တစ္ဆေသင်္ဘောကြီးတစ်စင်း ထွက်ပေါ်လာခြင်း
Vol. 46 Ch. 667
....
ထိုအစီအစဉ်သည် အဓိပ္ပာယ်မရှိဘူးဟု ထင်ရသော်လည်း အာရန်သည် ၎င်းအား စောဒကတက်နိုင်ခြင်းတော့ မရှိခဲ့ပေ။
အချိန်မလောက်မငှ ဖြစ်နေပြီမို့ သူ၌ အခြားရွေးချယ်စရာများ ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။
ထို့နောက်အာရန်သည် မိန်းကလေး၏ အရိပ်အတွင်း၌ ဝင်ရောက်ပုန်းအောင်းလိုက်ကာ သူ၏ နတ်ဘုရားအာရုံမှ တစ်ဆင့် သူမ၏ စိတ်ထဲသို့ တိုက်ရိုက်သတင်းစကားများ ပေးပို့ကာ ညွှန်ကြားလိုက်သည်။
ဤသို့ဖြင့် ဘုရင်မျိုးနွယ်စုမှ မိန်းကလေးသည် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည့် လက္ခဏာများဖြင့် ပြည့်နှက်နေသော အခန်းထဲမှ ထွက်လာခဲ့ကာ အာရန်မှာမူ သူမ၏ အရိပ်အတွင်း၌ ခိုကပ်၍ လိုက်ပါလာခဲ့၏။
အခန်းထဲရှိ သေတ္တာအများစုမှာ ပျက်စီးသွားခဲ့ပြီ သို့မဟုတ် ကြေမွသွားခဲ့ပြီ ဖြစ်သည်။
မျိုးနွယ်စုမှ မိန်းကလေးသည် ရှည်လျားသော စင်္ကြံလမ်းများတစ်လျှောက် အလျင်အမြန်ပင် ပြေးသွားခဲ့သည်။
လမ်းတစ်လျှောက်၌ သူမအား တိုက်ပွဲအချို့တွင် ဝင်ရောက်ယှဉ်ပြိုင်ပေးရန် လေ့ကျင့်ရေးကွင်းများဆီသို့ ဖိတ်ခေါ်သော အခြားသော မျိုးနွယ်ဝင်အချို့နှင့် ကြုံတွေ့ခဲ့ရသည်။
မိန်းကလေးသည် ၎င်းတို့အား လုံးဝငြင်းဆန်ခဲ့သဖြင့် ၎င်းတို့သည် အတော်လေး စိတ်ရှုပ်ထွေးသွားခဲ့ရ၏။
“သူမ ဘာဖြစ်သွားတာလဲ။ အရင်ရက်တွေက တွေ့တိုင်းခုလိုအရင်ဖိတ်ခေါ်တဲ့သူက သူမကိုယ်တိုင်ပဲ မဟုတ်ဘူးလား”
အခြားသော သူမနှင့် လေ့ကျင့်ဘက် မျိုးနွယ်ဝင်များသည် မိန်းကလေး၏ ခပ်သွက်သွက်ထွက်သွားနေမှုအား ရှုပ်ထွေးသော မျက်နှာများဖြင့် စိုက်ကြည့်ရင်း ကျန်ရစ်ခဲ့ကြသည်။
ဤသို့ဖြင့် အာရန်၏ ညွှန်ကြားချက်များအတိုင်း လိုက်နာရင်းဖြင့် မိန်းကလေးသည် ကုန်သည်အစည်းအရုံး၏ သင်္ဘော ရှိရာ ကွင်းပြင်ဆီသို့ အလျင်အမြန် ပြေးသွားခဲ့၏။
ဤသို့ဖြင့် မိနစ်အနည်းငယ်အတွင်း၌ပင် သူမသည် မျိုးနွယ်စုခေါင်းဆောင်၏ နန်းတော်အဝင်ဝဖြစ်သော နေရာသို့ ရောက်ရှိသွားခဲ့သည်။
ကံမကောင်းစွာဖြင့် သူမသည် အနည်းငယ် နောက်ကျသွားခဲ့ပြီဖြစ်သည်။
သူမသည် နန်းတော်ရှေ့တွင် ရပ်လိုက်ပြီး ကောင်းကင်ယံထက်၌ တစ်နေရာသို့ ထွက်ခွာသွားနေသော သင်္ဘောတစ်စီးအား ငေးကြည့်နေခဲ့သည်။
ကုန်သည်အစည်းအရုံး၏ သင်္ဘောသည် ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။
“ကျုပ်တို့ အတွက် တခြားလေသင်္ဘော တစ်စီးစီးကော ရှိနိုင်ဦးမလား” ဟု အာရန်သည် မိန်းကလေးအား မေးလိုက်သည်။
“တစ်စီးတော့ ကျန်သေးတယ် ဒါပေမဲ့ ပြဿနာတော့ရှိတယ်”
“ကျုပ်တို့မှာ ပြဿနာကို စဉ်းစားနေဖို့ အချိန်မရှိတော့ဘူး။ ကျုပ်ကို အဲဒီလေသင်္ဘောဆီ ခေါ်သွားပါ။ ဆယ်မိနစ်လောက်ပဲ အချိန်ရတော့မယ်”
မိန်းကလေးသည် စောဒကမတက်တော့ပဲ အာရန်၏ ညွှန်ကြားချက်အတိုင်း တစ်နေရာသို့ ထက်မံ၍ ပြေးသွားခဲ့သည်။
ထို့နောက် မကြာမီမှာပင် အစောပိုင်း ကုန်သည်အစည်းအရုံး၏ သင်္ဘောထက် ဆယ်ဆခန့် ပိုမိုကြီးမားသော လေသင်္ဘောကြီး တစ်စီးသည် ကောင်းကင်ယံထက်သို့ ပျံတက်သွားခဲ့၏။
ထိုသင်္ဘော အားမြင့်လိုက်ရစဥ်က အာရန်ကိုယ်တိုင်သည်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
၎င်းလေသင်္ဘောသည် ကြီးမားသော မြို့ကြီးတစ်မြို့ကိုပင် ၎င်း၏ အရိပ်ဖြင့် ဖုံးလွှမ်းစေနိုင်လောက်အောင်ကြီးမားလေသည်။
ထိုသင်္ဘော ကောင်းကင်ယံတွင် ထွက်ခွာသွားသည်ကို မြင်လိုက်ရသူတိုင်းသည် အံ့ဩတုန်လှုပ်မှုများစွာဖြင့် ကျန်ရစ်ခဲ့ကြသည်။
“အဲဒါ မျိုးနွယ်စုခေါင်းဆောင်ရဲ့ သီးသန့်သင်္ဘောကြီး မဟုတ်ဘူးလား” ဟူသော မေးခွန်းသည် လူတိုင်း၏ အတွေးများထဲ၌ တစ်ပြိုက်နက် ပေါ်လာခဲ့၏။
၎င်းလေသင်္ဘောသည် ဘုရင်မျိုးနွယ်စု ဤနယ်မြေ၌ စတင်ပိတ်မိခဲ့စဥ်ကတည်းက တစ်ခါမျှ ပျံသန်းခဲ့ခြင်းမရှိတော့သော သင်္ဘောတစ်စီးလည်း ဖြစ်လေသည်။
သို့သော် အတိတ်ကာလတုံးကမူ ၎င်းသည် အလွန်တရာ ခမ်းနားထည်ဝါခဲ့ဖူးလေသည်။
ကံမကောင်းစွာဖြင့် ဤနယ်မြေတွင်မူ ၎င်းသည် ဖုန်မှုန့်များ စုပုံနေသော အလှပြ သင်္ဘောတစ်စင်းအနေနှင့်သာ အချိန်အတော်ကြာ စွန့်ပစ်ထားခံခဲ့ရသည်။
ထိုသင်္ဘောသည် လေထဲတွင် မြန်နှုန်းမြင့် ပျံသန်းနိုင်ရုံသာမက ဟင်းလင်းပြင်ခရီးသွားရာ၌ပင် အသုံးပြုနိုင်စွမ်း ရှိလေသည်။
ထိုသို့ခရီးသွားရာ၌ သင်္ဘောပေါ်ရှိ လူများအား မူးဝေခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများမှပင် ကာကွယ်ပေးနိုင်သေး၏။
ထို့ပြင် ထိုလေသင်္ဘောသည် စွမ်းအင်ဖြည့်တင်းပေးရန်အတွက်ပင် အရင်းအမြစ်များ မလိုအပ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် လိုအပ်သောစွမ်းအင်များကို ပတ်ဝန်းကျင်မှနေ၍ တိုက်ရိုက်စုပ်ယူနိုင်စွမ်းရှိသောကြောင့်ပင်။
ထို့ပြင် ထိုလေသင်္ဘောအား မောင်းနှင်ရန်အတွက် လူများစွာမလိုအပ်ပေ။
လူတစ်ဦးတည်းဖြင့်ပင် ကောင်းစွာ ထိန်းချုပ်မောင်းနှင်နိုင်လေသည်။
ထိုလေသင်္ဘောသည် ကုန်သည်အစည်းအရုံး၏ လေသင်္ဘောနှင့် လုံးဝကွဲပြားသော လမ်းကြောင်းသို့ ထွက်ခွါသွားခြင်းဖြစ်ပြီး မကြာမီမှာပင် အဝေးတစ်နေရာသို့ ထွက်ခွာရင်း ပျောက်ကွယ်သွားတော့သည်။
သို့သော် မျိုးနွယ်စုဝင်များထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုသင်္ဘော အသုံးပြုခြင်းနှင့်ပတ်သတ်၍ မေးခွန်းမထုတ်ခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်မှ ထိုသင်္ဘောအား ခိုးယူမည်ဆိုခြင်းသည် ၎င်းတို့၏ စိတ်ကူး၌ပင် ဖစ်နိုင်ခြေမရှိဟု ယူဆထားကြသောကြောင့်ပင်ဖြစ်သည်။
၎င်းတို့ထင်မှတ်ထားသည်မှာ ဤအရာသည် မျိုးနွယ်စုခေါင်းဆောင်၏ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်ခြင်းသာ ဖြစ်ရမည်ဟုပင်။
ထိုအချိန်၌ မျိုးနွယ်စုခေါင်းဆောင် ကိုယ်တိုင်သည်သာလျှင် ၎င်းက သူနှင့် ဘာမျှမသက်ဆိုင်ကြောင်း သိနိုင်ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် မျိုးနွယ်စုခေါင်းဆောင်သည် သူ၏ မတွေ့တာကြာပြီဖြစ်သော ညီမဖြစ်သူနှင့် စကားစမြည်ပြောရင်းဖြင့် အာရုံနစ်မြုပ်နေခဲ့သောကြောင့် ပြင်ပနယ်မြေရှိ ဖြစ်ရပ်များကို သတိပြုမိခြင်းမရှိခဲ့ချေ။
ဤသို့ဖြင့် လေသင်္ဘောသည် အလိုရှိရာသို့ ရောက်ရှိသွားသောအခါ အာရန်သည် ၎င်းအား သူ၏ စနစ်သိုလှောင်ခန်းအတွင်းသို့ ထည့်သိမ်းထားလိုက်သည်။
ထို့ကြောင့် တစ်စုံတစ်ယောက်မှ ထိုသင်္ဘောကို ရှာဖွေလိုခဲ့လျှင်ပင် ရှာတွေ့နိုင်စရာအကြောင်းမရှိတော့ပေ။
....
ထိုအချိန်မှစ၍ ထူးဆန်းသော ဖြစ်ရပ်များစွာသည် ဘုရင်မျိုးနွယ်စုပိုင် နယ်မြေအတွင်း၌ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်ပွားခဲ့တော့သည်။
သုံးနာရီကြာတိုင်း၌ ခမ်းနားထည်ဝါသော လေသင်္ဘောကြီးတစ်စီးသည် ကောင်းကင်ယံထက်မှ ပျံသန်းထွက်ခွာနေသည်ကို မျိုးနွယ်စုဝင်အချို့ မြင်တွေ့ခဲ့ကြရသော်လည်း အချိန်တခဏအတွင်းမှာပင် ၎င်းမှာ အစအန ရှာမရအောင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်ချည်းသာ ဖြစ်နေ၏။
အစပိုင်းတွင် မည်သူတစ်ဦးတစ်ယောက်မျှ မေးခွန်းမထုတ်မိခဲ့ကြပေ။
သို့သော် အချိန်အချို့ကြာပြီးနောက်တွင်မူ မျိုးနွယ်ဝင်အချို့သည် တစ်စုံတစ်ရာကို စတင်၍ သံသယဝင်လာခဲ့ကြသည်။
အချို့ မျိုးနွယ်စုဝင်များသည်လည်း ၎င်းအား တစ္ဆေသင်္ဘောကြီးဟုပင် ခေါ်ဆိုခဲ့ကြပြီး ၎င်းအား ရှာဖွေရန်ပင် ကြိုးစားလာကြသည်။
ကံမကောင်းစွာဖြင့် ၎င်းတို့ထဲမှ မည်သူကမျှ ထိုလေသင်္ဘောအား အမှီမလိုက်နိုင်ခဲ့ကြပေ။
တစ်ခါတစ်ရံတွင် ၎င်းသည် ပျောက်ကွယ်သွားခဲ့သော နေရာမှပင် ပြန်ပေါ်လာတတ်လေသည်။
အချို့အချိန်များ၌လည်း ၎င်းသည် ပျောက်ကွယ်သွားခဲ့သော နေရာနှင့် ဝေးကွာသောနေရာတစ်ခုတွင် ပြန်ပေါ်လာတတ်လေ၏။
ထိုသင်္ဘောသည် ၎င်းတို့နှင့် တူတူပုန်းတမ်းကစားနေသကဲ့သို့ပင် ဖြစ်နေသည်။
သို့သော် သေချာသည့် အချက်တစ်ချက်မှာ ထိုလေသင်္ဘောသည် သုံးနာရီခန့် ကွာခြားပြီးမှသာ ပြန်ပေါ်လာလေ့ရှိခြင်းပင်။
ထိုလေသင်္ဘောသည် မျိုးနွယ်စုဝင်တစ်ဦး၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့လျှင်ပင် သင်္ဘောသည် ၎င်းတို့ထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သောကြောင့် အမှီလိုက်နိုင်ခြင်းမျိုး မရှိခဲ့ကြပေ။
ဤသို့ဖြင့် ပထမနေ့ကုန်ဆုံးသွားပြီး နောက်ပိုင်းတွင် မျိုးနွယ်စုဝင် အကြီးအကဲများနှင့် တိုက်ရိုက် သွေးမျိုးဆက်ဆံခံသူမျိုးနွယ်ဝင်များသည်ပင် ပူးပေါင်းမှုတစ်ရပ် ပြုလုပ်လိုက်ကြရသည်။
၎င်းတို့သည် မျိုးနွယ်စုခေါင်းဆောင်ကိုပင် ဆက်သွယ်ရန်ကြိုးစားခဲ့ကြကာ ဤကိစ္စမှာ ၎င်းနှင့် သက်ဆိုင်ခြင်းရှိ၊မရှိ မေးမြန်ခဲ့ကြသည်။
“ဟမ် ကျုပ် သင်္ဘောဟုတ်လား”
မျိုးနွယ်စုခေါင်းဆောင်သည် သူ့ ညီမ နေအိမ်မှ နောက်တစ်နေ့ ထွက်ခွာလာသောအခါမှသာလျှင် သူ မရှိသည့်အချိန်၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သိရှိခွင့်ရလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ညီမဖြစ်သူ နေအိမ်၌ ရှိစဥ်က အဆက်အသွယ်အားလုံးကို ဖြတ်တောက်ထားခဲ့သောကြောင့်ပင်။
ထိုလေသင်္ဘောသည် သူ၏ ပိုင်ဆိုင်မှုဖြစ်သောကြောင့် ၎င်းအား သူကိုယ်တိုင် ဆက်သွယ်မှုတစ်ခုပြုလုပ်ကာ ရှာဖွေရန် ကြိုးစားကြည့်လိုက်သည်။
သို့သော်....
“ဟမ် ငါ ဘာမှ အာရုံခံလို့ မရတော့ပါလား”
မျိုးနွယ်စုခေါင်းဆောင်သည် သူ၏ သင်္ဘောအား ရှာဖွေနိုင်ရန် ၎င်း၏ သိစိတ်အာရုံအား မျိုးနွယ်စု နယ်မြေတစ်ခုလုံးအထိပါ လွှမ်းခြုံထားလိုက်သည်။
ထိုမျှ ကြီးမားသော သင်္ဘောတစ်စင်းအား သူ့ထံမှ ဖုံးကွယ်ထားရန်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။
သို့သော် လက်တွေ့တွင်မူ သူသည် ထိုသင်္ဘောအား မည်သည့်နေရာတွင်မျှ အာရုံမခံနိုင်ခဲ့ချေ။
ဒုတိယနေ့တွင်မူ ထိုတစ္ဆေသင်္ဘောအား မည်သူမျှ ထပ်မံမတွေ့ရတော့သော်လည်း အခြားထူးဆန်းသော ဖြစ်ရပ်များတော့ ဆက်လက် ဖြစ်ပွားနေဆဲပင်။
၎င်းက ဘုရင်မျိုးနွယ်၏ သာမန်အဆင့် မျိုးနွယ်စုဝင်များစွာသည် နယ်မြေအသီးသီးမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြခြင်းပင်။
ဤနယ်မြေတွင် ဘာတွေဖြစ်ပျက်နေသည်ကိုပင် မည်သူတစ်ဦးတစ်ယောက်မျှ နားမလည်နိုင်ကြတော့ပေ။
ဤနေရာသို့ ကုန်သည်အစည်းအရုံးမှလူများ ရောက်လာပြီးနောက်မှသာ ဤဖြစ်ရပ်များ စတင်ခဲ့ခြင်းဖြစ်သောကြောင့် ကုန်သည်အစည်းအရုံးအပေါ်ပင် ၎င်းတို့သည် သံသယများဝင်လာခဲ့ကြသေးသည်။
ဤသို့ဖြင့် ကုန်သည်အစည်းအရုံးမှ လူများအား ဖမ်းဆီး စစ်ဆေးခဲ့ကြသော်လည်း မည်သို့မျှ အလုပ်မဖြစ်ခဲ့ပေ။
ကုန်သည်အစည်းအရုံးအား အပြည့်အဝ စောင့်ကြည့်နေခဲ့ကြသော်လည်း ထူးဆန်းသော ဖြစ်ရပ်များသည် ရပ်တန့်မသွားခဲ့ချေ။
ဘုရင်မျိုးနွယ်မှ အရေးပါသည့် အကြီးအကဲများ ကိုယ်တိုင်ပင် ၎င်းတို့ပိုင် နယ်မြေအသီးသီးအား ပိုက်စိတ်တိုက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ရချေ။
ဤသို့ဖြင့် တတိယနေ့သို့ ရောက်ရှိလာခဲ့၏။
အာရန်သည် ဘုရင်နယ်မြေ၏ ပြင်ပနယ်မြေများသို့ ခရီးစဥ်စတင်နေပြီဖြစ်သည်။
အာရန် သူ၏ ကြိုတင်တွက်ဆထားချက်များအရ ဒုတိယနေ့တစ်နေ့လုံးတွင် ထိုသင်္ဘောအား လုံးဝထုတ်မသုံးခဲ့ချေ။
ထို့ပြင် သွားရမည့် နေရာများကို သေခြာအစီအစဥ်ချကာ မှတ်သားထားပြီးဖြစ်သဖြင့် အချိန်သုံးနာရီသည် သူ့အတွက် တစ်နေရာမှတစ်နေရာသို့ ခရီးသွားရန် လုံလောက်သွားခဲ့ပြီဖြစ်၏။
တတိယနေ့ အစတွင် သူသည် အတွင်းပိုင်း နယ်မြေများသို့ ပြန်ရောက်လာခဲ့သည်။
ဤသို့ဖြင့် အာရန်တစ်ယောက် နောက်ထပ် ခရီးဆက်ရန် ရှစ်နေရာခန့်သာ ကျန်ရှိတော့သည်ဖြစ်ရကာ မကြာမှီမှာပင် စနစ်ဆီမှ တာဝန်ကို ပြီးမြောက်နိုင်တော့မည်လည်း ဖြစ်လေသည်။