ပျောက်ဆုံးသွားသော အမွှာနှစ်ယောက်
Vol. 46 Ch. 665
...
“အဲ့ဒီအချိန်တွေက အရမ်းပျော်စရာကောင်းခဲ့တဲ့ အချိန်တွေပေါ့” ဟု မျိုးနွယ်ခေါင်းဆောင်သည် မြင်ရခဲသော နူးညံ့မှုများပြည့်နှက်နေသည့် လေသံဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ထို ပုံတူပန်ချီကားများအားကြည့်နေရင်းဖြင့် သူ၏ မျက်ဝန်းတွင်ပင် မျက်ရည်အချို့ရစ်ဝဲလာခဲ့၏။
ထို့နောက်ခေါင်းဆောင်သည် မိမိစိတ်ကို အလျင်အမြန် ပြန်လည် စုစည်းလိုက်ရကာ ဤနေရာသို့လာရောက်ရသည့် အဓိက ကိစ္စကိုသာ ပြန်လည်ဦးတည်ရန် အာရုံစိုက်လိုက်သည်။
“အဲ့ဒီပုဂ္ဂိုလ်ရဲ့ ဓားချက်တွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အက်ကွဲကြောင်းတွေမှာ ရုတ်တရက် ပေါ်လာတဲ့ လှိုင်းတွန့်တွေ....။ ညီမလေး မင်း ဘယ်လို ထင်လဲ။ အဲ့ဒီ ပုဂ္ဂိုလ်ခုထိ အသက်ရှင်နေနိုင်ဦးမလား။ ဒါမှမဟုတ် ဒါက တိုက်ဆိုင်မှုတစ်ခု သက်သက်ပဲလား။”
ထိုစကားကိုကြားသောအခါ အမျိုးသမီးသည် ပြတင်းပေါက်အနီးရှိ ထိုင်ခုံမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
သူမသည် နှစ်ပေါင်းများစွာ မလှုပ်ရှားပဲနေခဲ့သူတစ်ဦးပမာ သူမ၏ လှုပ်ရှားမှုများမှာ ပုံမှန်မဟုတ်ဘဲ တောင့်တင်းလျက်ရှိ၏။
သူမ၏ အဖြူရောင် ဂါဝန်စသည် ကြမ်းပြင်တွင် တရွတ်တိုက် ပွတ်ဆွဲသွားခဲ့သည်။ သူမသည် မျိုးနွယ်ခေါင်းဆောင်ဆီသို့ ဖြေးညင်းစွာ လျှောက်လာနေခဲ့ပြီး သူမ၏ အသက်မဲ့နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
မျိုးနွယ်ခေါင်းဆောင်သည် ထိုနေ့ကဖြစ်ရပ်များအား သူ၏ မျက်လုံးထဲ၌ မနေ့တနေ့ကကဲ့သို့ပင် ထင်ထင်ရှားရှားမှတ်မိနေဆဲပင်။
၎င်းက ထိုကျိန်စာသင့်သော အက်ကွဲကြောင်းများ ပထမဆုံးဖြစ်ပေါ်လာသည့် နေ့ပင်ဖြစ်သည်။
ဓားတစ်လက်ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုပုဂ္ဂိုလ်သည် ကောင်းကင်ယံထက်၌ အက်ကွဲကြောင်းများစွာကို ဖန်တီးပစ်ခဲ့သည်။
“ဒါကို သူလား...” ဟု အနည်းငယ်တိုးလျာကာ အေးစက်စက်နိုင်သောလေသံဖြင့် အမျိုးသမီးမှ ပြန်ပြောလိုက်သည်။
“အဲ့ဒီမာနကြီးလွန်းတဲ့သူ သူက ကောင်းကင်တစ်ခွင်ကို အက်ကွဲကြောင်းတွေ ဖြစ်ပေါ်စေခဲ့တဲ့အပြင် ငါ့ ကလေးတွေကိုပါ ခိုးယူသွားခဲ့သေးတယ်။”
“သူသာ တကယ်ပဲ အသက်ရှင်နေသေးတယ်ဆိုရင် ကိုကိုတို့တတွေ ဒီနေရာကနေ ထွက်ခွာနိုင်ဖို့ အခွင့်အရေး အမှန်တကယ် ရှိလာလိမ့်မယ်” ဟု မျိုးနွယ်ခေါင်းဆောင်မှ ပြောလိုက်သော်လည်း အမျိုးသမီးသည် သူ့အား ယခင်အတိုင်း အေးစက်စွာ စိုက်ကြည့်နေဆဲပင်။
မျိုးနွယ်စုခေါင်းဆောင်အနေနှင့်မူ ဤကျိန်စာမှ လွတ်မြောက်၍ အထက်ကမ္ဘာများသို့ ပြန်လည် ခြေဆန့်လိုနေခဲ့၏။
သို့သော် အမျိုးသမီးအတွက်မူ ထိုအရာက အရေးမကြီးပေ။
ထိုအမျိုးသမီး၏ အကြည့်ကို မြင်လိုက်ရသော အကြိမ်တိုင်း၌ မျိုးနွယ်စုခေါင်းဆောင်သည် အေးစက်စက်နိုင်သော ခံစားမှုတစ်ရပ်ကို အမြဲတမ်းခံစားမိလေသည်။
သူ့အနေနှင့် ဘုရင်မျိုးနွယ်၏ ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်နေပြီဖြစ်သော်လည်း ထိုအကြည့်အား မြင်ရသည့်အခါတိုင်း သူ၏နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားရဆဲပင်ဖြစ်၏။
“ဒါပေမဲ့ ပိုအရေးကြီးတာက ညီမရဲ့ကလေးတွေ ဘယ်ရောက်နေလဲဆိုတာ ရှာဖွေဖို့ပဲ” ဟု သူသည် အမွှာကလေးနှစ်ယောက်အား မမေ့သေးကြောင်း ထပ်မံ၍ ရှင်းပြလိုက်သည်။
အမျိုးသမီးသည် ပုံတူပန်ချီကားဆီသို့ လျှောက်သွားလိုက်ပြီး သူမ၏ လက်ချောင်းလေးများဖြင့် ၎င်းကို ထိကြည့်နေမိသည်။
မျိုးနွယ်စုအတွင်းရှိ လူအတော်များများသည် ထိုကလေးနှစ်ယောက်အား သေဆုံးသွားလောက်ပြီဟု ယုံကြည်နေကြသော်လည်း သူမသည် ဤကာလတစ်လျှောက်လုံး၌ သူမ၏ ကလေးများနှင့် ပြန်လည်ဆုံစည်းရန် မျှော်လင့်ချက်ကို တစ်စက္ကန့်ကလေးမျှပင် မစွန့်လွှတ်ခဲ့ပေ။
ထို့ကြောင့် မျိုးနွယ်စုခေါင်းဆောင်သည် သူမ၏ ကလေးများ အသက်ရှင်နေသေးကြောင်း ပြောဆိုကာ သူမအား နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။
အမျိုးသမီးသည် သူမအနေနှင့် အစ်ကိုဖြစ်သူ မျိုးနွယ်စုခေါင်းဆောင်အား အမှန်တကယ် ယုံယုံကြည်ကြည် ပြောနေခြင်းလော သို့မဟုတ် သူမ၏ မျှော်လင့်ချက် များ မပျက်စီးစေရန်နှင့် ယခင်တစ်ကြိမ်ကကဲ့သို့ ရူးနှမ်းသောအရာများကို မပြုလုပ်မိစေရန် တမင်သက်သက်ပြောနေခြင်းလောဟူ၍ပင် မသေခြာခဲ့ပေ။
“ဟိုပုဂ္ဂိုလ်မှာ ကလေးတွေကို အရင်ကတည်းက သတ်ဖို့ ရည်ရွယ်ချက်ရှိခဲ့ပုံ မရဘူး။ သူတို့က ကျန်းကျန်းမာမာနဲ့ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာခဲ့မယ်လို့ အစ်ကို ယုံကြည်တယ်။ ကလေးတွေ အခုဆို အစ်ကို့လောက်နီးနီးတောင် အရပ်ရှည်နေလောက်ပြီ။ ဘယ်သူပြောလို့ရမှာလဲ။”
အမျိုးသမီး၏ လက်ချောင်းကလေးများသည် သူမ၏ ကလေးပုံတူပန်ချီကားများအား ပွတ်ဆွဲကြည့်နေရာမှ သူမ၏လက်သည် အားပျော့စွာဖြင့် အောက်ဘက်သို့ ပြုတ်ကျသွားပြီးနောက် သူမ၏ အစ်ကိုဖြစ်သူအား ပြန်လည် စိုက်ကြည့်လိုက်၏။
“အစ်ကို ကုန်သည်အစည်းအရုံးတစ်ခုနဲ့ ချိတ်ဆက်မှု လုပ်ထားတယ်။ သူတို့ရဲ့ အကူအညီနဲ့ဆို ညီမ ကလေးတွေ ဘယ်ရောက်နေတယ်ဆိုတာ မကြာခင် အဖြေတစ်ခု သိရလိမ့်မယ်လို့ အစ်ကို ယုံကြည်တယ်”
ဆယ်စုနှစ်များစွာကြာအောင် သူတို့သည် ထိုအမွှာကလေးနှစ်ယောက်အား ခေါ်ဆောင်သွားခဲ့သည့်အပြင် ၎င်းတို့မျိုးနွယ်စုတစ်ခုလုံးအား ဤနေရာ၌ ချိတ်ပိတ်ထားခဲ့သည့် ပုဂ္ဂိုလ်ကို ရှာဖွေရန် ၎င်းတို့၏ လူငယ်မျိုးဆက်များအား အပြင်သို့ စေလွှတ်ရန် ကြိုးစားခဲ့ကြသည်။
သို့သော် ကံမကောင်းစွာဖြင့် ကျိန်စာသည် ၎င်းတို့ သွေးမျိုးဆက်ပေါ်တွင် ဖြစ်တည်နေခြင်းဖြစ်သဖြင့် ၎င်းတို့၏ မည်သည့်မျိုးဆက်ကိုမဆို ဤနယ်မြေမှ ထွက်ခွာခြင်းအား တားဆီးထားခဲ့၏။
ထိုကုန်သည်အစည်းအရုံးမှ တစ်စုံတစ်ဦး ၎င်းတို့ နယ်မြေထဲသို့ မတော်တဆ ဝင်ရောက်လာမိသည့် အချိန်မတိုင်ခင်အထိ ၎င်းတို့သည် မျှော်လင့်ချက်အား လက်လွှတ်လုနီးပါး ဖြစ်ခဲ့ရသည်။
ထို့နောက်ကုန်သည်အစည်းအရုံးမှတစ်ဆင့် ၎င်းတို့သည် အထက်ကမ္ဘာတွင် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သော အပြောင်းအလဲအားလုံးကို သိရှိနိုင်ခဲ့ကြသည်။
၎င်းတို့သည် ကုန်သည်အစည်းအရုံးနှင့် ချိတ်ဆက်မှုတစ်ခု ပြုလုပ်ရန် ဆုံးဖြတ်ခြင်းမပြုမီ အတော်အတိုင်းအတာတစ်ခုအထိ စဉ်းစားခဲ့ကြရသည်။
ကုန်သည်အစည်းအရုံးသည် ရှေးဟောင်းမျိုးနွယ်စုများလောက် နောက်ခံ အင်အားကြီးမားခြင်းမရှိသော်လည်း အထက်ကမ္ဘာရှိ ၎င်းတို့၏ ရင်းမြစ်များမှာ လျှော့တွက်၍ မရနိုင်ပေ။
၎င်းတို့သည် နယ်မြေများစွာအထိပင် ကြီးမားသော လက်တံများ ဆန့်ထုတ်ထားနိုင်လေသည်။
ပို၍အရေးကြီးသည်မှာ ကုန်သည်များအနေဖြင့် ၎င်းတို့၏ လောဘသည် ၎င်းတို့၏ ရန်လိုမှုနှင့် ကြောက်ရွံ့မှုတို့အား လွှမ်းမိုးနိုင်ခဲ့သည်မှာ သေချာနေခြင်းပင်။
၎င်းတို့သည် ထိုကုန်သည်အစည်းအရုံးမှလူကို ထိန်းချုပ်အချို့ပြုလုပ်ကာ ကုန်သည်အစည်းအရုံးနှင့် အဆက်အသွယ် ပြုလုပ်နိုင်ရန် အပြင်သို့ ပြန်လွှတ်ပေးခဲ့၏။
ဤသို့ဖြင့် နောက်ပိုင်းတွင် ကုန်သည်အစည်းအရုံးနှင့် တိုက်ရိုက်တွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုလုပ်နိုင်လာခဲ့သည်။
ဤသို့ဖြင့် ကုန်သည်အစည်းအရုံးခေါင်းဆောင်သည် ၎င်းတို့၏ ရိုးသားမှုကို ပြသရန်အတွက် သူ၏ သမီးအရင်းကိုပင် စေလွှတ်ခဲ့လေသည်။
၎င်းကဆိုလိုသည်မှာ ထိုကုန်သည်အစည်းအရုံးခေါင်းဆောင်သည် ကုန်သည်တစ်ဦးပီသစွာဖြင့် မွေးရာပါ လောဘကြီးသူတစ်ဦးဖြစ်ပြီး အထက်ကမ္ဘာအား တစ်ချိန်က အုပ်စိုးနိုင်ခဲ့သော မျိုးနွယ်စုကြီးတစ်ခုနှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်နိုင်မည့် အခွင့်အရေးကို လက်မလွှတ်လိုခဲ့ပေ။
ထို့နောက် ပို၍အရေးကြီးသော နောက်ထပ် ဒုတိယ အကြောင်းရင်းတစ်ခုမှာ သူသည် ဘုရင်မျိုးနွယ်စုအား လွန်စွာ ကြောက်ရွံ့နေခဲ့ခြင်းပင်။
ဘုရင်မျိုးနွယ်စုသည် ၎င်းတို့အနေဖြင့် ကျိန်စာသင့်နေခြင်းဖြစ်ကာ ထိုကျိန်စာအား ယခုအချိန်အထိ ဖယ်ရှားနိုင်ခြင်းမရှိသေးသဖြင့် ဤနယ်မြေမှ ထွက်ခွာ၍ ရနိုင်မည် မဟုတ်ကြောင်းကိုမူ ထိုကုန်သည်အစည်းအရုံးခေါင်းဆောင်အား ပေးမသိထားပေ။
ထို့ကြောင့် ကုန်သည်အစည်းအရုံးအနေဖြင့်လည်း အထက်ကမ္ဘာမှ အခြားလူများ ကဲ့သို့ပင် ဤဘုရင်မျိုးနွယ်စုလို ဇာတ်မြှုပ်နေရခြင်းမှာ ကျိမ်စာသင့်နေခြင်းကြောင့် ဟူသော အချက်ကို မရိပ်မိနိုင်ခဲ့ချေ။
ကုန်သည်အစည်းအရုံးခေါင်းဆောင်သည် လွန်စွာကြောက်ရွံ့နေခဲ့ရသည်။
သူသာ ဘုရင်မျိုးနွယ်စုအား ဒေါသထွက်စေခဲ့ပါက ထိုမျိုးနွယ်စုမှ လူတစ်ယောက်လောက် စေလွှတ်ပေးလိုက်ခြင်းဖြင့်ပင် သူ၏ ကုန်သည်အစည်းအရုံး တစ်ခုလုံးအား ချေမှုန်းနိုင်သည် မဟုတ်ပါလား....။
လောဘနှင့် အကြောက်တရားဟူသည်မှာ ပြီးပြည့်စုံသော ဟန်ချက်ညီမှုအဖြစ် အရာရာကို ထိမ်းထားနိုင်သောအရာ ဖြစ်လေသည်။
၎င်းကပင် ဘုရင်မျိုးနွယ်စုအား အထက်ကမ္ဘာတစ်ခုလုံး၏ အကြီးမားဆုံးသော ရန်သူဖြစ်နေသည့်တိုင် ကုန်သည်အစည်းအရုံးအား ဆက်သွယ်ရန် ဆုံးဖြတ်ခဲ့ရသည့် နောက်ထပ်အကြောင်းပြချက်တစ်ခုလည်း ဖြစ်သည်။
အကယ်၍ ရှေးဟောင်းမျိုးနွယ်စုများသည်သာ ကုန်သည်အစည်းအရုံးအနေဖြင့် ဤသို့လုပ်ဆောင်နေသည့် အကြောင်းကို သိရှိသွားမည်ဆိုပါက ကုန်သည်အစည်းအရုံးအတွက်လည်း နစ်နာမှုများစွာ ရှိသွားပေလိမ့်မည်။
ထို့ပြင် အခန့်မသင့်ပါက ကုန်သည်အစည်းအရုံးတစ်ခုလုံးပင် ပျက်စီးလုနီးပါး ဖြစ်သွားနိုင်လေသည်။
ထိုအရာကပင် အစည်းအရုံးအား ယုံကြည်ရသူများအဖြစ် သက်မှတ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ကုန်သည်အစည်းအရုံးခေါင်းဆောင်အနေဖြင့်လည်း သူ့ လက်အောက်ရှိ အဖွဲ့ဝင်များ၏ သေခြင်း၊ရှင်ခြင်းအား ထိန်းချုပ်နိုင်စွမ်းရှိနေမည် ဖြစ်သည်။
ထို့ကြောင့် သစ္စာဖောက်ခံရနိုင်ခြေမှာ မဖြစ်နိုင်သလောက်ပင်။ သို့သော် အလွန်သတိထား၍ လှုပ်ရှားရန်တော့ လိုအပ်နေဆဲပင်။
နောက်ဆုံးတွင် ကုန်သည်အစည်းအရုံးမှ ကိုယ်စားလှယ်အဖွဲ့သည် ဘုရင်မျိုးနွယ်စုအနေဖြင့် ၎င်းတို့ထံမှ မည်သည့်အရာများ အလိုရှိနေသည်ဆိုခြင်းကိုပင် မသိထားပဲ သည်အတိုင်း ရောက်ရှိလာခဲ့ရခြင်း ဖြစ်လေသည်။
၎င်းက သဘောရိုးဖြင့် လာရောက်သောခရီးစဥ်တစ်ခုထက် မပိုခဲ့ပေ။
“သူတို့ရဲ့ ခြေတံလက်တံတွေနဲ့ဆို ညီမကလေးတွေကို သေချာပေါက် ရှာတွေ့လိမ့်မယ်။ သူတို့ကို ပြန်တွေ့နိုင်ဖို့ဆိုတာ အချိန်တစ်ခုပဲစောင့်ရမှာဖြစ်တယ်” ဟု မျိုးနွယ်စုခေါင်းဆောင်သည် အနည်းငယ်စိတ်လှုပ်ရှားနေဟန်ရသော သူ၏ညီမအား ထပ်မံ၍ နှစ်သိမ့်လိုက်၏။
အမျိုးသမီးသည် နောက်ဆုံး၌ သူမကလေးများနှင့် ပြန်တွေ့နိုင်မည့် မျှော်လင့်ချက် သေးသေးလေးတစ်ခု ပြန်ရလိုက်သဖြင့် သူမ၏ ပါးပြင်ထက်တွင် မျက်ရည်အချို့ စီးကျလာခဲ့သည်။
မျိုးနွယ်စုခေါင်းဆောင်သည် ရှေ့သို့ တိုးလိုက်ကာ အမျိုးသမီး၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။
မျိုးနွယ်စုခေါင်းဆောင်သည် သူ၏ ညီမဖြစ်သူအပေါ် အမြဲတမ်း အပြစ်ရှိသည်ဟု ခံစားခဲ့ရသည်။
သူသည် အထက်ကမ္ဘာတစ်ခုလုံး၌ စွမ်းအားအကြီးဆုံးဖြစ်ခဲ့သည့် အချိန်ကာလ၌ပင် သူ့ညီမ၏ ကလေးများကို မကယ်တင်နိုင်ခဲ့ပေ။
“အစ်ကို ညီမကို ကတိပေးတယ်။ ညီမရဲ့ ကလေးနှစ်ယောက်ကို မရအရ ရှာပြီး ပြန်ခေါ်လာခဲ့ပေးမယ်။ ပြီးရင် ဒီအရာတွေအားလုံးကျူးလွန်ခဲ့တဲ့ ပုဂ္ဂိုလ်... သူ့အနေနဲ့ ကြီးလေးတဲ့ တန်ဖိုးတစ်ခုကို ပြန်ပေးဆပ်စေရမယ်”
မျိုးနွယ်စုခေါင်းဆောင်သည် သူ၏ မျိုးနွယ်စုတစ်ခုလုံးအား ကြိမ်စာတိုက်ခဲ့သူအား တစ်နေ့နေ့ လက်စားပြန်ချေမည်ဟူသော ရည်ရွယ်ချက်ကြောင့် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင် တောက်လျှောက် သူ၏ အင်အားကို ပြုစုပျိုးထောင်နေခဲ့သည်။
ဘုရင်မျိုးနွယ်စုသည် အထက်ကမ္ဘာနှင့် အချိန်အတော်ကြာ အဆက်အသွယ် ပြတ်တောက်သွားခဲ့သော်လည်း အမှန်မှာ ၎င်းတို့သည် အားနည်းသွား၍ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် ယခင်ထက် များစွာပို၍ပင် ခွန်အားကြီးလာခဲ့ကြပြီ ဖြစ်လေသည်။
#Catfoot