မင်းငါ့ကို ဘာလို့ဒီလိုကြီးကြည့်နေတာလဲ
Vol. 28 Ch. 410
ရှရန်တွင် ကောင်းမင်နှင့် ထူးခြားသည့် ဆက်ဆံရေးတစ်ခုရှိလေသည်။ သူသည် ကောင်းမင်ကို မကူညီလိုခြင်း မဟုတ်ချေ။ သို့သော်လည်း သူသည် ထိုသို့ပြုလုပ်ရန်အတွက် သူ့ကိုယ်သူ စတေးမည်တော့ မဟုတ်ပေ။
ကောင်းမင်၏မိဘများကို ထောင်ချောက်ထဲသို့ ဆွဲဆောင်ရန်အတွက် ဖန်လီက သူ့ကိုယ်သူ ငါးစာအဖြစ် သုံးရန် စီစဉ်နေသည်ကိုမြင်သောအခါ ရှရန်သည် အကူအညီတောင်းရန်အတွက် ဟယ်ကျင်းကို လှည့်ကြည့်လိုက်သည်။ ဖြစ်ကောင်းဖြစ်နိုင်သည်က သူသည် ဟဲကျင်းအပေါ် အလွန်သက်ရောက်မှု ကြီးဟန်ရှိသည်။ ဟယ်ကျင်းသည် ကောင်းမင်ထွက်မသွားမီ ပြောခဲ့သည့်စကားကို မှတ်သားထားသည်။ သူသည် ဖန်လီပြောသမျှ အားလုံးကို နားထောင်ရမည်ဖြစ်သည်။ သူက ရှရန်အား နဲနဲပင် အာရုံစိုက်မစိုက်ချေ။
“ရပ်လိုက်…”
ရှရန်က သူ၏လက်ချောင်းများကို မနည်းလှုပ်ရှားလိုက်ရသည်။ သူက သူ့လက်ဖဝါးတွင် ဖန်လီ၏ ခြေထောက်ပုံကို ဆွဲလိုက်ပြီး ၎င်းကိုအသုံးပြု၍ ဖန်လီ၏လှုပ်ရှားမှုကို လွှမ်းမိုးလိုက်၏။ဖန်လီသည် သူ့လှုပ်ရှားမှုများ နှေးကွေးလာသည်ကို ခံစားမိသောအခါ ရှရန်၏လည်ပင်းကို ဆွဲဆုပ်လိုက်လေသည်။
“စိတ်အနှောင့်အယှက် ပေးမနေနဲ့နော် ၊ ခင်ဗျားက ကျုပ်တို့အားလုံးကို သတ်ချင်နေတာလား”
အစွမ်းထက်သော ရန်သူတစ်ယောက်ရှေ့တွင် သူတို့သည် သစ္စာဖောက်တစ်ယောက်နှင့် ဆက်ဆံနေရဆဲပင်။
ဖန်လီ၏မျက်လုံးများ ဒေါသများဖြင့် တောက်လောင်နေလေသည်။ သူသည် ရှရန်ကဲ့သို့ လူများကို အလွန်မုန်းတီးသည်။ ရိုးရိုးသားသားပြောရလျှင် ရှရန်သည် အပြစ်ကင်းစင်၏။ သူ ထာဝရဘဝအိမ်ရာတွင် နိုးထလာသောအခါ သူ့အခွင့်အရေးရောက်လာပြီဟု ထင်သောကြောင့် သူ အလွန်ပျော်ရွှင်ခဲ့ရသည်။ သို့သော်လည်း သူသည် ကောင်းမင်၏လက်ဖဝါးထဲတွင် ရှိနေဆဲပင်။ သူသည် လုံလောက်စွာ ဆိုးသွမ်းသည်ဟု ထင်ခဲ့သော်လည်း ကောင်းမင်က သူ့ထက်ပင် ပိုရူးသွပ်နေသေးသည်။ ရှရန်သည် မိဘများအများအပြား ရုတ်တရက်ပေါ်လာခြင်း၏နောက်ကွယ်၌ ကောင်းမင် ရှိနေသည်ဟုပင် သံသယဝင်မိသည်။
သူတို့နောက်သို့ မိဘများ လိုက်မမီလာခင်တွင် ဓာတ်လှေကားတွင်းမှ သိပ်သည်းသောသွေးနံ့များ ထွက်ပေါ်လာ၏။ ဒင်ဟူသော အသံတစ်ခုနှင့်အတူ ငွေရောင်ဓာတ်လှေကားတံခါးများက သူတို့နှင့် မလှမ်းမကမ်းတွင် ပွင့်လာခဲ့သည်။လူသစ်တစ်ဦး မူမမှန်ဖြစ်ရပ်တစ်ခုတွင် ဓာတ်လှေကားများ စီးရန် သတ္တိရှိမည် မဟုတ်ချေ။ ယင်းသည် မိမိကိုယ်ကို အလုံပိတ်နေရာတစ်ခုအတွင်း ပိတ်လှောင်ထားခြင်းနှင့် အတူတူပင်ဖြစ်သည်။
“အန်တီတို့၊အန်ကယ်တို့ ကျေးဇူးပြီး စိတ်အေးအေးထားကြပါဗျာ”
အမျိုးသားတစ်ယောက်၏တုန်ရီနေသော အသံက ဓာတ်လှေကားထဲမှ ထွက်လာလေသည်။ ဖန်လီက စူးစမ်းလိုစိတ်ဖြင့် ၎င်းဘက်သို့ လှည့်လိုက်သည်။ သူ လှည့်ကြည့်လိုက်သည့်အခိုက်အတန့်တွင် သူ့မျက်လုံးများသည် ဓာတ်လှေကားနှင့်စွဲကပ်သွားသည်။ သူ့နဖူးမှ ချွေးအေးများ စီးကျလာ၏။
ဓာတ်လှေကား၏ နံရံလေးဘက်စလုံးကို အဆောင်လက်ဖွဲ့များဖြင့် ဖုံးအုပ်ထားခြင်းဖြစ်သည်။ အဆောင်လက်ဖွဲ့တစ်ခုစီတွင် အခန်းနံပါတ်များနှင့် ကောင်းမင်၏နာမည်များကို ရေးထားသည်။ ဓာတ်လှေကားအခန်း၏အလယ်တွင် အနက်ရောင်ချည်မျှင်များ ဖုံးအုပ်ထားသော သက်လတ်ပိုင်းစုံတွဲ အနည်းငယ်သည် အတူတကွချည်နှောင်ခံထားသည်။ သူတို့သည် သူတို့၏ အဝတ်အစားအောက်မှ အဆောင်လက်ဖွဲ့အသစ်များကို ဆက်တိုက်ထုတ်ယူနေကြသည်။ အနက်ရောင်ချည်မျှင်များသည် အဆောင်လက်ဖွဲ့များပေါ်တွင် ကျိန်စာအသစ်များဖွဲ့တည်နေကြလေသည်။
“ဒါတွေအားလုံး ကောင်းမင်ရဲ့ မိဘတွေလား”
ဟယ်ကျင်း၏မျက်လုံးများ ပြူးကျယ်သွား၏။ သူ မည်သို့တုံ့ပြန်ရမှန်း မသိချေ။
“ဒီလို မလုပ်ပါနဲ့ဗျာ ၊ ကောင်းမင် ဘယ်မှာလဲဆိုတာ ကျွန်တော်သိပါတယ် ၊ စိတ်အေးအေးထားကြပါနော်”
ဖန်လီနှင့် ဟယ်ကျင်းတို့ အံ့အားသင့်သွားသည်မှာ ထိုစုံတွဲများ၏ အလယ်တွင် ညှပ်နေသော လူတစ်ယောက်၏အသံ ရှိနေခြင်းပင် ဖြစ်သည်။ သူသည် အလွန်ကြောက်နေပုံရသော်လည်း အသံကုန် အော်ဟစ်နေလေသည်။
“ဓာတ်လှေကားထဲမှာ ကောင်းမင်ဘယ်မှာလဲဆိုတာ သိတဲ့သူတစ်ယောက်ရှိနေလား”
ဖန်လီသည် ကျောင်းဝတ်စုံအစွန်းလေးကို မြင်လိုက်ရသည်။ ၎င်းသည် ကောင်းမင်ဝတ်ဆင်ထားသော ဝတ်စုံနှင့် ဆင်တူသည်။ ထိုလူ့အသံသည် ကောင်းမင်နှင့်မတူသော်ငြား ကောင်းမင်နှင့်ဆင်တူသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူသည် သူ၏ဓားကို ဆွဲထုတ်၍ ရှရန်အား ဟယ်ကျင်းထံ ပေးလိုက်ပြီး ဓာတ်လှေကားဆီသို့ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။ ထိုအဖြစ်ဆိုးသည် ဖန်လီအတွင်းမှတစ်စုံတစ်ရာကို လှုံ့ဆော်ပေးခဲ့ခြင်းဖြစ်သည်။ သူ၏ ပုံမှန်အသွင်အပြင်အောက်တွင် သရဲမျက်နှာတစ်ခုတဖျပ်ဖျပ် ထွက်ပေါ်လာလေသည်။ ဖန်လီသည် ညှပ်နေသောလူအား ဓားဖြင့်ထိုးလိုက်ပြီး အတွင်းတွင်ပိတ်မိနေသော အမျိုးသားကိုဖမ်းဆွဲလိုက်သည်။
“မင်း လက်ပေးပါ”
“ ဘယ်သူလဲ”
ကောင်းမင်၏မိဘများကြားမှ ချောမောသော မျက်နှာတစ်ခု ပေါ်လာခဲ့သည်။ ဖန်လီသည် အများကြီး ရှင်းပြမနေတော့ဘဲ ထိုအမျိုးသားကို ဓာတ်လှေကားထဲမှ ဆွဲထုတ်လိုက်သည်။
ကောင်းမင်၏ မိဘများက သူတို့၏ခေါင်းများကို ဖြည်းညှင်းစွာ လှည့်လိုက်ကြသည်။ သူတို့သည် အနက်ရောင်လိုင်းများပါသော အဆောင်လက်ဖွဲ့များကို ကိုင်ထားပြီး ဖန်လီအား ရူးသွပ်စွာ ကြည့်နေကြသည်။ ဓာတ်လှေကားအတွင်းရှိ အဆောင်လက်ဖွဲ့များအားလုံး လှုပ်ရှားလာတော့သည်။ ၎င်းတို့သည် ကလေးရယ်သံများ ထုတ်လွှတ်လိုက်ကြသည်။
“ပြေး! မြေအောက်ကားပါကင်ကို ပြေးကြ”
ဖန်လီသည် ဓာတ်လှေကားထဲမှ သူကယ်တင်ခဲ့သော အမျိုးသားကို ဆုပ်ကိုင်ထားသည်။ ထိုအမျိုးသားသည် အစပိုင်းတွင် ဖန်လီကို ကျေးဇူးတင်ချင်နေသော်လည်း ဖန်လီ မြေအောက်ကားပါကင်ဆီသို့ ဦးတည်နေသည်ကို ကြားလိုက်ရာ သူ၏ယခင်ကဖြူဖျော့နေသော မျက်နှာသည် ပို၍ပင် ဖြူဖျော့သွားတော့သည်။
“နေဦး! မြေအောက်ကားပါကင်က အလောင်းစွန့်ပစ်တဲ့နေရာပဲ၊ အဲဒီမှာ ဧရာမခြောက်ခြားစရာတစ်ခုကို မွေးမြူထားတာ”
ကျောင်းဝတ်စုံဝတ်ထားသော ထိုအမျိုးသားသည် ဖန်လီကို တားဆီးရန် ကြိုးစားသော်လည်း အချည်းနှီး ဖြစ်သည်။ သူ အတင်းအကျပ် ဆွဲခေါ် ခံခဲ့ရသည်။
“ပြီးသွားပြီ ၊ ငါ အသက်ရှင်ပြီလို့ ထင်ခဲ့တာ၊ ဒါပေမယ့် ငါက ရေနွေးအိုးထဲက မီးဖိုထဲခုန်ချလိုက်မိတာပဲ”
လေများက သူတို့၏ပါးပြင်များကို တဟူးဟူးရိုက်ခတ်၏။ ရှေ့သို့ အလျင်စလို ဦးဆောင်သွားနေသော ဖန်လီသည် နတ်ဆိုးတစ်ကောင်နှင့်တူနေလေသည်။ လုံခြုံရေးတံခါးကို ကန်ချလိုက်သည်။ သူသည် သူ့ ဘေးကင်းမှုကို လျစ်လျူရှုထားသည်။ သူသည် ကျိန်စာသင့်မိဘများကို မြေအောက်သို့ ဆွဲခေါ်လိုနေခြင်းဖြစ်သည်။
“အနာဂတ်နတ်ဘုရားက ကောင်းမင်ရဲ့ မိဘတွေကို ဖန်တီးခဲ့တယ် ၊ ဆိုလိုတာက ကောင်းမင်ရဲ့ အကြီးမားဆုံး အားနည်းချက်က သူ့မိဘတွေလို့ ဆိုလိုတာပဲ ၊ ဒီအခြေအနေအရ ကောင်းမင်က ပြဿနာတချို့နဲ့ ကြုံနေရလောက်တယ် ၊ သူ့မိဘတွေက မကောင်းဆိုးဝါးတွေအဖြစ် ပြောင်းသွားတာတောင် သူ့မိဘတွေကို သူထိခိုက်အောင် မလုပ်နိုင်ဖြစ်နေတာသေချာတယ်”
ဖန်လီ စတင်တွေးတောလိုက်သည်။
“လူတိုင်းရဲ့ နှလုံးသားထဲမှာ ဖော်ပြလို့မရတဲ့ နာကျင်မှုတွေ ရှိတယ် ၊ ကောင်းမင် ဒါကိုမလုပ်နိုင်ရင် ငါ သူ့ကို ကူညီပေးမယ်”
ဖန်လီ၏မျက်လုံးများသည် ခိုင်မာသောဆုံးဖြတ်ချက်ဖြင့် တောက်ပနေ၏။
“တစ်ဖက်သတ် အကူအညီပေးတာက သနားလို့သက်သက်ပဲ ၊ ညီတူညီမျှထောက်ပံ့ပေးနိုင်တာက ကယ်တင်ခြင်းပဲ ၊ ငါ အခုမင်းရဲ့ အဆင့်မှာ မရှိသေးပေမယ့် နောက်ဆုံးတော့ မင်းကိုမီလာမှာပါ”
ဖန်လီသည် နောက်ဆုံးတံခါးကို ကန်ချလိုက်သည်။မြေအောက်သို့ ဦးတည်သော လမ်းကို သူကြည့်လိုက်သည်။ အလောင်းများ၏ပြင်းထန်သော အနံ့ဆိုးများက သူ့ကို ရိုက်ခတ်လာသော်လည်း သူမျက်နှာပင် မပျက်ခဲ့ချေ။
“ငါ ဒီမကောင်းဆိုးဝါးတွေကို ဒီနေရာမှာ ရှင်းထုတ်ပစ်ရမယ်”
ဖန်လီက မဆိုင်းမတွ ပြေးဆင်းသွား၏။ သို့သော်လည်း သူတို့နောက်သို့ လိုက်ပါလာနေသော ခြေသံများ ရပ်တန့်သွားခဲ့သည်။
“ရပ်လိုက် ၊ ရပ်ပါဦး”
ကျောင်းဝတ်စုံဝတ်ထားသော အရပ်ရှည်ရှည်လူငယ်က လုံခြုံရေးပိုစတာတစ်ခုကို ဆုပ်ကိုင်လိုက်သည်။
“အန်ကယ်တွေနဲ့ အန်တီတွေက ကျွန်တော်တို့နောက် မလိုက်တော့ဘူး ၊ ကျွန်တော်တို့ ရပ်လို့ရပြီလေ”
ဖန်လီ အရှိန်လျှော့လိုက်သည်။ သူ လှည့်ကြည့်လိုက်သည်။ သူသည် သန္ဓေပြောင်းမိဘများကို စောင့်နေခဲ့သော်လည်း ကော်ရစ်ဒါတွင် ပြန့်ကျဲနေသောအဆောင်လက်ဖွဲ့များသာ ကျန်ရှိတော့သည်။ မိဘများသည် မြေအောက်ဆင်းရန် ဆန္ဒမရှိပုံရသည်။ သူတို့သည် ကျိန်စာများ ပိုမိုစုဆောင်းနိုင်ရန် အခြားနေရာသို့ ထွက်သွားကြခြင်းဖြစ်သည်။
ယင်းကိုမြင်သောအခါ ရှရန် သက်ပြင်းချလိုက်သည်။ သူ တစ်ခုခုပြောရန် ကြိုးစားလိုက်စဉ်တွင် သူ၏ ဒဏ်ရာက ပြန်ပွင့်လာသည်။ သူ ချောင်းဆိုးနိုင်ရုံသာ တတ်နိုင်တော့သည်။
“မင်း သူတို့ကို အန်တီတွေနဲ့ အန်ကယ်တွေလို့ ခေါ်လိုက်တာလား ၊ မင်းက သူတို့နဲ့ ဘယ်လိုပတ်သက်မှု ရှိတာလဲ”
ဖန်လီသည် ထိုချောမောသော အမျိုးသားကို သတိထား၍အကဲဖြတ်လိုက်သည်။
“ကျွန်တော့်နာမည်က စီဆန်းပါ ၊ သူတို့က ကျွန်တော့် သူငယ်ချင်းကောင်းရဲ့ မိဘတွေပါ”
စီဆန်းက သူ့အဝတ်အစားများကို ပြင်ဆင်လိုက်သည်။ သူသည် သူ၏ ‘လက်ဆောင်’ ရှိနေသေးကြောင်း သေချာစေရန် သူ့အိတ်ကပ်ထဲကို လက်လှမ်းလိုက်သည်။
“မင်း ကောင်းမင်ကို သိတာလား”
“သိတာပေါ့ ၊ ကျွန်တော်လည်း အခန်း ၁၃ ကပဲလေ”
စီဆန်း၏ပေါ့ပေါ့ပါးပါး ပြောဆိုမှုက ဖန်လီနှင့်ဟယ်ကျင်းတို့၏အမူအရာများကို အကြီးအကျယ် ပြောင်းလဲသွားစေ၏။
ထာဝရဘဝအိမ်ရာတွင် ဖန်လီနှင့်ဟယ်ကျင်းတို့သည် အခန်း ၁၃ မှ အခြားကျောင်းသားများနှင့် တွေ့ဆုံခဲ့ရသည်။ ယွမ်ဟွေ့နှင့်ကျိုးကျွင်းတို့သည် ကျင်းထောင်ရှန်း၏ လက်အောက်ခံများ ဖြစ်လာခဲ့သည်။ သာမန်ဖြစ်ပုံရသော လျိုယီပင်လျှင် နတ်ဘုရားများကို စိန်ခေါ်ရန်ဝံ့ခဲ့သည်။
အခန်း ၁၃ မှ မည်သူကမျှ သာမန်မဟုတ်ကြချေ။ သူတို့သည် ရူးသွပ်သော လူသတ်သမားများ သို့မဟုတ် အမုန်းတရားများပြည့်နေသောသရဲများ ဖြစ်ကြသည်။
စီဆန်းသည် စိုက်ကြည့်ခံနေရခြင်းကြောင့် တုန်ယင်သွား၏။ သူ၏လက်သည် သူ့အိတ်ကပ်ထဲတွင် ဝှက်ထားသော ခရမ်းရောင်ဘရာစီယာကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ၏ နှလုံးသားမှာ တုန်ယင်လာတော့သည်။
“ခင်ဗျားတို့ ကျွန်တော့်ကို ဘာလို့ ဒီလိုကြည့်နေကြတာလဲ”