← Chapters

ကမ္ဘာ၏ အဆုံးသတ်

Vol. 46 Ch. 670

ကမ္ဘာ၏ အဆုံးသတ်

Vol. 46 Ch. 670

...

အများအားဖြင့် စနစ်ဆီမှပေးအပ်ခဲ့သော တာဝန်အများစုသည် အရေးမပါသလို သို့မဟုတ် ဆက်စပ်မှု မရှိသလို ဖြစ်နေတတ်လေသည်။

သို့သော် ၎င်းတို့ကြားတွင် တူညီသော ပုံစံတစ်ခုရှိနေသည်ကိုမူ အာရန်တစ်ယောက် နောက်ပိုင်းတွင် သတိပြုမိလာခဲ့သည်။

စနစ်ဆီမှ တာဝန်များ အားလုံးသည် နောက်ပိုင်း၌ သူ့အတွက် လမ်းညွှန်ချက်များ ဖြစ်နေသည်ဟု ယူဆ၍ ရနိုင်လာခဲ့ကာ သူ့အား မကြာခဏလည်း အကူအညီဖြစ်စေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

ဤတာဝန်များသည် ကျပန်း တာဝန်ပေးချက်များဟု ခေါ်ဆိုရခြင်းထက် စနစ်၏ ဝှက်ထားသော ရည်ရွယ်ချက်ကို ခန့်မှန်းခိုင်းသော မပီမပြင် နိမိတ်ပြမှုများနှင့် ပို၍ တူညီနေခဲ့၏။

အာရန်သည် စနစ်ဆီမှ တာဝန်ကို အပြီးသတ်နိုင်လုနီးပါး ရှိနေပြီဖြစ်သော်လည်း ဘုရင်မျိုးနွယ်စုနှင့်ပတ်သက်၍ အသုံးဝင်သည့်အရာ တစ်စုံတစ်ရာမျှ ရှာမတွေ့သေးချေ။

ထိုမျိုးနွယ်စုသည် အလွန်အင်အားကြီးမားပြီး ရတနာများစွာ ပိုင်ဆိုင်ထားလေသည်။

သူ သွားရောက်ခဲ့သည့် နယ်မြေတစ်ခုချင်းစီအလိုက် ထူးခြားသော ဆေးဖက်ဝင်အပင်များ သို့မဟုတ် သူမမြင်ဘူးသော ထူးဆန်းသည့် ဒဏ္ဏာရီလာ သားရဲကြီးများ လှည့်လည်သွားလာနေခြင်းကဲ့သို့ ထူးခြားသော အရာများ ရှိနေခဲ့ကြသည်ချည်းပင်။

၎င်းတို့သည် အဖိုးတန်သည်မှာ မှန်သော်လည်း ဤနေရာသို့ လာရောက်ခြင်းအတွက် သူ၏ အသက်ကို စွန့်စားရလောက်အောင် ထိုက်တန်သည်ဟုတော့ သူ မထင်မိပေ။

“ဒီနေရာမှာလည်း ဘာမှမရှိဘူးဆိုရင် စနစ်ညွှန်ပြတာ စောစောက သင်္ဘောလို့ပဲ ငါ ယုံကြည်လိုက်ရတော့မယ်ထင်တယ်။ ဒါပေမဲ့ အဲဒါကို နောက်တစ်ကြိမ် ပြန်ခိုးဖို့ကတော့ တော်တော်လေးကို ခက်ခဲလိမ့်မယ်”

....

အာရန်သည် သူ၏ နဖူးကို ပြန်လည်ပွတ်သပ်ရင်း နောက်ဆုံးပုန်းအောင်းရမည့် နယ်မြေထဲသို့ ဝင်ရောက်လိုက်သည်။

သူသည် ထိုနယ်မြေအတွင်းသို့ ခြေတစ်လှမ်းလှမ်းလိုက်မိသည်နှင့် သူ၏ နှလုံးခုန်သံများ ရပ်တန့်သွားသလိုပင် ခံစားလိုက်ရ၏။

ခဏတာအတွင်း သူ၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာတစ်ခုလုံး သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်ဟုပင် ခံစားမိလိုက်သည်။

အာရန်သည် သူ၏ မျက်လုံးကို ပြန်လည် ပွတ်သပ်လိုက်ပြီးမှသာ ပတ်ဝန်းကျင်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။

“ဒီနေရာက ငါ့ကို အာရုံထင်ယောင်ထင်မှားတွေ ဖြစ်အောင် ပြုလုပ်နိုင်တာလား”

အာရန်တစ်ယောက် ထိုထူးဆန်းသော ခံစားချက်ကို အဖြေရှာနေစဥ်မှာပင် နောက်ဆုံး သတ်မှတ်ထားသည့် သုံးနာရီဟူသော အချိန်သည် စတင်ခဲ့ပြီဖြစ်၏။

ဤနေရာတွင် နောက်ထပ် သုံးနာရီတိုင်တိုင် ပုန်းအောင်းနေပြီးပါက သူသည် တစ်ဝက်နယ်မြေ ဆင်းသက်ခြင်းအစွမ်းကို စနစ်ဆီမှ ဆုအဖြစ်ရရှိတော့မည်ဖြစ်ကာ သူ၏ ပွားကိုယ် အား အကူအညီပေးရန်အတွက် တိုက်ကြီးလေးခု ကမ္ဘာသို့ ယာယီပြန်သွားနိုင်တော့မည်လည်း ဖြစ်လေသည်။

“သူတို့ အခြေအနေ ဘယ်လိုရှိလဲ” ဟု အာရန်က ဝိညာဉ်ဘုရင်မအား ဆက်သွယ်၍ မေးမြန်းလိုက်သည်။

ဤနေရာသည် အခြားနေရာများထက် လုံခြုံရေးများစွာ ပိုမို တင်းကျပ်နေသင့်သော်လည်း ဤနေရာအား စောင့်ကြပ်နေသည့် သူတစ်ဦးတစ်ယောက်မျှ မရှိပေ။

အာရန်သည် သတိအနေအထားဖြင့် ပုန်းလျိုးကွယ်လျိုး သွားလာနေခြင်း ဖြစ်သော်လည်း အခြားအတွင်းပိုင်းအခြား နယ်မြေများထက်ပင် ဤဗဟိုနယ်မြေအတွင်း၌ သွားလာရခြင်းက များစွာပိုမို လုံခြုံမှုရှိနေသည်ဟု ခံစားနေရ၏။

“အခြေအနေ မကောင်းဘူး။ သူတို့ နောက်ထပ် သုံးနာရီလောက်တောင် တောင့်ခံထားနိုင်မယ် မထင်ဘူး။ မြို့‌တော် နံရံတွေတောင် ဖောက်ထွင်းခံလိုက်ရပြီ။ ပရောဟိတ်မရဲ့ တပ်သားတွေ သန့်စင်မြို့တော်ထဲကို ဝင်လာနေကြပြီ”

“သန့်စင်ဧကရာဇ်ရဲ့ ညီတော် ကျသွားပြီလား”

အာရန်သည် သူ၏ ပွားကိုယ်အား ကြီးကြီးမားမား မျှော်လင့်ချက် မထားခဲ့ပေ။

သို့သော် သန့်စင်ဧကရာဇ်၏ ညီတော်သည် ရန်သူများအား အချိန်အနည်းငယ် ထပ်မံ၍ ဆွဲဆန့်ပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့်မိခဲ့သည်။

“ဒါပေမဲ့ သူက အဓိက ဇာတ်လိုက်နဲ့ကော ကမ္ဘာကူးလာသူတွေနဲ့ပါ တစ်ချိန်တည်း ရင်ဆိုင်နေရတာလေ။ အရံဇာတ်ကောင်တစ်ကောင်ကို မျှော်လင့်ချက် ကြီးကြီးမားမားထားမိတာ နဲနဲတော့ များလွန်းရာ ကျလိမ့်မယ်”

အာရန်သည် သူ၏ အမြန်နှုန်းကို တိုးမြှင့်လိုက်သည်။

အချိန် သုံးနာရီ မပြည့်မချင်း သူ့အနေနှင့် ဘာမှ လုပ်နိုင်၍ မရနိုင်သော်လည်း ထိုသို့ အမြန်နှုန်းတိုးမြှင့်လိုက်ခြင်းသည် အဓိပ္ပာယ်မဲ့ပြုလုပ်ခြင်းတော့ မဟုတ်ပေ။

“ဧကရာဇ်ရဲ့ ညီတော် ခုချိန်ထိတော့ အသတ်မခံရသေးဘူး။ သူ့ကို မြောက်ပိုင်းတိုက်က ထူးဆန်းတဲ့ လူတစ်ယောက် ဖမ်းဆီးထားတယ်”

ဝိညာဉ်ဘုရင်မယီလန်သည်ပင် ထိုသူအား ထူးဆန်းသည်ဟု ခေါ်ဝေါ်ပါက အာရန်အနေနှ့် ထိုသူ မည်သူမည်ဝါဖြစ်ကြောင်း များများစားစား ခန့်မှန်းရန် မလိုအပ်တော့ပေ။

၎င်းသည် မြောက်ပိုင်းတိုက်ကြီးမှ သူမသိသေးသော ကမ္ဘာကူးပြောင်းလာသူသာ ဖြစ်ပေလိမ့်မည်။

ထိုသူသည် သူ၏ ရန်သူများ သတ်ဖြတ်ခြင်းကို ခံရလေလေ သူသည် ပိုမိုအားကောင်းလာနိုင်လေလေ ဖြစ်သည်။

ထို့ကြောင့် အာရန်မှ ၎င်းပုဂ္ဂိုလ်အား သတ်ရန်မကြိုးစားတော့ရန် သူ၏ ပွားကိုယ်ထံသို့ သတင်းပေးပို့ခဲ့ခြင်း ဖြစ်လေသည်။

ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးသည် အသေမသတ်ဘဲ အနိုင်ယူရန် လိုအပ်လေသည်။ ကံမကောင်းစွာဖြင့် အာရန်တစ်ယောက် အထက်ကမ္ဘာသို့ ရောက်လာပြီးမှသာ ဝိညာဉ်ဘုရင်မနှင့် ဆက်သွယ်နိုင်ခဲ့ခြင်းဖြစ်သဖြင့် ထိုသတင်းအား ပေးပို့နိုင်ခဲ့သော်လည်း အချိန်သည် အတော်လေး နှောင့်နှေးသွားခဲ့ရပြီဖြစ်၏။

'ဘယ်လောက်တောင် ဆိုးဝါးလိုက်သလဲ။ ငါသာ ဒီလိုမှန်းသာကြိုသိခဲ့ရင် ဒီလောက် မြန်မြန် ငရဲဘုံကို မသွားခဲ့ပါဘူး။ ငါ မရှိတဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ တိုက်ကြီးလေးခု ကမ္ဘာတစ်ခုလုံး ဒီလောက် ကစဥ့်ကလျားဖြစ်သွားခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်မှတ်ထားခဲ့မှာလဲ'

မြောက်ပိုင်းတိုက်မှ ကမ္ဘာကူးပြောင်းလာသူသည် အန္တရာယ်ရှိသည်မှာ မှန်သော်လည်း အာရန်အနေနှင့် ၎င်း၏ အကြောင်းကို အနည်းငယ်သာ သိရှိထားခဲ့၏။

အကယ်၍ ထိုသူသည်သာ သူ၏ အစွမ်း၌ မည်သည့် ကန့်သတ်ချက်မျှ မရှိဘူးဆိုပါက သူ၏ သူငယ်ချင်းများကို သူ့အား ပြန်သတ်စေခြင်းဖြင့် နတ်ဘုရားတစ်ပါးအဆင့် ရောက်သည်အထိ ဆက်တိုက်အဆင့်တက်နိုင်လိမ့်မည် မဟုတ်ပါလား...။

ထိုအရာက ၎င်းတွင် ကန့်သတ်ချက်တစ်ခုခု ရှိကိုရှိလိမ့်မည်ဟု အာရန်အား ယုံကြည်သွားစေသည်။

၎င်းကဆိုလိုသည်မှာ သူ၏ အစွမ်းတွင် အကျိုးသက်ရောက်မှုများရှိနိုင်ရန်အတွက် သူ့ထက် ခွန်အားကြီးသော ရန်သူဖြစ်နေရန် သို့မဟုတ် တစ်လလျှင် ပြန်လည်ရှင်သန်နိုင်မှု အကြိမ်အရေအတွက် အကန့်အသတ်ရှိခြင်း စသည်ဖြင့် သတ်မှတ်ချက် တစ်စုံတစ်ရာ ရှိမည်မှာ သေခြာသွားခဲ့သည်။

သို‌သော် ကံမကောင်းစွာဖြင့် အာရန်သည် ထိုတိုက်ကြီးလေးခုကမ္ဘာတွင် ကိုယ်တိုင် သွားရောက်နိုင်ခြင်းမရှိချေ။

အာရန်အနေနှင့် အထက်ကမ္ဘာတွင် ပိတ်မိနေစဉ်၌ သူ၏ သီအိုရီများအား စမ်းသပ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

....

“ဒါက သင်္ချိုင်းကုန်းတစ်ခုလား”

အာရန်တစ်‌ယောက် ပြေးလွှားရင်း အတွေးများနေစဥ်၌ပင် ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုများအား သတိပြုမိလိုက်သည်။

သူသည် အတန်းလိုက် ရှည်လျားစွာ စီတန်းထားသော သင်္ချိုင်းဂူ ကျောက်တိုင်ကြီးများကို မြင်တွေ့နေရပြီဖြစ်၏။

သူ၏ မျက်စိတစ်ဆုံး မြင်နေရသည့် အရပ်မျက်နှာတိုင်း၌ သင်္ချိုင်းဂူ ကျောက်တိုင်များသာ ရှိနေခဲ့သည်။

ထိုသင်္ချိုင်းဂူကျောက်တိုင် တစ်ခုစီတိုင်းတွင် လူနာမည်နှင့် နံပါတ်တစ်ခုစီအား ရေးထွင်းထားလေသည်။

“ဒီနေရာမှာ အစောင့်တွေ မရှိတာ အံ့သြစရာ မရှိတော့ဘူး။ ဘယ်သူကများ သင်္ချိုင်းကုန်ကနေ တစ်စုံတစ်ရာ ခိုးဖို့ ကြံစည်ချင်မှာလဲ”

အာရန်သည် ဤနောက်ဆုံးနယ်မြေတွင် အသုံးဝင်သည့် တစ်စုံတစ်ရာ ရရှိမည်ဟု မျှော်လင့်ထားခဲ့သော်လည်း သူ ထင်မှတ်ထားသကဲ့သို့ မဖြစ်နိုင်တော့ကြောင်း သဘောပေါက်လိုက်သည်။

“ဒါပေမဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေမှာ တန်ဖိုးတစ်ခုတော့ရှိနေတုန်းပဲ။ လိုက်ဆန်ဒါအသုံးပြုခဲ့တဲ့ အထူးနည်းလမ်းတစ်မျိုးနဲ့သာ သူတို့ကို ပြန်အသက်သွင်းနိုင်ရင်...”

အာရန်သည် ခဏတာမျှ စဉ်းစားလိုက်ပြီးနောက် ထိုအတွေးကို ချက်ချင်း ပယ်ဖျက်လိုက်သည်။

“မဖြစ်နိုင်ဘူး။ ထရီဆာ အတွက်တောင်မှ ဒီလောက် စတေးမှုတွေ အများကြီး လိုအပ်ခဲ့သေးတာ။ အင်မော်တယ်အဆင့် ဘုရင်မျိုးနွယ်စုရဲ့ ဘိုးဘေးတစ်ဦးကို အသက်ပြန်သွင်းဖို့ဆိုရင် အထက်ကမ္ဘာက တိုက်ကြီးတစ်ခုလုံးကိုတောင် စတေးရင် စတေးရနိုင်တယ်”

“ဒါပေမဲ့ နမူနာအနေနဲ့ အလောင်းတစ်လောင်းလောက်တော့ ယူသွားသင့်တယ် ထင်တယ်။ နောင်တချိန်မှာ စနစ်က ငါ့ကို စွမ်းအင်အသစ်တစ်ခုခု ပေးလာခဲ့ရင် ဒီက ပြီးပြည့်စုံတဲ့ ရုပ်အလောင်းတစ်ခု မယူသွားခဲ့မိလို့ဆိုပြီး နောင်တရနေလိမ့်မယ်”

အာရန်သည် ကုန်သည်အစည်းအရုံးနှင့်အတူ ဤနေရာသို့ ဝင်ရောက်နိုင်ခြင်းမှာ ကံကောင်းခြင်းတစ်ခုဟု ပြော၍ရသောကြောင့် ဤတစ်ကြိမ်သည် ဘုရင်မျိုးနွယ်စု နယ်မြေတွင် သူ့အနေနှင့် နောက်ဆုံးရရှိနိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်နိုင်လေသည်။

ထို့ကြောင့် ဤနေရာမှ မထွက်ခွာမီတွင် သူသည် ဘုရင်မျိုးနွယ်စု၏ ဘိုးဘေးတစ်ဦး ရုပ်အလောင်းကို အနည်းဆုံး ယူဆောင်သွားရမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။

“ငါ တစ်ခုပဲယူရမယ်ဆိုရင် အကောင်းဆုံးတစ်ယောက်ကို ရွေးသင့်တယ်”

ဤသို့ဖြင့် အာရန်သည် သင်္ချိုင်းမြေအား ဖြတ်၍ လျှောက်သွားလိုက်သည်။

အာရန်သည် ရာထောင်ချီနေသော သင်္ချိုင်းဂူကျောက်တိုင်များအနက်မှ အထူးခြားဆုံးဖြစ်မည်ထင်သည့် ကျောက်တိုင်တစ်တိုင်အား ရှာဖွေနေခဲ့၏။

နောက်ဆုံးတွင် အခြားကျောက်တိုင်များထက် နှစ်ဆခန့် ပိုမိုကြီးမားသော ကျောက်တိုင်ကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။

“ဒီတစ်ယောက်က အကြမ်းဆုံး ဖြစ်မယ်ထင်တယ်”

၎င်းသည် နောက်ဆုံး သင်္ချိုင်းဂူကျောက်တိုင်တစ်ခုဖြစ်ရုံသာမက ဤနယ်မြေ၏ အဆုံးသတ်နေရာကိုပါ ကိုယ်စားပြုနေသည်။

ဤသင်္ချိုင်းဂူကျောက်တိုင်၏ နောက်ဘက်တွင် ဘာမှ မကျန်တော့ပေ။

၎င်းသည် အနီးသို့ ရောက်သွားသည့် အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ထင်မှတ်ရသော အဖြူရောင်ဟင်းလင်းပြင်ကြီးတစ်ခုနှင့် ဆင်တူလေသည်။

၎င်း သင်္ချိုင်းဂူကျောက်တိုင်၏နောက်ဘက် အဖြူရောင်လင်းလင်းပြင်တွင် မည်သည့် အရာမျှ ထပ်မံရှိနေတော့မည့်ပုံမပေါ်ပဲ ကမ္ဘာကြီး၏ အဆုံးသတ်နေရာတစ်ခုဟုပင် ထင်မှတ်ရသည်။

အာရန်တစ်ယောက် ထိုအဖြူရောင်လင်းလင်းပြင်အား စိုက်ကြည့်မိသောအခါ သူကိုယ်တိုင်ပင် သိမ်မွေ့လွန်းသည့် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားမိလိုက်သည်။

#Catfoot

All Chapters