ချိန်မလောက်ငှခြင်း
Vol. 46 Ch. 666
….
“သူမက ထင်ထားသလောက်လဲ မဟုတ်ပါဘူးလေ” ဟု အာရန်သည် မြေပြင်ပေါ်တွင် သတိလစ်နေသော မိန်းကလေးအား ကြည့်၍ပြောလိုက်၏။
ကံကောင်းစွာဖြင့် ဤတိုက်ပွဲအား မည်သူမျှ သတိမထားမိစေရန် အကာအကွယ်လွှာတစ်ခု ပြုလုပ်နိုင်ရန် လုံလောက်သည့်အချိန်ရခဲ့လေသည်။
ထို့ပြင် ဤနေရာသည် ဘုရင်မျိုးနွယ်စုမှ အဆင့်မြင့်သော ကျင့်ကြံသူများ၏ အမှိုက်ပုံကဲ့သို့ နေရာမျိုး ဖြစ်နေသောကြောင့်လည်း တစ်နည်းတစ်ဖုံ အထောက်အကူ ဖြစ်စေခဲ့၏။
အာရန်သည် သူ၏ နတ်ဘုရားအာရုံအား အသုံးပြုကြည့်ပြီးနောက်တွင်ပင် ဤအနီးအနားတွင် အခြားမည်သူ့ကိုမျှ မတွေ့ရပေ။
“ဒီဓားက ဒီလူတွေအပေါ် ငါထင်ထားတာထက်တောင် ပိုပြီး သက်ရောက်မှု ရှိနေသေးတာပဲ။ ဒါက သူတို့ကိုအနိုင်ယူဖို့ သီးသန့် ဖန်တီးပေးထား သလားမှတ်ရတယ်”
အာရန်သည် တိုက်ပွဲ စတင်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် အမျိုးသမီးအား သတိလစ်အောင် ပြုလုပ်ကာ တိုက်ပွဲအား လွယ်ကူစွာ အဆုံးသတ်နိုင်ခဲ့၏။
သူသည် ဓားဧကရာဇ်၏ဓား ဟု ခေါ်ဆိုသော လက်စားချေခြင်းဓားအား သူ၏ ပခုံးရှိ အမှတ်အသားအတွင်းသို့ ပြန်ထည့်ထားလိုက်သည်။
“ကဲ စလိုက်ကြရအောင်”
အာရန်သည် အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် မိန်းကလေးရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကာ သူမ၏ နဖူးအား လက်ညှိုးဖြင့် ထိုးလိုက်သည်။
အာရန်သည် ဤလုပ်ငန်းစဥ်မှာမူ အစောပိုင်းကကဲ့သို့ လွယ်ကူမည်မဟုတ်မှန်း သိနေခဲ့ကာ သတိကြီးကြီးထားပြီးသ သူမ၏ စိတ်ကို ထိမ်းချုပ်နိုင်ရန် ကြိုးစားလိုက်သည်။
သူမသည် တစ်ချိန်က အထက်ကမ္ဘာတစ်ခုလုံးကိုပင် အုပ်စိုးနိုင်ခဲ့သော မျိုးနွယ်စုကြီးတစ်ခု၏ မျိုးနွယ်စုဝင်တစ်ဦး ဖြစ်လေ၏။
သူမအနေနှင့် သတိလစ်မေ့မျောနေသည့်တိုင်အောင် သူမ၏ သိစိတ်ပင်လယ်အား ကျူးကျော်ရန်ကျိုးစားခြင်းမှာ လွယ်ကူသောကိစ္စတော့ မဟုတ်ပေ။
ထို့နောက် အာရန်မျှော်မှန်းထားသည့်အတိုင်းပင် အစောပိုင်း တိုက်ပွဲမှာ စက္ကန့်ပိုင်းမျှသာ ကြာခဲ့သော်လည်း စိတ်ဝိညာဥ်အား ထိန်းချုပ်ရန် ကြိုးစားသည့် တိုက်ပွဲမှာမူ အချိန် အတော်လေး ကြာမြင့်ခဲ့၏။
နစ်ခရိုမန်ဆာမျှော်စင်မှ ဘယ်လက်ရုံးအစောင့်အရှောက်အား ထိန်းချုပ်ရာတွင် အသုံးပြုခဲ့သော မျက်နှာဖုံးကိုပင် ထပ်မံအသုံးပြုလိုက်ရသည်။
သူမ၏ သိစိတ်ပင်လယ်အား အောင်မြင်စွာ ထိန်းချုပ်နိုင်ရန်အတွက် နှစ်နာရီခွဲကျော် နီးပါးအထိ အချိန်ယူခဲ့ရ၏။
အကယ်၍သာ နောက်ထပ်နာရီဝက်လောက် ထပ်ကြာခဲ့မည်ဆိုပါက သူ၏ အစီအစဥ်များအားလုံး ကမောက်ကမ ဖြစ်သွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူ့အနေနှင့် စနစ်မှ နောက်ထပ် သတ်မှတ်ပေးထားသော နေရာသို့ ရွှေ့ပြောင်းရတော့မည် ဖြစ်သောကြောင့်ပင်။
အာရန်သည် သတ်မှတ်နေရာတစ်ခုတွင် အများဆုံး သုံးနာရီခန့်သာ နေနိုင်နိုင်မည်ဖြစ်သည်။
အကယ်၍ သူသည်သာ ဤနေရာတွင် ပိုကြာအောင်နေမိခဲ့ပါက စနစ်၏ အဓိကတာဝန်အား ကျရှုံးအောင်ပြုလုပ်နေသည်နှင့် မခြားဖြစ်သွားပေလိမ့်မည်။
“င့ါမှာ နောက်ထပ်နေရာတစ်ခု ရွှေ့ပြောင်းဖို့အတွက် မိနစ်နှစ်ဆယ်ကျော်လေးပဲ အချိန်ကျန်တော့တယ်။ သူမကို ထိမ်းချုပ်နိုင်ဖို့အတွက်နဲ့ အချိန်တွေ အများကြီး ပေးလိုက်ရတယ်” ဟု အာရန်သည် ဘေးနားရှိ သေတ္တာတစ်လုံးအား မှီရင်းငြီးတွားလိုက်မိ၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ချွေးစေးများဖြင့် ရွှဲနစ်နေပေပြီ။
သူသည် ဤမျိုးနွယ်စုမှ သာမန်အမျိုးသမီးတစ်ဦး၏ သိစိတ်ပင်လယ်အား ထိန်းချုပ်ရန် ကြိုးစားရုံမျှဖြင့်ပင် သူ၏ ခွန်အားများ အားလုံးနီးပါး ကုန်ခမ်းခြောက်လုနီးပါးပင် ဖြစ်သွားခဲ့ရသည်။
“ကဲ အမိရေ ထတော့။ ကျုပ်အနေနဲ့ သွားဖို့ အချိန်တန်ပြီ” ဟု ပြောလိုက်ပြီးနောက် အာရန်သည် ဤကဲ့သို့ အရေးပေါ်အခြေအနေများအတွင်း အသင့်ယူဆောင်လာခဲ့သော သန့်စင် အော်ရာများ ပြည့်နှင်နေသည့် ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။
၎င်းဆေးပုလင်းသည် နှင်းပျိုဖြူနန်းတော်သခင်မ၏ သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူလာခဲ့သော အရာတစ်ခုလည်း ဖြစ်လေသည်။
သူသည် ထိုပစ္စည်းအား ဤမျှ မြန်ဆန်စွာ အသုံးဝင်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
“နောက်ထပ် ပုလင်းနည်းနည်းလောက် ထပ်ယူလာခဲ့ရမှာ” ဟု အာရန်သည် ထိုဆေးအား သောက်သုံးရင်းပြောလိုက်သည်။
ထိုဆေးရည်၏ တစ်ဝက်ခန့်သောက်သုံးရုံဖြင့်ပင် သူ၏ ခွန်အားနှင့် စွမ်းအင်များ အားလုံးပြန်လည် ပြည့်ဝသွားခဲ့၏။
သူ၏ အဆင့်သည် နန်းတော်သခင်မထက် များစွာ နိမ့်ကျနေသေးသည်မှာ ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။
ဤနေရာတွင် နှင်းပျိုဖြူနန်းတော်သခင်မ သာဆိုပါက ပုလင်းတစ်လုံးလုံးကုန်လျှင်ပင် သူမအတွက် လုံလောက်မည် မဟုတ်ပေ။
ထိုအချိန်မှာပင် အစောပိုင်းသတိမေ့နေသော မိန်းကလေးသည် မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။
ထို့နောက် ထရပ်လိုက်ကာ အာရန်အား အရိုအသေပေးကာ သခင် ဟု ခေါ်လိုက်၏။
“မင်းမှာ ဝတ်ဖို့ အဝတ်အပိုတွေ ရှိသေးလား” ဟု အာရန်သည်အနည်းငယ် ပြုံးရင်း မေးလိုက်သည်။
အစောပိုင်း တိုက်ပွဲသည် တိုတောင်းသော်လည်း သူမ၏ အပေါ်ပိုင်း အဝတ်အများစုမှာ စုတ်ပြဲသွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများကို ဖော်ပြပေးလျက်ရှိ၏။
သူမ၏ ခန္ဓာကိုယ်ဒဏ်ရာများသည် တအောင့်အကြာတွင် ပြန်လည် သက်သာသွားခဲ့သော်လည်း အစောပိုင်းကကဲ့သို့ သူမ၏ အဝတ်အစားများမှာမူ ပြန်လည်ကောင်းမွန်သွားခြင်းမရှိခဲ့ချေ။
ထိုမိန်းကလေးသည် အာရန်အား ခေါင်းညိတ်ပြလိုက်ပြီး သူမ၏လက်ကို ဝှေ့ယမ်းကာ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ စုတ်ပြဲနေသော အဝတ်အစား အကြွင်းအကျန်များအားလုံးကို ဖယ်ရှားပစ်လိုက်သည်။
သူမသည် အာရန်၏ ရှေ့တွင်ပင် အနည်းငယ်မျှ ရှက်ရွံ့နေမှု မရှိခဲ့ပေ။
“သူမကို ထိန်းချုပ်လိုက်တာက သူမရဲ့ ဉာဏ်ရည်ကို နိမ့်ကျမသွားစေဘူးဆိုတာ သေချာပါတယ်။ ဒါမှမဟုတ် သူမက ငါ့ကို ယောက်ျားတစ်ယောက်လို့တောင် မမြင်တော့လို့လား....” ဟု အာရန်သည် သူမ၏ ရုတ်တရက်အပြုအမူအတွက် အနည်းငယ် အံ့အားသင့်စွာဖြင့် တီးတိုးရေရွတ်လိုက်မိ၏။
သူမသည် အလျှင်အမြန်ပင် အစောပိုင်းကနှင့် လုံးဝနီးပါး ထပ်တူညီသော ဝတ်စုံသစ်တစ်ထည်ကို လဲလှည် ဝတ်ဆင်လိုက်၏။
“ခဏလေး မင်းမှာ ဝတ်စုံအပိုတွေ ထပ်ရှိသေးလား။ ဖြစ်နိုင်ရင် ယောက်ျားတစ်ယောက် ဝတ်လို့ရမယ့် ဝတ်စုံမျိုးပေ့ါ” ဟု အာရန်မှ မေးလိုက်သည်။
မိန်းကလေးသည် အာရန်အား ခေါင်းယမ်းပြလိုက်သည်။
သူမ၏ အဝတ်အစားများသည် လေ့ကျင့်ခန်းဆင်းရာတွင် မကြာခဏ စုတ်ပြဲလေ့ရှိသောကြောင့် သူမနှင့် ကိုက်ညီမည့် အဝတ်အစားများကိုသာ ဆောင်ထားလေ့ရှိသည်။
သို့သော် အာရန်နှင့် တိုက်ခိုက်စဥ်ကကဲ့သို့ အဆင့်အထိတော့ တစ်ကြိမ်တစ်ခါမျှ မရောက်ခဲ့ဘူးပေ။
သူမတွင် အမျိုးသားတစ်ဦးနှင့် ကိုက်ညီမည့် မျိုးနွယ်စု ဝတ်စုံမျိုး ရှိမနေခဲ့ပေ။ ဤသို့ဖြင့် မျိုးနွယ်စုဝင်တစ်ဦးအဖြစ် ဟန်ဆောင်ရန် အာရန်၏ အကြံအစည်သည်လည်း ပျက်စီးသွားခဲ့ရသည်။
အကယ်၍ သူ့တွင်သာ အချိန်ပိုရပါက အခြားမျိုးနွယ်ဝင် အမျိုးသား တစ်ဦးဦးအား အလစ်ဝင်ရောက် တိုက်ခိုက်ကာ ၎င်းတို့၏ အဝတ်အစားများကို ခိုးယူရန် သူမအား အကူအညီ တောင်းမိလိမ့်မည်။ သို့သော် သူ့တွင် အချိန်မရှိတော့ပေ။
“ကောင်းပြီ။ မင်းမှာရှိတဲ့ ဝတ်စုံပဲ ပေးပါတော့။ ခုလို တွဲရက်ဝတ်စုံတစ်မျိုး လိုချင်တယ်”
ထိုမိန်းကလေးသည် အာရန်၏စကားကြောင့် သူမ၏ ရင်ဘတ်ကို ငုံကြည့်လိုက်သည်။
သူမသည် သူမ၏ အင်္ကျီကြယ်သီးများအား ပြန်ဖြုတ်ရန်ပြင်လိုက်စဥ် အနည်းငယ် စိတ်ရှုပ်ထွေးနေဟန်ပင်။
“မင်းရူးနေလား ကျုပ်က မင်းရဲ့ အခြား အပိုဝတ်စုံတစ်ထည်ကိုလိုချင်တယ်လို့ ပြောနေတာ။ မင်းဝတ်ထားတာတွေ ငါ့ကို ချွတ်ပေးပြီးရင် အပြင်ကို ဒီတိုင်း ကိုယ်လုံးတီးနဲ့ ထွက်မလို့လား”
“သခင် ကျွန်မမှာ ဒီတစ်စုံပဲ ကျန်တော့တယ်”
“မင်း...မင်းမှာ အပိုက ဒီတစ်စုံပဲ ရှိတာလား”
မိန်းကလေးမှ ခေါင်းညိတ်ပြလိုက်သဖြင့် အာရန်သည် သူ၏ နှာဖူးကို ပြန်ပွတ်လိုက်မိ၏။
“အာ...ထားလိုက်ပါတော့”
အာရန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် မိန်းကလေးအား သူသွားရမည့်နေရာကို မြေပုံတစ်ခုဆွဲပြကာ မေးမြန်းလိုက်သည်။
“ဒီနေရာကို မိနစ်နှစ်ဆယ်အတွင်း အမြန်ဆုံးရောက်နိုင်မယ့် နည်းလမ်းတစ်ခုခုရှိရင် ပြောပြနိုင်မလား။ ကျုပ်အနေနဲ့ လူမိမခံရဘဲ အဲ့ဒီနေရာကို သွားရောက်နိုင်မယ့် နည်းလမ်းမျိုး အမှန်တကယ် လိုအပ်နေတယ်”
“ဒီနေရာက...”
မိန်းကလေးသည် သူမ၏ ခေါင်းကို စောင်းငဲ့ကြည့်လိုက်သည်။
“ဒီနေရာကို မိနစ်နှစ်ဆယ်အတွင်း ရောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးထင်တယ်။ အမြန်ဆုံးသွားမယ် ဆိုရင်တောင် မိနစ်လေးဆယ်လောက် အနည်းဆုံးကြာလိမ့်မယ်။ အဲဒီကို လူမိမခံရပဲ သွားဖို့ဆိုရင်တော့.....”
“မိနစ်လေးဆယ်လား။ အဲဒါက အရမ်းကြာလွန်းတယ်။ တခြားရွေးချယ်စရာ မရှိတော့ဘူးလား”
“နောက်ထပ် နည်းလမ်း တစ်ခုတော့ ရှိပါတယ်။ ဒါပေမဲ့ သခင်အနေနဲ့ စွန့်စားရဖို့တော့ လိုလိမ့်မယ်။ ပြီးတော့ အန္တရာယ်လဲများတယ် အဲဒါကြောင့် ကျွန်မ အဲဒါကို စောစောက ထည့်မပြောခဲ့တာ”
“ခုက အရေးပေါ် အခြေအနေဖြစ်နေတဲ့အတွက် အဲဒီအစီအစဉ်နဲ့ပဲ သွားကြတာပေ့ါ။ အဲဒီနည်းလမ်းက ဘာလဲဆိုတာ အမြန်ပြောပြပေးပါ။ ကျုပ် တစ်ခုခု စီစဥ်လိုက်မယ်”
အာရန်သည် မိန်းကလေးဆီမှ ထိုနည်းလမ်းအား ကြားလိုက်သောအခါ ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားခဲ့ရသည်။
ထိုနည်းလမ်းသည် အဖမ်းခံရနိုင်ခြေရှိနေခြင်းမျိုးမဟုတ်ပေ။
ယင်းအစား ကြိမ်းသေ အဖမ်းခံရမည့် နည်းလမ်းမျိုးဖြစ်နေခဲ့၏။
မိနစ်နှစ်ဆယ်အတွင်း အာရန်သွားလိုသော အရပ်သို့ သွားနိုင်ရန် သူမ၏ အစီအစဉ်မှာ အခြားမဟုတ်။
လေသင်္ဘောတစ်စီးအား ခိုးယူရန်သာ ဖြစ်လေသည်။
#Catfoot