဆက်လက်ကျဆင်းနေလေသည်။ ဥမင်နံရံများ ပြောင်းလဲသွားသည်။ ကြီးမားသော သွေးကြောကြီးတစ်ခုက အလောင်းများကို ထိုးဖောက်လိုက်သည်။ ၎င်းသည် နံရံများနှင့် မြေပြင်များကို ဖြတ်၍ တရှိန်ထိုးတက်လာသော နဂါးတစ်ကောင်နှင့် တူသည်။
“ဒီအရာတွေက ငါ့ကို အသည်းအသန်တားဆီးဖို့ ကြိုးစားနေကြတယ် ၊ ဒါဟာ ငါ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်ဆိုတာ သက်သေပြတာပဲ”
လော်တုန်း၏မျက်လုံးများ နီရဲလာခဲ့သည်။ သူသည် သူ့ကိုယ်သူနှင့် သူ့မိသားစုအတွက် ရှင်သန်အောင် လုပ်ရမည်ဖြစ်သည်။
ဘတ်စ်ကားကို အရှိန်မြှင့်လိုက်သည်။ လော်တုန်းသည် မီတာတစ်ရာကျော်ခန့် မောင်းနှင်သွားရန် အချိန်အကြာကြီး မယူခဲ့ချေ။ တုတ်ခိုင်လှသော သွေးကြော၏အဆုံးတွင် ပွင့်နေသည့်ယဇ်ပလ္လင်တစ်ခု ရှိနေခဲ့သည်။ သွေးကြောများသည် ယဇ်ပလ္လင်၏အောက်ခြေနှင့် တစ်သားတည်းကျနေသကဲ့သို့ ဆက်သွယ်ထားသည်။ အစောပိုင်းက ယဇ်ပလ္လင်ကိုဖုံးအုပ်ထားသော အနက်ရောင်အဝတ်စက မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ထူးဆန်းသောရုပ်တုတစ်ခုက ယဇ်ပလ္လင်ထဲတွင် ထိုင်လျက်ရှိနေသည်။ လော်တုန်းသည် ၎င်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း သူခေါင်းကို လွှဲလိုက်သည်နှင့် ထိုရုပ်တု၏ပုံပန်းသဏ္ဌာန်ကို မေ့လျော့သွားလိမ့်မည်ဖြစ်သည်။
“ငါ အနားကပ်သွားရင် မကောင်းတာတစ်ခုခု ဖြစ်လာလိမ့်မယ်လို့ ခံစားရတယ်၊ ဒါပေမယ့်… ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး”
သူ့နှလုံးသားမှ ခေါ်ဆိုသံက သူ့နားထဲတွင် ဆူညံနေလေသည်။ လော်တုန်းက အလိုက်သင့်သာ တုံ့ပြန်လိုက်သည်… ဖြတ်တိုက်ပစ်လိုက်။
ဘာလဲဆိုတာ ဂရုစိုက်မနေနဲ့! ဖြတ်မောင်းပစ်လိုက်စမ်း။
ဘတ်စ်ကားက အလွန်မြန်သော်လည်း ထိုရုပ်တုမှာ အလွန်ထူးခြားနေသည်။ ၎င်းသည် တည်ရှိမှုနှင့် မတည်ရှိမှုကြားတွင် တည်ရှိနေပုံရသည်။ ဘတ်စ်ကားက ၎င်းနှင့်နီးကပ်လာသောအခါ ယဇ်ပလ္လင်နှင့် ရုပ်တုသည် အကောင်အထည်မရှိသကဲ့သို့ ဖြစ်သွားလေသည်။ ဘတ်စ်ကားသည် ၎င်းနှင့်မတိုက်မိနိုင်လိုက်သော်လည်း အထူးဆန်းဆုံးအရာတစ်ခု ဖြစ်ပျက်သွားသည်။ ယဇ်ပလ္လင်အောက်ရှိ တုတ်ခိုင်သည့်သွေးကြောများ တွန့်လိမ်လာကြပြီး အသား၏သင်းရနံ့နှင့် ကြွယ်ဝလှသောသွေးများကို ယဇ်ပလ္လင်ထဲသို့ အတင်းအကျပ် ထိုးသွင်းလိုက်သည်။ ယဇ်ပလ္လင်သည် ပြန်လည်အကောင်အထည်ရှိလာပြီး ဘတ်စ်ကားက ၎င်းကို တိုက်မိလိုက်သည်။
ဘတ်စ်ကားပြတင်းပေါက်များအားလုံး ကွဲကြေသွားတော့သည်။ မှန်စများကြားမှ လော်တုန်းသည် ရုပ်တုဖြတ်ကြိတ်ခံလိုက်ရသည်ကို မြင်လိုက်ရသည်။ မှန်စများက ၎င်းကို ဖြတ်တောက်သွားပြီး ၎င်း၏လူသားအရေပြားနှင့်တူသော အရေပြားများမှ သွေးများထွက်လာတော့သည်။ သူ့အား အံ့အားသင့်စေသည်မှာ ရုပ်တုမှလွဲ၍ ယဇ်ပလ္လင်သည် ၎င်း၏အောက်ဘက်တွင် အသားဖြင့်ပြုလုပ်ထားသော ရုပ်သေးတစ်ခုကို ဖိနှိပ်ထားခြင်းဖြစ်သည်။ ရုပ်သေးသည် မျက်နှာလေးခုနှင့်လက်ရှစ်ချောင်း ရှိသည်။ ၎င်း၏နှလုံးအား လက်သည်းများစွာဖြင့် ထိုးဖောက်ထားလေသည်။ ၎င်း၏ခန္ဓာကိုယ်အား အပေါ်ရှိရုပ်တုအတွက် စုပ်ယူဖျက်ဆီးနိုင်ရန် ယဇ်ပလ္လင်အောက်ခြေ၌ မြှုပ်နှံထားခဲ့ခြင်းသည်။
“သားစားကြူးနတ်ဘုရားပဲ”
နှစ်ဦးသား ထပ်တူကျသွား၏။ လော်တုန်းသည် နံရံကိုရှောင်တိမ်းရန် ကြိုးစားရင်း ဘတ်စ်ကားကို ထိန်းချုပ်လိုက်သည်။ သူ ဘတ်စ်ကားပေါ်မှ ခုန်ချလိုက်ပြီး ယဇ်ပလ္လင်အောက်ခြေမှ အသားရုပ်သေးကို ကောက်ယူလိုက်သည်။ အသားရုပ်သေးကို ယဇ်ပလ္လင်ထံမှ သူဖယ်ရှားလိုက်သောအခါ လူချမ်းသာရပ်ကွက်ရှိ နာရီများအားလုံး စက္ကန့်အနည်းငယ်ကြာ ရပ်တန့်သွားခဲ့သည်။ ထိုစက္ကန့်အနည်းငယ်အတွင်း လော်တုန်းသည် ဘတ်စ်ကားပေါ် ပြန်တက်လိုက်ပြီး အင်ဂျင်ကို ပြန်နိုးလိုက်သည်။
ရုပ်သေး ဘတ်စ်ကားထဲသို့ ရောက်လာသည်နှင့် ဘတ်စ်ကားက စတင်ပြောင်းလဲလာခဲ့သည်။ ၎င်းသည် လွန်ခဲ့သောနှစ်များစွာက ပုံစံအဖြစ် ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထိုအခါ ဥမင်လှိုဏ်ခေါင်းထဲ ပိတ်မိနေသော ဘတ်စ်ကားသည် ကောင်းမင်၏မှတ်ဉာဏ်ကို သယ်ဆောင်လာသူဖြစ်ကြောင်း လော်တုန်း သဘောပေါက်သွားသည်။
“ငါ ကောင်းမင်နဲ့ သူ့ရဲ့ သားစားကြူးနတ်ဘုရားကို တွေ့ဖူးတယ် ၊ လက်သည်းစိုက်ခံထားရတဲ့ ဒီရုပ်သေးက ကောင်းမင်ဖြစ်ရမယ်၊ အလောင်းတွေအားလုံး ဥမင်ထဲက လာတာဆိုတော့ သူတို့ကို သားစားကြူးနတ်ဘုရားရဲ့ စွမ်းအားနဲ့ ဖန်တီးထားတာဖြစ်ရမယ်၊ ဒါကြောင့် သူတို့ရဲ့မှတ်ဉာဏ်က ကောင်းမင်အစစ်ကို အပြည့်အဝအတုမခိုးနိုင်သေးတာပဲ”
လော်တုန်း ခန့်မှန်းလိုက်သည်။ထိုနောက် လော်တုန်းသည် အရူးအမူး မောင်းနှင်တော့၏။ သူ နောက်လှည့်ကြည့်လိုက်ရာ ကွဲအက်သွားသောရုပ်တုက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနေကြောင်း တွေ့လိုက်ရသည်။ ၎င်းကို အပြည့်အဝသတ်ဖြတ်နိုင်ရန် ၎င်း၏မရဏဘုံအတွင်း၌ ရှိနေရမည်ဖြစ်သည်။
“အခု ဘာလုပ်ရမလဲ”
လော်တုန်းသည် ရုပ်သေးနှင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း တုန့်ပြန်မှုမရချေ။
“ကောင်းမင်ရဲ့မိဘတွေက ဒီစာကို ကောင်းမင်အစစ်ဆီကို ပေးစေချင်တာ…”
လော်တုန်း ဘာလုပ်ရမှန်း မသိတော့ချေ။ စတီယာရင်ဘီးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး သွေးများပေကျံနေသော စာအိတ်ကို သူ့ပါးစပ်ဖြင့်ကိုက်၍ ဆုတ်ဖြဲလိုက်သည်။
အသားရုပ်သေး တုန်ယင်သွားသည်။ လော်တုန်း စာအိတ်ထဲကို ကြည့်လိုက်သည်။ အတွင်းတွင် မှိန်ဖျော့နေသော ဓာတ်ပုံတစ်ပုံနှင့် သော့တစ်ချောင်း ရှိနေလေသည်။
ဓာတ်ပုံမှာ ကောင်းမင်၏မိသားစုသုံးဦးပုံဖြစ်သည်။ ကောင်းမင်သည် စားပွဲဘေးတွင် ထိုင်လျက် မွေးနေ့ကိတ်ကို ကြည့်နေသည်။ ကောင်းမင်၏မိဘများမှာ ဧည့်ခန်း၏ ခပ်ဝေးဝေးထောင့်တစ်နေရာတွင် ရပ်နေကြသည်။ ကောင်းမင်၏ခန္ဓာကိုယ်သည် အဖြူအမည်းမှ အရောင်အသွေးစုံလင်လာသော်လည်း သူ့မိဘများတွင်မူ ပြောင်းပြန်ဖြစ်ပျက်သွားသည်။
“ဒီဓာတ်ပုံက မပြီးသေးတဲ့ပုံပဲ ၊ ဒီဓာတ်ပုံထဲမှာ ကောင်းမင်နဲ့ သူ့မိဘတွေကြားမှာ ရပ်နေတဲ့တစ်ယောက်ယောက် ရှိနေရမယ်”
သူ ဓာတ်ပုံကို လှည့်လိုက်သည်။ဓာတ်ပုံနောက်တွင် စာတိုတစ်ခု ရေးသားထား၏။
“အဖေတို့ကို စိတ်မပူပါနဲ့ ပြီးတော့ အဖေတို့ကိုလည်း လာမရှာပါနဲ့၊ ဒီနေ့ကစပြီး သားဟာ မိဘအသစ်ဖြစ်သွားပါပြီ ၊ သော့ကို ဂရုစိုက်ပြီး ဒီနေရာကို ပြန်မလာပါနဲ့”
စာတိုသည် လော်တုန်းအတွက် အဓိပ္ပာယ်မရှိသော်လည်း ရုပ်သေးပေါ်ရှိ ရှင်ခြင်းမျက်နှာက သူ့မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ၎င်း၏ပိတ်မိနေသော ခန္ဓာကိုယ်ပေါ်တွင် သွေးနီရောင်မြို့တော် ပုံစံကွက်တစ်ခု ထွက်ပေါ်လာ၏။ အိပ်မောကျနေစေရန် အတင်းအကျပ်ဖိအားပေးခံထားရသော အသိစိတ်သည် ဖြည်းညင်းစွာ နိုးထလာခဲ့သည်။
ရုပ်သေး၏နှလုံးမှ သွေးများ တစ်စက်စီးကျလာပြီး မြေပြင်ပေါ်သို့ ကျသွားသည်။ ရှင်ခြင်းမျက်နှာသည် နာကျင်မှုဝေဒနာကို ခံစားနေရပုံရသည်။
လော်တုန်းက နှလုံးသားမှ လက်သည်းများကို ဆွဲထုတ်ရန် ကြိုးစားသော်လည်း သူ လက်သည်းများကို ထိလိုက်သည်နှင့် သူ့လက်ချောင်းများ ခြောက်သွေ့လာလေသည်။ အနက်ရောင်လိုင်းများက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်ရန် ကြိုးစားကြသည်။ လော်တုန်း နည်းလမ်းပြောင်းလိုက်သည်။ သူသည် ဓားတစ်ချောင်းထုတ်၍ အသားများကို ဖြတ်ထုတ်လိုက်သည်။
“ငါ အတတ်နိုင်ဆုံး ကြိုးစားပြီးပြီ၊ ကျန်တာကတော့ သူ့အပေါ်မှာပဲ မူတည်တော့တယ်”
လော်တုန်းသည် မောင်းနှင်မှုအပေါ် အာရုံစိုက်လိုက်သည်။ မြေပြင်ပေါ်သို့ တစက်စက် စီးကျနေသောသွေးများ ပြောင်းလဲလာသည်ကို သူသတိမထားမိခဲ့ချေ။ အသားရနံ့များ လေထဲတွင် ပျံ့လွင့်လာပြီး မကြာမီ ဘတ်စ်ကား၏ထိုင်ခုံများပေါ်တွင် သွေးအရိပ်များ ထွက်ပေါ်လာလေသည်။