← Chapters

လှိုင်းထလာသော အက်ကွဲကြောင်းများ

Vol. 46 Ch. 663

လှိုင်းထလာသော အက်ကွဲကြောင်းများ

Vol. 46 Ch. 663

….

အာရန်သည် တံခါးဖွင့်သံတစ်ခုကို ကြားလိုက်ရသဖြင့် သူ၏ နတ်ဘုရားအာရုံ (ကောင်းချီးအာရုံ) ကို အသုံးပြု၍ ပတ်ဝန်းကျင်အား အလျှင်အမြန် စစ်ဆေးကြည့်လိုက်သည်။

ထို့နောက် သူ၏ အော်ရာအားဖျောက်ပစ်ကာ တံခါး နောက်ကွယ်၌ လျင်မြန်စွာ ပုန်း အောင်းနေလိုက်ပြီး အခန်း ထဲသို့ ဝင်လာသောသူအား အသင့် စောင့်ဆိုင်းနေလိုက်သည်။

ထို့နောက် အခန်းတွင်းသို့ ဝတ်ရုံရှည်တစ်ထည် ဝတ်ဆင်ထားသော မိန်းကလေး တစ်ဦး ဝင်လာခဲ့၏။

မိန်းကလေး သည် တံခါး နောက်ကွယ်၌ ပုန်းနေသော အာရန်အား သတိမထားမိ သကဲ့သို့ ဖြည်းဖြည်းချင်း နောက်သို့လှည့် လိုက်သည်။

သို့သော် ထိုအရာသည် သူမ၏ ဟန်ဆောင်မှုတစ်ခုသာဖြစ်ပြီး ရုတ်တရက် နေရာရွှေ့ပြောင်းခြင်းအစွမ်းကို အာရန်သတိလက်လွတ်ဖြစ်ချိန်တွင် အသုံးပြုနိုင်ရန်အတွက် ဖြစ်လေသည်။

ထို့နောက် အာရန်နောက်သို့ချင်းချင်းရောက်ရှိသွားကာ ဓားမြှောင် တစ်ချောင်းဖြင့် အာရန်၏‌ လည်ပင်းနေရာအား ချိန်ထားလိုက်၏။

“မင်းက ဒီကလူ မဟုတ်ဘူး။ ဘယ်လိုလုပ်ပြီး ဒီအထဲကို ဝင်လာနိုင်တာလဲ”

အာရန်သည် သူမ၏ လေသံအတွင်းရှိ သတ်ဖြတ်လိုသော ရည်ရွယ်ချက်တစ်ခုကို အာရုံခံမိလိုက်သည်။

ထို သတ်ဖြတ်လိုသော ရည်ရွယ်ချက် မှာ သူ့ထံသို့ တိုက်ရိုက်ရောက်ရှိလာခြင်း ဖြစ်လေ၏။

သူမသည် ဓားမြှောင်ဖြင့် အာရန်၏ လည်ချောင်းအား အနည်းငယ် ထပ်စိုက်လိုက်သဖြင့် သွေးအနည်းငယ်ပင် စို့လာခဲ့သည်။

အာရန်သည် သူ့အနေနှင့် ထိုမိန်းကလေးအား ကျေနပ်စေမည့် အဖြေပေးနိုင်မည် မဟုတ်ကြောင်း သဘောပေါက် လိုက်သဖြင့် တိတ်တဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။

သူမကို ကျေနပ် စေမည့် အဖြေတစ်ခု သူ့တွင်ရှိမနေခဲ့ပေ။

အာရန်သည် ကုန်သည်အစည်းအရုံးမှ လူတစ်ဦးဖြစ်သည်ဟုပင် ဟန်ဆောင်နိုင်ခြင်းမရှိခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူ့အနေနှင့် မျက်စိလည် လမ်းမှားပြီး ဤနေရာသို့ ရောက်ရှိ လာခဲ့သည်ဟု ပြောလျှင်လည်း ငတုံး တစ်ယောက်မှသာ ထိုစကားအား ယုံကြည်ပေလိမ့်မည်။

ဤ အခြေအနေအား ဖြေရှင်းရန် သူ့တွင်နည်းလမ်း တစ်ခုတည်းသာ ကျန်တော့သည်။

ဤမိန်းကလေးသည် ဤမျိုးနွယ်စုဝင်တစ်ဦးဖြစ်ကာ မည်မျှအားကောင်းသူတစ်ဦး ဖြစ်စေကာမူ သူ့အနေနှင့် ထိုမိန်းကလေးအား မဖြစ်မနေသတ်မှ ရပေလိမ့်မည်။

အာရန်၌ အစောပိုင်း ရတနာသေတ္တာထဲမှ ယူထားခဲ့သော နတ်ဘုရားအဆင့် ဓားမြှောင်သည် လက်ထဲ၌ ရှိနေဆဲပင်။

“ကျုပ်က...” အာရန်သည် စကားလုံးအချို့ ပြောရန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် တစ်နေရာသို့စိုက်ကြည့်ရင်း တစ်စုံတစ်ရာကို အော်ပြောလိုက်သည်။

“ခဏနေဦး သူမကို မသတ်နဲ့”

မိန်းကလေး အာရန်၏ စကားကြောင့် ရုတ်တရက် ထိတ်လန့်တကြားဖြစ်သွားကာ အာရန်စိုက်ကြည့်နေသော ဘက်သို့ လှည့်စောင်းကြည့်လိုက်မိသည်။

သူမသည် အာရန်အားတစ်ဦးတည်းမကဘဲ အခြားအပေါင်းအဖော်များ ရှိနေဦးမလားဟု စိုးရိမ်သွားခဲ့သည်။

သို့သော် ထိုနေရာတွင်မည်သူမျှရှိမနေမှန်းသိလိုက်မှသာ သူမလှည့်စားခံလိုက်ရပြီ မှန်းသဘောပေါက်လိုက်သည်။

သို့သော် ထိုသို့သဘောပေါက်သွား ချိန်တွင်တော့ သူမ၏ ဝမ်းဗိုက်နေရာ၌ ဓားမြှောင် တစ်ချောင်း ထိုးစိုက်ခံလိုက်ရပြီဖြစ်၏။

အာရန်သည် သူမ၏ ဝမ်းဗိုက်အား ဓားမြှောင်ဖြင့် ထိုးလိုက်ပြီးနောက် အရိပ်အဖြစ် အသွင်ပြောင်းလဲလိုက်ကာ သူမ၏ လက်အတွင်းမှ လွတ်မြောက်သွားခဲ့သည်။

မိန်းကလေးသည် အာရန်၏ အပြုအမူကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ကာ ဓားထိုးခံထားရသော သူမ၏ ဝမ်းဗိုက်နေရာအား မျက်မှောင်ကြုတ်၏ ကြည့်လိုက်မိသည်။

သာမန်အင်မော်တယ်တစ်ဦးဆိုလျှင်ပင် နတ်ဘုရားအဆင့် ဓားမြှောင်ဖြင့် ထိုးစိုက်ခြင်းကို ခံလိုက်ရလျှင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်လေသည်။

သို့သော် မိန်းကလေး ၏ ဒဏ်ရာသည် စက္ကန့်ပိုင်းအတွင်း သူ့ဘာသာသူ ပြန်လည် ပျောက်ကင်းသွားခဲ့သည်ကို အာရန်တစ်ယောက် အံ့အားသင့်စွာမြင်လိုက်ရ၏။

“ဧည့်သည်များ အပြင်လူအချို့ အထဲကိုခေါ်လာတယ်လို့ ကျွန်မ ကြားထားတယ်။ ရှင်က သူတို့ထဲက တစ်ယောက်လား။ အပြင်လူတွေကို မယုံဖို့ သူတို့ကို ဒီလောက်တောင် ပြောထားခဲ့တာကို သူတို့က ကျွန်မစကားကို နားမထောင်ချင်ကြဘူး...”

မိန်းကလေးသည် သူမ၏ လက်ချောင်းများဖြင့် အစောပိုင်း ဓားထိုးခံထားရသော နေရာအား ပွတ်ဆွဲ လိုက်ရာ ထိုနေရာ၌ အမာရွတ် အနည်းငယ်မျှပင် မကျန်ပဲ ပျောက်ကွယ်သွားခဲ့သည်။

သူမ၏ ဝတ်စုံပေါ်ရှိ သေးငယ်သော အပေါက်ကလေးသည်ပင် သူ့ဘာသာသူ ပြန်ဖာထေးပြီးဖြစ်သွားခဲ့ကာ အစောပိုင်း ဖြစ်ပျက်ခဲ့သော အရာအားလုံးသည် ထင်ယောင်ထင်မှားဖြစ်ခဲ့ခြင်း တစ်ခုကဲ့သို့ပင် ဖြစ်သွားခဲ့လေ၏။

“ငါ ဘာလို့ အမြဲတမ်း ဒီလို ထူးထူးဆန်းဆန်း လူတွေနဲ့ပဲ ရင်ဆိုင်နေရတာလဲဟင်” မိန်းကလေး ၏ မယုံနိုင်စရာ စွမ်းရည်များ ကို သတိပြုမိလိုက်သောအခါ အာရန်တစ်ယောက် သူ၏ နဖူးကိုသူ ပြန် ပွတ်လိုက်မိသည်။

“ဒါပေမဲ့ အနည်းဆုံးတော့ မင်းက င့ါအတွက် ဆုလာဘ် တစ်ခုတော့ ယူဆောင်လာပေးသေးတာပဲ”

အဘယ်ကြောင့် ထိုသို့ပြောလိုက်သနည်းဆိုလျှင် မိန်းကလေး နှင့် သက်ဆိုင်သော စနစ်ဆီမှ နောက်ထပ် အရန်ရွေးချယ်စရာအသစ်များ ထပ်မံရရှိလာသောကြောင့်ပင် ဖြစ်၏။

(ဘာသာန်ပြန်သူ မှတ်ချက်။ ။စနစ်ဆီမှ အဓိက မဖြစ်မနေလုပ်ဆောင်ရမည့် ရွေးချယ်စရာများအပြင် အရန်ရွေးချယ်စရာများလည်း ရရှိတတ်ကြောင်း အစပိုင်းအပိုင်းအချို့တွင် ဖော်ပြခဲ့ဘူးပါသည်။ ထိုအရန်ရွေးချယ်စရာများသည် မအောင်မြင်ခဲ့လျှင်ပင် စနစ်အား အနာဂတ်အတွက် ရပ်တန့်သွားစေမည် မဟုတ်ပါ။)

“ဒီတစ်ခါ ခေါင်းတလား ဆုလာဘ်တွေ မပါဘူးဆိုတော့ ဒီတစ်ယောက်က မဖြစ်နိုင်တဲ့ ပြိုင်ဘက် တစ်ဦးတော့ မဟုတ်ဘူးလို့ ငါ ယူဆလိုက်ပ့ါမယ်” ထို့နောက် အာရန်သည် အကောင်းဆုံး ဆုလာဘ် ပါဝင်သော ရွေးချယ်စရာ တစ်ခုကို ရွေးချယ်လိုက်သည်။

ထိုရွေးချယ်မှုတွင် သူမအား သတ်ရန်ပင် မတောင်းဆိုထားပါ။

၎င်းက သူမအား အနိုင်ယူ ရန်သာ တောင်းဆိုထားပြီး ၎င်းက အာရန် လိုချင် နေသည့်အရာကွက်တိပင် ဖြစ်၏။

သူသည် ဤနေရာနှင့် ပတ်သက်၍ ပိုမို သိရှိရန် တစ်စုံတစ်ဦးအား အမှန်တကယ် လိုအပ်နေခဲ့ပြီး ယခုမိန်းကလေးသည် ထိုအရာအတွက် အသင့်တော်ဆုံးပင် မဟုတ်ပါလား....။

နတ်ဘုရားအဆင့်ဓားမြှောင်သည်ပင် ထို မိန်းကလေး အပေါ်တွင် အလုပ်မဖြစ်ကြောင်း သက်သေပြခဲ့ ပြီးဖြစ်၏။

ထို့ကြောင့် အာရန်သည် ထိုဓားမြှောင်အား သူ၏ စနစ်သိုလှောင်ခန်း ထဲတွင် ပြန်သိမ်း ထားလိုက်ကာ ဓားဧကရာဇ်၏ ဓားကိုသာ ထပ်မံ၍ ထုတ်ယူလိုက်သည်။

ထို့နောက် သူ၏ နောက်ကျောဘက်မှ အတောင်ပံနှစ်ခု ပေါ်ထွက်လာခဲ့ကာ နဂါးအကြေးခွံများသည်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ထပ်မံ၍ ထွက်ပေါ်လာခဲ့၏။

သူသည် မိန်းကလေး အပေါ် စွမ်းရည်အချို့ လျော့ကျသွားစေရန် နဂါးလျှာအစွမ်းဖြင့် ပြုစားလိုက်ပြီး သူ၏ စွမ်းရည်များ ကို တတ်နိုင်သမျှ မြှင့်တင်ရန်အတွက်လည်း နဂါးလျှာအစွမ်းကိုပင် အသုံးပြုလိုက်သည်။

“နဂါးမျိုးနွယ်လား...” မိန်းကလေးသည် အာရန်၏ အသွင်ပြောင်းမှုကြောင့် စိတ်လှုပ်ရှားဟန်ဖြင့် မျက်ခုံးတစ်ချက်ပင့် လိုက်၏။

သူမသည် မိမိအနေနှင့် အနည်းငယ် အားနည်းနေသည်ဆိုသည့် အချက်ကိုပင် ဂရုစိုက်ပုံမရပေ။

သူမသည် သူမကိုယ်သူမ လုံးဝယုံကြည်နေသည့်အလား အာရန်အား အသံတားဆီးသည့် အကာအကွယ်လွှာကို ထုတ်သုံးနိုင်ရန် လုံလောက်သော အချိန်ကိုပင် ပေးထားခဲ့ပြီး မည်သည့် အကူအညီမျှလည်း မခေါ် ခဲ့ပေ။

“မစိုးရိမ်ပါနဲ့။ ဒီကိစ္စ ပြီးသွားရင် မင်း ငါ့ကို ကျေးဇူးတင်မိလိမ့်မယ်” အာရန် သည် ရှေ့သို့ အလျင်အမြန် ပြေးရင်း ပြောလိုက်သည်။

“အဲ့ဒီလိုလား...”

မိန်းကလေးသည် တစ်ချက်ပြုံးလိုက်ပြီးနောက် အာရန် ၏ တိုက်ခိုက်မှုကို သက်တောင့်သက်သာပင် တုံ့ပြန်လိုက်၏။

ဤသို့ဖြင့် အာရန်နှင့် ဘုရင်မျိုးနွယ်စုဝင်တစ်ဦး၏ တိုက်ပွဲတို့ စတင်တော့သည်။

ထို မိန်းကလေး သည် ကုန်သည်အစည်းအရုံး ကို လိုက်ပါ လာသော အစောင့်အရှောက်ထက် အားနည်းဟန်ရသည်။

သို့သော် သူမသည် လျော့တွက်သင့်သည့်အထဲတွင်တော့ မပါဝင်ပေ။

အစောပိုင်း ဒဏ်ရာအားကုသခဲ့ရသဖြင့် အနည်းငယ် အားနည်း နေသည့် အခြေအနေ ၌ပင် သူမသည် ဘုရင်မျိုးနွယ်စု၏ သဘာဝစွမ်းရည်များကို ကောင်းစွာ အသုံးပြုနိုင်ကာ အာရန်အားကောင်းစွာ တုံ့ပြန်တိုက်ခိုက်နိုင်ဆဲပင်။

အာရန်၏ လက်ထဲမှ ဓားကြောင့်သာ သူမအနေနှင့် တိုက်ခိုက်မှုများတွင် နောက်ပြန်ဆုတ် နေခဲ့ရခြင်းဖြစ်လေသည်။

သူမသည် အာရန်လက်ထဲမှ ထိုဓားကြောင့် အနည်းငယ်အံ့အားသင့်သွားခဲ့ရသည်။

သူမအတွက် ပို၍ အံ့အားသင့်စေသည်မှာ ထိုဓားဖြင့်ထိလိုက်သော ဒဏ်ရာများသည် သူမ၏ ခန္ဓာကိုယ်အနေဖြင့် အလိုအလျှောက်ပြန်လည် ကုစားနိုင်စွမ်းမရှိတော့ချင်းပင်။

နတ်ဘုရားအဆင့် လက်နက်များသည်ပင် သူမအား ထိခိုက်စေခြင်း မရှိခဲ့သော်လည်း ဤ ဓားမှာမူ ထူးခြားလေသည်။

ဤ ဓားသည် မည်ကဲ့သို့သော ဓားမျိုးဖြစ်သည်ကို သူမအနေနှင့် ယခုအချိန်ထိ နားမလည်နိုင်သေးပေ။

“ရှင် အဲဒီ ဓား ကျွန်မကို ပေးပြီး အညံ့ခံမယ်ဆိုရင် ရှင့်အသက်ကိုချမ်းသာပေးမယ်လို့ ကျွန်မကတိ ပေးတယ်။ ရှင့်ကို ကျွန်မ အစေခံ အဖြစ်တောင် လက်ခံပေးလိုက်ဦးမယ်။” သူမသည် အာရန် အား ကမ်းလှမ်းမှု တစ်ခုပေးလိုက်သည်။

“အဲ့ဒီအတွက်တော့ စိတ်မကောင်းပါဘူး မိန်းကလေး။ ပြီးတော့ ကျုပ်ကို ပေးထားတဲ့ တာဝန်တစ်ခုကို ကျုပ် လက်ခံထားပြီးပြီ။ ခုမှ ပြန်လှည့်ဖို့ နောက်ကျသွားပြီ။ ဒါ့အပြင် ကျုပ်အနေနဲ့ မင်းရဲ့ အစေခံ ဖြစ်ဖို့ကိုလည်း စိတ်မဝင်စားဘူး။ ကျုပ်မှာ အရေးတကြီး လုပ်စရာ ကိစ္စတွေ အများကြီးရှိသေးတယ်...”

....

“ဟင်”

ဘုရင်မျိုးနွယ်စု ၏ ခေါင်းဆောင်ကြီး သည် ပလ္လင်တစ်ခုပေါ်တွင် ထိုင်လျက်အနေအထားဖြင့် ရှိနေခဲ့ကာ ကုန်သည်အစည်းအရုံးခေါင်းဆောင်၏ သမီးဖြစ်သူ ကျားယွင်မှာမူ သူ၏ ရှေ့၌ ဒူးထောက်လျက် ရှိနေ၏။

ကျားယွင်သည် မျိုးနွယ်စုခေါင်းဆောင်အား လေးစားမှုဖော်ပြခြင်း သက်သက်ကြောင့် ဒူးထောက်ခဲ့ခြင်း မဟုတ်ပေ။

သူမသည် ဤနေရာသို့ ရောက်ရောက်ချင်း ပလ္လင်ပေါ်ရှိ ပုဂ္ဂိုလ်အား မြင်လိုက်သည်နှင့် သူမ၏ ခြေထောက်များသည် အလိုလို ခွေကျ သွားခဲ့ကာ ဒူးထောက်လျက်သား ဖြစ်သွားခဲ့ခြင်းပင်။

မျိုးနွယ်စုခေါင်းဆောင်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် မိန်းကလေး အပေါ်သို့ သက်‌ရောက်နေသော ဖိအားများကို ဖြေလျော့ပေးလိုက်သည်။

ထိုအခါမှသာ ကျားယွင်အနေဖြင့် သက်တောင့်သက်သာ အခြေအနေသို့ ပြန်ဖြစ်သွားခဲ့၏။

“မင်းက...”

မျိုးနွယ်စုခေါင်းဆောင်သည် စကားစရန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် တစ်ဝက်တစ် ပျက်ရပ်လိုက်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

သူသည် ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ် သွားပြီး နန်းတော်၏ အပေါ်ဘက်သို့ နေရာကူးပြောင်းသွားခဲ့ကာ ကောင်းကင်အား ထပ်မံ၍ တိုက်ရိုက်မော့ကြည့်လိုက်၏။ ကောင်းကင်ရှိ အက်ကွဲကြောင်းများသည် လှိုင်းကွက်ကလေးများ စတင်ဖြစ်ပေါ်လာခဲ့သည်။

၎င်းတို့သည် ရာစုနှစ်များစွာ ငြိမ်သက်နေခဲ့ရာမှ ယခုနောက်ဆုံးတွင်မူ တုံ့ပြန်မှုအချို့ ပြန်လည် ပြသလာခဲ့ပြီ ဖြစ်၏။

#Catfoot

All Chapters