ကလေးနှစ်ယောက်
Vol. 46 Ch. 664
….
မျိုးနွယ်စုခေါင်းဆောင်သည် ကောင်းကင်ယံမှ အက်ကွဲကြောင်းများကို စိုက်ကြည့်နေမိသည်။
ထိုအက်ကွဲကြောင်းများသည် တစ်စုံတစ်ရာ၏ လှုံ့ဆော်မှုကြောင့် ရုတ်တရက် ပုံပျက်ယွင်းလာသယောင် ရှိသဖြင့် မျက်မှောင်များ ကြုံ့မိလိုက်သည်။
ဘုရင်မျိုးနွယ်စု အတွင်းတွင်ပင် လူအနည်းစုသည်သာ ထိုအက်ကွဲကြောင်းများ၏ မူလဇာစ်မြစ်ကို သိရှိထားလေ၏။
၎င်းတို့သည် သာမန်ဟင်းလင်းပြင် အက်ကွဲကြောင်းများ မဟုတ်ကြချေ။
၎င်းတို့သည် လူတစ်ဦးမှ ကောင်းကင်ယံအား အကြိမ်ပေါင်းများစွာ ခုတ်ပိုင်းခဲ့ရာမှ ကျန်ရစ်ခဲ့သည့် အက်ကွဲကြောင်းများ ဖြစ်လေသည်။
သာမန်အားဖြင့် တစ်စုံတစ်ယောက်သည် ဟင်းလင်းပြင်အား ဖြတ်ပိုင်းနိုင်ခဲ့သည် ဆိုလျှင်ပင် အချိန်ကြာလာသည်နှင့်အမျှ ထိုဟင်းလင်းပြင်သည် သူ့အလိုလို ပြန်လည် ကောင်းမွန်သွားသင့်သည်။
သို့သော် ဤအက်ကွဲကြောင်းများသည် အချိန်ကာလအားဖြင့် အလွန်ကြာမြင့် သွားခဲ့သည့်တိုင် ပြန်လည်ကောင်းမွန်လာခြင်း မရှိပေ။
ထို့ပြင် ထိုဟင်းလင်းပြင် အက်ကွဲကြောင်းများသည် အာကာသ ဂိတ်တံခါးပေါက်ကဲ့သို့ အရာများဖြင့် ချိတ်ဆက်ထားခြင်းမျိုးလဲ ရှိမနေပေ။
ထိုအက်ကွဲကြောင်းများမှ တစ်ဆင့် အတွင်းသို့ ဝင်ရောက်သွားမိပါက အခြားသော ထွက်ပေါက် လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင်မည်မဟုတ်ချေ။
ထို့အပြင် ဟင်းလင်းပြင် ဒုဂ္ဂတိဘုံအတွင်း ပိတ်မိသကဲ့သို့ ပြန်မထွက်နိုင် ဖြစ်သွားပေလိမ့်မည်။
ထိုမျှ အချိန်ကာလတစ်ခု ကြာမြင့်ပြီးနောက်တွင်တော့ ထိုကောင်းကင်ရှိ အက်ကွဲကြောင်းများသည် နောက်ဆုံး၌ လှုပ်ရှားမှုအချို့ကို ပြသလာခဲ့ပြီဖြစ်၏။
သို့သော် ၎င်းသည် ပြန်ပိတ်သွားမည့် ပုံစံမျိုးတော့ ဟုတ်မနေပေ။
ထိုနေရာအတွင်း လှိုင်းကွက်ကလေး များဖြစ်ပေါ်လာမှုသည် အချိန်တစ်ခဏမျှသာ ကြာမြင့်ခဲ့ပြီး တအောင့်အကြာတွင်မူ မူလအတိုင်း တစ်ဖန် ပြန်လည်ငြိမ်သက်သွားခဲ့သည်။
အက်ကွဲကြောင်းများ၏ အရွယ်အစားမှာလည်း ယခင်နှင့် အတူတူပင် ရှိနေသေးကာ မည်သည့် သိသာသော ပြောင်းလဲမှုမျှ မဖြစ်ပေါ်ခဲ့ပေ။
မျိုးနွယ်စု ခေါင်းဆောင်သည် မိမိမျက်စိဖြင့်သာ တပ်အပ်မြင်ခဲ့ရခြင်း မဟုတ်ပါက ထိုဖြစ်ရပ်အား ယုံကြည်နိုင်မည်မဟုတ်ပေ။
“ဒါက နိမိတ်ဆိုးတစ်ခုလား....”
မျိုးနွယ်စု ခေါင်းဆောင်သည် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်မိသည်။
“ငါတို့မျိုးနွယ်စုကို ကမ္ဘာလောကကြီးကနေ ပုန်းကွယ်နေစေခဲ့တဲ့သူ... ငါတို့မျိုးနွယ်စုကို အများနဲ့ မဆက်ဆံစေပဲ တစ်ကိုယ်တည်း သီးခြား သိုသိုသိပ်သိပ် ရပ်တည်စေခဲ့တဲ့သူ။ ခုသူ ချန်ထားခဲ့တဲ့ အမှတ်အသားတွေက... အချက်တစ်ခုခု ပြလာတာလား...။”
မျိုးနွယ်စုခေါင်းဆောင်သည် နောက်ထပ် ပြောင်းလဲမှုများ ရှိလာဦးမလားဟု စောင့်ကြည့်ရန်အတွက် ကောင်းကင်ယံအား မိနစ်အနည်းငယ်ကြာသည်အထိ ဆက်လက်၍ ရပ်စောင့်နေခဲ့၏။
မည်သည့်အရာမျှ ထပ်မံ မဖြစ်ပေါ်လာတော့သော အခါတွင်မှ သူသည် ကုန်သည်အစည်းအရုံးမှ ကလေးမလေးတစ်ယောက် စောင့်ဆိုင်းနေဆဲဖြစ်သော ဧည့်ခန်းမဆီသို့ ပြန်သွားခဲ့သည်။
“ကျုပ်တို့တွေ့ဆုံမှုကို ဒီမှာတင်ပဲ ရပ်လိုက်ကြရအောင်” ဟု မျိုးနွယ်စုခေါင်းဆောင်သည် မိန်းကလေးအား ပြောလိုက်သည်။
ထို့နောက် သူ၏ သတ္တမမြောက် သားဖြစ်သူဆီသို့ လှည့်လိုက်ကာ မိန်းကလေးအား သူမ နေထိုင်ရမည့်နေရာဆီသို့ လိုက်ပါပို့ဆောင်ပေးရန် အမိန့်ပေးလိုက်၏။
လက်တစ်ဖက်တည်းဖြင့် ကောင်းကင်တစ်ခုလုံးကိုပင် ထိမ်းချုပ်နိုင်စွမ်းရှိသည်ဟု ပြောစမှတ်တွင်ထားသော ဘုရင်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးသည် အကြောင်းတစ်စုံတစ်ရာကြောင့် အတော်လေး စိတ်မတည်မငြိမ် ဖြစ်နေပုံရသဖြင့် ကျားယွင်တစ်ယောက် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။
ထိုမျိုးနွယ်ခေါင်းဆောင်သည် ထိုသို့ပြောပြီးသည်နှင့် အလျင်အမြန်ပင် အခန်းထဲမှ ထွက်ခွာသွားတော့သည်။
“အဖေ့အတွက် အရေးပေါ်ကိစ္စတစ်ခုခု ပေါ်လာပုံရတယ်။ ကျားယွင် မိန်းကလေး ခုတော့ ကိုယ့်နောက်ကိုပဲ ဆက်လိုက်ခဲ့ပေးပါ” ဟု မျိုးနွယ်ခေါင်းဆောင်၏ သတ္တမမြောက်သားဖြစ်သူ ရှီယန်သည် ကျားယွင်အား ယဉ်ကျေးစွာဖြင့် ဖိတ်ခေါ်လိုက်သည်။
ရှီယန်သည် ကျားယွင်အား ကုန်သည်အစည်းအရုံး သင်္ဘောဆီသို့ပင် ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် သူသည် ထိုလေသင်္ဘောကို ထပ်မံထိန်းချုပ်ကာ မိန်းကလေးအား ၎င်းတို့ပိုင်နက်၏ အခြားသော ဒေသတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
...
နန်းတော်မှ ထွက်ခွာလာပြီးနောက် ဘုရင်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးသည် တစ်လှမ်းတည်းဖြင့် မိုင်ပေါင်းများစွာကွာဝေးသော နေရာတစ်ခုသို့ ရောက်ရှိသွားခဲ့၏။
သူသည် တစ်ဖက်တွင် ချော်ရည်ပူများဖြင့် ပြည့်နေကာ တစ်ဖက်တွင်တော့ ဆီးနှင်းများ ဖြင့် ပိတ်ဖုံးနေသော ထူးဆန်းသည့် တောင်တစ်လုံးပေါ်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်လေသည်။
ထို့နောက် သူသည် ထိုတောင်ထိပ်တွင် ဆောက်လုပ်ထားသည့် သေးငယ်သော အိမ်ကလေး တစ်လုံး ရှေ့တွင် ရပ်လိုက်ကာ အိမ်တံခါးအား ခေါက်လိုက်၏။
သို့သော် အတွင်းမှ မည်သည့် တုံ့ပြန်မှုမျှ ပြန်မရခဲ့ပေ။
“ညီမလေး... နင် အထဲမှာ ရှိနေတယ်ဆိုတာ ကိုကို သိနေတယ်နော်” ဟု လှမ်း၍ ပြောလိုက်၏။
သူသည် ဘုရင်မျိုးနွယ်စုကြီး၏ ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း ဤသာမန်ဆန်သော တဲအိမ်ငယ်လေးရှေ့တွင် စကားပြောဆိုသောအခါတွင်မူ သူ၏လေသံသည် အစောပိုင်းတုံးကနှင့် လားလားမှ မတူညီတော့ပေ။
ထို့ပြင် သူ၏ လေသံအတွင်း၌ အပြစ်ရှိနေသကဲ့သို့ ခံစားချက်မျိုးပင် ပါဝင်လေသည်။
မျိုးနွယ်ထဲမှ အခြားတစ်စုံတစ်ယောက်သာ ဆိုပါက တံခါးအား လျင်မြန်စွာဖွင့်၍ မျိုးနွယ်ခေါင်းဆောင်အား အားရဝမ်းသာ ခရီးဦးကြိုပြုပေလိမ့်မည်။
သို့သော် ဤသာမန်ဆန်သော တဲအိမ်ကလေး၏ တံခါးမှာမူ ပွင့်၍ပင် မလာခဲ့ပေ။
ယင်းအစား ပြင်းထန်သော အော်ရာလှိုင်းတစ်ခုသည် သစ်သားနံရံများမှတစ်ဆင့် အပြင်သို့ ပျံ့လွင့်လာခဲ့သည်။
ထိုအော်ရာသည် မျိုးနွယ်စုခေါင်းဆောင်၏ အကာအကွယ်လွှာအား ဖြတ်သန်း၍ သူ၏ ခန္ဓာကိုယ်အား ဒဏ်ရာအချို့ပင်ဖြစ်ပေါ်စေခဲ့၏။
မျိုးနွယ်စုခေါင်းဆောင်သည် ထိုအော်ရာဆီမှ အနည်းငယ်ပင် ကာကွယ်ရန် မကြိုးစားခဲ့ပေ။
“မင်း ကိုကို့ကို ခုချိန်ထိ စိတ်ဆိုးနေတုံးပဲဆိုတာသိ .....”
မျိုးနွယ်စုခေါင်းဆောင်သည် တစ်စုံတစ်ခု ပြောရန် ကြိုးစားလိုက်စဥ်မှာပင် အစောပိုင်းအော်ရာသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။
ထို့ကြောင့် မျိုးနွယ်စုခေါင်းဆောင်သည် စကားပြောနေခြင်းအား ရပ်တန့်လိုက်ပြီး သက်ပြင်းတစ်ချက်သာ ချလိုက်မိသည်။
ထို့နောက် တအောင့်ကြာသောအခါတွင်မှ “ကိုကို သူတို့အကြောင်း သတင်းရလာတယ်” ဟု ထပ်မံ၍ ပြောလိုက်သည်။
ထိုသို့ပြောလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ပြင်းထန်သော အော်ရာများသည် မည်သည့်အခါကမျှ မရှိခဲ့သည့်အတိုင်း လုံးဝ ပြန်လည် ပျောက်ကွယ်သွားခဲ့၏။
ထို့နောက် တံခါးတစ်ချပ်သည် သူ့အလိုလို ပွင့်သွားခဲ့သည်။
သက်လတ်ပိုင်းအရွယ်ရှိသော မျိုးနွယ်ခေါင်းဆောင်သည် ထိုသေးငယ်သော တဲအိမ်လေးထဲသို့ ဝင်ရောက်သွားခဲ့ကာ အတွင်း၌ ဖြူဖျော့သောအသားအရေရှိသည့် အမျိုးသမီးတစ်ဦးအား မြင်တွေ့လိုက်ရသည်။
သူမသည် ဤနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ခြင်းဖြစ်သော်လည်း အချိန်ကာလ၏ တိုက်စားမှုမှ ကင်းလွတ်နေဟန်ရလေသည်။
သူမသည် အသက်သုံးဆယ်အရွယ်ခန့်သာ ရှိသေးပုံပေါ်နေ၏။
သူမ၏ မျက်နှာသည် ယခင်အတိုင်း ဆွဲဆောင်မှုရှိနေဆဲဖြစ်သော်လည်း သူမ၏ လှပသော အနီရောင်မျက်ဝန်းများမှာမူ အချိန်အတော်ကြာကတည်းက အသက်ဓာတ် ကင်းမဲ့သွားခဲ့ပြီ ဖြစ်၏။
သူမသည် ပြတင်းပေါက်အနီးတွင် ထိုင်နေခဲ့ခြင်းဖြစ်ပြီး အပြင်ဘက်တစ်နေရာအား ငေးကြည့်နေလေသည်။
သူမသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ မျက်နှာချင်းဆိုင် မတွေ့ဖြစ်ခဲ့သော သူမ၏ အစ်ကိုဖြစ်သူ ရောက်ရှိလာသည်ကိုပင် တစ်ချက်ကလေးမျှ လှည့်ကြည့်ခဲ့ခြင်း မရှိချေ။
“ညီမလေးလည်း ကောင်းကင်ယံက အစောပိုင်း ဖြစ်ရပ်ကို မြင်လိုက်တယ် မဟုတ်လား...” ဟု မျိုးနွယ်စုခေါင်းဆောင်မှ ထိုအမျိုးသမီးအား မေးလိုက်သည်။ သူမသည် ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ယံရှိ အက်ကွဲကြောင်းများအား ယခုအချိန်ထိ ငေးကြည့်နေဆဲဖြစ်လေသည်။
ထိုဖြစ်ရပ်ကို မြင်ပြီးနောက်တွင်ပင် သူမသည် အနည်းငယ်မျှပင် တုံ့ပြန်ခြင်း မရှိခဲ့ပေ။ သူမသည် မျိုးနွယ်စု၏ ကိစ္စအဝဝကို ဂရုစိုက်ခြင်းမရှိတော့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်၏။
“သူတို့အကြောင်း သတင်းရထားတယ်လို့ နင်စောစောက ပြောလိုက်တယ်မလား” ဟု သူမက ပြန်ပြောလိုက်သည်။
မျိုးနွယ်စုခေါင်းဆောင်အနေဖြင့် ယခုသည် နှစ်ပေါင်းများစွာကြာပြီးနောက်မှ သူ့ ညီမ၏ အသံကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ကြားရခြင်း ဖြစ်လေသည်။
သို့သော် ထိုချိုသာသော အသံလေးတွင် ဝမ်းနည်းမှုအချို့နှင့် မလိုလားမှုအချို့သာ ပြည့်နှက်နေခဲ့၏။
မျိုးနွယ်စုခေါင်းဆောင်သည် ရုတ်တရက် ဦးခေါင်းကို မော့လိုက်ကာ အိမ်နံရံတစ်ဖက်အား စိုက်ကြည့်လိုက်သည်။
ထိုနံရံတွင် ပုံတူပန်ချီကားနှစ်ချပ်အား အနည်းငယ် စောင်း၍ ချိတ်ဆွဲထားလေသည်။
ထိုပုံတူပန်ချီကား နှစ်ချပ်စလုံးတွင် အိမ်တွင်းရှိ အမျိုးသမီး၏ ရုပ်ပုံကို ဖော်ပြထားခြင်း မရှိပေ။
ဘယ်ဘက်ပုံတူပန်ချီကားသည် လသားအရွယ်သာ ရှိသေးသော ကလေးငယ်တစ်ဦး၏ ပုံဖြစ်လေသည်။
ကလေးငယ်သည် ချစ်စရာကောင်းသော အပြာရောင်ဝတ်စုံတစ်မျိုးကို ဝတ်ဆင်ထား၏။
အခြားပုံတူပန်ချီကားတစ်ခုတွင်လည်း အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ရွယ်တူ ကလေးငယ်တစ်ဦးရှိနေသည်။
ကလေးငယ် နှစ်ဦးစလုံးသည် ဝတ်စုံများမှလွဲ၍ ၎င်းတို့၏ မျက်နှာ သို့မဟုတ် အခြားသော သွင်ပြင်လက္ခဏာများသည် လုံးဝနီးပါး တူညီနေကြသည်။
ကလေးငယ်နှစ်ဦးစလုံးသည် ဘုရင်မျိုးနွယ်စု၏ ထင်ရှားသော သင်္ကေတဖြစ်သည့် အနီရောင်မျက်ဝန်းများကို ပိုင်ဆိုင်ထားကြသည်။
သာမန်အားဖြင့် ထိုကဲ့သို့သော အနီရောင်မျက်ဝန်းမျိုးသည် မျိုးနွယ်ဝင်တစ်ဦး အသက် ဆယ့်ရှစ်နှစ် ပြည့်ပြီးမှသာ ပေါ်ထွက်လာလေ့ရှိလေသည်။
သို့သော် ဤကလေးငယ်နှစ်ဦးတွင်မူကား ၎င်းတို့ မွေးဖွားလာသည့်အချိန်မှစ၍ မျိုးနွယ်စု သင်္ကေတဖြစ်သော သွေးနီရောင် မျက်လုံးများပိုင်ဆိုင်နေပြီဖြစ်၏။
ထိုပန်ချီကားနှစ်ချပ်ကို စိုက်ကြည့်ရင်း မျိုးနွယ်စုခေါင်းဆောင်သည် ထိုပုံတူများ ရေးဆွဲခဲ့သည့်အချိန်ကို ပြန်လည် အမှတ်ရလိုက်မိသည်။
ထိုချစ်လှစွာသော ညီမလေး၏ ကလေးနှစ်ယောက်ပုံကို ရေးဆွဲခဲ့သူသည် အခြားမဟုတ်။ မျိုးနွယ်စုခေါင်းဆောင် သူကိုယ်တိုင်ပင် ဖြစ်လေ၏။
သူ့အနေနှင့် ၎င်းတို့၏ ပုံတူပန်းချီကားများအား ရေးဆွဲခဲ့သည့် အချိန်သည် မနေ့တစ်နေ့ကကဲ့သို့ပင် စိတ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်သည်။
ထိုစဥ်က သူ၏ ညီမဖြစ်သူသည် သူ့ဘေးနားတွင် ခါးကလေးထောက်ကာဖြင့် သူ့လက်ရာပန်ချီကားသည် သူမ ကလေးများထံမှ ချစ်စရာ အစစ်အမှန်များကို အပြည့်အဝ ပုံဖော်နိုင်ခြင်းမရှိကြောင်း မကျေမနပ်ဖြစ်ကာ ထပ်ခါတလဲလဲ နားပူနားဆာလုပ်နေခဲ့၏။
(ဘာသာပြန်သူမှတ်ချက်။ ။ 'ဒုဂ္ဂတိဘုံ' ဆိုတာ 'Purgatory' ဆိုတဲ့စကားလုံးကနေ ဆီလျော်အောင် ပြန်ထားတာပါ။ ငရဲနဲ့ ကောင်းကင်ဘုံကြား ဟိုမရောက်ဒီမရောက် ပိတ်မိနေတဲ့ ကြားခံဘုံလို့လဲ ဖော်ပြကြတာမျိုးရှိတယ်။ ဒီစာစဥ်မှာတော့ 'a spatial purgatory' လို့သုံးနှုန်းထားတဲ့အတွက် 'ဟင်းလင်းပြင် ဒုဂ္ဂတိဘုံ' လိုပဲ ပြန်ဆိုလိုက်တယ်။ အပြင်က ဘာသာရေးကျမ်း အချို့မှာတော့ အခြားအဓိပ္ပါယ်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။)
#Catfoot