နှလုံးသားထဲက သံမှို
Vol. 28 Ch. 417
မကောင်းဆိုးဝါးများ၏ ခန္ဓာကိုယ်တွင်းမှ အနက်ရောင်ချည်မျှင်များ တွားသွားထွက်လာကြပြီး ကောင်းမင်နောက် လိုက်ပါလာကြသည်။
“သားရဲ့ မိတ်ဆွေလုပ်နိုင်ခဲ့ပြီ ၊ သူဥမင်ထဲကနေ အသက်ရှင်ရက်ထွက်နိုင်ခဲ့ပြီ “
ကောင်းမင်၏ဖခင်သည် သူ့နောက်ဆုံးမျှော်လင့်ချက်ကို လော်တုန်းထံ ပုံအပ်ထားခဲ့ခြင်းဖြစ်ပြီး လော်တုန်းက သူ့ကို စိတ်မပျက်စေခဲ့ပါချေ။ဘတ်စ်ကားဟွန်းသံသည် တိတ်ဆိတ်နေသောမြို့တော်တစ်လျှောက် ရိုက်ခတ်သွားသည်။ ထူပိန်းနေသော မြူခိုးအတွင်း လမ်းကြောင်းတစ်ခုထွက်ပေါ်လာခဲ့သည်။
“ငါ အရင်က ပေါ့ပေါ့ပါးပါး စိုက်ပျိုးထားခဲ့တဲ့ မျိုးစေ့နှစ်စေ့က ဒီလောက်ထိ အမြန်ကြီးထွားလာပြီး ငါ့ကို ချောက်နက်ထဲက ဆွဲထုတ်ပေးနိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး”
ကောင်းမင် အိုဟောင်းနေသောကော်ရစ်ဒါတံခါးကို ကန်ချလိုက်သည်။သူ့ခေါင်းကိုမော့၍ ယာဉ်မောင်းခန်းထဲမှ လော်တုန်းကို ကြည့်လိုက်သည်။လော်တုန်း၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်နေခဲ့ပြီး စတီယာရင်ဘီးကို တင်းကျပ်စွာဆုပ်ကိုင်ထားလေသည်။ လော်တုန်း၏လက်များတွင် ပြတင်းပေါက်မှန်ကွဲစများ စိုက်ဝင်နေဆဲဖြစ်သည်။ ပြတင်းပေါက်များမှာ ကွဲကြေလျက်ရှိပြီး သွေးအလွှာတစ်ခုကပ်လျက်ရှိသောကြောင့် ဘတ်စ်ကား၏မူရင်းအရောင်ကို မြင်ရခြင်းမရှိတော့ပေ။
အရာအားလုံးသည် လော်တုန်းဖြတ်သန်းခဲ့ရသည့် မလွယ်ကူသောလမ်းခရီးကို သက်သေပြနေခြင်းဖြစ်သည်။ အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို သူပြီးမြောက်နိုင်ခဲ့သည်။ လော်တုန်း ကောင်းမင်ကိုမြင်လိုက်သောအခါ သူ့စိတ်ထဲတွင် မတူညီသောကောင်းမင်မျက်နှာများစွာ ပေါ်လာတော့သည်။သို့သော်လည်း မကြာမီအတွင်း သူ့ရှေ့မှ ထိုကောင်းမင်သည် သူဥမင်ထဲ၌တွေ့ခဲ့ရသော မကောင်းဆိုးဝါးများနှင့် ကွဲပြားနေကြောင်းသူသဘောပေါက်သွားသည်။
“တံခါးဖွင့် ၊ သူက ကောင်းမင်အစစ်ပဲ ၊ ကျွန်မတို့ကလေး အိမ်ရောက်လာပြီ”
ကောင်းမင်၏မိခင်သည် အခြေအနေအား လော်တုန်းနားလည်မှုလွှဲသွားမည် စိုးရိမ်သောကြောင့် အော်ဟစ်လိုက်သည်။သူတို့တွင် လေးဖင့်နေရန် အချိန်မရှိချေ။အနက်ရောင်ချည်မျှင်များ ဖုံးလွှမ်းနေသော မကောင်းဆိုးဝါးများက သူတို့ကို လိုက်မီတော့မည်ဖြစ်သည်။
“ဒါက ကောင်းမင်အစစ်ပေါ့ …”
ကောင်းမင်၏မိဘများထံမှ အတည်ပြုချက်ရလိုက်သောအခါ လော်တုန်းမှာ အော်ငိုမိမတတ်ဖြစ်သွားသည်။သူသည် ကောင်းမင်ကြောင့်ရှင်သန်နိုင်ခဲ့သည်ဖြစ်ရာ သူ့အနီးတွင်ရှိနေခြင်းက လုံခြုံသည်ဟု ခံစားရလေသည်။သံချေးတက်နေသောတံခါးက ပွင့်သွားသည်။တံခါးအဟကြားမှတဆင့် အသွေးအသားများထွက်ကျလာ၏။ကောင်းမင်က သူ့မိဘများနှင့် အမျိုးသမီးသရဲကို ခေါ်၍ ဘတ်စ်ကားပေါ်သို့ တက်လိုက်သည်။သူသည် အတိတ်နတ်ဘုရား၏တံခါးနောက်တွင် ဘတ်စ်ကားစီးခဲ့ဖူးသည်။ယခုတွင်လည်း အနာဂတ်နတ်ဘုရား၏လျှို့ဝှက်ခန်းထဲတွင် တူညီသောဘတ်စ်ကားကို ထပ်စီးရတော့မည်ဖြစ်သည်။ သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ သူ့ပန်းတိုင်သည် အတိတ်မဟုတ်ဘဲ အနာဂတ်ဖြစ်သည်။သူဘတ်စ်ကားပေါ် တက်လာပြီးနောက် မည်သူ့ညွှန်ကြားချက်မှ မပါဘဲသူ့အကြည့်များသည် လော်တုန်းဘေးတွင်ရှိနေသော သားစားကြူးနတ်ဘုရားရုပ်တုဆီသို့ ရောက်သွားခဲ့သည်။
ရုပ်တုတွင် မျက်နှာလေးခုနှင့်လက်ရှစ်ချောင်းရှိသည်။၎င်း၏ ခန္ဓာကိုယ်မှ သိပ်သည်းသောအသားနံ့တစ်ခု ဖြာထွက်လျက်ရှိနေလေသည်။သို့သော်လည်း ၎င်း၏နှလုံးသားသည် သံချောင်းရှည်များဖြင့် ထိုးစိုက်ခြင်းခံထားရလေသည်။
“သားစားကြူးနတ်ဘုရား”
ကောင်းမင်သည် သူ့အတိတ်၏လမ်းကြောင်းကို သူ့သေဆုံးမှုများဖြင့် လမ်းခင်းခဲ့ရသည်။အနာဂတ်လမ်းကြောင်းကိုမူ သူနှင့်သားစားကြူးနတ်ဘုရားတို့ ရေးသားကြလိမ့်မည်ဖြစ်သည်။
“ဒီမူမမှန်မှုထဲက နတ်ဘုရားက ဒီရုပ်တုကို ဥမင်ထဲမှာပိတ်လှောင်ထားခဲ့တာ ၊ အဲ့ဒါက မင်းရဲ့နတ်ဘုရားကို ဝါးမြိုဖို့အဆင့်သင့်ဖြစ်နေပုံရတယ်၊ ဒါပေမယ့် အဲ့ဒါကို ငါအသက်စွန့်ပြီး ပြန်ယူလာခဲ့တယ် “
လော်တုန်းက ဘတ်စ်ကားကို တစ်ချက်ကြည့်လိုက်သည်။
“ရုပ်တုက တခြားသူတွေကိုလည်း ဖိနှိပ်ထားပုံရတယ် ၊ ဘတ်စ်ကားကို ဥမင်ထဲက မောင်းထွက်လာနိုင်ဖို့ သူတို့ကို စတေးခဲ့ရတယ် ၊ သူတို့က သူတို့ရဲ့ ဝိညာဉ်နဲ့ ခန္ဓာကိုယ်တွေကို အသုံးပြုပြီးတော့ ဘတ်စ်ကားပေါ်မှာ သွေးနီရောင်မြို့တစ်မြို့ ရေးဆွဲခဲ့ကြတာ”
“သားစားကြူးနတ်ဘုရားက ညှဉ်းပန်းနှိပ်စက်ခန်းကို ဖွင့်ပေးလိုက်ပြီလား”
ကောင်းမင်က ခေါင်းငြိမ့်လိုက်သည်။ သူက ဘတ်စ်ကားပေါ်ရှိ အခြားအသက်ရှင်ကျန်ရစ်သူ စီတုအန်း၏မိခင်ဘက်သို့ လှည့်လိုက်သည်။
ထိုင်ခုံတိုင်းသည် သွေးများ ဖုံးလွှမ်းနေခဲ့သည်။ စီတုအန်း၏မိခင် ထိုင်ခုံသာ သိပ်မပြောင်းလဲခဲ့ပေ။ သူမက ထိုင်ခုံ၏ကျောဘက်ကို ကိုင်ထားရင်း အလွန်ကြောက်ရွံ့နေလေသည်။
“ခင်ဗျားသား ဘယ်မှာလဲ”
ကောင်းမင်က ပင်ပန်းနေသော အမျိုးသမီးဆီသို့ လျှောက်သွားလိုက်သည်။
စီတုအန်း၏မိခင်က ခေါင်းမော့လိုက်သည်။ သူမက ကောင်းမင်ကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးများက ကောင်းမင်၏မိဘများနှင့် သူတို့၏ ထူးခြားသည့် ‘ချွေးမ’ ဆီသို့ ရွေ့လျားသွားသည်။
ကံကြမ္မာ၏မျဉ်းကြောင်းများမှာ ရောထွေးနေလေသည်။ သူမ စီတုအန်းအတွက် အသည်းအသန် တောင့်တခဲ့ရသော အနာဂတ်သည် ကောင်းမင်မှတဆင့် အကောင်အထည် ဖြစ်ပေါ်လာခဲ့သည်။ အမှန်တကယ်တော့ သူမသည် စီတုအန်းကို ဟန်ဟိုင်း၏ ငရဲအင်ပါယာဖြစ်လာစေလိုခြင်းမရှိချေ။ သူမသည် သူ့အား စည်းရုံးပြောဆိုခဲ့သော်လည်း သူမ၏သားကို ရပ်တန့်နိုင်ခြင်း မရှိတော့ပေ။
“ခင်ဗျား မပြောဘူးပေါ့ ၊ သူက ညှဉ်းပန်းနှိပ်စက်ခန်းကနေ ခေါ်ထုတ်ခံသွားရပြီလို့ ထင်တယ်နော် ၊ အတိတ်နတ်ဘုရားနဲ့ အနာဂတ်နတ်ဘုရား နှစ်ပါးလုံးက အနက်ရောင်ရေကန်ကနေ လာကြတာ ၊ သူတို့ကို စီတုအန်းနဲ့ လုဇန်တို့က စုဆောင်းထားခဲ့တာပဲ ၊ သူတို့က စီတုအန်းရဲ့ အရန်အစီအစဉ်တစ်ခုပဲ မဟုတ်လား”
ကောင်းမင်၏ခန္ဓာကိုယ်သည် ဘတ်စ်ကားနှင့်အတူ တုန်ခါသွားသည်။ မကောင်းဆိုးဝါးများကို ရှောင်ရှားရန် လော်တုန်းက ဘတ်စ်ကားကို ပြန်နိုးလိုက်သည်။
စီတုအန်း၏မိခင်က ခေါင်းကိုသာတွင်တွင်ငုံ့ထားသောကြောင့် ကောင်းမင် သူမကို ဖိအားမပေးတော့ပေ။
“စီတုအန်း ဘာလုပ်ခဲ့လဲဆိုတာ ခင်ဗျားအသိဆုံးပါ ၊ သူ့ကို အပြစ်ပေးဖို့ လိုတယ် ၊ ခင်ဗျားဖြစ်စေ ကျွန်တော်ဖြစ်စေ သူ့နစ်နာသူတွေကိုယ်စား ခွင့်လွှတ်ပေးပိုင်ခွင့် မရှိဘူး”
ကောင်းမင်က လှည့်လိုက်သည်။
“နောက်ပြီး ကျွန်တော် ဒါကိုလည်း ခင်ဗျားကိုပြောထားရမယ် ၊ ကျွန်တော်သေသွားရင် သူလည်း ပျက်စီးသွားမှာပဲ”
စီတုအန်း ညှဉ်းပန်းနှိပ်စက်ခန်းထဲ ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ ကောင်းမင်အား လုံးဝခါထုတ်နိုင်ခြင်း မရှိတော့ပေ။ သူ ကောင်းမင်ကို သတ်လိုက်လျှင်ပင် သူသေဆုံးသွားမည်ဖြစ်ပြီး ကောင်းမင်နှင့်အတူ သံသရာစက်ဝန်းကို ပြန်လည်စတင်ရမည်ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်ခန်းသည် ကံကြမ္မာ၏ မျက်ကွယ်နေရာဖြစ်သည်။ အကျဉ်းသားအားလုံးသည် ကောင်းမင်၏အစိတ်အပိုင်းဖြစ်လာခဲ့ခြင်းဖြစ်သည်။
စီတုအန်း၏မိခင်က တုန်ယင်သွားပြီး သူမ၏ခေါင်းကို ပိုငုံ့ချလိုက်သည်။
ကောင်းမင် ခေါင်းကိုက်နေခဲ့သည်။ ဤအခြေအနေမျိုးတွင် စီတုအန်း ထွက်ပြေးသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ထိုလူ ပိတ်လှောင်ခံရသောအခါ နတ်ဘုရားနှစ်ပါးနှင့် ပတ်သက်သည့် မည်သည့်ကိစ္စကိုမျှ မပြောပြခဲ့ပေ။ တကယ်တမ်းတွင် သူသည် ဤနတ်ဘုရားရုပ်တုနှစ်ခုမှ ကောင်းမင်ကိုအာရုံလွှဲထားရန် အခြားအချက်အလက်များစွာကို ထုတ်ဖော်ခဲ့သေးသည်။
“ဒီလူက စုံစမ်းစစ်ဆေးရေးဌာနထက် အများကြီး ရှေ့ရောက်နေပုံရတယ် ၊ သူ သေပြီးနောက်မှာတောင်မှ စုံစမ်းစစ်ဆေးရေးဌာနရဲ့ ညစ်ပတ်တဲ့အမှိုက်သရိုက်တွေကို ထုတ်ဖော်ခဲ့ပြီး သူ့ကိုယ်သူ သူရဲကောင်းတစ်ယောက်ဖြစ်အောင် လုပ်ခဲ့တယ် ၊ သူက ဌာနချုပ်အပေါ် ရေပုတ်တွေ လောင်းချခဲ့ပြီး စုံစမ်းစစ်ဆေးရေးဌာနနဲ့ သာမန်ပြည်သူတွေကြားက ပဋိပက္ခကိုမီးစာထိုးပေးခဲ့တယ် ၊ အဲ့ဒီအချိန်မှာ ငါ့လိုခြောက်ခြားဂိမ်းကစားသမားတွေ ပေါ်လာခဲ့မယ်ဆိုရင် ငါတို့က ဌာနချုပ်ရဲ့ ပစ်မှတ်ဖြစ်လာမှာ အသေအချာပဲ ၊ ဌာနချုပ်က ငါ့ကို မူမမှန်ဖြစ်ရပ်တွေထဲ ပို့ဖို့ နည်းလမ်းမျိုးစုံရှာတာ ဒါမှမဟုတ်…”
ကောင်းမင်က သူ့အား လီစန်းဆေးရုံသို့ ဆွဲဆောင်ခဲ့သူမှာ စီတုအန်းဖြစ်ကြောင်း သတိရမိသည်။ ရွှံ့ရုပ်တုအားလုံးကို လွှတ်ပေးခြင်းက စီတုအန်း၏အစီအစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်လေသည်။
ထိုလူယုတ်မာ၏ကြောက်စရာအကောင်းဆုံးအပိုင်းမှာ သူ၏အစစ်အမှန်အစီအစဉ်က ဘာလဲဆိုတာ သင်ဘယ်တော့မှ သိမည်မဟုတ်ခြင်းပင်။
“ဒီလိုဆိုတော့လဲ နှိုင်းယှဉ်ကြည့်ရင် ဆရာ့ရှကအပြစ်ကင်းစင်လိုက်တာ”
သွေးနီရောင်မြို့တော်၏ ရွေးချယ်ခံများထဲတွင် ရှရန်သည်ကြင်နာသောဘက်တွင် ရှိပေသည်။
ဘတ်စ်ကားသည် အတိတ်မှဝေးရာသို့ ရွေ့လျားသွားသည်။ အနာဂတ်သည် အမည်မသိအရာတစ်ခုဖြစ်သည်။ အန္တရာယ်ရောက်လာပြီဖြစ်ရာ လော်တုန်းသည် ရှေ့သို့ တိုးသွားဖို့မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ… ရှေ့လမ်းက မြူခိုးတွေနဲ့ ဖုံးလွှမ်းနေရင်တောင်မှပေါ့။
ကောင်းမင် ယာဉ်မောင်းခန်းဆီ ရောက်လာပြီး သားစားကြူးနတ်ဘုရား၏ရုပ်တုကို လှမ်းယူလိုက်သည်။ သူသည် ထိုအခိုက်အတန့်အတွက် အလွန်ကြာမြင့််စွာ စောင့်ဆိုင်းခဲ့ရသည်။
ဤတစ်ကြိမ်တွင် သူသည် စုံစမ်းစစ်ဆေးရေးဌာန၏ လျှို့ဝှက်ကြံစည်မှုကို ဖော်ထုတ်ရန် မူမမှန်ဖြစ်ရပ်ထဲသို့ စောစောဝင်ရောက်ခဲ့သည်။ သို့သော်လည်း ရွှံ့ရုပ်တုနှစ်ခုက သူ့ကို ချောင်းမြောင်းတိုက်ခိုက်ရန် အဆင်သင့်စောင့်နေခဲ့ကြသည်။ သို့သော် ၎င်းတို့သည် သူ့အား တိုက်ရိုက်သတ်ဖြတ်ရန် မအောင်မြင်ခဲ့ဘဲ အဆုံးမဲ့သောအစိတ်အပိုင်းများအဖြစ် သူ့ကို ပိုင်းခြားပစ်ခဲ့ကြသည်။ ဖြစ်စဉ်မှာ အလွန်နာကျင်ဖွယ်ကောင်းသော်လည်း ကောင်းမင် ရှင်သန်နိုင်ခဲ့သည်။
သူ၏လက်ချောင်းထိပ်က ရုပ်တုကို ထိတွေ့လိုက်သည်။ မျက်နှာလေးခုက မျက်လုံးဖွင့်လာပြီး ကောင်းမင်ကို ကြည့်လိုက်ကြသည်။
ထိတွေ့မိလိုက်သည်နှင့်တစ်ပြိုင်နက် ရုပ်တု၏ရင်ဘတ်ထဲရှိ သံမှိုစွဲနေသောနှလုံးသားက ရုတ်တရက် ခုန်လိုက်လေသည်။
“ဒီသံချောင်းတွေကို ငါတစ်ယောက်တည်းပဲ မင်းကို ကူဖယ်ပေးနိုင်လိမ့်မယ်လို့ ထင်တယ်နော်”