ငါမဝင်နိုင်ဘူး ဘယ်သူပြောလဲ
Vol. 46 Ch. 659
...
“ဒီနေရာ ဖြစ်ရမယ်”
အာရန် သည် ထူးဆန်းသော ပုံစံကွက်တစ်မျိုးဖြင့် မှတ်သားထားသည့် ရွှေရောင်တံခါး ရှေ့တွင် ရပ်လိုက်သည်။
သူသည် အစောင့် တစ်ဦးကို ဖမ်းချုပ်လိုက်ပြီး ထိုအစောင့်သည် အနည်းငယ်မျှပင် သူ့အား တန်ပြန်တိုက်ခိုက် နိုင်ခြင်း မရှိခဲ့ပေ။
“ဒါက ငါ ကြားဖူးထားတဲ့ အထူးပုံစံကွက်တစ်မျိုး ဖြစ်မယ် ထင်တယ်။ တစ်စုံတစ်ယောက်ကသာ ဒီ တံခါး ကို အတင်းအကျပ် ဖွင့်ဖို့ ကြိုးစားရင် ပုံစံကွက် က သူတို့ကို ဖျက်ဆီး ပစ်လိမ့်မယ်။ဟုတ်တယ်မလား” အာရန်သည် သူ့အား မယုံကြည်နိုင်စွာဖြင့် တုန်တုန်ယင်ယင် စိုက်ကြည့်နေသော အစောင့်အား မေးလိုက်သည်။
အစောင့်သည် အာရန်အား တံခါး ကို ဖွင့်ရန် ကြိုးစားသည့် ခဏ၌ သေဆုံးသွားမည့် သာမန် သူခိုး တစ်ဦးမျှသာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော်ယခုကဲ့သို့ ထိုပုံစံကွက်၏ လျှို့ဝှက်ချက် အကြောင်းကို ဤမျှ သိရှိနေလိမ့်မည်ဟု သူ တကယ်ပင် မမျှော်လင့်ခဲ့ပေ။
“မှန်တယ်။ ခင်ဗျားအနေနဲ့ ဝင်ရောက်ဖို့ နည်းလမ်း မရှိဘူး။ လက်လျှော့လိုက်တာ ပိုကောင်းမယ်” အစောင့်သည် အာရန်၏အမေးကို မနည်းအားယူ၍ ပြောလိုက်ရသည်။
“ငါ့မှာ ဝင်ဖို့ နည်းလမ်း မရှိဘူးလို့ ဘယ်သူက ပြောလဲ” အာရန်သည် ထိုသို့ တုံ့ပြန်ပြောဆိုလိုက်ပြီးနောက် အစောင့် ၏ လည်ပင်းအား ပိုမို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။
ထို့နောက်အာရန်သည် သူ၏ ခွန်အား အားလုံးကို လက်မောင်းတစ်ဖက်၌ စုစည်းလိုက်ကာ ပိုမိုခွန်အားပြင်းစေရန် သူသည် နဂါးလျှာအစွမ်းကိုပင် ထပ်မံအသုံးပြုလိုက်သေး၏။
အာရန်၏ ရေရွယ်ထားသော ပစ်မှတ်မှာ အခြားမဟုတ်။ သူ၏ လက်ထဲမှ အစောင့်ပင်ဖြစ်သည်။
“ငါ သေချာပေါက် အထဲကို ဝင်ရောက်နိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ အကူအညီတော့ နဲနဲလိုတာပေ့ါ” ထိုသို့ပြောပြီးနောက် အာရန်သည် အစောင့် ၏ ခန္ဓာကိုယ်ကို ထိုရွှေရောင်တံခါး ဆီသို့ ပစ်ပေါက် လိုက်၏။
ထိုပစ်ပေါက်လိုက်သည့် အရှိန်သည် အလွန် ပြင်းထန်လွန်းသောကြောင့် သင်္ဘော တစ်ခုလုံးအားပင် အနည်းငယ် တုန်ခါသွား စေခဲ့သည်။
တံခါးရှိ ဖန်တီးထားသော ပုံစံကွက်မှ တန်ပြန်တိုက်ခိုက် ခဲ့သော်လည်း ၎င်း၏ ပစ်မှတ် မှာ တံခါးရှိရာဆီသို့ ပစ်ပေါက် ခံလိုက်ရသော အစောင့်ထံသို့ ဖြစ်လေ၏။
“အား...”
အစောင့်သည် နာကျင်စွာအော်ဟစ် ငြီးတွားလိုက်ပြီးနောက် နောက်ဆုံး၌ သူ အသက်ထွက်သွားခဲ့သည်။
ထို့နောက် သူသည် မကြာမီပင် ပြာမှုန့်များ အဖြစ်သို့ ဘဝပြောင်းသွားခဲ့၏။
“ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဒီလောက်ခွန်အားနဲ့ တံခါး ကို ချိုးဖျက် ဖို့ မလုံလောက်သေးဘူး” အာရန် သည် ထိုသို့ တိုးတိုးလေး ရေရွတ်လိုက်မိသော်လည်း သူ၏ မအောင်မြင်မှု အတွက် စိတ်ပျက် သွားပုံတော့မရပေ။
အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် သူ၏ ရည်ရွယ်ချက်အား အောင်မြင်နိုင်ခဲ့ ပြီဖြစ်သောကြောင့်ပင်...။
ထိုတိုက်ခိုက်မှုသည် အနည်းဆုံး တံခါးပေါ်၌ သေးငယ်သော အက်ကွဲကြောင်းငယ်တစ်ခုကိုမူ ဖြစ်ပေါ်စေခဲ့၏။
အာရန်သည် အခန်းထဲသို့ ဝင်ရောက် နိုင်ခြင်း မရှိသေးသော်လည်း သူသည် အခြားသော နည်းလမ်းတစ်ခု ရရှိသွားခဲ့ပြီဖြစ်၏။
ထိုအခါ ထိုတံခါးနောက်ကွယ်ရှိ အခန်းထဲတွင် ရှိနေသော နတ်ဘုရားတစ်ပိုင်းအဆင့် အစောင့်သည်လည်း ထိုအသံကို သတိထားမိပေလိမ့်မည်။
သူ့အနေနှင့် အထဲသို့ဝင်နိုင်ရန်အတွက် အခန်းအတွင်းရှိ အစောင့်မှ သူ့အတွက် တံခါး ဖွင့်ပေးလာရန်သာ လိုအပ်လေသည်။
အာရန်မျှော်လင့်ထားသည့်အတိုင်းပင် အစောပိုင်းတိုက်ခိုက်မှုကြောင့် သင်္ဘောကြမ်းပြင်တစ်ခုလုံးပင် တုန်ခါသွားသည်ဟု အခန်းအတွင်းမှ အစောင့်လဲ ခံစားလိုက်ရသည်။
ထို့ကြောင့် ထိုအခန်းအတွင်းရှိ နတ်ဘုရားတစ်ပိုင်းအဆင့်အစောင့်အရှောက်သည် သူ၏ မျက်လုံးများ ကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
ဤနေရာနှင့် အလွန် နီးကပ်သောနေရာမှ မှ ဆူညံသံများ ထွက်ပေါ်လာခြင်းဖြစ်သဖြင့် ၎င်းက အပြင်ဘက်ရှိ လူများ ၏ လုံခြုံရေး အတွက် သူ့အား ပိုမို၍ပင် စိုးရိမ်ပူပန်သွား စေခဲ့၏။
ရန်သူ သည် ဤနေရာအထိ ရောက်ရှိလာနိုင်ခဲ့ပါက အပြင်ဘက်ရှိ လူများ မည်သို့ အခြေအနေများ ရင်ဆိုင်နေခဲ့ရပြီနည်း။
ခေါင်းဆောင်၏ သမီးကော ဘာဖြစ်သွားနိုင်သနည်း။
ထိုခေါင်းဆောင်၏ သမီးသည် သူ့အား ရတနာခန်း အတွင်း၌ စောင့်ကြပ်ရန် တာဝန်ပေးထားခဲ့ကာ တံခါးအား မည်သည့်နည်းနှင့်မျှ မဖွင့်ကြည့်ရန် အမိန့်ပေးထားခဲ့သော်လည်း သူ၏ စိတ်ပူပန်မှုကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။
သူ့အနေနှင့် ရတနာများ အားလုံးကို ကာကွယ်နိုင်ခဲ့မည်ဆိုလျှင်ပင် ထိုမိန်းကလေးသာ တစ်စုံတစ်ခုဖြစ်သွားခဲ့မည် ဆိုပါက သူသည် ကုန်သည်အစည်းအရုံးခေါင်းဆောင် အား မည်သည့် ဆင်ခြေမျှ ပေး၍ရမည် မဟုတ်ပေ။
နတ်ဘုရားတစ်ပိုင်းအဆင့်အစောင့်အရှောက်သည် အင်အားကြီးမားသူတစ်ဦး ဖြစ်သည်မှာ မှန်သော်လည်း ကုန်သည်အစည်းအရုံး၌မူ သူ၏ အရေးပါမှုသည် ဘာမှ ပြောပလောက်သောအရာ မဟုတ်ချေ။
ဤသို့ဖြင့်သူသည် ဆက်လက်ငြိမ်မနေနိုင်တော့ပဲ ခေါင်းဆောင်သမီး ၏ လုံခြုံရေး ကို သွားရောက် စစ်ဆေးရန် ဆုံးဖြတ် လိုက်၏။
သူ၏ ခွန်အား ကို သူ ယုံကြည်လေသည်။ သူသည် ဤတံခါးကို ဖွင့်လိုက်မိလျှင်ပင် ထိုရန်သူအား တားဆီး နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှုရှိနေသည်။
အကယ်၍ သူပင် မတားဆီး နိုင်သော ရန်သူတစ်ဦးသာ ဖြစ်နေခဲ့ပါက အထဲ၌ ဆက်နေ၍လည်း အကျိုးထူးမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ရန်သူမျိုးဆိုပါကလည်း ဤတံခါးအား ဖျက်ဆီးနိုင်ရန်အတွက်မှာ အချိန် တစ်ခုသာ လိုအပ်မည် ဖြစ်သောကြောင့်ပင်။
ထိုသို့ဆိုပါက သူ့အနေနှင့် ဤနေရာ၌ဆက်လက်စောင့်ဆိုင်းခြင်းသည် အဓိပ္ပာယ် မရှိတော့ပေ။
သူသည် တံခါးအား အတွင်းမှ တွန်းဖွင့်လိုက်သည်။
တံခါးရှိ ပုံစံကွက်သည် သူ့ကို ပစ်မှတ် ထားခြင်းမရှိသဖြင့် တံခါးသည် အလွယ်တကူ ပွင့် သွားခဲ့သည်။
ထိုအချိန်၌ အပြင်ဘက် ရှိ ရန်သူ ကို မြင်ရလိမ့်မည်ဟု မျှော်လင့်ထားသဖြင့် အရာရာကို အဆင်သင့်ပြင်ထားလိုက်သည်။
သို့သော် တံခါးပွင့်သွားသောအခါ အပြင်ဘက်၌ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ပေ။
“ဟင်” ထိုမြင်ကွင်းကြောင့် သူသည် မျက်မှောင်ကြုတ် လိုက်ပြီး အပြင်သို့ ထွက်ကြည့်လိုက်သည်။
အရာရာ သေခြာစွာ ကြည့်ရှုစစ်ဆေးခဲ့သော်လည်း ထိုနေရာ၌ မည်သည့် ရန်သူမျှ ရှိမနေခဲ့ချေ။
သူသည် အစောပိုင်းက ထိုတံခါးအားဖွင့်လိုက်သည်နှင့် အားကောင်းသော ရန်သူ တစ်ဦးကို ရင်ဆိုင်ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့၏။
သို့သော် ရန်သူသည် ရုတ်တရက် ထွက်ပြေးသွားရလောက်အောင် သူရဲဘောကြောင်သူတစ်ဦး ဖြစ်နေလိမ့်မည်ဟုတော့ အမှန်တကယ် မမျှော်လင့်ခဲ့ပေ။ 'ဒါဆို သူ ဘယ်ကို ရောက်သွားခဲ့တာလဲ။'
ထိုစဥ် ရုတ်တရက် အစောင့်သည် သူ၏ နောက်မှ ထိတ်လန့်ဖွယ် တည်ရှိမှုတစ်ခုကို ခံစားမိလိုက်သဖြင့် လျင်မြန်စွာနောက်သို့ လှည့်လိုက်ကာ ဓားဖြင့် ခုတ်ပိုင်းရန် ပြင်လိုက်သည်။
သို့သော် ကံမကောင်းစွာဖြင့် နောက်ဘက်သို့ လှည့်ကြည့်မိလိုက်သောအခါ သူ၏ မျက်နှာ တစ်ခုလုံး ဖြူဖျော့သွားခဲ့၏။
ထို့နောက် သူ၏ ဓားအား လျင်မြန်စွာ ပြန်လည်ထိမ်းချုပ်လိုက်ရကာ တန်ပြန်သက်ရောက်မှုအနေဖြင့် သွေး တစ်လုတ် အန်လိုက်မိသည်။
သူ၏ ဓား သည် နောက်ဘက်ရှိ ပုဂ္ဂိုလ်၏ လည်ပင်းမှ လက်မအနည်းငယ် အကွာမှာပင် ရပ်တန့်သွားခဲ့၏။
မယုံနိုင်စရာပင် ထိုလူသည် သူထင်မှတ်ထားသကဲ့သို့ ရန်သူတစ်ဦး မဟုတ်ခဲ့ပေ။ ယင်းအစား ၎င်းမှာ ကုန်သည်အစည်းအရုံးခေါင်းဆောင်၏ အမွေခံသမီးပင် ဖြစ်ပေ၏။
သူမသည် ဆူညံသံအချို့ကို ကြားလိုက်ရပြီးနောက် သူမ၏ သက်တော်စောင့်များ နှင့်အတူ ဤနေရာသို့ အလျင်အမြန် ဆင်းလာခဲ့ချိန်၌ ရောက်ရောက်ချင်းမှာပင် ထိုနတ်ဘုရားတစ်ပိုင်းအဆင့် အစောင့်အရှောက်က သူမအား ရုတ်တရက် တိုက်ခိုက်ရန် ကြံရွယ်လိုက်ခြင်းဖြစ်လေသည်။
“အစောပိုင်း တိုက်ခိုက်မှုက ရှင့်လက်ချက်လား”
သူမသည် လမ်းတစ်လျှောက်ရှိ အလောင်းများ ကို ညွှန်ပြရင်း နတ်ဘုရားတစ်ပိုင်းအဆင့်အစောင့်အရှောက်အား မေးလိုက်သည်။
“ကျုပ် သူတို့ကို ဘာမှတောင်မလုပ်ရသေးပါဘူး။ အပြင်ဘက် မှာ ဆူညံသံအချို့ ကြားလိုက်ရလို့ လာပြီးစစ်ဆေးကြည့်တာပါ။ သူတို့တွေ ကျုပ် မရောက်ခင် ကတည်းက သေဆုံးနေကြပါပြီ” ရတနာများ၏ အစောင့်အရှောက်သည် သူ ကြုံတွေ့ခဲ့ရသော အရာအားလုံး ကို ရှင်းပြလိုက်သည်။
“ရှင်က ငတုံးလား ခွင့်ပြုချက်မရှိဘဲ ဘာလို့ အပြင်ကို ထွက်လာခဲ့ရတာလဲ” မိန်းကလေးသည် သူ့အား စိုးရိမ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ခြင်း မရှိခဲ့ပေ။ ယင်းအစား သူမသည် ရတနာများအား ပို၍ စိုးရိမ်နေခဲ့၏။
သူမသည် နတ်ဘုရားတစ်ပိုင်းအစောင့်အရှောက်အား ကို ဘေးသို့ တွန်းထုတ်လိုက်ပြီးနောက် စစ်ဆေးရန် ရတနာခန်း အတွင်းသို့ အလျင်အမြန် ဝင်သွားခဲ့သည်။
ထိုအတွင်း၌ ပစ္စည်းတစ်ခုတစ်လေမျှ ပျောက်ဆုံး ခြင်း မရှိကြောင်း သူမအနေနှင့် အတည်ပြု ပြီးမှသာ သက်ပြင်းချ ကာ စိတ်သက်သာရာ ရသွားခဲ့၏။
ထိုတိုက်ခိုက်မှုအတွင်း မည်သည့် အရာကိုမျှ ခိုးယူခြင်း မခံခဲ့ရပေ။
ထို့နောက်သူမသည် ကျန်ရှိနေသည့် အစောင့်များအား လေသင်္ဘောတစ်ခုလုံးကို ပိုက်စိတ်တိုက်ရှာဖွေရန် အမိန့်ပေးလိုက်သည်။
ရတနာများထားရှိရာ အခန်းကိုပင် ပုန်းအောင်းနေသူရှိမရှိသေခြာစေရန် ထပ်မံ၍ စစ်ဆေးလိုက်သေးသည်။
နတ်ဘုရားတစ်ပိုင်းအဆင့် ရတနာအစောင့်အရှောက်သည်လည်း ကူညီရှာဖွေပေးခဲ့သော်လည်း ကျူးကျော်သူအား မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
သူတို့သည် အခန်းတစ်ခန်းအတွင်း၌ ကြိုးဖြင့်ချည်နှောင်ခံထားရသော အစေခံ တစ်ဦးကိုသာ တွေ့ရှိခဲ့ကြသည်။
သို့သော် သူသည်လည်း အာရန်၏ နဂါးလျှာအစွမ်းကြောင့် မည်သည့်အရာကိုမျှ မမှတ်မိတော့သဖြင့် မည်သို့စစ်မေးပါစေ မည်သည့်သတင်းအချက်အလက်မျှ မရရှိခဲ့ပေ။
ဤသို့ဖြင့် မိန်းကလေးသည် ကျူးကျော်သူအား အစအနပင် ရှာမတွေ့ခဲ့ရဘဲ ၎င်းကျူကျော်သူသည် ဤသင်္ဘောပေါ်သို့ တိတ်တဆိတ်ခိုးဝင်နိုင်ခဲ့သော်လည်း လျင်မြန်စွာ ပြန်လည်ထွက်ပြေး သွားခဲ့ပြီးဖြစ်ရမည်ဟု ကောက်ချချလိုက် နိုင်တော့သည်။
သူမသည် ၎င်းကျူးကျော်သူသည် ထွက်ပြေးနိုင်ရန်အတွက် ဟင်းလင်းပြင် ရတနာပစ္စည်း တစ်စုံတစ်ရာကို အသုံးပြုခဲ့ည်ဟုပင် တွေးမိခဲ့သည်။
သူမသည် နတ်ဘုရားတစ်ပိုင်းအဆင့် အစောင့်အရှောက်အား ရတနာခန်းသို့ ပြန်သွား ရန် တာဝန် ပေးခဲ့ပြီး အပြင်ဘက်၌ ကမ္ဘာပျက်နေသည်ဆိုလျှင်ပင် အခန်းတံခါး ကို မဖွင့်ရန် မှာကြားခဲ့၏။
နတ်ဘုရားတစ်ပိုင်းအဆင့်အစောင့်အရှောက် သည်လည်း သူမ၏ စကားကို ခေါင်းငြှိမ့် နာခံလိုက်ကာ ရတနာခန်း အတွင်းသို့ ပြန်ဝင်၍ တံခါးအားပိတ်လိုက်ကာ ပုံစံကွက်ကို တစ်ဖန် ပြန်လည် အသက်သွင်းထားလိုက်သည်။
#Catfoot