အကြွေး
Vol. 46 Ch. 629
ရောင်စဉ်ခုနစ်သွယ် လင်းလက်တောက်ပနေသော မီးလျှံကြာပွင့်မှာ ချုချင်း၏ရှေ့၌ ပျံဝဲနေလျက် ရှိသည်။ ၎င်းထံမှ ထွက်ပေါ်နေသော သန့်စင်လွန်းလှသည့် ချီစွမ်းအင်များကြောင့် လူတိုင်းမှာ နှုတ်ခမ်းများစိုစွတ်လျက် လိုချင်ရမ္မက်များဖြင့် တောက်လောင်နေရသည်။
"အဟမ်း.....ဒီလိုအရေးကြီးတဲ့ ရတနာဝေစုခွဲတဲ့ တာဝန်ကို ဂျူနီယာညီမတော် ချင်းချန်ကိုပဲ ပေးလိုက်မယ်။" ချုချင်းမှာ ချောင်ဟန့်ကာ စကားဆိုလျက် လီချင်းချန်ဖက်သို့လှည့်ကာ ပြုံးပြလိုက်သည်။
လီချင်းချန်မှာ စိတ်အလိုမကျဟန်ဖြင့် ချူချင်းအား မျက်စောင်းထိုးလိုက်သည်။ ချူချင်းမှာ ကလန်၏ နံပါတ်တစ် ရွေးချယ်ခံတစ်ဦး ဖြစ်ပါသော်လည်း အရေးကြီးသော ကိစ္စရပ်များအား တာဝန်ယူရမည်ကို ယခုထိတိုင် စိုးရိမ်ကြောက်ရွံ့နေဆဲပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လီချင်းချန်မှာ ချူချင်း၏အကြောင်းအား ကောင်းစွာသိရှိနေသောကြောင့် အချိန်ဖြုန်းမနေတော့ပဲ ရောင်စဉ်ခုနစ်သွယ် မီးလျှံကြာပွင့်အား သူမ၏ ချီစွမ်းအင်အမျှင်တန်းတစ်ခုဖြင့် ရယူလိုက်သည်။
"ဒီရောင်စဉ်ခုနစ်သွယ် မီးလျှံကြာပွင့်ရဲ့ ကြာစေ့တွေက ကျင့်ကြံရေးအတွက် အရမ်းကို ကောင်းမွန်ပြီးတော့ ချီစွမ်းအင်ကိုလည်း တိုးမြှင့်ပေးနိုင်တယ်။ အခု ရတနာတည်နေရာကိုရဖို့ ကြိုးစားခဲ့ကြတဲ့ ရွေးချယ်ခံတွေအားလုံး တစ်ယောက်တစ်ခုစီ ရသင့်တယ်။" လီချင်းချန်မှ ပြောလိုက်သည်။
လီချင်းချန်မှာ မီလျှံကြာပွင့်မှ ကြာစေ့ဆယ့်သုံးခုအား ရယူကာ ရွေးချယ်ခံများထံ ပေးအပ်လိုက်သည်။ ထိုရွေးချယ်ခံများစာရင်း၌ ယောင်ယောင်၊ ထန်ထန်နှင့် ဇူယွမ်တို့လည်း ပါဝင်ကြလေသည်။
ရွေးချယ်ခံများမှာ စိတ်လှုပ်ရှားစွာဖြင့် ကြာစေ့များအား လက်ခံရယူလိုက်ပြီးနောက် ဂရုတစိုက်ဖြင့် သိမ်းဆည်းလိုက်ကြသည်။
ယောင်ယောင်မှာ ကြာစေ့အား တစ်ချက်မျှသာ ကြည့်ရှုလိုက်ပြီးနောက် စိတ်ဝင်စားမှု မရှိဟန်ဖြင့် သိုလှောင်အိတ်အတွင်း သိမ်းဆည်းလိုက်သည်။ ထန်ထန်မှာမူ ထိုကြာစေ့အား အလျင်အမြန်ပင် မြိုချလိုက်လေသည်။
ဇူယွမ်မှာ ကြာစေ့အား ဂရုတစိုက်ဖြင့် ရယူလိုက်ပြီးနောက် သေချာစွာ လေ့လာသုံးသပ်ကြည့်လိုက်သည်။ ထိုကြာစေ့ကိုသာ သန့်စင်နိုင်ခဲ့ပါက သူ၏ချီစွမ်းအင်အခြေခံအုတ်မြစ်အတွက် ကောင်းမွန်လှသော တိုးတက်မှုများ ဖြစ်ပေါ်လာနိုင်ပေသည်။
သို့သော် ကြာစေ့အတွင်း ပါဝင်သော ချီစွမ်းအင်မှာ ဇူယွမ်အတွက် မလောက်မင ဖြစ်နေရသည်။ အကယ်၍ ယခုထက် အနည်းငယ်သာပို၍ ပါဝင်ခဲ့ပါက ဇူယွမ်မှာ မူလစဦး အဋ္ဌမအဆင့်သို့ပင် တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။
"ကျန်တဲ့ကြာစေ့တွေကတော့ ရောင်စဥ်ခုနစ်သွယ် ရတနာတည်နေရာမှာ လုပ်ဆောင်ခဲ့ကြတဲ့ စွမ်းဆောင်ချက်တွေအတိုင်း ခွဲဝေပေးမယ်။" လီချင်းချန်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ဆက်လက်စကားဆိုလိုက်သည်။ "ယောင်ယောင်က အစီအရင်ကိုရေးဆွဲပြီး မြင့်မြတ်သောနန်းတော်ကို တားဆီးပေးနိုင်ခဲ့တဲ့အတွက် ကြာစေ့တစ်ခု ထပ်ရသင့်တယ်။"
"ထန်ထန်က တပည့်တွေကို ဦးဆောင်ပြီး ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကို ရှင်းလင်းပေးခဲ့တဲ့အပြင် အစောင့်အရှောက် သားရဲကိုပါ သတ်ပေးခဲ့တဲ့အတွက် တစ်ခုထပ်ရသင့်တယ်။"
လီချင်းချန်မှာ တောက်ပရွှန်းစိုနေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "ဇူယွမ်ကိုတော့ ပြောစရာတောင် လိုမယ်မထင်ဘူး။ သူသာ ချိုင်ယင်းကို မကိုင်တွယ်နိုင်ခဲ့ရင် အခုလို အခြေအနေကိုတောင် ရောက်လာမှာ မဟုတ်ဘူးလေ။ အဲ့ဒါကြောင့် သူကလည်း ကြာစေ့နောက်တစ်ခု ထပ်ရသင့်တယ်။ တကယ်လို့ ဒီဆုံးဖြတ်ချက်ကို ငြင်းပယ်ချင်ရင် ဒါမှမဟုတ် လက်ခံတယ်ဆိုရင် လက်ထောင်ပြီး ပြောလို့ရတယ်။"
ချူချင်းမှ လက်ထောင်ပြကာ ပြောလိုက်သည်။ "ငါကတော့ သဘောတူပါတယ်။"
ယဲ့ကယ်မှလည်း ဇူယွမ်အားကြည့်၍ ပြုံးကာလက်ထောင်ပြလိုက်သည်။
ရှမ့်ချွမ်ချူးနှင့် အခြားသော ရွေးချယ်ခံများမှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။ လီချင်းချန် ပြောသွားသော အချက်အလက်များနှင့် ဆုံးဖြတ်ချက်များမှ မှန်ကန်မျှတမှု ရှိ၏။
ခုန်းရှန်မှာ လက်မခံလိုကြောင်း စကားဆိုချင်ပါသော်လည်း အခြားသူများအားလုံး ခေါင်းညိတ်ထောက်ခံနေကြသောကြောင့် ရွေးချယ်စရာမရှိပဲ လီချင်းချန်၏ ဆုံးဖြတ်ချက်အား လက်ခံလိုက်ရသည်။
ရွေးချယ်ခံများအားလုံး သဘောတူလက်ခံလိုက်ကြသောကြောင့် လီချင်းချန်မှာ ကြာစေ့သုံးခုအား ရယူကာ ယောင်ယောင်၊ ထန်ထန်နှင့် ဇူယွမ်တို့အား ပေးအပ်လိုက်သည်။
ဇူယွမ်မှာ ပျော်ရွှင်မြူးထူးစွာဖြင့် မီးလျှံကြာစေ့အား လက်ခံရယူလိုက်သည်။ ယခုအချိန်၌ ထိုကြာစေ့မှာ အမှန်တကယ် လိုအပ်နေသော အရာပင်ဖြစ်သည်။
"စီနီယာအမတော် ချင်းချန်လိုမျိုး လှပပြီး တရားမျှတတဲ့သူတစ်ယောက်ကို တွေ့ရဖို့ဆိုတာ အရမ်းရှားသွားပြီ။" ဇူယွမ်မှ ပျော်ရွှင်စွာဖြင့် ချီးကျူးစကားဆိုလိုက်သည်။
လီချင်းချန်မှ စနောက်လိုဟန်ဖြင့် ပြောလိုက်သည်။ "ဟုတ်လား။ ဒါဆိုရင် ယောင်ယောင်နဲ့ ယှဉ်ရင်ရော။"
ကြာစေ့များအား သိမ်းဆည်းနေသော ယောင်ယောင်မှာ သူမ၏လှပသော မျက်ဝန်းများဖြင့် ဇူယွမ်အား စူးစိုက်ကြည့်ရှုလိုက်သည်။ သူမ၏ မျက်ဝန်းများမှာ ညကောင်းကင်ယံ၌ ကြယ်ပွင့်လေးမှာ လင်းလက်တောက်ပနေသကဲ့သို့ အလွန်ပင် ရွှန်းစိုလှပလွန်းလှပြီး ကြည့်ရှုမိသော မည်သူ့ကိုမဆို ရူးသွပ်သွားစေရန် လုံလောက်ပေသည်။
ဇူယွမ်မှာ နဖူးထက်၌ ချွေးစေးများပင် ထွက်လာရသည်။ သူသည် စိတ်လှုပ်ရှားသဖြင့်သာ ထိုစကားအား ဆိုလိုက်ခြင်းဖြစ်ပြီး လီချင်းချန်ထံမှ ယခုကဲ့သို့ စနောက်လာလိမ့်မည်ဟုလည်း မထင်မှတ်ထားခဲ့ပေ။
မိန်းမလှလေးများမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ဇူယွမ်၏ အခြေအနေအား ကြည့်ရှုနေကြသော ရွေးချယ်ခံများမှာ ရယ်ချင်ပက်ကျိ ဖြစ်နေကြရ၏။
လီချင်းချန်မှာလည်း ချွေးစေးများပင် ထွက်နေရသော ဇူယွမ်အားကြည့်ကာ ရယ်မောလျက် စကားဆိုလိုက်သည်။ "ငါကနောက်နေတာပါ။"
ဇူယွမ်မှာ အားယူကာ ပြုံးပြလိုက်ပြီးနောက် ကြာစေ့အား သိမ်းဆည်းရင်းဖြင့် အလုပ်ရှုပ်ချင်ဟန်ဆောင်နေလိုက်ရသည်။ သူသည် လီချင်းချန်ထံမှ အစောပိုင်းကဲ့သို့ မေးခွန်းမျိုး ထပ်မံထွက်ပေါ်လာမည်ကို အလွန်ပင် ကြောက်လန့်နေမိသည်။
"ကျန်တဲ့မီးလျှံကြာစေ့တွေကိုတော့ လောလောဆယ် သိမ်းထားဦးမယ်။ နောက်ပိုင်း စွမ်းဆောင်ချက် ကောင်းတဲ့ရွေးချယ်ခံတွေကို တစ်စေ့ချင်းစီ ပေးသွားမယ်။ နောက်ဆုံးကျန်မယ့် တစ်စေ့ကိုတော့ အတော်ဆုံး တပည့်ခေါင်းဆောင်ကိုပေးဖို့ ချန်ထားလိုက်မယ်။"
လီချင်းချန်မှ ဇူယွမ်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "အဲ့တပည့်ခေါင်းဆောင် စာရင်းထဲမှာတော့ ဇူယွမ်မပါဘူးနော်။"
ဇူယွမ်မှာ အနည်းငယ်မျှပင် ငြင်းပယ်လိုခြင်း မရှိပေ။ ယခုကဲ့သို့ မီးလျှံကြာစေ့များ ရရှိနေခြင်းဖြင့်ပင် အခြားသော တပည့်ခေါင်းဆောင်များမှာ သူ့အား အားကျမနာလို ဖြစ်နေရပြီ ဖြစ်သည်။ အကယ်၍သာ စွမ်းဆောင်ရည် အပြည့်ဝဆုံး တပည့်ခေါင်းဆောင်ဟု အမည်ခံကာ မီးလျှံကြာစေ့အား ထပ်မံရယူခဲ့ပါက မည်သူကမှ သူ့အား အမြင်ကြည်ကြလိမ့်မည် မဟုတ်တော့ချေ။
အခြားသော ရွေးချယ်ခံများမှာလည်း လီချင်းချန်၏စကားအား ခေါင်စညိတ်ထောက်ခံလိုက်ကြသည်။ ထန်းမုရှင်း၏ မျက်ဝန်းများမှာ ပျော်ရွှင်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွားရလေသည်။
"အခုခွဲရမှာကတော့ ရောင်စဉ်ခုနစ်သွယ် မီးလျှံကြာပွင့်ပဲ။" လီချင်းချန်၏မျက်ဝန်းများမှာ တွေဝေတုံ့ဆိုင်းခြင်းများဖြင့် ပြည့်နှက်နေရသည်။
ရောင်စဉ်ခုနစ်သွယ် ရတနာမှာ အဖိုးတန်လွန်းလှသဖြင့် ခွဲဝေရန်မှာ ခက်ခဲလွန်းလှပေသည်။
ရွေးချယ်ခံများ အားလုံးမှာလည်း လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ရောင်စဉ်ခုနစ်သွယ် မီးလျှံကြာပွင့်အား ကြည့်ရှုနေကြသည်။
လီချင်းချန်မှာ ခေတ္တမျှ တွေဝေတုံ့ဆိုင်းနေရပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ဒီရတနာကို ခွဲဝေဖို့က မလွယ်ကူဘူး။ ဒါပေမယ့် ရွေးချယ်ခံ တစ်ယောက်ယောက်က ဒီကြာပွင့်ကိုယူဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ရောင်စဉ်ခြောက်သွယ် ရတနာဆယ့်နှစ်ခုနဲ့ လဲလှယ်နိုင်တယ်။"
ခုန်းရှန်နှင့် အခြားသော ရွေးချယ်ခံများမှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုမိလိုက်ကြသည်။ ရောင်စဥ်ခြောက်သွယ် ရတနာဆယ့်နှစ်ခုအား ရှာဖွေနိုင်ရန်မှာ မည်သို့မျှ မလွယ်ကူပေ။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းပိုင်းနယ်မြေများ၌ ရှာဖွေခဲ့ကြပါသော်လည်း ၎င်းတို့မှာ ရောင်စဉ်ခြောက်သွယ် ရတနာကိုးခုကိုသာ ရရှိခဲ့ကြခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လီချင်းချန်၏ ဆုံးဖြတ်ချက်မှာလည်း သင့်တင့်မျှတနေသည်။ ရောင်စဉ်ခုနစ်သွယ် ရတနာမှာ ရှားပါးလွန်းလှသည်။ ထို့ကြောင့် ရောင်စဉ်ခုနစ်သွယ် ရတနာအား ရောင်စဉ်ခြောက်သွယ် ရတနာများဖြင့် တိုက်ရိုက်လဲလှယ်လိုက်ခြင်းသည်သာ ပို၍သင့်တော်ပေလိမ့်မည်။ ထိုမှသာ အခြားသော ရွေးချယ်ခံများမှာလည်း လဲလှယ်လာသော ရောင်စဉ်ခြောက်သွယ် ရတနာများအား ခွဲဝေရယူနိုင်မည် ဖြစ်၏။
ရွေးချယ်ခံများအားလုံးမှာ အတွေးများကြား နစ်မြုပ်နေရသည်။ ရောင်စဉ်ခြောက်သွယ် ရတနာဆယ့်နှစ်ခုအား ရှာဖွေနိုင်ရန်မှာ အလွယ်ပင် ခက်ခဲလှသော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။
"ရောင်စဉ်ခြောက်သွယ် ရတနာကို အခုချက်ချင်း ပေးစရာမလိုပါဘူး။ ငါတို့ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲက မထွက်ခင်အထိ ရောင်စဉ်ခြောက်သွယ် ရတနာကိုရှာဖို့ အချိန်ရတယ်။ အချိန်မှီ မပေးခဲ့ဘူးဆိုရင်လည်း ရောင်စဉ်ခုနစ်သွယ် ရတနာကို ပြန်အပ်တာ ဒါမှမဟုတ် တန်ဖိုးတူညီတဲ့ တခြားတစ်ခုခုနဲ့ လဲလှယ်တာတွေကို လုပ်လို့ရပါတယ်။" လီချင်းချန်မှ တွေဝေတုံ့ဆိုင်းနေကြသော ရွေးချယ်ခံများအားကြည့်ကာ စကားဆိုလိုက်သည်။
ဇူယွမ်မှာ မဝေခွဲနိုင် ဖြစ်နေရသည်။ သူသည် ရောင်စဉ်ခုနစ်သွယ် ရတနာအား ရရှိနိုင်ရန် လိုအပ်နေပါသော်လာည်း ရောင်စဉ်ခြောက်သွယ် ရတနာဆယ့်နှစ်ခုအား ရှာဖွေရမည့်ကိစ္စမှာ အမှန်တကယ်ပင် တွေဝေစရာ ဖြစ်သည်။
ထို့အပြင် ရောင်စဉ်ခုနစ်သွယ်အား ရယူလိုက်ပါက အခြားသော ရွေးချယ်ခံများမှာ ဇူယွမ်၏ အကြွေးရှင်များ ဖြစ်လာလိမ့်မည်ပင် ဖြစ်သည်။
ဇူယွမ်မှာ အပြန်ပြန်အလှန်လှန် တွေးတောပြီးသည့်နောက် ရောင်စဉ်ခုနစ်သွယ် ရတနာအား ရယူရန် အနည်းငယ်မျှပင် စကားမဆိုရဲတော့ပဲ တိတ်ဆိတ်ငြိမ်သက်စွာသာ နေလိုက်၏။
သို့သော် ထိုအချိန်မှာပင် နားဝင်ချိုလှသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။ "ဇူယွမ်က ရောင်စဉ်ခုနစ်သွယ် ရတနာကို လိုချင်ပါတယ်တဲ့။"
ဇူယွမ်မှာ ရုတ်တရက် အံ့အားသင့်ကာ အေးခဲသွားရပြီးနောက် ဘေးသို့ကြည့်ရှုလိုက်သောအခါတွင် ပြုံးကာကြည့်နေသော ယောင်ယောင်အား တွေ့ရှိလိုက်ရလေသည်။
"ခဏနေပါဦး။ ကျွန်တော်.....ကျွန်တော် မလိုချင်ပါဘူး။" ဇူယွမ်မှ လျင်မြန်စွာ အော်ဟစ်လိုက်သည်။
လီချင်းချန်မှာ လက်ခုပ်တီးလိုက်ပြီးနောက် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "အဲ့ဒါဆိုရင် ဒီရောင်စဉ်ခုနစ်သွယ် မီးလျှံကြာပွင့်ကို ဇူယွမ်ရသွားပါပြီ။ ဂုဏ်ယူပါတယ်နော်။"
လီချင်းချန်မှာ ရောင်စဉ်ခုနစ်သွယ် မီးလျှံကြာပွင့်အား ဇူယွမ်ထံသို့ ပေးအပ်လိုက်သည်။
အခြားသော ရွေးချယ်ခံများမှာလည်း ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ဇူယွမ်အားကြည့်ကာ ပြုံး၍စကားဆိုလိုက်ကြသည်။ "ဂျူနီယာညီတော် ဇူယွမ်...ရောင်စဉ်ခြောက်သွယ် ရတနာဆယ့်နှစ်ခုကို အချိန်မပြည့်ခင် ပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ကွာ...ဟားဟား။ ငါတို့ကလည်း မင်းကို အချိန်တိုင်း သတိပေးနေမှာပါ။"
ဇူယွမ်မှာ ရောင်စဉ်ခုနစ်သွယ် မီးလျှံကြာပွင့်အား ကြည့်ရှုနေရင်းဖြင့် နှုတ်ခမ်းအစုံမှာ စိတ်အလိုမကျစွာ ရှုံ့မဲ့သွားရလေတော့သတည်း......