အဓိကလူ
Vol. 28 Ch. 418
သားစားကြူးနတ်ဘုရား၏ ခေါ်ဆိုမှုသည် အရင်က ဤမျှမပြင်းထန်ခဲ့ပေ။သူတို့သည် ဒင်္ဂါးတစ်ခု၏ ခေါင်းနှင့်ပန်းကဲ့သို့ ဖြစ်သည်။မည်သူကမှ ပိုသန်မာနေခြင်း သို့မဟုတ် ပိုစွမ်းအားကြီးနေခြင်း မရှိချေ။
“ခန္ဓာကိုယ်နဲ့ ဝိညာဉ်ဟာ အခက်အခဲတွေကို အတူတူရင်ဆိုင်မှရမယ် ၊ ငါတို့နှစ်ယောက်လုံး ချောက်နက်ထဲနစ်မြှုပ်သွားတာမျိုး ၊ တာဝန်ကို ရှောင်ရှားတာမျိုးလုပ်လို့မရဘူး”
ကောင်းမင်သည် နှလုံးသားထဲရှိ သံချောင်းများက မည်မျှအန္တရာယ်များကြောင်းသိသော်လည်း ရုပ်တုကို သူ့လက်နှစ်ဖက်ဖြင့် ကောက်ယူလိုက်ဆဲဖြစ်ပြီး ယင်းကို သူ့ရင်ဘတ်တွင် ကပ်လိုက်လေသည်။ယင်းသည် ကောင်းမင်အတွက် သားစားကြူးနတ်ထံမှ လွတ်မြောက်နိုင်မည့်အခွင့်အရေးတစ်ခုဖြစ်သော်လည်း သူထိုသို့ မလုပ်ခဲ့ချေ။ ပိုမိုဝေးကွာသော အကွာအဝေးတစ်ခုသို့ ရောက်ရှိရန်အတွက် သားစားကြူးနတ်ဘုရား၏စွမ်းအားကို သူလိုအပ်သည်။
ဘတ်စ်ကားသည် မြူထုကြားထဲ တရကြမ်းတိုးဝင်နေလေသည်။ ဟိန်းဟောက်ညည်းညူသံများကလည်း နေရာအနှံ့ပင်။မည်သည့်ဦးတည်ရာနေရာမှ လုံခြုံခြင်းမရှိပေ။ လော်တုန်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရှေ့သို့ ဆက်လက်မောင်းနှင်နေရန်နှင့် မရပ်တန့်ရန်ဖြစ်သည်။
“ထာဝရဘဝအိမ်ရာမှာ မင်းရဲ့ပန်းတိုင်ကို ငါမြင်ခဲ့ရတယ် ၊ မင်းက မင်းရဲ့အဘွားအိမ်မှာ ပိတ်မိနေခဲ့တာ ၊ မင်းက ဘတ်စ်ကားထဲက နောက်ဆုံးထွက်သွားတဲ့သူဖြစ်ပြီး အဆုံးမှာ ငါအစစ်နဲ့ပေါင်းစည်းခဲ့တယ် “
ကောင်းမင်က ရွှံ့ရုပ်တုကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။
“ငါတို့ဟာ အတိတ်ကို အတူတကွဖြတ်ကျော်ခဲ့ရတယ် ၊ ငါတို့ အနာဂတ်ကိုဆက်သွားနိုင်ဖို့ မင်းငါနဲ့အမြဲရှိနေဖို့ မျှော်လင့်ပါတယ်”
ကောင်းမင်က ရုပ်တုပေါ်မှ သံချောင်းများကို ဆွဲနူတ်လိုက်သည်။ထူးဆန်းသည်က အနက်ရောင်စာလုံးများက သူ့လက်မောင်းဆီသို့ ပိုးကောင်များကဲ့သို့ တွားတက်လာခြင်းပင်။ မြင်ကွင်းမှာ ထူးဆန်းသော်လည်း ကောင်းမင်က ယင်းကို ဂရုမစိုက်ချေ။အနာဂတ်နတ်ဘုရားသည် မရဏဘုံတစ်ခုလုံးကို ဖိနှိပ်ထားရန်လိုအပ်သောကြောင့် ကောင်းမင်ကို ဖြေရှင်းရန် အာရုံများစွာမခွဲထုတ်နိုင်ချေ။
“ငါပိုင်တဲ့အရာတွေကို ဘယ်သူမှ ငါ့ဆီကယူသွားနိုင်မှာမဟုတ်ဘူး”
အနာဂတ်နတ်ဘုရားသည် သားစားကြူးနတ်ကို သိမ်းပိုက်ချင်နေခြင်းဖြစ်သည်။ကောင်းမင်သာ ထာဝရဘဝအိမ်ရာမှ မလွတ်မြောက်လာခဲ့ပါက ၊ လော်တုန်းသာ ဥမင်ထဲဝင်၍ ယဇ်ပလ္လင်ကို မဖျက်ဆီးခဲ့ပါက ၎င်း၏အစီအစဉ်မှာ အောင်မြင်လုနီးပါးဖြစ်နေလောက်ချေပြီ။၎င်း၏ ပါးနပ်လှသောအစီအစဉ်သည် သေးငယ်သောအစိတ်အပိုင်းတစ်ခု၏ ပြဿနာလေးကြောင့် ပျက်စီးသွားစေခဲ့ပြီဖြစ်သည်။ယင်းသည် မိမိကိုယ်ကိုယ်ကို ဖျက်ဆီးလိုက်သည့် ကွင်းဆက်သက်ရောက်မှုတစ်ခုပင်။ သံချောင်းရှည်များအတွင်းမှ ခြောက်ခြားဖွယ်အော်ဟစ်သံများကို ကောင်းမင်ကြားနေရသည်။သို့သော်လည်း သူသည် မည်သည့်ကြောက်ရွံ့မှုမှ မပြသဘဲ ထိုစာလုံးများ သူ့တစ်ကိုယ်လုံးကူးခတ်နေခြင်းကို ခွင့်ပြုထားသည်။
“အနာဂတ်နတ်ဘုရားက ငါနဲ့သားစားကြူးနတ်ဘုရား ပြန်ပေါင်းစည်းသွားမှာကို စိုးရိမ်နေခဲ့တာ ၊ ငါတို့ဟာ တစ်ယောက်ယောက်မပါပဲ ငါတို့ရဲ့ စွမ်းအားအပြည့်အဝကို မထုတ်လွတ်နိုင်ဘူး ၊ ဒီလိုဆိုမှတော့…”
ကောင်းမင်သည် ရဲရဲနီနေသောမျက်လုံးများဖြင့် သူ့မိဘများ၏အထိတ်တလန့်အကြည့်နှင့်အတူ ရုပ်တုကို သူ့နှလုံးအနက်ပိုင်းထဲအထိ ဖိချလိုက်လေသည်။သံချောင်းများက သူ့အရေပြားကို ထိုးဖောက်သွားသည်။ကောင်းမင်သည် ထိုနည်းလမ်းကိုသုံး၍ သားစားကြူးနတ်ဘုရားနှင့် ပေါင်းစည်းလိုက်သည်။သူတို့သွေးများ ရောယှက်သွား၏။ အသားနံ့သည် ဤကမ္ဘာကြီး၏ အပုတ်အသိုးများကို ဆေးကြောလိုက်တော့သည်။
ကောင်းမင်၏ပူနွေးနေသောသွေးများက ကျိန်စာသင့်သံချောင်းများမှတဆင့် ရုပ်တုအတွင်းသို့ စီးဝင်သွားသည်။ နှလုံးသားနှစ်ခုက ထပ်တူညီသောကြိမ်နူန်းဖြင့် ထခုန်သည်။နှလုံးခုန်သံသည် ဗုံသံ သို့မဟုတ် မိုးကြိုးလျှပ်စီးသံနှင့်တူ၏။မျက်နှာလေးခုက တပြိုင်နက်တည်း မြည်ကြွေးလိုက်ကြသည်။ ရုပ်တုအတွင်းရှိ ခြောက်ကပ်နေသောသွေးကြောများက ပူပူနွေးနွေးသွေးများ ပြည့်လျှံသွားသည်။သားစားကြူးနတ်ဘုရားကား သူ့စွမ်းအားကို ပြန်လည်ရရှိခဲ့ချေပြီ။
“ကုန်းစီ”
ကုန်းစီ၏လွှမ်းမိုးခံထားရသော ရှင်ခြင်းမျက်နှာက မျက်လုံးများပြူးကျယ်လာခဲ့သည်။ မျက်နှာလေးခုအနက် သူသာလျှင်ကောင်းမင်စကားကို နားထောင်သူဖြစ်သည်။ကုန်းစီသည် ကောင်းမင်နှင့်ပေါင်းစပ်ရန်အတွက် မိမိကိုယ်မိမိ ဖျက်ဆီးပစ်နိုင်မည့်အန္တရာယ်ကိုပင် စွန့်စားခဲ့သည်။ အကယ်၍ အခြားအချိန်များတွင်ဆိုပါက မျက်နှာသုံးခုသည် ယင်းကိုတားဆီးကြမည်ဖြစ်သည်။ သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ သူတို့ဘာမှ မလုပ်ခဲ့ကြပေ။ရုပ်တု၏အခွံသည် အနာဖေးများကဲ့သို့ ကွာကျသွား၏။ ကောင်းမင်ရင်ဘတ်ရှိ ဒဏ်ရာများထဲသို့ အသားစများ စီးဝင်သွားသည်။ သူတို့၏ခန္ဓာကိုယ်နှစ်ခုကို အနာဂတ်နတ်ဘုရား၏ ကျိန်စာသင့်သံချောင်းများမှတဆင့် ဆက်သွယ်လိုက်ခြင်းဖြစ်သည်။ကောင်းမင်သည် ကျိန်စာနှင့်အမည်မသိအန္တရာယ်များကို ဂရုမစိုက်ချေ။အနာဂတ်နတ်ဘုရားသည်လည်း ကောင်းမင်တစ်ယောက် ဤနည်းလမ်းဖြင့် ကျိန်စာများကို ချေဖျက်ပစ်လိမ့်မည်ဟု မျှော်လင့်ထားခြင်းမရှိခဲ့ပေ။
ကောင်းမင်သည် သားစားကြူးနတ်ဘုရား၏နောက်လိုက်မဟုတ်သော်လည်း နတ်ဘုရား၏ အယုံကြည်ဆုံးနောက်လိုက်များပင် သာမန်လျှံကာပြုလုပ်ရဲမည်မဟုတ်သော ကိစ္စကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ယင်းသည် အကြွင်းမဲ့ယုံကြည်မှုကို ပြသခြင်းဖြစ်သည်။သူ့ရင်ဘတ်မှ ဝေဒနာတစ်ခု ဆောင့်တက်လာ၏။သံချောင်းများက ကောင်းမင်၏အသားကို ထိုးဖောက်နေကြသည်။ ရှိသမျှနာဗ်ကြောတိုင်း နိုးဆွခံနေရသည်။ကျိန်စာများက သူ့ခန္ဓာကိုယ်တစ်လျှောက် တွားတက်လာနေကြသည်။ကောင်းမင်၏ ခန္ဓာကိုယ်သည် နာကျင်မှုကြောင့် အပြင်းအထန်တုန်ယင်နေသော်လည်း သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှား ၊ ရူးသွပ်နေသည့် အပြုံးတစ်ခုရှိနေခဲ့သည်။
သားစားကြူးနတ်ကား ပြန်လည်ပေါင်းစည်းသွားခဲ့ချေပြီ။သူတို့အား ခွဲခြား၍ မရတော့ပေ။ဒီတစ်ကြိမ်တွင် အဓိကလုပ်ဆောင်သူများမှာ ကောင်းမင်နှင့်ကုန်းစီဖြစ်သည်။ ရင်းနှီးနေသော စွမ်းအားခံစားချက်က ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။စိတ်ဝိညာဉ်က အိမ်တစ်လုံးရှာတွေ့လိုက်သည်နှင့် အသားများလျှင်မြန်စွာ စတင်ကြီးထွားလာတော့သည်။
ကောင်းမင်၏ ရဲရဲနီနေသော မျက်လုံးများ ပွင့်ဟလာ၏။သူ့အရေပြားပေါ်တွင် ရုပ်လုံးကြွနေသော သွေးနီရောင်မြို့တော်၏နတ်ဘုရားပုံစံကွက်မှာ ပြီးပြည့်စုံသွားပြီဖြစ်သည်။
“နှိပ်စက်ခန်းကို ဖွင့်လိုက်”
ကံကြမ္မာချိန်းကြိုးများ တချွင်းချွင်းမြည်ဟည်းလာသည်။ကောင်းမင်သည် အသားနှလုံးသားနှင့် နတ်ဘုရားနှလုံးသားနှစ်ခုလုံးကို ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်သည်။ကောင်းမင်ပတ်လည်တွင် သရဲအရိပ်များပေါ်ထွက်လာလေသည်။လက်ရှစ်ချောင်းကလည်း သူ့နောက်ကျောမှ ဆန့်ထွက်လာခဲ့သည်။ညှင်းပန်းနှိပ်စက်ခံထားရသော သားစားကြူးနတ်ဘုရားသည် ညကောင်းကင်ကြီးကို ဆုတ်ဖြဲရန်အသင့်ဖြစ်နေပုံရလေသည်။
သို့သော်လည်း သံချောင်းများကို လုံးဝရှင်းထုတ်မပစ်ရသေးသောကြောင့် သားစားကြူးနတ်ဘုရားသည် ၎င်း၏စွမ်းအားအထွတ်အထိပ်ကို အသုံးမပြုနိုင်သေးချေ။
လျှို့ဝှက်အခန်း ထိန်းသိမ်းထားနိုင်သည်ထက် ကျော်လွန်သွားသောစွမ်းအားကြောင့် မြို့တော်မှာ ပြိုကွဲပျက်စီးသွားခဲ့သည်။မြူခိုးများ လွင့်ပြယ်သွားပြီး မြို့တော်၏အစစ်အမှန်ပုံရိပ်ကို ဖော်ထုတ်လိုက်လေသည်။
နေရာသည် တိတ်ဆိတ်နေ၏။အတိတ်နတ်ဘုရားနှင့်အနာဂတ်နတ်ဘုရားတို့၏ နောက်လိုက်များ နေရာအနှံ့ရှိနေလေသည်။သူတို့သည် ရပ်ကွက်နှစ်ခုတွင်နေထိုင်ခဲ့ကြသော နေထိုင်သူများဖြစ်သည်။သို့သော်လည်း သူတို့သည် ကံကြမ္မာကိုထုတ်လုပ်ပေးရန် မွေးမြူထားသောတိရိစ္ဆာန်များအဖြစ် ပြောင်းလဲခံလိုက်ရပြီဖြစ်သည်။
သူတို့သည်မျက်လုံးများမှိတ်၍ ထောင့်များတွင် ထိုင်လျက်၊လဲလျက် ရှိနေကြသည်။သူတို့သည် သူတို့၏ကိုယ်ပိုင်အနာဂတ်ထဲတွင် ငိုလျက်ပြုံးလျက်ရှိနေကြသည်။သူတို့ထံမှ အဆိုးရွားဆုံးအနာဂတ်ကို ကိုယ်စားပြုသော အနက်ရောင်လိုင်းများကြီးထွားနေကြလေသည်။ ထိုလိုင်းများသည် သူတို့၏လည်ပင်းတဝိုက်တွင် ရစ်ပတ်လျက် သူတို့၏အရာအားလုံးကို စုပ်ယူနေကြသည်။
“ဒါက နတ်ဘုရားနောက်လိုက်တွေရဲ့ အဆုံးသတ်လား”
ကောင်းမင် သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားသည်။ချွန်ထက်သောသံချောင်းများက သူနှင့်သားစားကြူးနတ်ဘုရားတို့၏ နှလုံးသားကို ထိုးဖောက်လျက်ရှိသည်။စွမ်းအင်များစွာ အသုံးပြုခြင်းသည် သူတို့၏သက်တမ်းကို ကုန်ဆုံးစေမည်ဖြစ်သည်။သူ အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။တံခါးတိုင်းတွင် နာရီတစ်လုံးစီရှိနေကြသည်။ကောင်းမင်နှင့်သက်ဆိုင်သော နာရီမှာ ပျက်စီးသွားပြီဖြစ်သည်။နာရီမျက်နှာပြင်တွင် သွေးများဖုံးလွှမ်းလျက်ရှိသည်။
“”ငါတို့ ဒီတံခါးကနေ ဖြတ်သွားနိုင်လိမ့်မယ် “
ကောင်းမင်က လော်တုန်း၏ပုခုံးကို ဖိလိုက်သည်။
“အဲဒီလမ်းကိုမောင်း”
အခြားနောက်လိုက်များပေါ်မှ အနက်ရောင်လိုင်းများသည် ဧရာမလှိုင်းလုံးကြီးတစ်ခုအဖြစ် စုဝေးသွားကြသည်။၎င်းတို့သည် ကောင်းမင်အား ထိုနေရာတွင် ထာဝရပိတ်လှောင်ထားချင်နေသည်။ အဖွဲ့နှစ်ဖွဲ့လုံး အချိန်လုနေရတော့သည်။
ကောင်းမင်၏မိဘများမှာ မည်သည့်စကားမှ မဆိုကြပေ။သူတို့သားလေး ကြီးပြင်းလာပြီကို သူတို့သိသွားကြပြီဖြစ်သည်။အမျိုးသမီးသရဲက ရှည်လျားလှသောသူမ၏ခန္ဓာကိုယ်ကိုကိုင်း၍ ပြတင်းပေါက်အပြင်ဘက် ကြည့်လိုက်သည်။သူမသည် ထိုနောက်လိုက်များကြားတွင် သူမမိဘများကို ရှာဖွေလိုနေခြင်းဖြစ်သည်။
“အနာဂတ်နတ်ဘုရားက မင်းကို မင်းရဲ့မိဘတွေနဲ့ ဖိအားပေးချင်တယ်ဆိုရင် သူတို့ကို ဒီမှာချန်ထားခဲ့မှာ မဟုတ်ဘူး”
ကောင်းမင်က သရုပ်ဆောင်နေခြင်းမရှိတော့ပေ။သို့သော်လည်း သရဲမသည် သူမ၏ရွှမ်ဝမ်ဇာတ်ထဲတွင် နစ်မြောနေဆဲဖြစ်ကြောင်း သူသဘောပေါက်မိလိုက်သည်။သူမ၏ အသွင်အပြင်မှလွဲ၍ သူမသည် နာခံတတ်သော ချစ်သူကောင်မလေးပုံစံပေါက်နေလေသည်။
သူမမျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုများထင်ရှားနေခဲ့သည်။သူမ ထိုင်ခုံပေါ်တွင် အကူညီမဲ့စွာထိုင်ချလိုက်သည်။ သူမသည် ကောင်းမင်၏ပုခုံးကို မှီထားချင်သော်လည်း သူမ၏လက်ရှိခန္ဓာကိုယ်ကြောင့် ကောင်းမင်အနားချဉ််းကပ်ဝံ့ခြင်းမရှိ ဖြစ်နေလေသည်။