အာရန်၏ ပြဿနာများ
Vol. 46 Ch. 662
…
ရတနာများ အပြည့်ထည့်ထားသော သေတ္တာများ ကို သင်္ဘော ပေါ်မှ သယ်ဆောင်သွားခဲ့ကြသည်။
နတ်ဘုရားတစ်ပိုင်းအဆင့်အစောင့်အရှောက် ၏ တာဝန်သည် ပြီးဆုံးလုနီးပါး ဖြစ်သွားခဲ့ပြီဖြစ်ကာ ထိုရတနာများအား ဘုရင်မျိုးနွယ်စု၏ အစေခံများထံသို့ လက်လွှဲပေးပြီးနောက် သေတ္တာများ ကို စောင့်ကြပ်ရန် မလိုအပ်တော့ပေ။
သူသည် ယင်းအစား ခေါင်းဆောင်၏ သမီးဖြစ်သူ ကျားယွင်ကို ကာကွယ်ရန်အတွက် သူမ၏ ဘေးနားသို့ ပြန်သွားလိုက်သည်။
သူသည် လမ်းတစ်လျှောက်ရှိ ရှုခင်း ကို မမြင်ခဲ့ရသည့် တစ်ဦးတည်းသောသူ ဖြစ်သော်ငြားလည်း အပြင်သို့ရောက်ပြီးနောက်ပိုင်း မြင်လိုက်ရသောအရာများဖြင့်ပင် သူ့အတွက် ပါးစပ်အဟောင်းသားဖြစ်ရန် လုံလောက်ခဲ့သည်။
ထိုနေရာရှိ ကောင်းကင်သည် ကွဲအက်လျက်ရှိလေသည်။
ထိုကောင်းကင် ၌ ဟင်းလင်းပြင် အက်ကွဲကြောင်းများများစွာ ဖြစ်ပေါ်လျှက်ရှိ၏။ ၎င်းတို့ထဲမှ အချို့သည် တစ်စုံတစ်ယောက်၏ ဓားချက်ကြောင့် ဖြစ်ပေါ်လာသည်နှင့်ပင် တူညီနေခဲ့သည်။
အစောင့်အရှောက်သည် ထို ဖြစ်နိုင်ခြေ ကို ငြင်းပယ် လိုက်ပြီး သူ၏ ဦးခေါင်း ကို ညင်သာစွာ ခါလိုက်သည်။
မည်သူကများ ထိုကဲ့သို့ ကောင်းကင်ကို ဖြတ်တောက် နိုင်မည်နည်း။
ထိုသို့ လုပ်ဆောင်နိုင်ရန် မည်သို့သော ခွန်အားမျိုး လိုအပ်မည်နည်း။
ဘုရင်မျိုးနွယ်စုသည် ခွန်အားကြီးမားသည် ဆိုလျှင်ပင် ဤသို့အရာမျိုးကို သူ့အနေနှင့် လုပ်ဆောင်နိုင်လိမ့်မည်ဟုတော့ မထင်ပေ။
ဘုရင်မျိုးနွယ်စု ဤနေရာသို့ ရောက်မလာခင်ကတည်းက ဤကဲ့သို့ ဖြစ်နေခဲ့ခြင်းဖြစ်မည်ဟု သာတွေးမိခဲ့သည်။
အထက်ကမ္ဘာ၌ ထိုသို့သော လျှို့ဝှက်ဆန်းကြယ်၍ ဗဟေဠိဆန်ဆန် ဖြစ်ရပ်များများစွာ ရှေ့ပဝေသဏီကတည်းက ရှိခဲ့ဘူးလေသည်။
“သူတို့ ဒါတွေကို ကျွန်မတို့နဲ့အတူ ယူသွားပေးမှာ မဟုတ်ဘူးလား”
ဘုရင်မျိုးနွယ်စုမှ အစေခံများသည် ကုန်သည်အစည်းအရုံးမှ ယူဆောင်လာသော လက်ဆောင် သေတ္တာများကို သီးသန့် လမ်းကြောင်းတစ်ခုဆီသို့ ယူဆောင်သွားနေသည်ကို သတိပြုမိလိုက်သဖြင့် ကျားယွင်သည် မနေနိုင်တော့ဘဲ ရှီယန်အား မေးလိုက်၏။
“ဘာများစိတ်ပူစရာလိုလို့လဲ။ ဒါတွေက ကိုယ့်အဖေရဲ့ မျက်လုံးတွေကို ညစ်ညမ်း စေရုံပဲရှိလိမ့်မယ်။ ငါတို့အနေနဲ့ မင်းတို့ရဲ့ စေတနာကို တန်ဖိုးထားတဲ့အနေနဲ့သာ ဒီလက်ဆောင်တွေကို လက်ခံပေး ခဲ့တာ။ ဒီတွေ့ဆုံမှုမှာ တကယ်တမ်း ကိုယ်တို့ လိုအပ်တာက မင်း တစ်ယောက်တည်းပဲ။ ဒါကြောင့် ဘာမှစိတ်မပူဘဲ ကိုယ့်နောက်သာ လိုက်ခဲ့...”
ထိုသို့ပြောပြီးနောက် ရှီယန်ဆိုသောလူငယ်သည် ကုန်သည်အစည်းအရုံး၏ အမွေခံ မင်းသမီးလေး ကျားယွင်အား နန်းတော်ဆောင် တစ်ခုအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
သူမ၏ နောက်သို့ နတ်ဘုရားတစ်ပိုင်းအဆင့် အစောင့်အရှောက် တစ်ဦးတည်းကိုသာ လိုက်ပါရန် ခွင့်ပြု ခံခဲ့ရသည်။
ကျန်လူများအားလုံးသည် သင်္ဘော ပေါ်၌ ကျန်နေခဲ့ကြရ၏။
လက်ဆောင်များ အတွက်မူ ကျားယွင်အနေနှင့် မည်သည့်နေရာသို့ ယူဆောင် သွားခဲ့သည်ကို ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။
၎င်းတို့ကို လက်ဆောင်များ အတွက် သီးသန့်ပြုလုပ်ထားသော သိုလှောင်ခန်း တစ်ခုခု၌ ထားရှိလိုက်မည်လား....။
သို့မဟုတ် အမှိုက်များကဲ့သို့ သည်အတိုင်း စွန့်ပစ်လိုက်မည်လား ဤသည်ကိုပင် သူမ အနေနှင့် သိခွင့်ရနိုင်တော့မည်မဟုတ်ပေ။
ထိုသို့မှန်းသာ ကြိုသိခဲ့ပါလျှင် သူမအနေနှင့် နတ်ဘုရားအဆင့် ရှေးဟောင်းပစ္စည်းအား လက်ဆောင်အဖြစ် ယူဆောင်လာရန် အတော်လေးစဥ့်စားခဲ့ပေလိမ့်မည်။
သူမသည် နတ်ဘုရားအဆင့် လက်နက် တစ်ခုကို လက်ဆောင် အဖြစ် ယူဆောင်လာခဲ့ကြောင်း ရှီယန်အား ပြောပြရန် ကြိုးစားခဲ့ပြီး အနည်းဆုံး ထို လက်ဆောင်တစ်ခုကိုတော့ မျိုးနွယ်စုခေါင်းဆောင်အား ပေးအပ်ရန် ခွင့်ပြုပေးပါရန် တောင်းဆိုခဲ့သည်။
သို့သော် လူငယ်သည် သူမ၏ စကားကို တစ်စုံတစ်ရာပင် ပြန်မချေပတော့ပဲ သည်အတိုင်း ရယ်မော၍သာ တုံ့ပြန်ခဲ့၏။
အမှန်တကယ်ဆိုရလျှင် ရှီယန်သည် နတ်ဘုရားအဆင့် လက်ဆောင် တစ်ခုကို သူ၏ မျက်လုံးဖြင့်ပင် ကြည့်ရန်မလိုဟု ယူဆထားခဲ့လေသည်။
“ဒီလို အရာတွေအတွက် စိုးရိမ်မနေပါနဲ့။ ကိုယ့်နဲ့အတူသာ လိုက်ခဲ့ပါ။ ကိုယ့် ဖေဖေ့ကို သိပ်ကြာကြာ စောင့်ခိုင်းထားလို့ အဆင်မပြေဘူး။ သူက ခုတလော စိတ်အခြေအနေ သိပ်ကောင်းနေတာမျိုး မဟုတ်ဘူး...” ရှီယန်က မိန်းကလေးကျားယွင် အား အချိန်ထပ်မံမဆွဲတော့ပဲ သူ့နောက်သို့သာလိုက်ရန် ပြောလိုက်သည်။
ဤသို့ဖြင့် ကျားယွင်တွင်လည် ရွေးချယ်စရာ မရှိတော့ပေ။
သူမအနေနှင့် လက်ထဲ၌ မည်သည့် လက်ဆောင်မျှ မပါဘဲ သည်အတိုင်း လက်ဗလာဖြင့် ထိုလူငယ်နောက်သို့ လိုက်ပါသွားရုံသာ တတ်နိုင်တော့သည်။
...
ကျားယွင်တစ်ယောက် စိတ်ပူနေသည့်အတိုင်းပင် ထိုလက်ဆောင်များသည် ဘုရင်မျိုးနွယ်စု ၏ အဓိက ဘဏ္ဍာတိုက်သို့ပင် ယူဆောင်သွားခြင်းမခံခဲ့ရပေ။
ယင်းအစား ၎င်းတို့ကို အပျက်အစီးများထားရာ သို့မဟုတ် အဆင့်နိမ့် အသုံးအဆောင် ပစ္စည်းများထားရှိသော အရံဘဏ္ဍာတိုက်တစ်ခု၌သာ ပို့ထားလိုက်သည်။
အစေခံများ သည် သေတ္တာများ ကို အခန်းအတွင်း၌ ထည့်ထားလိုက်ပြီးနောက် သည်အတိုင်း ထွက်ခွာသွားခဲ့ကြသည်။
သူတို့သည် သေတ္တာများအတွင်းရှိ ပစ္စည်းများကို အနည်းငယ် စစ်ဆေးကြည့်ရန်ပင် စိတ်မဝင်စားခဲ့ကြပေ။
သူတို့သည် ထိုအရံဘဏ္ဍာတိုက်၏ တံခါးကို အကာအကွယ်လွှာများပင် ခတ်နှိပ်ရန် မကျိုးစားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် မျိုးနွယ်စု အတွင်းရှိ မည်သူကမျှ ဤနေရာ၌ ထားရှိသော အမှိုက်ကဲ့သို့ အရာများကို စိတ်ဝင်စား ခြင်း မရှိသောကြောင့်ပင်တည်း...။
၎င်းကို မျိုးနွယ်စုဝင်များက သူတို့၏ ပျက်စီးသွားသော အသုံးအဆောင် လက်နက်များ လာရောက်စွန့်ပစ်ရန်အတွက်သာ အသုံးပြုခြင်းဖြစ်သည်။
အစေခံများ ထွက်ခွာသွားပြီး မိနစ်အနည်းငယ် အကြာတွင် သေတ္တာများ ထဲမှ တစ်ခုသည် အနည်းငယ် စတင်လှုပ်ရှားလာခဲ့သည်။
ထို့နောက် သေတ္တာတစ်လုံး၏ အဖုံးသည် သူ့ဘာသာသူ ပွင့်ထွက်သွားပြီး အထဲမှ အရိပ်တစ်ခုထွက်လာခဲ့၏။
ထို့နောက်တအောင့်အကြာတွင် ထိုအရိပ်မှနေ၍ အမျိုးသား တစ်ဦးအသွင်ပီပြင်စွာ ပေါ်ထွက်လာခဲ့ကာ သူသည် ယခုမှ အသက်ကို ခပ်မြန်မြန်ရှူနေမိ၏။
ထိုသူသည် အခြားမဟုတ် အာရန်သာဖြစ်ပြီး သူ၏တစ်ကိုယ်လုံး၌လည်း ချွေးများဖြင့် ရွှဲနစ်နေခဲ့သည်။
ရတနာသေတ္တာတစ်ခု အတွင်း၌ အချိန်အကြာကြီး ငြိမ်သက်စွာ ပုန်းအောင်းနေရခြင်းသည် လွယ်ကူသောအလုပ်တစ်ခုတော့မဟုတ်ပေ။
ထို့ပြင် အာရန်သည် သူ၏ အော်ရာအပါအဝင် အသက်ရှူသံများကိုပင် နတ်ဘုရားတစ်ပိုင်းအဆင့် အစောင့်အရှောက်သတိမထားမိစေရန် အတွက်များစွာ အောင့်အင်းထိမ်းသိမ်းထားခဲ့ရသည်။
ကံကောင်းစွာဖြင့် သူဝင်ရောက်မိခဲ့သော သေတ္တာသည် နတ်ဘုရားအဆင့် လက်နက် တစ်ခုကို ထည့်ထားသော ရတနာသေတ္တာတစ်ခုဖြစ်နေခဲ့ပြီး အချိန်အတော်ကြာသည်အထိ ချောင်ချိစွာနေထိုင်နိုင်ခဲ့သေသည်။
“ဟူး.... နောက်ဆုံးတော့ ငါ ဘုရင်မျိုးနွယ်စုရဲ့ ပိုင်နက်ထဲကို ဝင်ရောက်နိုင်ခဲ့ပြီ” အာရန်သည် အသက်ခပ်ပြင်းပြင်း ရှူထုတ်လိုက်ပြီး သူ၏ နှလုံးခုန်သံကို ဖြည်းဖြည်းချင်း ပုံမှန်ပုံမှန်ပြန်ဖြစ်ရန် ကျိုးစားလိုက်သည်။
အစပိုင်း၌ အာရန်သည် ပုန်းခိုရန်အတွက် အနီးဆုံးရှိ ရတနာသေတ္တာတစ်ခု အား ရွေးချယ်လိုက်မိခြင်းဖြစ်သည်။
သေတ္တာထဲသို့ ဝင်ရောက်ပြီးမှသာ ၎င်းသည် နတ်ဘုရားအဆင့် လက်နက် တစ်ခုကို ထားရှိသော သေတ္တာဖြစ်နေကြောင်း သူ သတိပြုမိခဲ့ခြင်းဖြစ်သည်။
အာရန်သည် ပုန်းအောင်းရာ နေရာကို ပြောင်းလဲ လိုခဲ့သော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်အစောင့်အရှောက်သည် မြွေ တစ်ကောင်ကဲ့သို့ သူ၏ ပတ်လည်၌ အချိန်ပြည့်စောင့်ကြပ်နေခဲ့သောကြောင့် သူ့အနေနှင့် မည်သို့မျှမတတ်နိုင်ခဲ့ချေ။
ထိုအရာသည် တန်ဖိုးအကြီးဆုံး လက်ဆောင်တစ်ခုဖြစ်သည်နှင့်အညီ မျိုးနွယ်စု ခေါင်းဆောင်ထံသို့ တိုက်ရိုက်ဆက်သသောအခါ အာရန်အနေဖြင့် မည်သို့ပြုမူရမည် ဆိုသည်ကိုသာ တစ်ချိန်လုံးစိုးရိမ်နေခဲ့ရင်း ထိုအထဲ၌သာ ရင်ထိတ်စွာ ဆက်လက်နေထိုင်ခဲ့ရသည်။
သို့သော် ကံကောင်းစွာဖြင့် သူစိုးရိမ်နေသည့်အရာများ ဖြစ်မလာခဲ့ပေ။
နောက်ထပ် ပိုကောင်းသွားသောတစ်ချက်မှာ သူသည် သုံးနာရီလောက်ထိုအထဲတွင်နေပြီးမှသာ ဘုရင်မျိုးနွယ်စုပိုင် နယ်မြေအတွင်းသို့ ရောက်ရှိသွားခဲ့ခြင်းပင်။
ထို့ကြောင့် သူ့အနေဖြင့် စနစ်ဆီမှ အနီးဆုံး မှတ်သားထားသော နေရာသို့ အလျင်အမြန် ပြေးသွားရန် မလိုအပ်တော့ဘဲ သင့်လျော်သော အစီအစဉ် တစ်ခုကို အဆင်သင့် ပြုလုပ်နိုင်သွားပြီဖြစ်၏။
“ဒါကတော့ အကောင်းဆုံးပဲ” အာရန်သည် သူဝင်ရောက်ပုန်းအောင်းနေခဲ့သော သေတ္တာ အတွင်း၌ ရှိနေသည့် ဓားမြှောင်ငယ်လေးတစ်ချောင်းအား လှမ်းကြည့်ရင်း ပြုံး လိုက်သည်။
၎င်းဓားမြှောင်သေးသည် အရွယ်အစားအရ သေးငယ်သည် ဆိုသော်ငြားလည်း ၎င်းသည် ပြင်ဆင်လာသော လက်ဆောင်များ အနက် အဖိုးအတန်ဆုံးတစ်ခုဖြစ်နေ၏။
၎င်းသည် ဘုရင်မျိုးနွယ်စုအတွက် ပြင်ဆင်ထားသော ကုန်သည်အစည်းအရုံး ၏ နတ်ဘုရားအဆင့် လက်နက်တစ်ခု ဖြစ်နေခဲ့သည်။
ယခုမူ ၎င်းသည် သူ၏ ပိုင်ဆိုင်မှုတစ်ခု ဖြစ်သွားခဲ့ပေပြီ။
အာရန်သည် ထိုပစ္စည်း တစ်ခုတည်းဖြင့် ကျေနပ်ခြင်း မရှိသေးပေ။
သူသည် အခြားသေတ္တာများ အားလုံးအား ထပ်မံလှန်လှော်ကြည့်လိုက်ပြီး ၎င်းတို့အတွင်းရှိ အရေးပါသော လက်ဆောင်များကို စိတ်ကြိုက်ယူဆောင်ကာ သေတ္တာအလွတ်များကိုသာ ချန်ထားခဲ့လေသည်။
“ကဲ ခုရောက်နေတာ ဘယ်နေရာလဲ ပြီးတော့ စနစ်သတ်မှတ်ထားတဲ့ အန္တရာယ်ကင်းတဲ့ အနီးဆုံးနေရာက ဘယ်နားလောက်ဖြစ်မလဲ” အာရန်သည် အခန်းအတွင်းရှိ အရာအားလုံးကို စိတ်ကြိုက်မွှေနှောက်ယူဆောင်ပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်၏။
သူသည် စနစ်ဖန်သားပြင်ရှိ ပုံရိပ်ယောင်မြေပုံအား ထပ်မံ၍ ဖွင့်ကြည့်လိုက်ကာ ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်သည်။
“ဒါပေမဲ့ တစ်ခုခု ထူးဆန်းနေတယ်။ မျိုးနွယ်စု ခေါင်းဆောင်က ဒီ နယ်မြေ ရဲ့ ဗဟိုဧရိယာမှာ နေထိုင်နေလိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ။ ဒါပေမဲ့ ငါခုရောက်နေတဲ့ နေရာက ဗဟိုနယ်မြေကနေဆိုရင် အတော်လေးဝေးကွာလွန်း နေတယ်”
သူ ပုန်းအောင်းရမည့် နေရာများထဲမှတစ်ခုသည် ဗဟိုနယ်မြေအတွင်း၌ ဖြစ်လေသည်။ ထိုနေရာမှတစ်ဆင့် အာရန်သည် အပြင်နယ်မြေများသို့ တဖြည်းဖြည်း ပြန်လည်ထွက်သွားမည်ဟု တွေးထားခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုမူ သူ၏ ထိုအစီအစဉ်သည် လုံးဝပျက်စီးသွားခဲ့ပြီဖြစ်၏။
သူသည် ဗဟိုနယ်မြေများဘက်သို့ ထပ်မံ၍ သွားရောက်မည်ဆိုပါက အပြင်ဘက် နယ်မြေများသို့ ပြန်သွားရန် ဤနေရာသို့ တစ်ဖန်ပြန်လာ ရလိမ့်မည် ဖြစ်သည်။ ထိုနည်းဖြင့်ဆိုလျှင် သူ့အနေဖြင် ဤနေရာကို တစ်ဖန်ထပ်မံ ဖြတ်သန်းသွား ရဦးမည်ဖြစ်ပြီး အန္တရာယ်များ ပိုတိုးလာရုံသာရှိလေသည်။
သူ့အနေနှင့် အပြင်ဘက်နယ်မြေများ ဆီသို့ အရင်သွားရောက်ပါကလည်း ရလဒ် သည် အတူတူပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ့အနေနှင့် ဘယ်ဘက်သို့သွားသည်ဖြစ်စေ ဤနေရာသို့သာ ပြန်လာ ရမည် ဖြစ်သောကြောင့်ပင်တည်း...။
“ဟူး...စိတ်ရှုပ်စရာကောင်းလိုက်တာ။”
ထို့နောက် စိတ်ရှုပ်သွားသဖြင့် အာရန်သည် သူ၏ ဦးခေါင်းကို ပြန်ကုတ်မိလိုက်စဥ် မှာပင် အပြင်ဘက်မှ တံခါးဖွင့်လိုက်သော အသံတစ်ခု ရုတ်တရက် ကြားလိုက်ရသည်။
#Catfoot