အခန်း (၁၀၄+၁၀၅)
Vol. 11 Ch. 104+105
Ch-104+105
တိုက်ခတ်နေသည့်လေမှာ တဝေါဝေါဖြင့် သူမနား,နားအော်မြည်နေရာ သူမစိတ်အစဉ်သည်လည်း အဆင်ပြေနေသည်တော့မဟုတ်ရပါပေ။
စူးယွင်သည် တံခါးဝတွင် ရပ်လျက်ပင်တောင့်တင်းသွားရသည်။
ဘယ်လို!
သူမနဲ့စကားပြောမလို့ပေါ့လေ။
ဘာများပြောစရာရှိလို့လဲ။
ဘုရားတရားအကြောင်းလား။
"ဒါ... ဒါကကျွန်မတို့ကြားစကားပြောစရာရောရှိလို့လား"
ကိုရင်လေးမှာ ခေါင်းယမ်း၍
"ကျောင်းထိုင်ဆရာတော်ရဲ့အတွေးတွေကို ကိုယ်တော်တို့တွေ ခန့်မှန်းလို့မရပါဘူး"
"ဒကာမလေးစူး အထဲကိုအရင်ဝင်သွားလိုက်ပါ"
စူးယွင်သည် လက်ထဲရှိဆေးပုလင်းအားပွတ်သပ်နေလိုက်သည်။မည်သို့ပင်ဆိုစေကာမူ သူမ၏ခြေထောက်သည် လုံးဝမကောင်းသေးသော်ငြား စကားစမြည်ပြောရုံသည်ကိစ္စကြီးတစ်ခုမဟုတ်ပေ။
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုရင်လေး"
"အမိတာဘ"
ကိုရင်လေးသည် လက်တစ်ဖက်ဆန့်ထုတ်ကာ အရိုအသေပြုလိုက်သည်။
"ဒကာမလေးစူး ကြွပါ"
အတွင်းပိုင်းအခန်းအပြင်အဆင်သည် ရိုးရှင်းလှသည်။အဓိကခန်းမတွင် ဘုရားရုပ်ပွားတော်တစ်ဆူရှိပြီး ရှေ့တွင်အမွှေးတိုင် သုံးတိုင်ထွန်းထားရာ မွှေးရနံ့သည်အခန်းတစ်ခုလုံး ပျံ့နှံ့နေ၏။
ဘေးတွင်ဖောက်မြင်နေရသည့် အိုးငယ်လေးတစ်လုံးရှိပြီး မီးရှို့ထားသောသစ်သားတုတ်တံများဖြင့် ပြည့်နေသည်။
စူးယွင်သည် ပတ်ဝန်းကျင်ကိုသိပ်မကြည့်ဘဲ ကိုရင်လေးနောက်မှလိုက်ကာ အခန်းထဲသို့ ဝင်လိုက်၏။ကိုရင်လေးသည် လျှောတံခါးအားဖွင့်ကာ
"ကြွပါ"
စူးယွင်သည် ခေါင်းငြိမ့်ပြကာအထဲသို့ လျှောက်သွားလိုက်သည်။
ကျောင်းထိုင်ဆရာတော်သည် အနီရောင်သင်္ကန်းကို ဝတ်ဆင်ထားပြီး ပြင်ဆင်ထားသည့်လက်ဖက်ရည်ဝိုင်းနားတွင် တင်ပလ္လင်ချိတ်ကာထိုင်နေ၏။
ဤနေရာရှိအမွှေးနံ့မှာ ပိုပြင်းလေသည်။ဖြူလွှလွှမီးခိုးငွေ့များသည် လေထဲဝဲပျံ့နေသည်အား စူးယွင်မှမှိန်ပျပျမြင်နေရဆဲဖြစ်သည်။သူမအတွက်တော့ ထိုပြင်းရှရှမွှေးရနံ့မှာ ခံရခက်စေ၏။
သူမသည် နှာခေါင်းရှုံ့လိုက်သော်လည်း အလျင်အမြန်ပြန်လည်ချိန်ညှိလိုက်သည်။သူမသည် လက်အုပ်ချီကာအနည်းငယ် ခါးညွှတ်အရိုအသေပေးပြီး ပြောလိုက်၏။
"အမိတာဘ"
ကျောင်းထိုင်ဆရာတော်သည် မတ်တပ်ရပ်ကာ လက်အုပ်ချီ၍ အရိုအသေပြန်ပြုသည်။
"အမိတာဘ"
"ဒကာမလေးစူးကို ကိုယ်တော်စောင့်နေခဲ့တာကြာပါပြီ"
"ကျွန်မကိုစောင့်နေတယ် ဟုတ်လား"
သူမသည် မျက်လုံးပင့်၍ ဆရာတော်အား ခေါင်းအစခြေအဆုံးအကဲခတ်ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။သူမမှ ဆရာတော်အားတစ်ခါမှမတွေ့ဖူးသည်မှာ အသေအချာပင်။
ခဏလေး!
ဆရာတော်က နောက်ထပ်စူးမိသားစုဝင်များလား။
ဒါမှမဟုတ် မူလပိုင်ရှင်ကိုသိနေတဲ့သူ တစ်ယောက်ယောက်များလား။
ဒါပေမယ့်.....
မဖြစ်နိုင်ပါဘူး တစ်ခုခုတော့လွဲနေသလိုပဲ။ဘာကလွဲနေတာပါလိမ့်။
စူးယွင်သည် ခေါင်းစောင်းကာ အောက်နှုတ်ခမ်းအား ကိုက်လိုက်သည်။ကျောင်းထိုင်ဆရာတော်သည် စူးယွင်မှရပ်နေဆဲဖြစ်သည်ကို သတိပြုမိပြီး ပြောလာ၏။
"ဒကာမရဲ့ ခြေထောက်ဒဏ်ရာရထားတယ်လို့ ကိုယ်တော်ကြားတယ်။အရင်ထိုင်လိုက်ပါဦး"
စူးယွင်သည် ဘယ်ခြေဖြင့်ခြေလှမ်းကျယ်ကျယ်တစ်လှမ်း,လှမ်းကာ ဒဏ်ရာရထားသော ညာခြေအားဆွဲ၍ထိုင်လိုက်သည်။သူမ၏ခြေထောက် နာကျင်နေသဖြင့် ကျောင်းထိုင်ဆရာတော်ကဲ့သို့ တင်ပလ္လင်ချိတ်မထိုင်ဘဲ တင်ပလွှဲထိုင်ကာ စကတ်ရှည်ဖြင့် သူမ၏ခြေကျင်းဝတ်ကိုဖုံးထားလိုက်၏။
"ကျောင်းထိုင်ဆရာတော်ရဲ့ စကားတွေက ဘာကိုဆိုလိုတာလဲဆိုတာမေးပါရစေ"
"လူငယ်တစ်ယောက်ပဲကို အလျင်လိုမနေပါနဲ့။ကိုယ့်ကိုကိုယ် အရင်တည်ငြိမ်အောင် ထားလိုက်ပါဦး"
ကျောင်းထိုင်ဆရာတော်သည် လက်ဖက်ရည်တစ်ခွက်အား သူမဘက်တွန်းပို့ကာ ပြောလာသည်။
"ဒီအေးနေတဲ့လက်ဖက်ရည်က ဒကာမရဲ့စိတ်ကိုတည်ငြိမ်သွားစေပါလိမ့်မယ်။ကိုယ်တော်တို့ ဖြည်းဖြည်းချင်းပြောကြတာပေါ့"
စူးယွင်သည် ရေနွေးခွက်အားအသာကိုင်ကာတစ်ငုံသောက်လိုက်သည်။
"လက်ဖက်ရည်က တစ်ကယ်ကောင်းသားပဲ"
သူမသည် ရေနွေးခွက်အားပြန်ချကာ ဆေးဘူးအားကမ်းပေးလိုက်သည်။
"ဆေးအတွက် ကျေးဇူးတင်ပါတယ် ဆရာတော်"
"ဒဏ်ရာက သက်သာရဲ့လား ဒကာမလေး"
"တော်တော်လေးသက်သာနေပါပြီ"
"ဒါဆို ကောင်းတာပေါ့"
ကျောင်းထိုင်ဆရာတော်သည် ဆေးဘူးအားသူ၏အင်္ကျီလက်အိတ်ထဲ ထည့်လိုက်သည်။
"ဆရာတော်..."
စူးယွင်မှ ကသိကအောက်ဖြစ်နေပုံရသည်ကို သတိပြုမိပြီးကျောင်းထိုင်ဆရာတော်သည် သင်္ကန်းအား သပ်သပ်ရပ်ရပ်ပြင်ဆင်ကာ ပြောလာသည်။
"ဇာတ်လမ်းတစ်ပုဒ် ပြောပြပါရစေ"
"ပြောပါ ဆရာတော်"
စူးယွင်သည် နားထောင်ပေးတတ်သူတစ်ဦးဖြစ်သည်။သူမ၌ အထူးတလည် စိတ်ဝင်စားမှုမရှိလျှင်ပင် သူတစ်ပါး၏စိတ်အားထက်သန်မှုကို ဘယ်တော့မှ အနှောင့်အယှက်ပြုမည်မဟုတ်ပေ။
"လွန်ခဲ့တဲ့နှစ်တွေမှာ ငယ်ငယ်ကတည်းက ချစ်ကြိုက်ခဲ့ကြတဲ့ ချစ်သူစုံတွဲတစ်တွဲရှိခဲ့ဖူးတယ်။သူတို့ကအတူတူကြီးပြင်းလာခဲ့ပြီး ဒီအတိုင်းပဲထာဝရရှိနေလိမ့်မယ်လို့ထင်ခဲ့ကြပေမယ့် တစ်နေ့မှာတော့....."
ကျောင်းထိုင်ဆရာတော်သည် ရုတ်တရက် ရပ်တန့်သွားပြီးခေါင်းငုံ့ကာ ဆက်ပြောမလာတော့ပေ။
"နောက်ဆုံးမှာ ဘာဖြစ်သွားတာလဲ"
စူးယွင်မှ မေးလိုက်သည်။
ကျောင်းထိုင်ဆရာတော်သည် အဝေးကိုစိုက်ကြည့်နေပြီး သူ့မျက်လုံးများသည်ကြည်လင်နေလေသည်။သူ့လေသံသည် တည်ငြိမ်နေသော်လည်း ဝမ်းနည်းမှုတို့ရောယှက်နေ၏။
"တစ်ဦးက ထာဝရအိပ်စက်ခြင်းထဲကျရောက်သွားပြီး ကျန်တစ်ဦးကတော့ အမြဲတမ်းအစိမ်းရောင်အလင်းနဲ့အတူ ကျန်ရစ်ခဲ့တယ်"
"အဲ့ဒီနှစ်ယောက်က အကြီးအကဲထန်နဲ့အကြီးအကဲကျန်းတို့လား"
"ဒကာမလေး သိတယ်ပေါ့"
ကျောင်းထိုင်ဆရာတော်သည် ဖွဖွလေးပြုံးပြလာသည်။
"ဟုတ်ပါတယ်လေ ဒကာမလေးကကုန်သည်အဖွဲ့အစည်းကလူဆိုတော့ သိထားတာပုံမှန်ပါပဲ"
"ကျွန်မက မတော်တဆသိလိုက်ရတာပါ"
စူးယွင်မှာထိုသို့ပြောပြီး သူမ၏ လက်ချောင်းများအား အသာပွတ်သပ်နေလိုက်သည်။သူမသည် တိုးလျလျလေသံဖြင့်မေးလိုက်၏။
"သူတို့နဲ့ ဆရာတော်ကဘယ်လိုပတ်သက်မှုရှိလို့ပါလဲ"
"ဒါမှမဟုတ် ဆရာတော်ကအကြီးအကဲထန်လို့ခေါ်တဲ့ ထန်ဖူယွင်လား"
စူးယွင်သည် ဆရာတော်ထံမျက်လုံးပင့်ကြည့်ကာ သူမအကြည့်ထဲတွင် ယုံကြည်မှုအပြည့်ရှိနေ၏။
ဤအရာသည် မြို့တော်တွင်လျှို့ဝှက်စွာထိန်းသိမ်းထားသော လျှို့ဝှက်ချက်ဖြစ်ပြီး လူအနည်းငယ်ကသာသိထားလေသည်။ရှောက်ချီပင်လျှင် သူမ၏မိခင်မှာရှဲ့မိသားစု၏ဝါရင့်ပန်းထိုးသမား ဖြစ်ခဲ့သောကြောင့်သာ သိခဲ့ရခြင်းပင်။
သို့သော် ဇာတ်လမ်းလေး၏အဆုံးသတ်မှာမပြည့်စုံခဲ့ပေ။
ကျောင်းထိုင်ဆရာတော်၏ဇာတ်လမ်းမှာ ဤတစ်ကြိမ်တွင် ပိုရှည်လာပြီး အသေးစိတ်အချက်အလက်များပိုမိုပါဝင်လာသည်။
နားထောင်သူကို ဇာတ်လမ်းအားလေ့လာနေသည်ဟုမခံစားရစေဘဲ သက်သေတစ်ခုဖြစ်သွားရသလိုခံစားရစေ၏။
ကျောင်းထိုင်ဆရာတော်သည် သူမထံတိုက်ရိုက်ပြန်မဖြေခဲ့ပေ။
"ထန်ဖူယွင်ဆိုတာ မရှိတော့ပါဘူး။အခုဆရာတော်က......စန်းဟွေ့ပဲ"
သူ၏ဘွဲ့တော်မှာ အတိတ်အားဖြန့်ကျက်ရန်နှင့် နောင်တအားဖယ်ရှားရန်ဟု အဓိပ္ပာယ်ရသည့် စန်းဟွေ့ဖြစ်သည်။
စူးယွင်သည် ဒေါသထွက်သွားမိ၏။သူမမှာ ဤကဲ့သို့ယောင်္ကျားများ၏အပြုအမူကို အပြင်းအထန်ကန့်ကွက်ပြီး လုံးဝစက်ဆုပ်ရွံရှာမိသည်။သူမမှာ ဒေါသတကြီးပြောလိုက်မိတော့၏။
"ဆရာတော်လိုမျိုး ဆန်ကုန်မြေလေးတစ်ယောက်က ဖြစ်ခဲ့သမျှတိုင်းအကုန်ဖြစ်သွားတာနဲ့ တစ်ကယ်ထိုက်တန်ပါတယ်။ဆရာတော်နဲ့ လုံးဝကိုထိုက်တန်တာပါ"
ကျောင်းထိုင်ဆရာတော်သည် ဆန်ကုန်မြေလေးဟူသော ဝေါဟာရကိုနားမလည်သော်လည်း သူမ၏စကားများနှင့်အမူအရာများမှတစ်ဆင့် သူ၏လုပ်ရပ်အပေါ်မကျေနပ်မှုများစွာရှိနေကြောင်းအား ခံစားမိနိုင်သည်။ဒါမှမဟုတ် ဒေါသထွက်နေသည်လည်းဖြစ်နိုင်၏။
ဆရာတော်သည် ခါးခါးသီးသီးပြုံးလိုက်ပြီး မိမိကိုယ်ကိုပြန်ပြောဟန်ဖြင့် ပြောနေသည်။
"ထိုက်တန်တယ်......ဒါကတစ်ကယ်သင့်တော် စကားလုံးပဲ"
"ဖြစ်ပျက်ခဲ့သမျှအားလုံးက ကိုယ်တော်ကိုယ်တိုင်လုပ်ခဲ့တာပါပဲ"
"ဆရာတော်က ကျွန်မကိုစကားပြောဖို့ဆိုတာ ဒါတွေကိုပြောပြဖို့လား"
စူးယွင်သည် မယုံနိုင်ဖြစ်သွားမိ၏။သူကသူမကို စကားပြောရန်တောင်းဆိုသည့် တစ်ခုတည်းသောအကြောင်းပြချက်မှာ သူ၏ဇာတ်လမ်းအားမျှဝေရန်သာဖြစ်နေလေသည်။
သူတို့နှစ်ဦးသည် အချင်းချင်းရင်းနှီးကျွမ်းဝင်မှု မရှိကြသည့်အပြင် လုံးဝမသိကြသူများဟုပင်ဆိုနိုင်လေ၏။
သူ၏သိုဝှက်ထားသော ကိုယ်ရေးကိုယ်တာအဖြစ်အပျက်ကို သူစိမ်းတစ်ဦးနှင့်ပြောဆိုခြင်းမှာ သူ့ထံတွင်လျှို့ဝှက်ထားသည့်ရည်ရွယ်ချက်တစ်ခုခုရှိနေသည်ဟု သံသယမဝင်မိဘဲမနေပေ။
ကျောင်းထိုင်ဆရာတော်သည် ပြုံးကာ
"ဒကာလေးနဉ်ကျင်းပြောတာတော့ ဒကာမလေးကအရမ်းထက်မြက်တဲ့သူတဲ့။တကယ်လည်း မှန်နေတာပါပဲ"
နဉ်ကျင်း၏အမည်အား ကြားလိုက်ရခြင်းအပေါ် စူးယွင်မှာအထူးတလည်အံ့သြမိခြင်း မရှိပေ။
သူမမှာ မေးလိုက်၏။
"ဆရာတော်က သူ့နဲ့ ရင်းနှီးလို့လား"
သူမတို့ဤနေရာသို့ နောက်ဆုံးအကြိမ်လာရောက်ခဲ့ချိန်၌ ကိုရင်လေးသည် ကျောင်းထိုင်ဆရာတော်မှ နဉ်ကျင်းအားစကားပြောရန် ဖိတ်ခေါ်ခဲ့ကြောင်းပြောခဲ့စဉ် နဉ်ကျင်း၏အမူအရာမှာ စစ်မှန်ကာအတင်းအကြပ်လုပ်ထားခြင်းမဟုတ်ကြောင်း သတိရလိုက်သည်။သူတစ်ကယ်မသွားချင်ခဲ့ပုံပင်။
"အထူးတလည်ရင်းနှီးတာမျိုးတော့မဟုတ်ပါဘူး။ဒါပေမဲ့ တစ်နည်းနည်းနဲ့တော့ ရင်းနှီးပါတယ်"
စူးယွင်သည် ရှုပ်ထွေးသွားရ၏။
"ဒါဆို ရင်းနှီးတာလား မရင်းနှီးတာလား"
"ကိုယ်တော်ကတော့ ကိုယ်တော်တို့ကြားခင်မင်မှုက အတော်လေးကောင်းတယ်လို့ ထင်ပေမယ့် သူကတော့သာမန်ကာလျှံကာပဲမှတ်ယူပါလိမ့်မယ်"
ကျောင်းထိုင်ဆရာတော်မှ ပြန်ဖြေလိုက်၏။
"အင်း"
"ဒီအကြောင်း ဆက်မပြောကြစို့"
ကျောင်းထိုင်ဆရာတော်က လက်ဟန်ဖြင့်
"ဒကာမအကြောင်းပဲ ပြောကြစို့လေ"
"ကျွန်မအကြောင်း ပြောမယ်ဟုတ်လား"
စူးယွင်သည် မျက်ခုံးပင့်လိုက်ကာ
"ဒါက သူ့နဲ့ပတ်သက်နေတာလား"
ကျောင်းထိုင်ဆရာတော်သည် ညာလက်အားမြှောက်ကာ အရိုအသေပေးလိုက်၏။
"အမိတာဘ ရဟန်းတစ်ပါးအနေနဲ့ကိုယ်တော်က ဒကာမနဲ့သူကြားကိစ္စတွေကို ဝင်မစွက်ဖက်သင့်ပါဘူး။ဒါပေမယ့် ဒကာလေးနဉ်ကျင်းက ဒီနေရာမှာပဲပိတ်မိနေတယ်လေ။သူများကြောင့်ပဲ ဖြစ်ဖြစ် သူ့မိသားစုကြောင့်ပဲ ဖြစ်ဖြစ် ကိုယ်တော့်စိတ်ထဲမှာ မလိုလားမှုတစ်ခုခုခံစားနေရပါတယ်"
စူးယွင်နှင့် ကတောက်ကဆဖြစ်မှုကြီးဖြစ်ပြီးနောက်ပိုင်း နဉ်ကျင်းသည်လုံဟွမ်ဘုရားကျောင်းတွင်သာ နေထိုင်ခဲ့သည်။သူတောင်ပေါ်မှဆင်းခဲ့ရသည့် တစ်ခုတည်းသောအချိန်မှာလည်း လော့ဇီယင်း၏မွေးနေ့ပွဲကို တက်ရောက်ရန်သာဖြစ်ပြီး ထိုနေရာတွင်ပင် စူးယွင်အားအဝေးမှသာ လျှို့ဝှက်စောင့်ကြည့်ခဲ့၏။
"ဆရာတော်က ကြားဝင်စေ့စပ်သူလုပ်ဖို့ ရောက်လာတာပေါ့"
စူးယွင်သည် သူမလက်ချောင်းများကို အနည်းငယ်ကွေးလိုက်ပြီး သူမလေသံတွင် မကျေနပ်မှုအရိပ်အယောင်များ ပါဝင်နေသည်။
"သူက ဆရာတော်ကိုဘယ်လို အကျိုးကျေးဇူးတွေပေးမယ်လို့ ကတိပေးခဲ့တာများလဲ။အရင်က နဥ်အန်းမင်းသမီး အခုကျ ဆရာတော် ကျွန်မနဲ့စကားပြောဖို့ ရောက်လာကြတာပဲလေ"
စူးယွင်သည် သူတို့မှာသူငယ်ချင်းအဖြစ် ဝင်ရောက်စကားပြောခြင်းကို ဂရုမစိုက်သော်လည်း မကြာခဏဆိုသလိုဖြစ်လာသောအခါတွင်တော့ အနည်းငယ်စိတ်တိုမိသည်ကိုမတားဆီးနိုင်တော့ပေ။
"ကိုယ်တော်လို ရဟန်းတစ်ပါးကဘယ်လို အကျိုးကျေးဇူးကိုမှ မလိုအပ်ပါဘူး"
ကျောင်းထိုင်ဆရာတော်သည် သူမထံကြည့်ကာဆက်ပြောလာသည်။
"ဒကာမလေးစူး ကိုယ်တော်နောက်ထပ်ဇာတ်လမ်းတစ်ပုဒ် ပြောပြရဦးမလား"
"စုံတွဲတစ်တွဲက သူတို့ရဲ့အစောပိုင်းနှစ်တွေမှာ ဆက်ဆံရေးကောင်းခဲ့ပေမယ့် လက်ထပ်ပြီးနှစ်နှစ်အတွင်းပဲ ပထမဇနီးကအိမ်ပြန်ရောက်လာပြီး သားတစ်ယောက်ကိုအမြန် မွေးဖွားခဲ့တယ်။တစ်ဖြည်းဖြည်းနဲ့ ဒုတိယဇနီးအနေနဲ့ သူမနှစ်သက်တဲ့ရာထူးနေရာက လျှောကျသွားတာကိုသိလိုက်ရတယ်လေ။ဒါပေမယ့် သူမကသူ့ကို တကယ်ချစ်ရှာပါတယ်။သူမအချစ်ကို ထိန်းသိမ်းဖို့အတွက်နည်းလမ်းပေါင်းများစွာသုံးခဲ့ပြီး နောက်ဆုံးမှာ ဒုတိယမြောက်သားတစ်ယောက်ကိုမွေးဖွားနိုင်ခဲ့ပေမယ့် ဒါကသူမရဲ့အခြေအနေကို အရင်ကလိုပြန်မဖြစ်စေခဲ့ဘူး။ကိုယ်ဝန်ဆောင်နေစဉ်မှာ မသင့်လျော်တဲ့ပြုစုစောင့်ရှောက်မှုကြောင့် သူမကျန်းမာရေး ထိခိုက်ခဲ့ရတယ်လေ။ကလေးထပ်မမွေးနိုင်တော့တဲ့အခါကျ သူမရဲ့ဒေါသစိတ်ကလည်း ပိုပြင်းထန်လာခဲ့တယ်"
"သူမကမရိုးသားတဲ့ နည်းလမ်းတွေကိုစသုံးလာတယ်။ကလေးကိုပါသုံးပြီး အချစ်ကိုယှဉ်ပြိုင်ယူဖို့ လုပ်လာတာပေါ့။ကလေးငယ်သေးတုန်းတော့ သူမကနည်းနည်းထိန်းခဲ့သေးတယ်။ဒါပေမယ့် ခြောက်နှစ်လောက်ရောက်တဲ့အခါမှာတော့ ပထမဇနီးရဲ့သားဦးထက် စာပိုတတ်ရမယ်လို့ဆုံးဖြတ်ပြီး သားဖြစ်သူကိုနေ့တိုင်း အခန်းထဲပိတ်လှောင်ထားတယ်လေ"
"အဲဒီအရွယ်ကလေးဆိုတာ ဆော့ကစားချင်စိတ် တယ်ပေါသကိုး။ဒါကြောင့်ပဲ ဒုတိယဇနီးက သူ့ကိုရိုက်နှက်ပြီး အခန်းငယ်လေးထဲမှာ ပိတ်လှောင်ထားလေ့ရှိတယ်။ဒါပေမယ့် သူမရဲ့စိတ်သဘောမှာပဲ အားနည်းချက်တွေ ရှိနေတာပဲလား ဒါမှမဟုတ် သူမရဲ့စိတ်နေစိတ်ထားကနောက်တစ်မျိုးကွဲပြားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ကလေးကိုရိုက်ပြီးတဲ့အခါဆို သူမကသားဖြစ်သူဆီငိုယိုပွေ့ဖက်ပြီး သူမရဲ့မကျေနပ်ချက်တွေကို ငြီးငြူပြတယ်တဲ့"
"ဒုတိယသခင်လေးက ဒီလိုနေ့ရက်တွေကိုဖြတ်သန်းခဲ့ရပြီး တစ်ဖြည်းဖြည်းပဲသူ့စိတ်ပါပျက်စီးလာပြီး စရိုက်လက္ခဏာလည်းစကွဲပြားလာတယ်။တစ်ချိန်တည်းမှာပဲ သူ့အမေက အစွန်းရောက်နေဆဲဖြစ်ပြီး နောက်ဆုံးမှာတော့သူ့ခင်ပွန်းရဲ့အချစ်ကို မရရှိနိုင်တော့တဲ့အတွက် ကလေးရှေ့မှာတင်ကိုယ့်ကိုယ်ကို ဆွဲကြိုးချသေဖို့ ရွေးချယ်ခဲ့တယ်။ဒုတိယဇနီးကွယ်လွန်ပြီးနောက်ပိုင်း သူ့ကိုပထမဇနီးနဲ့အတူ မွေးစားသားအဖြစ် နေထိုင်ဖို့စီစဉ်ခဲ့ပေမယ့် နှစ်ပေါင်းများစွာ မသိမသာလွှမ်းမိုးမှုဒဏ်တွေကြောင့် သူကအခြားသူတွေနဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာ နားမလည်နိုင်တော့ဘူး။သူ့အဖေက သူခံစားခဲ့ရတဲ့ ဝေဒနာကိုသိထားတာကြောင့် အလျော်အစားပေးချင်ခဲ့ပေမယ့်လည်း အဆုံးမှာတော့ သူတို့ကြားမှာနံရံတစ်ခု ခြားသွားတာပါပဲ"
စူးယွင်သည် လက်များအားတင်းတင်းဆုပ်ထားပြီး သူမလေသံတွင် ဝမ်းနည်းမှုတို့ရောယှက်နေသည်။
"ဒုတိယဇနီးက သူ့ခင်ပွန်းရဲ့အချစ်ကိုရဖို့ ဘာလို့ဒီလောက် တင်းခံနေတာလဲ။ပြီးတော့ ခင်ပွန်းဖြစ်သူကရော ဒုတိယသခင်လေးဘာဖြစ်နေတယ်ဆိုတာ ဘယ်တုန်းကမှသတိမထားမိဘူးပေါ့"
"သူတို့ကငယ်စဉ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတယ်လေ။မိသားစုအခြေအနေချင်းလည်း အတူတူဆိုပေမယ့် နောက်ပိုင်းမှာ ဇနီးဖြစ်သူရဲ့မိဘတွေက ကွယ်လွန်သွားပြီး သူမမိသားစု ကျဆင်းသွားတယ်။သူမရဲ့ အခက်ခဲဆုံးအချိန်တွေမှာ ခင်ပွန်းဖြစ်သူက သူမကိုဂရုစိုက်ခဲ့တယ်......"
စူးယွင်မှ ဖြတ်ပြောလိုက်သည်။
"ဒါကြောင့် သူမကသူ့ကိုသူမရဲ့ အသက်ရှင်သန်ရာ လမ်းကြောင်းအဖြစ် ယူဆခဲ့ပြီး သူကတခြားတစ်ယောက်ကို ချစ်မိသွားတာမျိုးလက်မခံနိုင်တာမဟုတ်လား"
"ဟုတ်ပါတယ်"
ကျောင်းထိုင်ဆရာတော်မှာ ဆက်ပြောလာသည်။
"စဉ်းစားကြည့်လေ အချစ်တွေမှေးမှိန်သွားတဲ့အခါမှာ သူမကလည်းဇနီးတစ်ယောက်အနေနဲ့ သူ့ရဲ့အခန်းကဏ္ဍကိုမဖြည့်ဆည်းနိုင်တော့တဲ့အခါကျ သူ့ခင်ပွန်းကသူမကိုဖြစ်ဖြစ် သူမရဲ့ကလေးကိုဖြစ်ဖြစ်ဘယ်လိုလုပ်ဂရုစိုက်နိုင်တော့မှာလဲ"
စူးယွင်သည် သူမ၏အောက်နှုတ်ခမ်းအားကိုက်လိုက်ပြီး တိတ်ဆိတ်သွားတော့သည်။ကျောင်းထိုင်ဆရာတော်သည် စူးယွင်၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲဆက်ပြောလိုက်၏။
"နောက်ပိုင်းမှာ ဒုတိယသခင်လေး အရွယ်ရောက်လာတဲ့အခါကျ စစ်ပညာကို လေ့ကျင့်ပြီး ဗိုလ်ချုပ်ဖြစ်လာခဲ့တယ်။စစ်မြေပြင်မှာ သူကရန်သူကိုတစ်ယောက်မှ ချန်မထားခဲ့ဘူး။ဒါပေမယ့် သူနဲ့အတူသယ်ဆောင်ထားတဲ့ ရက်စက်မှုတွေကတော့ ပိုပြီးလေးလံလာခဲ့တယ်"
"သူကအခြားသူတွေနဲ့ ဆက်ဆံတဲ့အခါပိုပြီး ရက်စက်ကြမ်းတမ်းလာတယ်"
စူးယွင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ရှုပ်ထွေးနေဆဲဖြစ်သည်။
"ဒါဆို သူကဘာလို့စစ်တပ်ထဲပဲဆက်မနေရတာလဲ။ဘာလို့ပြန်လာပြီး ပုန်းအောင်းနေတာလဲ။သူ့အတိတ်ကို စွန့်လွှတ်လိုက်တာလား"
"မတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့ခေါင်းမာမှုက မှားယွင်းတဲ့ဆုံးဖြတ်ချက်ကို ဖြစ်စေခဲ့ပြီး သူ့စစ်တပ်အများစု ဆုံးရှုံးခဲ့ရတယ်"
"သူကခံစားချက်မရှိတဲ့သူတော့ မဟုတ်ပါဘူး"
ကျောင်းထိုင်ဆရာတော်မှ ဆက်ပြောလာသည်။
"ဒါပေမယ့်သူ့ရဲ့ ငယ်စဉ်ကချို့ယွင်းချက်တွေကြောင့် ကိုယ့်ကိုယ်ကိုဘယ်လို ဖော်ပြရမယ်ဆိုတာ မသိခဲ့ဘူး။ဒါကြောင့်ပဲ သူကသူ့ရဲ့ ကိုယ်ပိုင်အတွေးတွေအတိုင်းလုပ်ဆောင်ခဲ့ပေမယ့်အဆုံးမှာတော့.....သူကသူ့အတိတ်ကို ဘယ်တော့မှခွင့်မလွှတ်နိုင်ခဲ့ဘူး"
"စူးယွင် သူကအပြင်ပန်းမြင်ရသလိုမဟုတ်ဘူးဆိုတာကို ကိုယ်တော်သိပါတယ်။သူ့စရိုက်က လုံးဝပြီးပြည့်စုံတာမဟုတ်ဘူးဆိုတာကိုလည်း ကိုယ်တော်နားလည်ပါတယ်။ဒါပေမယ့် သူက....."
သူသည် အတိတ်ကိစ္စများပြန်ပေါ်လာမည်ကို ကြောက်ရွံ့ခဲ့သောကြောင့် သူမရှေ့တွင် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသိတတ်သော လူကြီးလူကောင်းတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့သည်။
"ကိုယ်တော်ကိုယ်တိုင်လည်း ဒီလိုမျိုး ဖြတ်သန်းခဲ့ဖူးတယ်။ဒါကြောင့်ပဲ ဒကာမနဲ့သူ့ကြားမှာ ကိုယ်တော်နဲ့တူညီတဲ့ အခြေအနေမျိုးမဖြစ်စေချင်ဘူး"
သူဘုရားကျောင်းဆီ ရောက်လာကတည်းမှ နေ့တိုင်းဆုတောင်းနေခဲ့၏။သူ့အမှားများအတွက် အမြဲတစေအပြစ်ဖြေနေခဲ့သည်။
သူမကို မနာကျင်စေချင်သော်လည်း နာကျင်စေမည်ကို ကြောက်ရွံ့သဖြင့် ပုန်းအောင်းနေဖို့သာရွေးချယ်ခဲ့၏။
ဘာကိုမှ မကြည့်ဘဲ မတွေးဘဲ ဘာမှမဖြစ်ခဲ့ဖူးသလို ဟန်ဆောင်နေခြင်းသာ။
"တစ်ခါတလေ တစ်ခုခုလုပ်ဖို့ဆိုတာသတ္တိရှိဖို့ လိုတယ်။အဲဒီတုန်းကကိုယ်တော်မှာ သတ္တိမရှိခဲ့ဘူး။အခုလည်း သူ့မှာသတ္တိမရှိဘူး"
ကျောင်းထိုင်ဆရာတော်သည် အနီရောင်ကံကောင်းခြင်းအိတ်ငယ်လေးကို စူးယွင်ဘက်သို့ တွန်းပို့လာသည်။
"ဒါကြောင့်ပဲ ကိုယ်တော်ကကိုယ်ကျိုးရှာပြီး ဒကာမကပဲ အဲ့ဒီသတ္တိကိုပိုင်ဆိုင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
စူးယွင်သည် ခေါင်းငုံ့ကာသူမရှေ့ရှိ ကံကောင်းခြင်း အိတ်ငယ်လေးကို စိုက်ကြည့်ပြီး တိတ်ဆိတ်နေသည်။
"ဘဝရဲ့ဆင်းရဲဒုက္ခဆိုတာ ခဏတာပါပဲ"
စကားများပြောပြီးသည်နှင့် ကျောင်းထိုင်ဆရာတော်မှာ ထွက်ခွာသွားပြီး စူးယွင်ကို တစ်ယောက်တည်း ချန်ထားခဲ့သည်။သူမသည်တော့အတွေးများထဲ နစ်မြုပ်နေလေ၏။
သူမသည် ကံကောင်းခြင်းအိတ်ငယ်လေးကို ကောက်ယူပြီး ကြိုးများကိုလက်ချောင်းဖြင့် ဆုပ်ကိုင်ကာ အချိန်အတော်ကြာတုံ့ဆိုင်းပြီးမှ ဆက်ဖွင့်လိုက်သည်။
ထိုစကားများကိုကြားရခြင်းအား ဝမ်းမနည်းမိဟု ပြောရန်မှာမဖြစ်နိုင်ပေ။
သို့သော်လည်း.....
သတ္တိဆိုတာကို သူမတကယ်ပဲရှာတွေ့နိုင်ပါ့မလား။
သူမ မသိပေ။
သို့သော်....
သူမသည် အသက်ပြင်းပြင်းရှူကာကြိုးများကို ဖြည်ချလိုက်သည်။
အတွင်းပိုင်းမှာ ရိုးရှင်းလှ၏။အဆောင်လက်ဖွဲ့တစ်ခုနှင့် စာရွက်ငယ်လေးတစ်ရွက်သာပါဝင်လေသည်။
သူမသည် စာရွက်အား ဖြည်းဖြည်းချင်းဖြန့်လိုက်၏။
သူမ၏လက်မှာ ရပ်တန့်သွားပြီး အမြင်အာရုံတို့ ဝေဝါးလာရသည်။
ဘုရား တရား သံဃာတော်များမှာ မြင့်မြတ်ရာ၌ ရှိတော်မူကြပါ၏။ကိုးကွယ်ယုံကြည်သူသည် မိမိ၏အပြစ်များ ကြီးလေးကြောင်း သိရှိထားပါသည်။ကျန်ရှိသော ဘဝတစ်လျှောက်လုံးကို မိမိချစ်မြတ်နိုးရသူများအတွက်သာ ကုန်ဆုံးစေလိုပြီး သူတို့အား ပျော်ရွှင်မှုနှင့်လွယ်ကူချောမွေ့သော ခရီးလမ်းကိုရပါစေကြောင်း မျှော်လင့်ပါ၏။အလိုဆန္ဒအားလုံး ပြည့်ဝပါစေ။
စူးယွင်သည် အသက်ပြင်းပြင်းရှူလိုက်ကာ တရားထိုင်ခန်းသို့ပြန်လာလိုက်သည်။
သူမသည် စောင်အောက်ဝင်ထိုင်ကာအိပ်ရာထက်တွင်ရှိနေသော်ငြား တုံ့ပြန်မှုမရှိလာပေ။သူမသည် ကိစ္စရပ်အားထပ်ခါတလဲလဲ စဉ်းစားနေလိုက်သည်။အပြင်မှပို့လိုက်သည့် အစားအစာများကိုပင်တံခါးဝတွင်သာထား,ထားလိုက်ပြီး စားချင်စိတ်မရှိပါပေ။
"တစ်ခုခု စားချင်လား"
စူးယွင်မှာ တစ်နေကုန်အစားတစ်လုတ်မှ မစားရသေးကြောင်းသိရသောအခါ နဉ်ကျင်းသည် တံခါးအားအမြန်ဖွင့်ဝင်လာလိုက်သည်။
သူမသည် တုံ့ပြန်ခြင်းမရှိဘဲ မျက်နှာထက်လစ်ဟာနေသော အမူအရာဖြင့်သာထိုင်နေဆဲဖြစ်၏။
"မင်း ဘာဖြစ်နေတာလဲ"
နဉ်ကျင်းသည် ခေါင်းငုံ့ကာသူမ၏မျက်လုံးထောင့်များ အနည်းငယ်နီရဲနေသည်ကို သတိပြုမိသွားသည်။သူသည် ဖြည်းဖြည်းချင်းလက်လှမ်းကာ အသာပွတ်သပ်ပေးရင်း
"ငိုထားတာလား"
အသံ ထွက်မလာသေးပေ။
နဉ်ကျင်းသည် မိမိကိုယ်ကိုလှောင်ရယ်သလို ပြုံးလိုက်၏။
"ကိုယ့်ဘက်က လွန်သွားလို့ မဟုတ်လား။ကိုယ် ထွက်သွားတော့မယ်။ဒါပေမယ့် စားဖို့တော့ သတိရနော်"
သူထွက်သွားတော့မည်ကို ကြားလိုက်သောအခါ စူးယွင်သည်မသိစိတ်အရ ချက်ချင်းဆိုသလို သူလက်ကိုလှမ်းဆွဲလိုက်သည်။
"မင်း....."
နဉ်ကျင်းမှာ အံ့သြသွားမိသည်။
သူမသည် ဖြည်းဖြည်းချင်းရွေ့လျားကာ သူလက်အားကိုင်ထားရာမှ သူတို့၏လက် ချောင်းများကိုယှက်နွှယ်လိုက်သည်။
"နဉ်ကျင်း"
သူမမှ ပြောလိုက်သည်။
"ကျွန်မမိဘတွေကြောင့် ကျွန်မကခံစားမှုတွေကို အလွန်အကျွံနက်နက်နဲနဲ တွေးတောမိတာကို အမြဲရှောင်တယ်။ကိုယ့်စိတ်နှလုံးအတိုင်းပဲ လိုက်နာချင်တယ်။တစ်ခုခုကအဆင်မပြေဘူးလို့ ခံစားရရင် ဒါကဖြစ်သင့်တာ မဟုတ်ဘူး။ကြီးကြီးမားမားခံစားနေဖို့ လည်း မလိုအပ်ဘူးလို့ထင်တယ်။ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်မအစကနေ ပြန်စချင်တယ်။ကျွန်မ ရှင်နဲ့ပြန်သိကျွမ်းချင်တယ်။ရှင့်ကိုရော ကျွန်မကိုယ်ကျွန်မအတွက်ပါ ထပ်ကြိုးစားဖို့ သတ္တိပေးချင်တယ်"
သူ့ဘက်တွင်အမှားများ လုပ်ခဲ့ကောင်းလုပ်ခဲ့ပေလိမ့်မည်။သူတို့နှစ်ယောက်သားမှာ အမှန်တစ်ကယ် မသင့်တော်ကောင်းမသင့်တော်ခြင်းဖြစ်နိုင်လိမ့်မည်။သို့သော် သူမမှာသူ့အားဤကဲ့သို့စွန့်ပစ်ခဲ့သည်မျိုး မဖြစ်သင့်ပေ။
သူမစဉ်းစားမိသည်။တစ်ကြိမ် ထပ်ကြိုးစားကြည့်မယ်။အတိတ်ကို ဘေးဖယ်ထားပြီး တစ်ယောက်ကိုတစ်ယောက် ပြန်သိကျွမ်းကြည့်ကြမယ် ပြန်ချစ်ကြည့်မယ်။အကယ်၍ ရလဒ်ကသာအတူတူပဲဆိုလျှင်တော့ ထိုအချိန်မှသာ သူမလက်ခံလိုက်ပါမည်။
နဉ်ကျင်းသည် ခဏတာမလှုပ်မယှက်ဖြစ်သွားရပြီး အံ့အားသင့်ရိပ်တစ်ချက်သည် သူ့မျက်လုံးများတွင်းလက်သွားလေသည်။မကြာမီတွင်ပင် သူ့ပါးစပ်ထောင့်များ၌အပြုံးတစ်ခုပေါ်လာပြီး သူသည်ရှေ့သို့တိုးကာ သူမအားပွေ့ဖက်လိုက်၏။
"အားယွင် အခုကစပြီး မင်းပြောတာကိုကိုယ်နားထောင်မယ် ဟုတ်ပြီလား။ကိုယ်အသက်တွေကို အလေးအနက်ထားမယ်။ကိုယ့်စိတ်ခံစားချက်တွေကို ထိန်းချုပ်ပါ့မယ်"
နဉ်ကျင်း၏အသံမှာ ကွဲအက်နေ၏။
"ဒီတစ်ခါတော့ ကိုယ်အခြားဘာကိုမှမစဉ်းစားချင်ဘူး။မင်းကိုပဲ သေသေချာချာချစ်မြတ်နိုးပေးချင်တယ်"
စူးယွင်သည် သူမ၏လက်များအားသူ့ကျောထက်တင်ကာ အသာပုတ်ပေးလိုက်သည်။
"အခုကစပြီး ကျွန်မလည်းရှင့်ကို ပိုနားလည်နိုင်ဖို့ ကြိုးစားပါ့မယ်"
ချစ်ခြင်းမေတ္တာဖြင့် ပြုစုပျိုးထောင်ခြင်းမခံရသော ကလေးများသည်စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေတတ်၏။
သို့သော် သူမယုံကြည်သည်။သူမသည် သူ့နှလုံးသားတွင်းရှိ ကွက်လပ်များကိုမေတ္တာဖြင့် ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု.....