← Chapters

အခန်း (၁၀၆+၁၀၇)

Vol. 11 Ch. 106+107

အခန်း (၁၀၆+၁၀၇)

Vol. 11 Ch. 106+107

Ch-106+107

ပြန်လည်သင့်မြတ်ပြီးနောက် စူးယွင်သည် နောက်တစ်နေ့တွင် တောင်ပေါ်မှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။သို့သော် နဉ်ကျင်းမှာသူမ၏လမ်းလျှောက်ပုံမတည်မငြိမ်ဖြစ်နေသေးသည်အားမြင်၍ နောက်ထပ်နှစ်ရက် ထပ်နေရန် အတင်းအကြပ်တောင်းဆိုလာ၏။သူမ၏ ကန့်ကွက်မှုများကြားမှပင် သူသည်သူမအား ဘုန်းကြီးကျောင်း၌ ခေါင်းမာမာဖြင့်ဆက်ထားခဲ့သည်။

စူးယွင်သည် သူနှင့်ငြင်းခုံနိုင်ခြင်းမရှိရာ ဘုန်းကြီးကျောင်း၌ပင် ဆက်နေလိုက်ရတော့၏။သို့သော်သူမသည် အလဟဿမနေခဲ့ပေ။သူမသည် စုတ်တံနှင့်စာရွက်အချို့အားယူလာပြီး မွေးနေ့ပွဲတော်ဝင်ဝတ်စုံပုံစံများကို ဒီဇိုင်းထုတ်ခဲ့သည်။

နောက်တစ်နေ့မနက်တွင် စူးယွင်သည်ကျောင်းထိုင်ဆရာတော်အား နှုတ်ဆက်ရန် နဉ်ကျင်းကို ခေါ်သွားခဲ့၏။ကံမကောင်းစွာပင် ကျောင်းထိုင်ဆရာတော်မှာ ဘုန်းကြီးကျောင်းအမှုကိစ္စများစွာရှိနေကြောင်း အကြောင်းပြ၍ယဥ်ယဉ်ကျေးကျေးပင် ငြင်းပယ်ခဲ့သည်။

စူးယွင်လည်း အတင်းအကြပ်မတောင်းဆိုတော့ဘဲ ထွက်ခွာသွားသည့်အခါတွင်သာ အမှာစကားတစ်ခု ချန်ထားခဲ့လိုက်‌တော့၏။

"ဒီနေရာမှာနေတာက သူ့နာကျင်မှုတွေကို တကယ်ပဲ သက်သာစေနိုင်မယ်လို့ ရှင်ထင်လား"

စူးယွင်သည် နဉ်ကျင်း၏ရင်ခွင်ထဲသို့ တိုးဝင်ရင်း သူ့ခါးပတ်၌ချိတ်ဆွဲထားသည့် ဆွဲသီးလေးကို လက်ချောင်းများဖြင့် ကစားနေလိုက်သည်။

"မိတ်ဆွေဟောင်းက သွားခဲ့ပြီမလို့ ရှေ့ဆက်ဖို့အတွက် သူ့ကိုအကြံပေးသင့်တယ်"

"သူက ရဟန်းတစ်ပါးပါ။သူလွှတ်မချနိုင်စရာ ဘာများရှိလို့လဲ"

နဉ်ကျင်းသည် သူမ၏ပါးလေးအားအသာညှစ်လိုက်သည်။

"သူနေချင်ရင် နေပါစေ။စိတ်ဆင်းရဲနေတာထက်စာရင် ပိုကောင်းပါတယ်"

စူးယွင်သည် နှုတ်ခမ်းအား တင်းတင်းစေ့လိုက်သည်။

"ကောင်းပြီလေ အခြားသူတွေရဲ့ကိစ္စတွေကို ဝင်မစွက်ဖက်တာ ပိုကောင်းပါတယ်။အခုကျွန်မအမြန်ပြန်ပြီး အဝတ်အစားတွေ အပြီးသတ်ဖို့လိုတယ်"

သူမသည် နဉ်ကျင်း၏လက်မောင်းကိုဆွဲကာ ရှေ့သို့ခပ်သုတ်သုတ်လျှောက်သွားရင်း မရပ်မနားလောဆော်နေတော့သည်။

"မြန်မြန်လာပါ ဒီရက်ပိုင်းမှာကျွန်မအလုပ်တွေ နောက်ကျနေပြီ"

သူ့ကောင်မလေးသည် အလုပ်ရူးတစ်ဦးဖြစ်ကြောင်းသိသောကြောင့် နဉ်ကျင်းသည် အကူအညီမဲ့စွာဖြင့်ခေါင်းငြိမ့်ပြရုံသာ တတ်နိုင်တော့သည်။

"ကောင်းပါပြီ"

လုံဟွမ်ဘုရားကျောင်းသည် မြို့ပြင်တွင် တည်ရှိသည်။အဖွဲ့အစည်းသို့ ပြန်ရန်အတွက် သူတို့သည်မြို့ထဲအရင်ဝင်ပြီးနောက် ချန်းရှီလမ်းတောင်ဘက်ခြမ်းမှတစ်ဆင့် ကွေ့ပတ်သွားရမည်ပင်။

"ကိုယ်နောက်မှ မင်းနဲ့အတူ လိုက်ခဲ့မယ်"

နဉ်ကျင်းသည် စူးယွင်ထံငုံ့ကြည့်ကာ ပြောလိုက်သည်။

"မလိုပါဘူး"

စူးယွင်က သူ့ခေါင်းအားအသာတွန်းဖယ်ကာ

"ကျောင်းထိုင်ဆရာတော်ဆီကနေ ရှင်အိမ်မပြန်တာ အတော်ကြာပြီလို့ကြားတယ်။ရှင်ပြန်ပြီး အကြောင်းကြားသင့်တယ်"

"ဒါပေမယ့် ကိုယ်....."

နဉ်ကျင်းမှာ စောဒကစတက်လာတော့သည်။

စူးယွင်သည်သူ့ပါးစပ်အား လက်ဖြင့်အုပ်ကာပြောလိုက်သည်။

"အဖွဲ့အစည်းက ဝမ်ကောလိုမဟုတ်ဘူး။ရှင်က အပြင်လူတစ်ယောက်အနေနဲ့ အလွယ်တကူဝင်လို့မရဘူးလေ"

"ဝင်လို့မရဘူးလား"

နဉ်ကျင်းက မျက်ခုံးပင့်ကာ ရယ်မောလာသည်။

"ကိုယ်သာလိုချင်ရင် ဘယ်သူကကိုယ့်ကို တားရဲမှာလဲ"

သူ၏စစ်မှန်သော ကိုယ်ပိုင်လက္ခဏာ ပေါ်ပေါက်ပြီးနောက်ပိုင်း သူသည်စူးယွင်နားတွင် ဟန်ဆောင်ခြင်းအားရပ်တန့်ခဲ့သည်။

"ကိုယ်က..... အ!"

စူးယွင်သည် နဉ်ကျင်း၏ခြေသလုံးအား ခပ်ဖွဖွကန်လိုက်ကာ သူမ၏မျက်နှာထက်တွင် စိတ်ပျက်အားငယ်မှုအပြည့်ဖြင့် ပြောလိုက်၏။

"အစ်ကိုကြီး ရှင်ကတစ်ကယ်ကို မှားယွင်းတဲ့ကိစ္စတွေပေါ်မှာပဲ အာရုံစိုက်တတ်တာပဲ"

နဉ်ကျင်းသည် သူ့ခြေသလုံးထက်ရှိဖိနပ်ရာအား ကြည့်ကာသူ့အကြည့်ကိုအသာလွှဲလိုက်သည်။

"ကောင်းပြီလေ ဒါဆိုရင်....."

"မဖြစ်နိုင်ဘူး"

စူးယွင်သည် သူ့ထံလက်ညှိုးထိုးပြ၍ သတိပေးလိုက်သည်။

"ရှင်သာ ကျွန်မနောက်ကိုလိုက်ရဲရင် ကျွန်မရှင့်ကိုမရိုက်ဘူးလားဆိုတာ ရှင့်ဘာသာ စောင့်ကြည့်လိုက်"

"ကောင်းပါပြီကွာ ကိုယ်လိုက်မလာပါဘူး။မင်းသာဂရုစိုက်သွားပါ"

နဉ်ကျင်းမှ ပြန်ဖြေလိုက်သည်။

"အဲဒါမှ ကျွန်မရဲ့လူပီသတာ"

စူးယွင်သည် ခြေဖျားထောက်ကာ သူ့ခေါင်းအား ပုတ်ပေးလိုက်သည်။

"ဒီကိစ္စပြီးတာနဲ့ ရှင့်အတွက်ကျိန်းသေအချိန်ပေးပါ့မယ်"

သူတို့မှာပြန်လည်သင့်မြတ်ခဲ့ကြသော်လည်း ယခုတော့ ခွဲခွာရတော့ပေမည်။သူမမှာအလိုမရှိသော်ငြား အလုပ်သည်ဖိအားပေးနေပြီး အချစ်ရေးကိစ္စငယ်များပင်လျှင် ဒုတိယနေရာသို့ ဆုတ်ခွာပေးရတော့သည်။

သူတို့နှစ်ဦးသားလမ်းဆုံတစ်ခု၌ လမ်းခွဲခဲ့ကြ၏။စူးယွင်သည် ရှေ့သို့လျှောက်သွားခဲ့သော်လည်း လျှောက်လာလေလေ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားရလေလေဖြစ်သည်။

ကုန်သည်ကြီးများအသင်းဝင်ပေါက်အပြင်ဘက်တွင်

မီးခိုးရောင်သာမန်အဝတ်အစားများ ဝတ်ဆင်ထားကြသည့် လူအုပ်ကြီးမှာလမ်းလယ်ခေါင်တွင် နှစ်စုခွဲ၍တံခါးဝ၌ ထိုင်နေကြသည်။

တစ်ဖက်စီတွင် သူတို့ရှေ့၌ဆိုင်းဘုတ်ကြီးတစ်ခုစီချထားသေး၏။

ဘယ်ဘက်ရှိဆိုင်းဘုတ်တွင် *အန္တရာယ်ဖြစ်စေသော အလေ့အကျင့်များကို ဇွဲမလျှော့ဘဲဆန့်ကျင်ပါ။ဘိုးဘွားတို့၏စိတ်ဓာတ်ကို ထိန်းသိမ်းပါ*ဟုရေးသားထားသည်။

ညာဘက်ရှိဆိုင်းဘုတ်တွင် *ခေတ်သစ်၊ပွင့်လင်းသော အတွေးအမြင်၊စိတ်ကူးသစ်များကို လက်ခံပါ*ဟု ရေးသားထား၏။

စူးယွင်သည် နားမလည်ဟန်ဖြင့်မျက်တောင်ခတ်လိုက်မိသည်။

"သူတို့က......ဝင်ပေါက်မှာပြဇာတ်ကနေကြနေတာလား"

ငါများတစ်ခုခုလွတ်သွားတာလား။

"ရှင်တို့ပွဲတစ်ခုခု ကျင်းပနေတာလား"

စူးယွင်မှ မေးလိုက်သည်။

ထိုသူမှာ သူမအမေးအားပြန်မဖြေဘဲ ပြောလာ၏။

"မင်းကဘယ်သူလဲ။ငါတို့ကအရေးကြီးတဲ့ ကိစ္စတစ်ခုကို ကိုင်တွယ်နေတာမမြင်ဘူးလား"

"အရေးကြီးတဲ့ ကိစ္စကိုကိုင်တွယ်နေတာပေါ့လေ"

စူးယွင်သည် သူမ၏နားအားကလော်ရင်းတွေးလိုက်၏။

အလံတွေဝှေ့ယမ်းပြီး ဝင်ပေါက်မှာထိုင်နေကြတာကိုများ ဒါကဘယ်လိုလုပ်အရေးကြီးတဲ့ စီးပွားရေးဖြစ်နိုင်ပါ့မလဲ။

ဒါက နိုင်ငံရေးနဲ့များသက်ဆိုင်နေမလား။

"လူကြီးမင်းတို့"

စူးယွင်သည် ယဉ်ကျေးချိုသာသောအပြုံးလေးအားထိန်းထားပြီး တည်ကြည်သောအမူအရာဖြင့်

"ကိစ္စက ဘယ်လောက်ပဲအရေးကြီးပါစေ အဖွဲ့အစည်းဝင်ပေါက်ကြီးမှာ စုရုံးနေကြတာကိုတော့ ခွင့်မပြုပါဘူး။ဒီ.....အရေးကြီးတယ်ဆိုတဲ့ စီးပွားရေးကိုအခြားနေရာမှာ ပြောင်းလုပ်သင့်တယ်လို့ မထင်ဘူးလား"

"ငါတို့ရဲ့အလုပ်ကို ဘယ်နေရာမှာ ကိုင်တွယ်ရမယ်ဆိုတာ ဘယ်သူကဂရုစိုက်နေလို့လဲ။မင်းနဲ့ဘာမှမဆိုင်တဲ့ ကိစ္စပဲကို"

ညာဘက်အဖွဲ့မှခေါင်းဆောင်သည် ထရပ်လိုက်ပြီး တင်းတင်းပိတ်ထားသည့်တံခါးအားလက်ညှိုးထိုးကာ စူးယွင်ထံဆူပူမှုများ စတင်ပြုလုပ်လာသည်။

"ပြီးတော့ ဒီအဝတ်အထည်ဌာနဆိုတာကလည်း ငကြောက်တစ်စုပဲ။နှစ်ရက်တောင်ပြည့်နေပြီ ဘယ်သူမှခုထိထွက်မလာရဲကြသေးဘူး"

ဤစကားအား ကြားလိုက်သောအခါ တစ်ဖက်မှလူများသည် ကိုယ့်ကိုကိုယ်မထိန်းနိုင်ကြတော့ဘဲ ထရပ်ကာ စိုက်ကြည့်လိုက်သည်။

"မင်းခုနက ဘာပြောလိုက်တာလဲ။မင်းတို့သာအရှက်မရှိဘဲ ဒီမှာနေ့ရောညပါထိုင်မနေခဲ့ရင် သူတို့ကထွက်လာလိမ့်မယ်လို့ မထင်ဘူးလား"

"ငါ မင်းကို တစ်ခုတော့ပြောလိုက်မယ် ဝမ်ကျီ"

ထိုသူသည် သူတို့၏အလံအား ဆွဲယူကာဟစ်ကြွေးလိုက်၏။

"သူတို့အပြင်မထွက်တာက သူတို့မှာ အပြစ်ရှိကြောင်း သက်သေပြနေတာပဲ"

"မသင့်လျော်တဲ့အလေ့အကျင့်‌တွေကိုဆန့်ကျင်ပြီး ဘိုးဘွားအစဉ်အလာကို ထိန်းသိမ်းရမယ်"

ဝမ်ကျီမှ လှောင်ပြောင်လိုက်သည်။

"ဆန့်ကျင်ရမယ်ဟုတ်လား ငါ့ဖင်ကြီးကိုပဲဆန့်ကျင်ပါလား။မင်းကိုမင်းဘယ်သူလို့ ထင်နေလဲ"

သူသည်အလံအား ခပ်သွက်သွက်ဆွဲယူကာအားသုံး၍ဝှေ့ယမ်းလိုက်သည်။

"ခေတ်သစ်၊ပွင့်လင်းတဲ့စိတ်တွေ၊စိတ်ကူးသစ်တွေကို လက်ခံပါ"

"မဖြစ်နိုင်ဘူး။မင်းတို့အားလုံးက ကိုယ့်အမြစ်ကို ကိုယ်မေ့နေတဲ့ အပေါစားသစ္စာဖောက်တွေပဲ"

ကျန်တစ်ယောက်မှာ သူ့လက်အားဝှေ့ယမ်း၍ သူတို့အဖွဲ့ကိုပါဝင်ရန် အချက်ပြလိုက်သည်။

"မသင့်လျော်တဲ့ အလေ့အကျင့်တွေကို ဆန့်ကျင်ပါ၊ဘိုးဘွားအစဉ်အလာကို ထိန်းသိမ်းပါ"

"မင်းတို့ကို ဘယ်သူကကြောက်နေလို့လဲ"

ဝမ်ကျီသည် လက်သီးဆုပ်ပြီးအသံကုန်အော်ဟစ်လိုက်သည်။

"သုံး နှစ် တစ် အတူတူအော်ကြ"

"ခေတ်သစ်၊ပွင့်လင်းတဲ့စိတ်တွေ၊စိတ်ကူးသစ်တွေကို လက်ခံပါ"

"မသင့်လျော်တဲ့ အလေ့အကျင့်တွေကိုဆန့်ကျင်ပါ။ဘိုးဘွားအစဉ်အလာကို ထိန်းသိမ်းပါ"

"ခေတ်သစ်၊ပွင့်လင်းတဲ့စိတ်တွေ၊စိတ်ကူးသစ်တွေကို လက်ခံပါ"

နှစ်ဖက်စလုံးမှ ဟစ်အော်သံများသည် ပို၍ကျယ်လောင်လာပြီး တစ်ဖက်နှင့်တစ်ဖက် အသံကျယ်ကျယ်ဖြင့်လွှမ်းမိုးနိုင်ရန် ကြိုးစား‌နေကြသည်။ထိုအသံများသည် နားမခံသာလောက်သည်ထိ အပြိုင်အော်ဟစ်ပွဲတစ်ခုလိုဖြစ်လာပြီး မည်သူကမှနောက်မဆုတ်ချင်ကြပေ။

ဆူညံသံသည်လှိုင်းလုံးများသဖွယ် တရွေ့ရွေ့တက်လာပြီး တစ်စက္ကန့်ချင်းစီတိုင်းတွင်ပိုမိုကျယ်လောင်ပြင်းထန်လာသည်။

စူးယွင်သည် မျက်မှောင်ကြုံ့ကာ သူမ၏နားနှစ်ဖက်ကိုလက်ဖြင့် ပိတ်ထားလိုက်ရ၏။

ဒါကဘာတွေလဲ။ဒီလူတွေ ဘယ်ကလာတာလဲ။တကယ်ကို နားမခံနိုင်တော့ဘူး!

သူတို့ကအဖွဲ့အစည်းကို ပျံကျစျေးလိုသဘောထားပြီး အကျယ်ဆုံးအော်နိုင်တဲ့လူက အနိုင်ရမယ်လို့ ထင်နေကြတာလား။

"ရှင်တို့......"

"မသင့်လျော်တဲ့ အလေ့အကျင့်... ခေတ်သစ်..."

စူးယွင်သည် သက်ပြင်းရှည်ကြီးချကာ ရှေ့သို့နှစ်လှမ်းတိုးပြီး လက်များအားဝှေ့ယမ်းလိုက်သည်။

"တိတ်ကြတော့ အတွင်းထဲကလူတွေ အလုပ်လုပ်နေကြတယ်လေ။ရှင်တို့ရန်ဖြစ်ချင်ရင် အခြားနေရာမှာသွားဖြစ်ကြ ဒီနေရာကရှင်တို့နဲ့တကယ်မသင့်တော်ဘူး"

"လူကြီးမင်းတို့..."

"မသင့်လျော်တဲ့... ခေတ်သစ်..."

သူတို့သည် စိတ်အားတက်ကြွနေကြဆဲဖြစ်ကာ သူတို့၏အသံများမှာလည်း ပို၍ပင်ကျယ်လောင်ကာ ပိုမိုပြင်းထန်လာသည်။စူးယွင်၏လည်ချောင်းမှာ အော်ဟစ်နေရသောကြောင့် နာကျင်လာသော်လည်း သူတို့သည်တော့သူမပြောနေသည်ကို မကြားနိုင်သေးပေ။

စူးယွင်သည် ခါးထောက်၍ရပ်လိုက်သည်။

နင်တို့ လူမိုက်တွေ!

နင်တို့အသံကျယ်နေရုံနဲ့ နင်တို့ကအထင်ကြီးစရာကောင်းနေပြီလို့ ထင်နေကြတာလား။

ကောင်းပြီလေ။

နင်တို့ကငါ့အသံထက် ပိုကျယ်ကျယ်အော်နိုင်မယ်ဆိုတာမယုံဘူး။

စူးယွင်သည် ဘေးဘက်သို့လျှောက်သွားကာ လမ်းဘေးရှိ သစ်ပင်တစ်ပင်မှ ခပ်တုတ်တုတ်သစ်ကိုင်းတစ်ခုကို ချိုးလိုက်သည်။

သူမသည် သူမလက်ထဲရှိသစ်ကိုင်းအား လက်ဖြင့်ခေါက်ကြည့်လိုက်၏။

ကောင်းတယ်။

ဒါက တော်တော်လေးမာသားပဲ။

စူးယွင်သည် သစ်ကိုင်းအားကိုင်လျက် တံခါးဝဆီဖြည်းဖြည်းချင်းလျှောက်သွားပြီး သစ်ကိုင်းကိုအားဖြင့်ရိုက်ချလိုက်သည်။

တံခါးတွင်သတ္တုဆွဲသီးနှစ်ခု ချိတ်ဆွဲထား၏။ထိုဆွဲသီးတို့မှာ ယမ်းခါနေပြီးအချင်းချင်းမတိုက်မိကြသော်ငြား စူးယွင်၏ရိုက်ချက်အရှိန်ကြောင့် ဆွဲသီးများသည် လေထဲတွင်လွှဲယမ်းသွားပြီး သံတံခါးနှင့် ပြင်းပြင်းထန်ထန်တိုက်မိသွား၏။

"ချွင် ချွင် ချွင်"

အသံမှာကျယ်လောင်ပြီး နားမခံသာစရာပင်။

ငြင်းခုံနေသောလူအုပ်စုသည် ခဏတာမျှရပ်တန့်သွားပြီး အသံလာရာဆီလှည့်ကြည့်လိုက်သည်။စူးယွင်သည် သူမလက်ထဲတွင်သစ်ကိုင်းအား ဆက်ကိုင်ထားလိုက်၏။သူမသည် သစ်ကိုင်းအားမြေပေါ်ထောက်ထားလိုက်ပြီး သူတို့၏မျက်နှာတစ်ခုချင်းစီကို စူးစိုက်ကြည့်လိုက်သည်။

"ကျွန်မ ထပ်ပြောမယ်။ဒီနေရာက အဖွဲ့အစည်းပိုင်‌နေရာ ရှင်တို့ဆူပူအုံကြွလို့ရတဲ့ နေရာမဟုတ်ဘူး။ရှင်တို့အနေနဲ့ စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ ရန်ဖြစ်ချင်ကြတယ်ဆိုရင် အခြားနေရာကိုသွားပါ။ဝင်ပေါက်မှာ အနှောင့်အယှက်ပေးတာကို ခွင့်မပြုပါဘူး။အတွင်းထဲမှာလူတွေ အလုပ်လုပ်နေတယ်။အဲ့အလုပ်ကလည်း အဖွဲ့အစည်းအတွက် အရေးကြီးကိစ္စပဲ။တစ်ခုခုမှားယွင်းသွားရင် ရှင်တို့ထဲကဘယ်သူတာဝန်ယူမှာလဲ"

*အဖွဲ့အစည်း၏ အရေးကြီးကိစ္စ*အားဖော်ပြလာသည်ကို ကြားသောအခါ လူအုပ်သည်ချက်ချင်း တိတ်ဆိတ်သွားလေသည်။

စူးယွင်မှ ဆက်ပြောလိုက်၏။

"ရှင်တို့မှာပြဿနာရှိရင် သတ္တိရှိရှိနဲ့ပြောပြကြပါ။ရှင်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကိုတင်ပြနိုင်ပါတယ်။ဒီလိုကြီး ဝင်ပေါက်ကိုပိတ်ဆို့ထားတာမျိုးတော့ မလုပ်ပါနဲ့ ကောင်းပြီလား"

သူမသည်ဝင်ပေါက်မှ၁၅၀မီတာခန့် အကွာအဝေးရှိ အကြံပြုချက်ပုံးထံ လက်ညှိုးထိုးပြလိုက်သည်။

"အဲဒါကအဖွဲ့အစည်းအတွက် တုံ့ပြန်ချက်တွေကို ကျွန်မတို့စုဆောင်းတဲ့နေရာပါ။ရှင်တို့မှာ မကျေနပ်ချက်တွေရှိရင် ရေးချပြီးတင်ပြနိုင်ပါတယ်။ကျွန်မတို့ ပြန်လည်သုံးသပ်ပြီး ဆင်ခြင်တုံတရားနဲ့ ကိုက်ညီမယ်ဆိုရင် လိုအပ်တဲ့ ပြောင်းလဲမှုတွေကို လုပ်ဆောင်ပါ့မယ်"

"ဒါ့အပြင် ရှင်တို့ရဲ့အလံတွေအားလုံးကို ဖယ်ပစ်လိုက်‌တော့။လူတိုင်းအိမ်ပြန်ပြီး ရေမိုးချိုးလိုက်သင့်တယ်။သတင်းထောက်တွေလို တံခါးဝမှာ ထိုင်မနေကြနဲ့"

စူးယွင်သည် ဘာတွေဖြစ်ပျက်ခဲ့သည်ကို မသိသော်လည်း သူမမှာ မတုံးအပေ။အလံထက်ရှိ စာလုံးများကိုကြည့်ခြင်းအားဖြင့် အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

"မဖြစ်နိုင်ဘူး။ငါတို့က ဒီနေ့ဒီမှာပဲနေရမယ်။အတွင်းထဲကလူတွေ ထွက်လာမှာကိုစောင့်မှာ"

ထိုသူသည် စူးယွင်အားကြည့်လိုက်ရာ သူမလက်မောင်းထက်ရှိ အနီရောင်ဖဲကြိုးသည်အလွန်တောက်ပနေလေသည်။

"မင်းကလည်း အဖွဲ့အစည်းရဲ့အဖွဲ့ဝင်တစ်ဦးပဲမဟုတ်လား။အဝတ်အထည်ဌာနက စူးယွင်ကိုမင်းသိလား"

"ကျွန်မ သူမကိုမသိပါဘူး"

စူးယွင်သည် ခေါင်းယမ်းပြလိုက်၏။

"ဒါပေမယ့် သူမအကြောင်းတော့ကြားဖူးပါတယ်။ထင်တာတော့ သူမကပြဿနာအချို့ကိုကိုင်တွယ်နေရတာဆိုပဲ အခုအဖွဲ့အစည်းမှာမရှိဘူး"

"တကယ်လား"

ထိုသူသည် ခဏတာမျှစဉ်းစားနေပုံရသည်။

"ရှင်တို့ကကျွန်မကို ပိုက်ဆံချေးနေတာမှမဟုတ်တာ။ကျွန်မကဘာလို့လိမ်ရမှာလဲ"

စူးယွင်မှာ ခပ်ပေါ့ပေါ့ပြောလိုက်သည်။

သူမ၏အမူအရာအားမြင်သောအခါ ထိုသူသည်သူမအားယုံသွားပုံရပြီး ခေါင်းငြိမ့်လာ၏။

"မင်းပြောတာ မှန်တယ်"

စူးယွင်သည် ပြုံးလိုက်မိ၏။

ဒီလိုအခြေအနေမျိုးမှာ စူးယွင်ဖြစ်ကြောင်းဝန်ခံမယ့်သူက မိုက်မဲတဲ့သူပဲဖြစ်သွားရမှာ မဟုတ်ဘူးလား။ပတ်ပတ်လည်မှာလူတွေကအများကြီးရှိနေတဲ့အပြင် အကုန်လုံးကထွားထွားကြိုင်းကြိုင်းအမျိုးသားကြီးတွေလေ။သူမသာ သူမဘယ်သူလဲဆိုတာဖော်ထုတ်လိုက်ရင် ဒီကနေထွက်သွားနိုင်မှာမဟုတ်တော့ဘူး။

"ကောင်းပြီ မင်းကအဖွဲ့အစည်းကဆိုရင် ငါတို့တွေဒီမှာ ဘယ်သူ့ကိုထောက်ခံနေလဲဆိုတာသေချာပေါက်သိရမယ်။ငါတို့ဒီမှာ နေနေရတဲ့အကြောင်းရင်းရှိတယ်လေ"

စူးယွင်သည် သူမမျက်လုံးများအား အနည်းငယ် မှေးကျဉ်းလိုက်သော်လည်း သူမစိတ်ကိုတည်ငြိမ်အောင် ထိန်းထားသည်။

"ကျွန်မ ပြောခဲ့သလိုပဲ။ရှင်တို့မှာ ပြဿနာရှိရင်သင့်လျော်တဲ့ လမ်းကြောင်းတွေကနေ တင်ပြနိုင်ပါတယ်။ဒါပေမယ့် ဒီမှာရပ်ပြီးလမ်းပိတ်ဆို့နေရုံနဲ့တော့ ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး။သွားလိုက်ကြပါတော့"

"ရှင်တို့အားလုံးကို အခုပဲထွက်သွားကြဖို့ ကျွန်မအကြံပြုချင်ပါတယ်"

စူးယွင်သည် အသံတင်းတင်းဖြင့် ဆက်ပြောလိုက်သည်။

"မဟုတ်ရင် အာဏာပိုင်တွေရောက်လာပြီး ရှင်တို့အတွက်ကိစ္စတွေကို ပိုဆိုးသွားအောင်လုပ်မိလိမ့်မယ်"

ထိုသို့ပြောပြီးနောက် သူမသည်အဆောက်အဦးထဲသို့ လှည့်ဝင်သွားလိုက်သည်။

သူမမှာ မမိုက်မဲ‌ပေ။ဤလူများမှာ ရက်ပေါင်းများစွာကြာအောင် လှည့်ပတ်နေကြသည်ကိုပင်ရွှေ့ပြောင်းခြင်းမခံရသေး၍ သူမတစ်ယောက်တည်းအားဖြင့် ဘာဆက်လုပ်နိုင်ပါမည်နည်း။စူးယွင်သည် အတွင်းသို့ဝင်ပြီး အခြေအနေအားပိုမိုနားလည်အောင် လုပ်ဆောင်ခြင်းသည် ပိုကောင်းသည်ဟုဆုံးဖြတ်ခဲ့သည်။

သူမသည် မူယွင်နန်း‌ဆောင်ထဲသို့ တန်းတန်းမတ်မတ်ဝင်သွားလိုက်၏။‌ရောက်သည်နှင့်တန်းမေးလိုက်မိတော့သည်။

"တကတည်းအပြင်မှာဘာဖြစ်နေတာလဲ။လူတစ်စုက အလံတွေနဲ့အော်နေကြတာ။ဒါကဘာလဲ ပုန်ကန်မှုတစ်မျိုးလား"

"မပြောပါနဲ့တော့ ဒါပေမယ့်တစ်ကယ်တော့လည်း အဲအတိုင်းပါပဲ"

ချန်းရွှေအာသည် မော့ကြည့်လာပြီးရှင်းပြလိုက်သည်။

"သခင်ကြီးရှန်းက အရင်ရက်ပိုင်းမှာဘုရင်မင်းမြတ်ဆီ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တင်ပြခဲ့ပြီး ဝူရုန်းဟော်စံအိမ်ကလည်း တင်ပြခဲ့တယ်တဲ့။သူတို့နှစ်ယောက်စလုံးကဘုရင်မင်းမြတ်ရဲ့ ယုံကြည်ရတဲ့အရာရှိတွေဖြစ်ကြပေမယ့် ဆန့်ကျင်ဘက်အမြင်တွေရှိနေကြတာလေ။အဲ့တော့ဆုံးဖြတ်ချက်ချဖို့ တကယ်ကိုခက်သွားရော။ဒါကြောင့်ပဲ ဘုရင်မင်းမြတ်က အားလုံးကိုစုဝေးပြီးဆွေးနွေးဖို့ စီစဉ်နေတယ်တဲ့"

"ဒါပေမယ့် ပြဿနာတစ်ခုရှိသေးတယ်"

သူမမှ ဆက်ပြောလာသည်။

"သခင်ကြီးရှန်း ဦးဆောင်တဲ့ရှေးရိုစွဲတွေက ငါတို့ဘိုးဘွားတွေ ချန်ထားခဲ့တဲ့ အစဉ်အလာတွေကိုထိန်းသိမ်းဖို့ အခိုင်အမာ တောင်းဆိုကြတယ်။ဝူရုန်ဟော်စံအိမ် ဦးဆောင်တဲ့ပြုပြင်ပြောင်းလဲရေးသမားတွေကတော့ ငါတို့ကပိတ်ဆို့နေလို့မရဘူး ပြောင်းလဲမှုအချို့လုပ်ဖို့လိုတယ်လို့ ယုံကြည်ကြတယ်တဲ့"

"ဒါက နန်းတွင်းကိစ္စတွေပါ။အဖွဲ့အစည်းနဲ့ ဘာဆိုင်လို့လဲ"

စူးယွင်မှ မေးလိုက်၏။

"ပြဿနာက အဲ့မှာစတာပဲ"

ချန်းရွှေအာမှ ဆက်ပြောလာသည်။

"ဒီအုပ်စုနှစ်စုက ဒီဧရိယာမှာပြုပြင်ပြောင်းလဲဖို့ လိုချင်ကြပေမယ့် တစ်နည်းနည်းနဲ့ ဒီသတင်းကပေါက်ကြားသွားပြီး အများပြည်သူကို တော်တော်လှုံ့ဆော်ပေးနိုင်သွားတယ်။အဲ့တော့သဘာဝကျကျ အုပ်စုနှစ်စုပေါ်လာပြီး သူတို့ဘက်ခြမ်းအတွက် အကြီးမားဆုံးထောက်ခံမှုကိုရရှိဖို့ လမ်းတွေပေါ်မှာ ချီတက်ပွဲတွေ စလုပ်လာကြရော။ပြီးတော့နင်က ငါတို့အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်လား။ဒါကြောင့်ပဲသူတို့က သူတို့ရဲ့အသံတွေကိုကြားရစေဖို့ဒီကိုလာကြတယ်ထင်တာပဲ နားလည်တယ် မဟုတ်လား"

ချန်းရွှေအာ၏စကားမှာ မဆုံးသေးသော်လည်း စူးယွင်သည်နောက်ဆက်တွဲ ဖြစ်လာမည့်အရာကို ခန့်မှန်းပြီးသား ဖြစ်သည်။

"ဒါပေမယ့် သူတို့ကိုဝင်ပေါက်မှာ နေခွင့်ပေးထားတာကလည်း ဖြေရှင်းချက် မဟုတ်ဘူး"

စူးယွင်မှ ပြောလိုက်သည်။

"အမှန်တကယ် ပြဿနာကဒါပဲ"

ချန်းရွှေအာမှ ပြောလာ၏။

"သာမန်အရပ်ဘက်အဖွဲ့အစည်းတစ်ခုသာဆိုရင် အစိုးရကဖိနှိပ်လိုက်လို့ရသွားမှာ။ဒါပေမယ့် ပြဿနာကဒီကိစ္စနောက်ကွယ်ရဲ့ အဓိကအုပ်စုနှစ်စုကြားက အာဏာလုပွဲဖြစ်နေတာပဲ"

"ဒါပေမယ့် ဒီ......"

"စူးမိန်းကလေး ဌာနအကြီးအကဲတွေက ဒါကို ကိုင်တွယ်ပါလိမ့်မယ်။အခုအချိန်မှာ အရေးအကြီးဆုံးက မိဖုရားကြီးရဲ့မွေးနေ့ပွဲပဲ"

ဝမ်လဲ့သည်စူးယွင်၏ပခုံးထက်လက်တင်လိုက်သည်။

"အာဏာကိစ္စတွေက ငါတို့ဝင်ပါလို့ရတဲ့ ကိစ္စတွေ မဟုတ်ဘူး။ဒါကြောင့်အရမ်းကြီး စဉ်းစားမနေပါနဲ့"

ဤကိစ္စမှာ မြို့တော်တွင်းဤမျှလောက် ဆူညံမှုများဖြစ်စေသည်မှာ နောက်ကွယ်၌ တစ်စုံတစ်ယောက်ကျိန်းသေရှိနေ၍ပင်။

စိတ်ကူးအကြံဥာဏ်သစ်များအား ဆန့်ကျင်သည်ဆိုသည်မှာ အကြောင်းပြချက်တစ်ခုမျှသာဖြစ်ပြီး နောက်ဆုံးတော့ဤအရာများအားလုံးမှာ အာဏာရှိသောအရာရှိများကြားမှ သွေးတိုးစမ်းမှုများသာပင်။

"ကောင်းပါပြီ"

စူးယွင်မှ ပြောလိုက်သည်။

"ဌာနအကြီးအကဲရဲ့ဒဏ်ရာက အခုဘယ်လို‌နေလဲ"

ရှောက်ချီမှာစိတ်လှုပ်ရှားမှုအပြည့်ရှိသည့် မျက်နှာဖြင့်ပြေးထွက်လာသည်။

"ပြောရရင် ကျွန်မတစ်ကယ်ကို အဲဒီလုံဟွမ်ဘုရားကျောင်းကိုပဲ‌ ကျေးဇူးတင်ရမယ်။တစ်ကယ်ကို အံ့ဩစရာပဲ။နင်အဲဒီမှာ ရက်အနည်းငယ်ပဲနေခဲ့တာတောင် အကြီးအကဲက တစ်ဝက်လောက်သက်သာနေပြီ။ဒီအတိုင်းခဏတစ်ဖြုတ်ဆက်နေရင် သူလုံးဝပြန်ကောင်းလာပါလိမ့်မယ်"

"ဒီလောက်အဝေးကြီးကို ပြေးလွှားခဲ့ရတာ တော်တော်ခက်ခဲခဲ့မှာပဲ"

"ဘာမှမဟုတ်ပါဘူး။အကြီးအကဲရဲ့ ခြေထောက်သာကောင်းသွားရင် ဒါကတန်ဖိုးရှိပါတယ်"

အမျိုးသမီးကျောက်မှ စကားပြောလာသည်။

"နင်တစ်ရက်ပဲ သွားမယ်လို့မပြောခဲ့ဘူးလား။ဘာလို့ ဒီလောက်အကြာကြီးနေခဲ့တာလဲ။တစ်ခုခုဖြစ်သွားလို့လား"

"အသေးအဖွဲမတော်တဆမှုလေးတစ်ခုပါပဲ။ကြီးကြီးမားမားမဟုတ်ပါဘူး"

"ဒါဆို ကောင်းတာပေါ့"

လူအုပ်သည် ထပ်မံစူးစမ်းမေးမြန်းလိုပုံမရတော့ပေ။သူတို့သည် အပ်များနှင့်အပ်ချည်တို့ကို ကောက်ယူကာသူတို့အလုပ်ကို ဆက်လုပ်ရန် ပြင်ဆင်လိုက်ကြသည်။

"စူးမိန်းကလေး ဒီနေရာကနည်းနည်းမသင့်တော်ဘူးလို့ ရှင်ထင်လား"

"ကျွန်မတို့လုပ်နိုင်မယ်လို့ထင်တယ်....."

*ဒေါက် ဒေါက် ဒေါက်*

"စူးမိန်းကလေးဒီမှာရှိလား"

ဧည့်သည်မှာ ရုန်စာ၏အနီးကပ်အစေခံမလေးဖြစ်သည်။

စူးယွင်သည် သူမကိုင်ထားသောအရာအားအောက်ချကာမေးလိုက်၏။

"ဘာဖြစ်လို့လဲ အစ်မရို့အာ"

"အကြီးအကဲက မင်းပြန်ရောက်ပြီဆိုတာ ကြားလို့ သတင်းစကားပါးခိုင်းလိုက်တာပါ။နောက်ရက်အနည်းငယ်အတွင်း အဖွဲ့အစည်းထဲပဲနေပြီး အပြင်မထွက်ပါနဲ့လို့ မင်းကိုပြောလိုက်တယ်"

စူးယွင်သည် နားမလည်သော်လည်း သဘောတူလိုက်ရသည်။

All Chapters