နဲနဲကြမ်းသွားတယ်
Vol. 46 Ch. 658
….
“သုံးရက်လောက်ဆို လုံလောက်မယ်လို့တော့ မျှော်လင့်ရတာပဲ...”
ယီလန်တစ်ယောက် ထွက်ခွာသွားပြီးနောက် အာရန်သည် မရေရာမှုများစွာဖြင့် သက်ပြင်းချလိုက်သည်။
သူ၏ ရှေ့တွင် ရွေးချယ်စရာလေးခုကို စာရင်းပြုစုထားသည့် ဖောက်ထွင်းမြင်ရသော စနစ်ဖန်သားပြင်တစ်ခု ရှိနေခဲ့၏။
သို့သော် ဤတစ်ကြိမ်တွင်မူ ရွေးချယ်စရာများ အောက်ရှိ အချိန်မှတ်နာရီသည် အချိန် သုံးရက်မှ စတင် ရေတွက်နေခဲ့သည်။
၎င်းကဆိုလိုသည်မှာ ရရှိမည့်ဆုလာဘ်အား မဆုံးရှုံးလိုပါက ရွေးချယ်ထားသော ရွေးချယ်မှု ကို ပြီးမြောက်ရန် နောက်ဆုံး သတ်မှတ်ရက် ဖြစ်လေ၏။
အာရန်သည် ထိုအထဲမှ ဆုလာဘ်တစ်ခုကို အဆုံးရှုံးခံ၍ မရပေ။ အဘယ်ကြောင့်ဆိုသော် သူ့အနေနှင့် အသည်းအသန် လိုချင်နေသော စွမ်းရည်တစ်ခုသည် ဆုလာဘ်အဖြစ် အထဲတွင်ပါဝင်နေသောကြောင့်ပင်တည်း။
ဤ စွမ်းရည် ကို ရှာဖွေရန်အတွက် သူသည် ဤ ဗဟိုတိုက်ကြီးသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်မဟုတ်ပါလား...။
ထိုရွေးချယ်စရာများထဲမှ တစ်ခုအတွက် ဆုလာဘ် မှာ အလင်းနတ်ဘုရားမမှ အတုအယောင်ပရောဟိတ်မကို ထိန်းချုပ်ရန် အသုံးပြုခဲ့သည့်အရာနှင့် ဆင်တူသော အစွမ်းတစ်ခု ဖြစ်လေသည်။ ၎င်းက တစ်ဝက်နယ်မြေ ဆင်းသက်ခြင်း ဟူသည့် စွမ်းရည်ပင်။
အခြား ရွေးချယ်စရာ သုံးခုတွင်လည်း ကောင်းမွန်သော ဆုလာဘ်များ အသီးသီး ရှိနေကြသော်လည်း ဤတစ်ကြိမ်တွင်မူ သူ၌ အခြားရွေးချယ်စရာ မရှိခဲ့ပေ။
အကယ်၍ သူသည်သာ အလားတူ စွမ်းရည် ကို လိုချင်ပါက အလင်းဘုရားကျောင်း၏ ကျန်ရစ် မျိုးဆက်များ ကို ရှာဖွေရဦးမည် ဖြစ်လေသည်။
၎င်းတို့ကို ရှာဖွေခြင်းသည် အချိန်ယူရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကာ အဆိုးဆုံးအချက်တစ်ချက်လည်းရှိနေ၏။
၎င်းမှာ ဘုရားကျောင်းရှိ ကျန်ရစ်မျိုးဆက်အချို့အနေဖြင့် ဤ စွမ်းရည် ကို သိရှိလိမ့်မည်ဟုပင် အာမခံချက် မရှိခြင်းပင် ဖြစ်၏။
ထို စွမ်းရည် ကို ရရှိရန် တစ်ခုတည်းသော ဖြတ်လမ်း မှာ စနစ်ဆီမှ ဆုလာဘ်သာ ရှိတော့သည်။ စဥ့်စားကြည့်မည်ဆိုလျှင် ထိုစနစ်မှ သူ၏ အခက်အခဲအတွက် အကူအညီပေးနေသည့်အလားပင် ထင်မှတ်ရလေသည်။
သို့သော် စနစ်မှ ထိုအရာကို လွယ်လွယ်ကူကူ ပေးခြင်းတော့မဟုတ်ပေ။
ရွေးချယ်မှုတစ်ခုကို ပြီးမြောက်ရန် အချိန်သုံးရက်သာ ပေးခဲ့သည်။
“ချီးပဲ။ ဒါက ဘုရင်မျိုးနွယ်စုနဲ့ ပတ်သက်နေတာပဲ။ ငါက အဲဒီနေရာကို ဖိတ်ကြား ခံထားရတဲ့သူတောင် မဟုတ်ဘူး။ ငါသာ အဲဒီကို သွားရင် ကျူးကျော်သူ တစ်ယောက်ထက် ပိုမှာမဟုတ်ဘူး။ ဒီဟာက ရွေးချယ်စရာ ဖြစ်တယ်ဆိုရင် ငါ့အတွက် ဘယ်လို အန္တရာယ် မျိုး စောင့်ကြိုနေနိုင်မလဲ”
စနစ်သည် သူ့အား အဓိပ္ပာယ်မရှိသော တစ်စုံတစ်ရာအား လုပ်ဆောင်ရန် တောင်းဆိုနေခြင်းမျိုးတော့ မဟုတ်ပေ။
ထိုရွေးချယ်မှုအား ပြီးမြောက်ရန် ရူးသွပ်ဖွယ်တစ်စုံတစ်ရာကို ပြုလုပ်ရန်လည်း မလိုအပ်ပေ။
သို့သော်ငြားလည်း ၎င်းက အာရန်အတွက် မကောင်းသော ခံစားမှုတစ်ခုကို ပေးစွမ်းနေဆဲပင်။
ဤတစ်ကြိမ်တွင် ရွေးချယ်စရာများ သည် ကန့်သတ်ချက်များ ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
[ရွေးချယ်မှု သုံး: ဘုရင်မျိုးနွယ်စု ထဲသို့ ဝင်ရောက်ပြီး သုံးရက်တာ ရှင်သန်နေထိုင်ပါ။
ကန့်သတ်ချက်များ - သင်သည် သုံးနာရီ ထက် ပို၍ နေရာတစ်ခုတည်း ၌ နေထိုင်၍ မရပါ။ သင်သည် သင် ယခင်က ရောက်ဖူးထားသော နေရာ၌လည်း ထပ်မံ၍ သွားရောက်နိုင်မည်မဟုတ်ပါ။
ဆုလာဘ်- တစ်ဝက်နယ်မြေ ဆင်းသက်ခြင်း။]
ပထမစာကြောင်း ကို ဖတ်ပြီးနောက် အာရန်သည် ထိုမျိုးနွယ်စု၏ နယ်မြေအတွင်း၌ အလုံခြုံဆုံး နေရာတစ်နေရာကို ရှာဖွေပြီး သုံးရက်စလုံး ပုန်းနေရန် စဉ်းစားမိလိုက်သည်။
သို့သော် နောက်ထပ် ကန့်သတ်ချက်များ အရ ထိုစိတ်ကူးသည် ခဏတာသာ ယဥ်ခွင့်ရလိုက်သည်။
သူသည် နေရာတစ်ခုတွင် သုံးနာရီထက် ပိုမို ပုန်းအောင်းနေမိပါက စနစ်၏ ကန့်သတ်ချက်များကို ချိုးဖျက်မိသလို ဖြစ်သွားမည်ဖြစ်သောကြောင့် သုံးရက် အတွင်း စိတ်အေးလက်အေးပင် အနားယူ၍ ရမည်မဟုတ်တော့ပေ။
“စနစ်ရေ....မင်းက ငါ့ကို အဲဒီမှာ ရှင်သန် နေစေချင်ရုံသာမကပဲ ဒီလောက်တောင် ကန့်သတ်ထားရသလား။ မင်း ငါ့ဘက်မှာ ရှိနေတယ်ဆိုတာတောင် သေချာသေးရဲ့လားကွာ”
အာရန်သည် စိတ်ပျက်လက်ပျက်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိသော်လည်း ထိုနံပါတ် (၃) ရွေးချယ်စရာကိုမူ မဖြစ်မနေ ရွေးချယ်လိုက်ရလေသည်။
“အထက်ကမ္ဘာတစ်ခုလုံးကိုတောင် တစ်ချိန်က အုပ်စိုးနိုင်ခဲ့တယ်ဆိုတဲ့ မျိုးနွယ်စုနံမည်တောင် တင်တင်စီးစီး ဘုရင်မျိုးနွယ်စုလို့သတ်မှတ်ထားတဲ့ မင်းတို့တွေက ဘယ်လို မွန်းစတားတွေလဲဆိုတာ ကြည့်ရသေးတာပေါ့...”
အာရန်သည် ရွေးချယ်စရာတစ်ခုကို ရွေးချယ်လိုက်ပြီးနောက် စနစ်ဖန်သားပြင်သည် ထုံးစံအတိုင်း ပြန်လည် ပျောက်ကွယ်သွားခဲ့၏။
ယင်းအစား ဘုရင်မျိုးနွယ်စု နယ်မြေ ကို ပုံဖော်ထားသည့် ပုံရိပ်ယောင်မြေပုံတစ်ခု သူ၏ ရှေ့၌ ထပ်မံ ပေါ်ထွက်လာခဲ့သည်။
ဘုရင်မျိုးနွယ်စု၏ နယ်မြေ သည် ကမ္ဘာငယ်လေး တစ်ခုအလား ခံစားမိသည်အထိ ကြီးမားလေသည်။
ပုံးခိုရာ နေရာများအား ၃နာရီခြား ဆက်တိုက် နေရာမထပ်အောင် ပြောင်းလဲ နေခဲ့မည်ဆိုလျှင်ပင် ထိုမျှ ကြီးမားသော နေရာ၌ ပုန်းအောင်း စရာနေရာများစွာ ရှိနေဆဲပင်။
သို့သော် တစ်ဖန် သူသည် ပြဿနာ တစ်ခုနှင့် ရင်ဆိုင်နေခဲ့ရသည်။
ထိုမြေပုံအတွင်း၌ ဧရိယာ အတော်များများသည် အနီရောင် ဖြင့် မှတ်သားခြင်းခံထားရ၏။
မြေပုံ အောက်ရှိ သတိပေးချက် တစ်ခုကလည်း ထိုဧရိယာများသည် ပုန်းအောင်း ရန် မသင့်လျော်ဟု သူ့အား ပြောပြနေသည်။
ယင်းအစား အစိမ်းရောင်ဖြင့် မှတ်သားထားသော နေရာငယ် နှစ်ဆယ့်လေးခု ရှိလေသည်။
ထို့ပြင် သုံးရက်တာအချိန် ပြည့်သည်အထိ နေရာ တစ်ခုစီတွင် သုံးနာရီခန့်သာ သူ့အနေနှင့် ကုန်ဆုံးနိုင်ပေမည်။
အာရန်အတွက် ကံဆိုးသည်မှာ ဤ အစိမ်းရောင်သတ်မှတ်ပေးထားသော နေရာအများစုသည် ဘုရင်မျိုးနွယ်စု နယ်မြေ ၏ ဗဟိုဒေသတွင် ရှိနေခြင်းပင်။
ထိုသတ်မှတ် နေရာများထဲမှ အချို့မှာ သူ ပုန်းအောင်းရန်ပင် ကောင်းစွာ မဖြစ်နိုင်ပေ။
ရတနာများ ထားရှိသော နေရာများတွင်ပင် အကာအကွယ်လွှာများ ရှိနေဆဲပင်။
“မင်း ငါ့ကို တမင်သက်သက် အဖမ်းခံရအောင် ချောက်တွန်းနေတာလား စနစ်လေးရာ...”
အာရန်သည် အခက်အခဲများ ဤမျှအထိ တစ်စတစ်စ တိုးတက်လာခြင်းအား မြင်တွေ့ရပြီးနောက် နှလုံးရပ်မတတ်ပင် ဖြစ်သွားခဲ့ရသည်။
[သင့်အနေနှင့် ရွေးချယ်မှုတစ်ခုအား ပြီးမြောက်ပြီး နောက်တွင် ထပ်ဆောင်း ဆုလာဘ် တစ်ခုကို ထပ်မံ၍ ခံစားခွင့်ရှိမည်။ ထိုဆုလာဘ် ၏ အဆင့်သည် သင်၏ စွမ်းဆောင်ရည်ပေါ် လုံးဝ မူတည်ပါလိမ့်မည်။]
မြေပုံ ဘေးတွင် နောက်ထပ် စနစ် ဖန်သားပြင် တစ်ခု ပေါ်လာပြီးနောက်တွင်မှ အာရန်တစ်ယောက် အနည်းငယ် ပြန်လည် စိတ်တည်ငြိမ်သွားခဲ့သည်။
စနစ်သည် သူ၏ ဒေါသ ကို နားလည်နိုင်လောက်အောင် လိမ္မာပါးနပ် နေခြင်းများလား ဟုပင် သံသယဝင်မိလိုက်သည်။
“ငါ ဒီ ရွေးချယ်စရာကို ရွေးချယ်ခဲ့ပြီးပြီဖြစ်လို့ ကျရှုံးလို့တော့ မဖြစ်ဘူး။ င့ါအတွက် အသက်အပိုတစ်ခု ရှိနေသေးတယ်ဆိုရင်တောင် ဒီဆုလာဘ်က ခုချိန်မှာ ငါ့အတွက် အလိုချင်ဆုံး အရာပဲ”
အာရန်သည် အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားခဲ့သော်လည်း ၎င်းက သူ၏ ရွေးချယ်မှုသာ ဖြစ်နေသဖြင့် မဖြစ်မနေ လက်ခံလိုက်ရသည်။
သည်အတိုင်း ထိုင်၍ ညည်းတွားနေမည့်အစား သူသည် ပြင်ဆင်မှုအချို့ကို စတင်လုပ်ဆောင်ရန်လိုအပ်နေလေပြီ။
ယခုအချိန်တွင် သူ့အတွက် အကြီးမားဆုံး ပြဿနာ မှာ သူအား ဖိတ်ခေါ်ထားခြင်းပင် မရှိသော ဘုရင်မျိုးနွယ်စု၏ နယ်မြေ အတွင်းသို့ ထွင်းဖောက်ဝင်ရောက်ရန်ပင် ဖြစ်လေ၏။
“ကုန်သည်အစည်းအရုံးခေါင်းဆောင်ရဲ့ သမီးက ဒီ သင်္ဘော ကို အမိန့်ပေး နေတယ်လို့ ခင်ဗျားစောစောက ပြောခဲ့တယ်လား” ဟုအာရန်မှ ဘေးရှိအစေခံအား မေးလိုက်သည်။
ထိုအစေခံသည် အရူးတစ်ယောက်အလား တစ်ယောက်တည်း ထူးဆန်းသည့် စကားများကို ပြောဆိုနေသော အာရန်အား မျက်လုံးလေး ကလယ်ကလယ်ဖြင့် စိုက်ကြည့်နေခဲ့၏။
“ဟို... ဟုတ်ပါတယ်” အစေခံ သည် ထိုအခါမှသာ သတိ ပြန်ဝင်လာပြီး အာရန်၏အမေးအား ပြန်ဖြေလိုက်သည်။
“သူမအကြောင်း အကုန်လုံး ကျုပ်ကို အကုန်ပြောပြ” အာရန် သည် ဘုရင်မျိုးနွယ်စု ၏ နယ်မြေ ထဲသို့ ဝင်ရောက်ရန် နည်းလမ်း တစ်ခုကို ရှာဖွေရန် စဉ်းစားရင်း ပြောလိုက်သည်။
ဤသို့ဖြင့် ထိုတစ်ညတာလုံး၌ အာရန်သည် အစေခံ ထံမှ ဘုရင်မျိုးနွယ်နှင့်ပတ်သတ်သည့် ကောလဟာလ များ အပါအဝင် ထိုမိန်းကလေးအကြောင်း အချက်အလက်များကို စုံစမ်းသိရှိနိုင်ခဲ့၏။
အကာအကွယ်လွှာများအပြည့်ဖြင် သင်္ဘောပေါ် ၌ သယ်ဆောင်နေသော ရတနာပစ္စည်းများ အကြောင်းကိုပင် အာရန်အနေနှင့် အတိုင်းအတာတစ်ခုထိ သိရှိခွင့်ရခဲ့၏။
“ငါ နည်းလမ်းတစ်ခု တွေ့ပြီ....” အာရန်သည် ထိုသို့ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ရုတ်တရက် ထရပ် လိုက်သည်။
သူသည် ထိုအစေခံအား တစ်ချက်ပိတ်ရိုက်လိုက်ပြီးနောက် နဂါးလျှာအစွမ်းဖြင့် သူ၏ အစောပိုင်း မှတ်ဉာဏ်များကို ဖျက်ပစ်ကာ အနားရှိ ဗီရိုတစ်ခုထဲ၌ ထည့်ထားလိုက်လေသည်။
ထို့နောက် ထိုအခန်းအတွင်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်၏။
အာရန်သည် သူ့ကိုယ်သူ အစောပိုင်း အစေခံအဖြစ် အသွင်ပြောင်းလိုက်ပြီးနောက် အခန်းတွင်းမှ ထွက်ခွာလိုက်သည်။
သို့သော် သူသည် ကုန်သည်အစည်းအရုံး၏ မင်းသမီးလေးထံသို့ မသွားခဲ့ပေ။
ယင်းအစား သူသည် ရတနာများ သိုလှောင်ထားသော နေရာသို့သာ သွားရောက်ခဲ့သည်။
၎င်းနေရာသည် သူဟန်ဆောင်ထားသော အစေခံ ပင် ဝင်ခွင့်မရှိသော နေရာတစ်ခု ဖြစ်နေခဲ့သည်။
“မင်း ဒီကို ဘာလာလုပ်တာလဲ” အာရန်သည် ထိုအနားသို့ရောက်သွားသည်နှင့် လုံခြုံရေးအစောင့်များမှ တားဆီးခြင်းကို ခံလိုက်ရ၏။
အာရန်သည် ရတနာခန်းမ အတွင်း၌ နတ်ဘုရားတစ်ပိုင်းအဆင့် လုံခြုံရေးအစောင့် အနည်းငယ် ရှိနေကြောင်း စုံစမ်းပြီးဖြစ်သည်။
သို့သော် ကံကောင်းစွာဖြင့် သူ့အား ယခုတားဆီးနေသည့် လုံခြုံရေးအစောင့်များ သည် နတ်ဘုရားတစ်ပိုင်းအဆင့်ထက် များစွာပိုမို အားနည်းလေသည်။
“ငါလား ငါပိုင်တဲ့အရာကို ငါပြန်လာယူတာလေ ဘာဖြစ်လို့လဲ” အာရန် သည် ထိုသို့ ပြန်ပြောလိုက်ပြီးနောက် သူ၏ ပုံရိပ်သည် ချက်ချင်း ပျောက်ကွယ် သွားခဲ့၏။
ထို့နောက် စက္ကန့်ပိုင်းအတွင်း လုံခြုံရေးအစောင့်များသည် တစ်ပြိုက်နက် အတူ မြေပြင်ပေါ်သို့ လဲကျ သွားကြသည်။
“ဒါက နည်းနည်း ကြမ်းတမ်းတယ်ဆိုပေမဲ့ ဒီအခြေအနေအတွက် တစ်ခုတည်းသော သင့်လျော်တဲ့ ဖြေရှင်းနည်းပဲလေ” အာရန်သည် ထိုနေရာမှ အလျင်အမြန် ပြေးထွက်သွားခဲ့ကာ လမ်း၌ တိုးတိုးလေးထပ်မံ ရေရွတ်လိုက်၏။
#Catfoot