← Chapters

ငါ့မိသားစုကို တွေ့ရဖို့ ငါရူးသွားဖို့လိုတယ်

Vol. 28 Ch. 414

ငါ့မိသားစုကို တွေ့ရဖို့ ငါရူးသွားဖို့လိုတယ်

Vol. 28 Ch. 414

သက်လတ်ပိုင်းလူ၏မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသော်လည်း တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူက ကောင်းမင်နောက်မှအမျိုးသမီးကို မရေမရာကြည့်လိုက်သည်။ ဟုတ်ပေသည်။ သူ့သား အိမ်ပြန်ရောက်လာခဲ့ပြီဖြစ်သည် ပြီးလျှင် စာသားထဲကအတိုင်း ပျက်စီးနေသောအမျိုးသမီးတစ်ဦးကိုပါ ခေါ်လာခဲ့သည်။

သက်လတ်ပိုင်းလူ၏ဦးနှောက်သည် ပြောစရာတစ်ခုခုရှာရန် လည်ပတ်သွားသော်လည်း သူ စကားထွက်မလာခဲ့ချေ။

မီးဖိုချောင်ထဲမှ အသားခုတ်သံထွက်ပေါ်လာသည်။ မိခင်ဖြစ်သူက သူ့ကိုတိုက်တွန်းနေခြင်းဖြစ်သည်။ ထိုလူက ပါးစပ်ဟ၍ “ဝင်ခဲ့လေ”ဟုသာ မနည်းဖျစ်ညှစ်ပြောနိုင်ခဲ့သည်။

ကောင်းမင်သည် သူ၏ကျောင်းဝတ်စုံဖြင့် တံခါးဝတွင်ရပ်နေခဲ့သည်။ သူသည် သူ့ဖခင်ကို မြင်သောအခါ ခဏတာအေးခဲသွားခဲ့သည်။ ယင်းသည် သူအတန်းလေ့လာရေးခရီးမှ ပြန်လာပြီးနောက် မိုးရွာသည့် ညသို့ ပြန်ရောက်သွားသကဲ့သို့ ဖြစ်နေလေသည်။ သူသည် တုန်လှုပ်မှု ၊ ရှုပ်ထွေးမှုတို့ဖြင့် အိမ်သို့ ပြန်လာခဲ့သည်။

ထိုအမျိုးသမီး၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရင်း ကောင်းမင် အငှားအိမ်ထဲသို့ ဝင်လာခဲ့သည်။ အရာအားလုံးသည် သူထွက်ခွာသွားခဲ့သည့်အတိုင်း ရှိနေဆဲပင်။ အချိန်သည် ရပ်တန့်နေခဲ့သကဲ့သို့ ဖြစ်နေသည်။

“ဘာလို့ ရုတ်တရက်ကြီး ကျွန်တော့်ကို လာရှာရတာလဲ”

ကောင်းမင်သည် မီးရောင်အောက်တွင် ရပ်နေခြင်းဖြစ်သည်။ မီးဖိုချောင်ထဲမှ ချက်ပြုတ်နေသံကို နားထောင်ရင်း ကိုးရိုးကားယားဖြစ်နေသော သူ့ဖခင်ကို ကြည့်လိုက်သည်။ ယခင်ကောင်းမင်များထဲမှ ဘယ်သူကမှ ဤမေးခွန်းကို မမေးခဲ့ဖူးချေ။ သက်လတ်ပိုင်းလူအတွက် ဤသည်မှာ အသစ်စက်စက် ‘ဇာတ်ညွှန်း’တစ်ခုဖြစ်သည်။

“အဖေတို့ မင်းကို အကြိမ်ပေါင်းများစွာဖုန်းခေါ်ခဲ့ပေမယ့် မင်းမဖြေခဲ့ဘူးလေ ၊ အဖေတို့ မင်းကို စိတ်ပူနေတာ ၊ ဒါကြောင့် မင်းကို လာရှာတာပဲ”

သက်လတ်ပိုင်းလူ၏လုပ်ရပ်များသည် သူ့ကြွက်သားမှတ်ဉာဏ်၏အစိတ်အပိုင်းများ ဖြစ်နေပြီ ဖြစ်သောကြောင့် ချောမွေ့နေခဲ့သည်။ ကောင်းမင်ထံမှ ကျောင်းကျောပိုးအိတ်ကိုယူရန် သူလက်လှမ်းလိုက်သော်လည်း ကောင်းမင်မှာ ကျောင်းကျောပိုးအိတ် မသယ်လာသည်ကို သူ သတိပြုမိလိုက်သည်။

“မင်းရဲ့ ညစ်ပတ်နေတဲ့အဝတ်အစားတွေ အဖေ့ကိုပေး”

သက်လတ်ပိုင်းလူက နည်းလမ်းပြောင်းလိုက်သည်။

“မင်း အသက်ဘယ်လောက်ရှိနေပြီတုန်း ၊ မင်းရဲ့အဝတ်အစားတွေ ဘယ်လောက်ညစ်ပတ်ပြီး တွန့်ကြေနေလဲ ကြည့်ပါဦး ၊ စစ်တိုက်ပြီး ပြန်လာတာကျနေတာပဲ”

“ရပါတယ် ၊ ကျွန်တော် ကိုယ့်ဘာသာလျှော်နိုင်ပါတယ်”

ကောင်းမင်သည် သူ၏ဖခင်ဖြစ်သူကို တိတ်ဆိတ်စွာကြည့်လိုက်သည်။ သူ့မှတ်ဉာဏ်ထဲမှ မျက်နှာများသည် သူ့ရှေ့မှမျက်နှာနှင့် ထပ်တူကျနေလေသည်။ ထိုလူသည် ကျိန်စာများဖြင့် ချည်နှောင်ခြင်းခံထားရသော သူ၏ဖခင်များနှင့် မတူပါချေ။ သူက ထူးခြားသည်။ သို့သော်လည်း ကောင်းမင်သည် အနာဂတ်နတ်ဘုရား၏ကမ္ဘာအတွင်းတွင် သူ၏သတိကို မလျော့ချရဲချေ။ သူသည် ဤအဆင့်သို့ ရောက်လာရန်အတွက် အရာများစွာကို ဆုံးရှုံးခဲ့ရသည်။ သူသည် မည်သည့် ချို့ယွင်းချက်ကိုမျှ ထုတ်ဖော်၍မရချေ။

သက်လတ်ပိုင်းလူသည် ကောင်းမင်၏ငြင်းပယ်ခံလိုက်ရသဖြင့် ထိတ်လန့်သွားခဲ့သည်။ ယခင် ကောင်းမင်များသည် ရုပ်သေးများနှင့်ပိုတူကြသည်။ သူတို့သည် ဝိညာဉ်မရှိသော ရုပ်သေးများကဲ့သို့ အလွန်နာခံတတ်ကြသည်။ ဤကောင်းမင်သည် ဇာတ်ညွှန်းနှင့် ကွဲပြားစွာပြုမူနေပြီး သူ၏လေသံသည် သူတို့မှတ်မိသည်နှင့် မတူသော်လည်း သက်လတ်ပိုင်းလူက ဤကောင်းမင်မှာ ပို၍အစစ်အမှန်ဖြစ်သည်ဟု ခံစားမိသည်။ သူ သရုပ်ဆောင်နေခြင်း မဟုတ်ချေ။ တကယ်တမ်းတွင် သူသည် ကြီးကျယ်သောရိုက်ကွင်းတစ်ခုကို ယခုလေးတင်ပြီးဆုံးသွားသည့် နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ဆုံးတွင် အိမ်သို့ပြန်လာသည့် သူကိုယ်တိုင် နှင့်တူပေသည်။

မီးဖိုချောင်ထဲတွင် အထူးဟင်းလျာများ ချက်ပြုတ်နေလေသည်။ ကောင်းမင်၏မိခင်ဖြစ်သူသည် အသားများကို ဘာမှမကျန်အောင်အထိ နုပ်နုပ်စင်းနေခဲ့သည်။ သက်လတ်ပိုင်းလူက စတင် တုံ့ဆိုင်းလာတော့သည်။ သက်လတ်ပိုင်းလူက သူ့အကြည့်ကို ကောင်းမင်ဘေးမှ ‘အမျိုးသမီး’ ဆီသို့ ရွှေ့လိုက်သည်။

“ဒါ မင်းရဲ့ အတန်းဖော်လား”

ကောင်းမင် ခေါင်းခါလိုက်သည်။ သူ မည်သို့ ရှင်းပြရမည်မှန်း မသိချေ။

“ရည်းစားလား”

ထိုလူ၏မျက်နှာမှာ မည်းမှောင်သွားသည်။ ကောင်းမင်၏အစစ်အမှန်ဖြစ်မှုကို ဘေးဖယ်ထားပါက ယောက်ျားတစ်ဦးက သရဲရည်းစားကို အိမ်ခေါ်လာခြင်းသည် အခြားကိစ္စတစ်ခု ဖြစ်သည်။

ထိုအမျိုးသမီးသည် ရည်းစားဟူသော စကားလုံးကို ကြားသောအခါ ရှက်ရွံ့သွားလေသည်။ သူမသည် ကောင်းမင်ကို လွှတ်လိုက်ပြီး သူမ၏မျက်နှာကို အနည်းငယ်လှည့်လိုက်သည်။ သူမ၏မျက်နှာတွင် ရွှမ်ဝမ်၏မျက်နှာသွင်ပြင်အချို့သည် ကပ်ညှိနေဆဲပင်။ ပုံမှန်မိန်းကလေးတစ်ဦးသည် ရှက်ရွံ့မှုကြောင့် မျက်နှာနီရဲသွားမည် ဖြစ်သော်လည်း ထိုအမျိုးသမီးကတော့ သူမ၏ပုပ်ပွနေသော အသားများကြားမှ အရိုးများကိုသာ ပြသနေလေသည်။

“သူက ကျွန်တော့် သူငယ်ချင်းပါ”

ကောင်းမင်က အလေးအနက် ပြောလိုက်သည်။

“သူက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့ပါတယ်”

ထိုလူ၏မျက်ခုံးများ တွန့်ချိုးသွား၏။ သူသည် ကောင်းမင်ဝတ်ဆင်ထားသော ကျောင်းဝတ်စုံကို စစ်ဆေးလိုက်သည်။ သူ ဘာပြောရမှန်းပင် မသိတော့ချေ။

ထိုလူက အသက်ပြင်းပြင်း ရှူလိုက်သည်။ သူက သူ့ကိုယ်သူပြောလိုက်သည်။

‘ဘာပဲဖြစ်ဖြစ်ပါ ၊ ဒီ ကောင်းမင်က အတုပဲ ၊ သူက သရဲတစ်ကောင်နဲ့ ကလေးရရင်တောင် ဒီမိသားစုနဲ့ဘာမှ မပတ်သက်ဘူး’

သူ ထိုသို့ တွေးလိုက်သော်လည်း အမျိုးသားသည် မသက်မသာခံစားနေရဆဲပင်။ အခြား ကောင်းမင်များသည် တံခါးအတွင်းသို့ ဝင်လာသည်နှင့် ပုံမှန်အတိုင်းပြုမူရန် ကြိုးစားသရုပ်ဆောင်ကြသည်။ သို့သော်လည်း သူတို့၏ရည်ရွယ်ချက်မှာ ဆိုးယုတ်သည်။ ဤ ကောင်းမင်သည် သူ့ကိုယ်သူပုံမှန်အတိုင်း ပြသရန်ပင် ကြိုးစားမနေချေ။ သူ၏ဖခင်စိတ်ဓာတ် ပေါ်လာခဲ့ပြီး ကောင်းမင်ကို ဆုံးမချင်နေခဲ့သည်။

“အဖေ မီးဖိုချောင်ထဲကို ဟင်းတွေ သွားယူလိုက်ဦးမယ် ၊ လက်ဆေးလိုက်ပါ ၊ မင်း သူငယ်ချင်းကိုလည်း ခေါ်လာခဲ့…”

သက်လတ်ပိုင်းလူသည် ထိုအမျိုးသမီး၏သွေးထွက်နေသော လက်များကို ကြည့်လိုက်သည်။

“ထားလိုက်ပါတော့ ၊ ဗီရိုထဲမှာ စွန့်ပစ်ထားတဲ့ ပတ်တီးတွေနဲ့လက်အိတ်တွေ ရှိမှာပါ”

ထိုလူက ခေါင်းခါလိုက်ပြီး ထွက်သွားခဲ့သည်။ သူ မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်။ ကောင်းမင်သည် မီးဖိုချောင်မှ စကားပြောဆိုသံတချို့ကို ကြားနေရလေသည်။

“ငါတို့ ဟင်းတချို့ကို လဲသင့်တယ်နော်”

“ဘာလို့လဲ”

“မင်းရဲ့ သားက ဒီတစ်ခါ သူငယ်ချင်းတစ်ယောက် ခေါ်လာတယ်လေ”

သက်လတ်ပိုင်းလူ၏အသံသည် တိုးလျနေပြီး ပဋိပက္ခဖြစ်နေလေသည်။

“ကောင်မလေးက ဘယ်လိုပုံလဲ ၊ သူ့မိသားစု နောက်ခံက ဘာတဲ့လဲ”

ယခင်က တည်ငြိမ်နေခဲ့သော မိခင်ဖြစ်သူက ရုတ်တရက်စိတ်လှုပ်ရှားသွားခဲ့သည်။

“သူက… စိတ်ဝင်စားစရာ ကောင်းပါတယ် ၊ သူ့ရဲ့ မိသားစု နောက်ခံအကြောင်းတော့ ငါမသိဘူး ၊ ငါ မင်းကို သတိပေးနေတာနော် ၊ နောက်မှ တုန်လှုပ်မသွားနဲ့”

“သူက အဲဒီလောက် အထင်ကြီးစရာ ကောင်းတာလား”

“မင်း ချက်ပြုတ်တာကိုပဲ အာရုံစိုက်စမ်းပါ”

စကားပြောဆိုမှုသည် နေ့စဉ်သုံးစကားဖြစ်ပြီး နွေးထွေးနေခဲ့သည်။သူ့မိဘများ၏ အရိပ်သည် မီးဖိုချောင်လိုက်ကာပေါ်သို့ ကျရောက်နေခဲ့သည်။ ကောင်းမင်၏အကြည့်သည် နူးညံ့လာခဲ့သည်။ သူသည် သူ၏ကလေးဘဝမှ အရာများကို တွေးတောလိုက်သည်။ သူ၏ဖခင်သည် အလုပ်ကို အလွန်အလေးထားပြီး ရှုပ်ပွနေသော မည်သည့်အရာကိုမျှ မကြိုက်ချေ။ ကောင်းမင်သည် သူ၏ တင်းမာသော မျက်နှာကိုသာ အများဆုံးမှတ်မိသည်။ တစ်နေ့တွင် သူ၏ဖခင်သည် အိမ်ပြန်ရာလမ်းရှိ ဘတ်စ်ကားမှတ်တိုင်တွင် စိုရွှဲနေသော ကြောင်ကလေးတစ်ကောင်ကို တွေ့ခဲ့ရသည်။ သူသည် သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ကြောင်ကလေးကို သူ့ရင်ဘတ်ရှေ့တွင် ပွေ့ဖက်၍ တိရစ္ဆာန်ဆေးကုခန်းသို့ ပို့ဆောင်ပေးခဲ့သည်။ သူ စိုရွှဲသွားခဲ့သော်လည်း ကြောင်ကလေးမှာ နွေးထွေးနေခဲ့သည်။

သူ၏ မိခင်ဖြစ်သူမှာ ကောင်းမွန်သောကိုယ်ကျင့်စရိုက်ရှိသူဖြစ်သည်။ သူမသည် အိမ်နီးချင်းများအားလုံးနှင့် ဆက်ဆံရေးကောင်းမွန်သည်။ သူမသည် နူးညံ့သိမ်မွေ့ပုံရသည်။ သို့သော် တစ်နေ့တွင် သူတို့မိသားစု ရေကန်ဘေးတွင် ငါးမျှားနေစဉ် ကလေးတစ်ဦး ရေထဲသို့မတော်တဆ ပြုတ်ကျသွားခဲ့သည်။မိခင်ဖြစ်သူသည် ကလေးကို ကယ်တင်ရန် ရေကန်ထဲသို့ တွေဝေခြင်းမရှိဘဲ ခုန်ဆင်းသွားခဲ့သည်။

ကောင်းမင်၏မိဘများသည်လည်း ရံဖန်ရံခါ စကားများတတ်ကြသည်။ သို့သော်လည်း သူတို့ အတူတူ ရှိနေသရွေ့ ပြဿနာမရှိပါချေ။

“သူတို့က အနာဂတ်နတ်ဘုရားက ငှားထားတဲ့ သရုပ်ဆောင်တွေလား ၊ ဒါမှမဟုတ် သူတို့က အစစ်အမှန်လား”

မီးဖိုချောင်ထဲမှ အစားအသောက်နံ့ ထွက်ပေါလာ၏။ မကြာမီ ကောင်းမင်၏မိခင်သည် ဟင်းပွဲတစ်ပွဲနှင့်အတူ ထွက်လာခဲ့သည်။ သူမသည် ကြီးမားလှသော အပြုံးကြီးတစ်ခုဖြင့် လိုက်ကာကို ဖယ်လိုက်သည်။ သူမ ကောင်းမင်ဘေးမှ အမျိုးသမီးကို မြင်သောအခါ သူမ၏အပြုံးကြီး အေးခဲသွားလေသည်။ ထိုမိန်းကလေးသည် စိတ်ဝင်စားစရာကောင်းသော ပုံသဏ္ဌာန်ရှိသည်မှာ အသေအချာပင်။ ကောင်းမင်၏ မိခင်သည် နည်းပညာအရ သူမ၏ဦးနှောက်ကိုပင် ကြည့်နိုင်သည်။ အမျိုးသမီးသရဲက ကောင်းမင်မိခင်၏တုံ့ပြန်မှုကို သတိပြုမိလိုက်သည်။ သူမ ခေါင်းကို ငုံ့ထားလိုက်သည်။ ရွှမ်ဝမ်၏အခွံမှာ ကွဲကြေသွားခဲ့ပြီဖြစ်ပြီး ဤသည်မှာ သူမ၏အစစ်အမှန် ဖြစ်သည်။

“လာစားကြလေ ၊ သား ဖုန်းခေါ်တာမဖြေတော့ သားအဖေနဲ့အမေတို့ ဘယ်လောက်စိုးရိမ်နေရလဲ သိလား”

ကောင်းမင်၏မိခင်က သူမ၏အေပရွန်ကို ချွတ်လိုက်သည်။ သူမသည် ကောင်းမင်အား ဆိုဖာပေါ်မှ ဆွဲထူလိုက်သည်။ ထို့နောက် သူမက ထိုအမျိုးသမီးကို ကြည့်လိုက်သည်။

နောက်ဆုံးတွင် ကောင်းမင်၏မိခင်သည် ထိုမိန်းကလေး၏လက်များကို ဆုပ်ကိုင်လိုက်လေသည်။

“ကလေးမလေး ၊ မင်းမှာ ခက်ခဲတဲ့ဘဝတစ်ခု ရှိခဲ့မှာပဲ…”

All Chapters