← Chapters

အခန်း (၁၁၀+၁၁၁)

Vol. 11 Ch. 110+111

အခန်း (၁၁၀+၁၁၁)

Vol. 11 Ch. 110+111

Ch-110+111

နဉ်ကျင်းသည် ညာလက်ဖြင့် ခေါက်ယပ်‌တောင်ကို ဝှေ့ယမ်းနေပြီး ဘယ်ဘက်လက်အားထိုင်ခုံ၏ လက်တင်ခုံပေါ်တင်ထားကာ စိတ်အေးလက်အေးနှင့် သက်သောင့်သက်သာရှိနေပုံရသည်။

စူးယွင်၏အသံကိုကြားသော် သူသည်ထရပ်လာပြီးပြောလာ၏။

"မင်းကိုအပြစ်မတင်ခံစေချင်တော့လည်း ကိုယ်တိုင်ပဲလာလည်ရတာပေါ့"

စူးယွင်သည်သူ့အားစိုက်ကြည့်ရင်း

"ရှင်က တော်တော်စကားများတာပဲ"

"မင်းပဲကိုယ့်ကိုမေးခဲ့တာ မဟုတ်ဘူးလား"

နဉ်ကျင်းသည်သူမလက်အားဆွဲကာ ထိုင်ခုံဆီသို့ လျှောက်သွားလိုက်သည်။

"ဘာကိစ္စရှိလို့ ဒီကိုရောက်လာတာလဲ"

စူးယွင်သည်သူ့ထံတစ်ချက်ကြည့်လိုက်ပြီးနောက် ရုန်စာထံ လှည့်ကြည့်ကာ တံခါးဝ၌ကြုံခဲ့ရသည့်အကြောင်းများအား ပြန်ပြောပြလိုက်သည်။

"ဘာဖြစ်သွားသေးလဲ"

နဉ်ကျင်းသည်စူးယွင်၏လက်အားဆွဲကာ အကြိမ်ကြိမ်အထပ်ထပ် စစ်ဆေးပါတော့သည်။

"ရဲတင်းလိုက်တဲ့ ငမိုက်သားတွေပဲ။သူတို့ကို သတ်ပစ်လိုက်သင့်တာ"

စူးယွင်သည်မျက်မှောင်ကြုံ့သွားပြီး *နဉ်ကျင်း*ဟု အသံတိုးတိုးဖြင့်ခေါ်လိုက်ကာ သူမ၏ မနှစ်သက်မှုအားဖော်ပြလိုက်သည်။

နဉ်ကျင်း၏မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု လျင်မြန်စွာဖြတ်ပြေးသွား၏။သူသည်သူမ၏လက်အား ပို၍ပင်တင်းတင်းဆုပ်ကိုင်လိုက်ပြီး ကူကယ်ရာမဲ့ဟန်ဖြင့် သူမထံကြည့်လာသည်။

"ကိုယ်မှားသွားပါတယ်။ကိုယ်စကားကို မြန်မြန်ပြောမိသွားတယ်"

သူရှင်းပြလိုက်၏။သို့သော် သူ့မျက်လုံးများမှာတော့ သူမအရိပ်အ‌ခြေအားဆက်ကြည့်‌နေလေသည်။သူမ၏အကြည့်တွင်းဝယ် စက်ဆုပ်ရွံရှာသည့်လက္ခဏာမျိုးမတွေ့မှသာ သူလည်းစိတ်အေးသွားပြီးဆက်ပြောလာ၏။

သူမ၏နဖူးကို အသာပွတ်သပ်ပေးကာ မျက်မှောင်ကြုံ့ထားသည်အား ဖြေလျှော့ပေးလိုက်သည်။

"ကိုယ်ဆိုလိုချင်တာက သူတို့ကိုသင်ခန်းစာပေးသင့်တယ်။အဖွဲ့အစည်းက အမှားတစ်ခုခုလုပ်ခဲ့လို့လား ဒါမှမဟုတ် မင်းကပဲအမှားလုပ်ခဲ့မိလို့လား။သူတို့ရဲ့လုပ်ရပ်တွေက တစ်ကယ့်ကို......တစ်ကယ့်ကိုစည်း‌တွေဘောင်တွေမရှိဘူး"

သူသည်အချိန်အတော်ကြာစဉ်းစားပြီးမှသာ ထိုစကားလုံးအား ရှာတွေ့ခဲ့သည်။

"ရှင်နားလည်နေသရွေ့ပေါ့"

စူးယွင်သည် သူ့လက်အားခါချလိုက်ပြီး နှုတ်ခမ်း‌ထောင့်အားကွေးညွတ်ကာ ပြုံးလိုက်သည်။

"ကျွန်မကဌာနအကြီးအကဲနဲ့ စကားပြောစရာရှိသေးတယ်။ရှင်တိတ်တိတ်နေနော်"

နဉ်ကျင်းသည် အစောပိုင်းမှဖြစ်ပျက်ခဲ့သည့်ကိစ္စအားစိုးရိမ်နေဆဲဖြစ်ရာ စကားထပ်မပြောဝံ့တော့ပေ။

"ဌာနအကြီးအကဲ ဒီကိစ္စကိုဘယ်လိုမြင်လဲ"

စူးယွင်သည် စိုးရိမ်စိတ်အနည်းငယ်ဖြင့်မေးလိုက်သည်။သူမအတွက်တော့ ဤကဲ့သို့ချဉ်းကပ်ပုံမှာ အနည်းငယ်စိတ်လိုက်မာန်ပါဖြစ်လွန်းလေ၏။သူမသည်နှုတ်ခမ်းအားကိုက်လိုက်ပြီး အသာထပ်ပြောလိုက်သည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး......ကျွန်မ......"

ရုန်စာသည် သူမဘက်သို့အကြည့်ပြန်ရောက်လာသည်။မျက်လုံးများအား ဟိုကြည့်ဒီကြည့်လုပ်ရင်း လည်ချောင်းရှင်းပြီးမှ ပြန်ဖြေလိုက်၏။

"မင်းကောင်းကောင်းကိုင်တွယ်ခဲ့တယ်လို့ ငါထင်တယ်။ရန်ဖြစ်တာက တစ်မျိုးဖြစ်ပေမယ့် လူတွေကိုထိခိုက်စေတဲ့ ဒီလိုကိစ္စမျိုးကတော့ရပ်တန့်အောင် လုပ်ကိုလုပ်ရမယ်။ငါညွှန်ကြား‌ရေးမှူးရှန်ဆီ တင်ပြလိုက်မယ်"

သူမ၏အတည်ပြုချက်အားကြားပါမှ စူးယွင်လည်းထရပ်လိုက်သည်။

"ဒါဆိုရင်‌တော့ဌာနအကြီးအကဲပဲ စီစဉ်လိုက်ပါတော့နော်။ကျွန်မမှာ အခြားကိစ္စတွေလုပ်စရာရှိသေးလို့ ကြာကြာမနေတော့ပါဘူး"

"ဒါဆိုကျွန်တော်လည်း သွားတော့မယ်"

နဉ်ကျင်းလည်း ထရပ်လာသည်။

"သခင်လေးနဉ် ဂရုစိုက်ပါ"

ရုန်စာသည် ထရပ်ပြီးလေးစားသမှုဖြင့်ပြောလာ၏။

"အဖွဲ့အစည်းရဲ့တံခါးတွေက သခင်လေးအတွက် အမြဲတမ်းဖွင့်ပေးထားပါတယ်"

စူးယွင်သည် သူတို့ထံတစ်ချက်ကြည့်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။

လမ်းတွင်နဉ်ကျင်းသည် စူးယွင်၏လက်အားကိုင်လျက် အေးအေးလူလူလျှောက်နေလေသည်။လမ်းတစ်လျှောက်တွင် ရင်းနှီးသောမျက်နှာအချို့နှင့် တွေ့ဆုံချိန်တွင်လည်းသူသည် သိမ်မွေ့၍ယဉ်ကျေးသောအမူအရာအား ပြသကာခေါင်းငြိမ့်နှုတ်ဆက်လေ၏။

အခန်းထဲပြန်ရောက်သော် စူးယွင်သည် လက်ပေါ်မေးတင်ကာ သူ့ထံမော့ကြည့်လိုက်သည်။

"ရှင့်မှာဘာမှပြောစရာမရှိဘူးလား"

"ဘာကိုလဲ"

နဉ်ကျင်းသည် သူမဘေးတွင်ဝင်ထိုင်လိုက်ပြီး လက်မောင်းအားလှမ်းချိတ်ကာ အတန်ငယ်ငုံ့ကိုင်း၍ ခေါင်းစောင်းကာကြည့်လာသည်။

"မင်းစိတ်ဆိုးနေတုန်းလား။ကိုယ်မှားပါတယ်။အခုကစပြီး စကားမပြောခင် ကိုယ်တစ်ကယ်ကိုစဉ်းစားပြီးမှပြောပါ့မယ်"

သူသည်မတ်မတ်ထိုင်ပြီး လက်အားမြှောက်ကာ ကျိန်ဆိုဟန်ဖြင့်

"ဒီလိုစကားမျိုး နောက်တစ်ခါထပ်ပြောမိရင်ကိုယ်......"

"တော်ပါတော့"

စူးယွင်သည် သူ့လက်အားပုတ်ချလိုက်ကာ ပြောလာ၏။

"အဲ့ဒီအဓိပ္ပာယ်မရှိတာတွေကို ဘယ်သူမှယုံမှာ မဟုတ်ဘူး။ဝက်မကမှ သစ်ပင်ပေါ်တက်နိုင်လိမ့်ဦးမယ်"

"မင်းကိုယ့်ကို မယုံဘူးလား"

သူသည်လက်အားထပ်မြှောက်လာသည်။

"ကိုယ်ကျိန်ပြရဲပါတယ်......"

"တော်ပါပြီဆို"

သူမသည် သူ့လက်အားထပ်ပုတ်ချလိုက်သော်လည်း ဤအကြိမ်တွင်တော့ သူ့လက်မှာပြုတ်ကျမသွားခဲ့ပေ။သူသည်သူမ၏လက်အားမြဲမြံစွာဆုပ်ကိုင်ထားပြီး လေးလေးနက်နက်ဖြင့် စိတ်ရင်းခံကာပြောလာသည်။

"ကိုယ့်ကို ယုံပါနော်"

စူးယွင်သည် သူမ၏လက်အားရုန်းရန်လုပ်လိုက်သော်လည်းမရ၍ မျက်နှာရှုံ့မဲ့ကာပြောလိုက်သည်။

"သွားပြီး စားစရာတစ်ခုခုသာယူပေးစမ်းပါ"

"ကောင်းပြီ"

နဉ်ကျင်းသည် ပြန်ဖြေ၍ထွက်သွားစဉ်တွင် အနမ်းတစ်ပွင့်ပေးအပ်ခဲ့ဖို့ မမေ့ခဲ့ပေ။

နောက်တစ်နေ့တွင် စူးယွင်မှာအချိန်မီရောက်ရှိလာ၏။သူမ၏အောင်မြင်မှုသည် နဉ်ကျင်းမှစောစောထကာ အိမ်သို့ပြန်သွားခြင်းကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်ပါသည်။

ရှန်းအိမ်‌တော်

နဉ်ကျင်းသည် ထိုင်ခုံထက်ထိုင်နေပြီး တုန့်စန်းသည်သူ့နောက်တွင် ရပ်နေသည်။တုန့်စန်း၏ ဘယ်ဘက်ခါးထက်တွင် ဓားရှည်ကိုချိတ်ထားပြီး လက်အားဓားရိုးထက်တွင်တင်ထားလေ၏။သူ၏မျက်နှာသည် မည်းမှောင်နေပြီးသူ့ထက်မြင့်သည့်နေရာတွင် ထိုင်နေသူထံစိုက်ကြည့်နေသည်။

"မင်းမှာဘယ်လိုအကြံအစည်တွေ ရှိနေပါစေ။ဘယ်လိုပြည်တွင်းပဋိပက္ခတွေ လုပ်ချင်နေပါစေ သူမကိုတော့ထိလို့မရဘူး"

နဉ်ကျင်းသည် မျက်လုံးများကိုမှေးကျဉ်း၍ လက်ချောင်းများအား အတန်ငယ်ကွေးညွှတ်ကာ စားပွဲထက်ခေါက်လိုက်ချိန်တွင်တော့ ကြည်လင်ပြတ်သားသည့် တတောက်တောက်မြည်သံ ထွက်ပေါ်လာလေသည်။

"အရှင့်သား ဒါကဘာကိုဆိုလိုတာများလဲ"

သခင်ကြီးရှန်းသည် ငယ်စဉ်၌သြဇာကြီးမားသူဖြစ်ရာ စကားအနည်းငယ်ဖြင့် အလွယ်တကူခြိမ်းခြောက်ခံမည့်သူ မဟုတ်ပေ။

"ကျွန်တော်မျိုးဒီကိစ္စကို ဘုရင်မင်းမြတ်ထံ အစီရင်ခံစာတင်ပြီးပြီ။နန်းတော်ထဲက ဝန်ကြီးတွေက ကျွန်‌တော်မျိုးရဲ့ချဉ်းကပ်ပုံကို သဘောတူကြပါတယ်"

"အရှင်မင်းသားက ကျွန်တော်မျိုးကို အပြစ်မရှိအပြစ်ရှာနေတယ်လို့ ပြောချင်တာလား"

နဉ်ကျင်းသည် အပြုံးမပျက်ဘဲမာနတို့ထင်ဟပ်နေသည့်လေသံဖြင့်

"အဲ့လိုဆိုလည်း ဘာဖြစ်လဲ"

"ဒီမင်းသားမလုပ်နိုင်တာ ဘာမှမရှိဘူး။မင်းမသေချင်ဘူးဆိုရင်တော့ စမ်းလုပ်ကြည့်ပေါ့"

သူ့စကားဆုံးသည်နှင့် သူ့နောက်တွင်ရပ်နေသော တုန့်စန်းသည် ဓားအားလှမ်းကိုင်လိုက်သည်။ဓားမှလေထုအားဖြတ်သွားသည့် ပြတ်သားသောအသံသည် လေထုအားအက်ကွဲသွားစေသည့်အလား သခင်ကြီးရှန်း၏နားတွင်း ပဲ့တင်ထပ်သွားလေ၏။

"ရိုင်းစိုင်းလိုက်တာ"

ရှဲ့ဝမ်ဖူ၏အိမ်တော်ထိန်းမှာ ချက်ချင်းအော်ဟစ်ကာ ရှေ့သို့တက်လာပြီး သခင်ကြီးရှန်းအားကာကွယ်လိုက်သည်။

"လူကြီးမင်းက ဝမ်ဖူပဲ။မင်းကဒုတိယမင်းသားဖြစ်နေရင်တောင် ဒီနေရာမှာလူကြီးဖြစ်တဲ့ သခင်ကြီးကို ဓားထုတ်ပြခွင့်မရှိဘူး"

"တစ်ချိန်ကအင်အားကြီးခဲ့တဲ့ ဝမ်ဖူကိုကြောက်စရာ ဒီမင်းသားမှာရှိလို့လား"

နဉ်ကျင်းသည် ထိုင်ခုံနောက်သို့မှီလိုက်ပြီး သူ့၏ခေါက်ယပ်တောင်ကို ဖြည်းဖြည်းချင်းဖွင့်၍ အခန်းအားလေ့လာကြည့်လိုက်သည်။

"အရင်သခင်ထန် ဘုန်းကြီးဝတ်သွားပြီးနောက်မှာ လက်ရှိသခင်လေးရှန်းက အရည်အချင်းကမရှိ ရမ္မက်ကကြီး ယွဲ့မန်လော်မှာပဲ အရက်နဲ့မိန်းမလိုက်စားနေပြီး နေ့ရှိသရွေ့ပေါ့ပျက်ပျက်နေထိုင်နေတာပဲလေ"

သခင်ကြီးရှန်း၏မျက်နှာအမူအရာမှာ ပြောင်းလဲမသွားသော်လည်း သူ၏လက်များမှာတော့ထိုင်ခုံလက်ရန်းအား တင်းတင်းဆုပ်ကိုင်ထားလေသည်။

"မင်း ဘာပြောချင်တာလဲ"

"ယွဲ့မန်‌လော်က လိင်မှုကိစ္စတွေနဲ့ပတ်သက်ပြီး နာမည်ကြီးတယ်လို့ကြားဖူးတယ်။အကယ်၍များအမှန်ဆိုရင်တော့ မင်း‌ငွေကိုရေလိုသုံးနေရမယ်လို့ ဒီမင်းသားထင်တယ်။ရှဲ့ဝမ်ဖူရဲ့ ကြွယ်ဝမှုနဲ့တောင် ဒီလိုဖြုန်းတီးမှုမျိုးကိုထောက်ပံ့ဖို့ လုံလောက်မှာ မဟုတ်ဘူး"

ယွဲ့မန်လော်သည် မြို့တော်ရှိအကြီးဆုံးပြည့်တန်ဆာအိမ်ဖြစ်ပြီး မရေမတွက်နိုင်သောမိန်းမလှလေးများရှိလေသည်။အထက်တန်းစားပြည့်တန်ဆာများသည် တစ်ညလျှင်ရွှေစတစ်ထောင်တန်ဖိုးရှိ၏။

လက်ရှိသခင်လေးရှန်းသည် တစ်နှစ်လျှင်ရက်ပေါင်းသုံးရာနီးပါး ထိုနေရာတွင်သာအချိန်ဖြုန်းနေသောကြောင့် သူ၏ကုန်ကျစရိတ်များမှာ သဘာဝကျစွာပင်မြင့်မားလှသည်။

"ရှဲ့ဝမ်ဖူက နေရာတိုင်းကနေရန်ပုံငွေတွေစုဆောင်းရမယ့်ပုံပဲ။ဒီမင်းသားသာမင်းကို အရေးယူမယ်ဆိုရင် ခမည်း‌တော်ကဘာပြောမယ်ထင်လဲ"

"လုံးဝအဓိပ္ပာယ်မရှိတာတွေ"

သခင်ကြီးရှန်းသည် လက်သီးဆုပ်ကာဒေါသတကြီးအသံကုန်မြှင့်၍

"ကျွန်‌တော်မျိုးငယ်စဉ်က အရှင့်သားရဲ့နောက်ကလိုက်ပြီး စစ်ပွဲတွေမှာပါဝင်ခဲ့ပါတယ်။ပြီးတော့ အရှင်မင်းကြီးနန်းတက်တဲ့အခါမှာလည်း ကျွန်တော်မျိုးအတူရှိခဲ့ပြီး ပြည်သူတွေကိုသစ္စာရှိစွာ အမှုထမ်းခဲ့တယ်။ကျွန်တော်မျိုးတို့ရှဲ့ဝမ်ဖူက သာမန်ပြည်သူတွေကိုထိခိုက်စေမယ့် ဒီလိုလုပ်ရပ်မျိုးကို ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး"

"ဟုတ်လို့လား"

နဉ်ကျင်းသည် မျက်ခုံးပင့်ကာပြန်ပြောလာသည်။

"မြို့အရှေ့ဘက်ခြမ်းက မိသားစုတစ်စုကအိမ်ငှားခအရမ်းမြင့်တော့ မတတ်နိုင်တဲ့အခြေအနေမျိုးကိုခက်ခက်ခဲခဲရောက်သွားပြီး ဆယ်ကျော်သက် အရွယ်လေးရှိသေးတဲ့ သူတို့သမီးငယ်ကို ညလယ်ကြီးမှာရှဲ့ဝမ်ဖူဆီခေါ်သွားတယ်လို့ ဒီမင်းသားကြားခဲ့ရတာရော ဘယ်လိုလဲ"

"သခင်ကြီးရှန်းက အသက်အရွယ်ရနေပြီမလို့ သခင်လေးအတွက် ကိုယ်လုပ်တော်နည်းနည်းပါးပါးစီစဉ်ပေးဖို့ ကြိုးစားနေတာများလား။ဒါမှပဲသခင်လေးလည်းအိမ်မှာပဲနေပြီး တစ်နေ့တစ်နေ့ လျှောက်သွားနေစရာမလိုတော့အောင်ပေါ့"

"အာ အခုသေချာစဉ်းစားကြည့်တော့ ဒါကသခင်ကြီးရှန်းရဲ့ အမြော်အမြင်ကြီးကြီးနဲ့လမ်းညွှန်မှုပဲ ဖြစ်ရမယ်"

တစ်ဦးမှာ ဘုန်းကြီးဝတ်သွားပြီး နောက်တစ်ဦးသည်တော့အရက်သေစာလိုက်စားသူဖြစ်နေလေသည်။

"မင်း မင်း မင်း......"

သခင်ကြီးရှန်း၏နှလုံးသားမှာ စကားလုံးများဖြင့်ထိမှန်သွားပြီး သူတည်ဆောက်ထားခဲ့သည့် အေးဆေးတည်ငြိမ်မှုမှာချက်ချင်းဆိုသလိုပြိုလဲသွားတော့သည်။

"သက်ကြီးဝါကြီးတွေကို လေးစားတာက သီလအားလုံးရဲ့အခြေခံပဲ။မင်းရဲ့အကြီးအကဲတစ်ဦးအနေနဲ့ မင်းငါ့ကိုဒီလိုပဲပြောနေတော့မှာလား"

"ဟက် ဒီမင်းသားကိုဘယ်လိုပြုမူရမယ်ဆိုတာ မင်းသင်ပေးစရာမလိုဘူး"

နဉ်ကျင်းသည် ခေါက်ယပ်‌တောင်အား *ထောက်*ကနဲမြည်အောင်ပိတ်လိုက်၏။

"ဥာဏ်ပညာရှိတဲ့ လူတစ်ဦးအနေနဲ့ မင်းဘာဆက်လုပ်သင့်တယ်ဆိုတာကို သိပြီးသားဖြစ်လိမ့်မယ်လို့ ဒီမင်းသားယုံကြည်တယ်"

ဘုရင်မင်းမြတ်သည် ရှဲ့ဝမ်ဖူ၏လုပ်ရပ်များအား နှစ်များတစ်လျှောက် ကြားသိခဲ့ရသည်။သူနန်းတက်စဉ်တွင် အခိုင်အမာထောက်ခံခဲ့မှုကြောင့်သာ သူတို့အားအပြစ်မပေးခဲ့ခြင်းဖြစ်နိုင်၏။သို့သော် နဉ်ကျင်းသာရှဲ့ဝမ်ဖူအားအရေးယူပေးပါရန် အမှန်တစ်ကယ်ဆန္ဒရှိပါလျှင် သူ၏ပုဂ္ဂိုလ်ရေးရာဆုံးမစကားတို့သည် နှုတ်ဖြင့်သာပြစ်တင်ပြောဆိုခြင်းမျှ ဖြစ်သည်။ပြစ်ဒဏ်အနည်းငယ်တိုးလာလျှင်ပင် ပြန်လည်ဆင်ခြင်သုံးသပ်ရန် နေအိမ်အကျယ်ချုပ်ချခြင်းသာ ဖြစ်လိမ့်မည်။ရှဲ့ဝမ်ဖူမှ နှစ်ရာစုနှစ်များစွာစံစားခဲ့ရသည့် ဂုဏ်ကျက်သရေနှင့်နှိုင်းယှဉ်လျှင် အရေးမကြီးပါပေ။သခင်ကြီးရှန်းသည် ကျယ်ကျယ်လောင်လောင်ရယ်မောလိုက်ပြီး မိသားစုစကားဝိုင်းကဲ့သို့ဟန်ဆောင်ကာ*မိသားစုအတွင်း၌ အသံနှစ်မျိုးနှင့်ဘာကြောင့်များ စကားပြောရန်လိုအပ်နေရပါသနည်း*ဟု ပြောလိုဟန်ဖြင့်

"အရှင့်သားကို စနောက်နေတာပါ။ကျွန်တော်မျိုးက အရှင့်သားရဲ့စကားကိုဘယ်လိုများ ငြင်းဆန်ရဲပါ့မလဲ"

"နောက်ဆုံးတော့ မိန်းမသားတစ်ယောက်ပဲလေ။ကျွန်တော်မျိုးကဘာလို့ သူ့ကိုဒုက္ခပေးရမှာပါလဲ"

ဤကိစ္စ၏အဓိကအချက်မှာ သူသည်ဝူရုန်း‌ဟော်မြို့စား၏မိသားစုကိုသာ အခက်ကြုံဖို့ကြိုးစားခြင်းပင်ဖြစ်သည်။နှစ်များတစ်လျှောက်တွင် ဝူရုန်းဟော်မြို့စားမှာ သြဇာလွှမ်းမိုးမှုတိုးလာခဲ့ပြီး သူသည်တော့လက်ရှိအခြေအနေကိုသာ အသုံးချပြီး သူတို့အားနှိမ်နင်းချင်မျှသာပင်။ထို့အပြင် မြို့တော်၌ နဉ်ကျင်း၏အရူးတစ်ယောက်လ်ိုအကျင့်၏ ကျော်ကြားမှုမှာလည်း လျှို့ဝှက်ချက်မဟုတ်ပေ။သူသည် ရူးသွပ်သည်ဟုယူဆရသူကို စိန်ခေါ်ဝံ့မည်မဟုတ်သည်မှာ သေချာသည်။နဉ်ကျင်းသည် ထရပ်ကာပြောလိုက်၏။

"ဒါဆိုရင် ဒီမင်းသားကိုသွားခွင့်ပြုပါဦး။သက်ကြီးဝါကြီးကိုဆက်ပြီး အနှောင့်အယှက်မပေးတော့ပါဘူး"

"ဒုတိယမင်းသားက အရမ်းမာနကြီးလွန်းတယ်"

အိမ်တော်ထိန်းသည် သူ၏အတွေးများအားထိန်းချုပ်ရင်း ရေရွတ်လိုက်သည်။

"မသိတဲ့သူဆိုရင် သူကအနာဂတ်ရဲ့ ဘုရင်ဖြစ်မယ့် အိမ်ရှေ့မင်းသားလို့ ထင်မိကြလိမ့်မယ်"

"လက်ရှိအိမ်ရှေ့မင်းသားက ချူချာပြီးအားနည်းတယ်။သူ့ရဲ့ထက်မြက်တဲ့စိတ်ကလွဲရင် ဓားကိုင်တာတို့ ကိုယ်ခံပညာလေ့ကျင့်တာတို့ကို မလုပ်နိုင်ဘူး"

သခင်ကြီးရှန်း၏မျက်လုံးများမှာ နက်မှောင်သွားပြီး နှုတ်ခမ်းထောင့်မှာလည်းကွေးညွှတ်သွားကာ လှောင်ပြောင်သည့်အပြုံး,ပြုံးလိုက်သည်။

"သူကစစ်ရေးအာဏာကို ကိုင်ထားပေမယ့် စစ်မှန်တဲ့သစ္စာစောင့်သိမှုကိုသာမရနိုင်ရင် ဘာအသုံးဝင်မှာလဲ"

နှစ်ပေါင်းများစွာကတည်းမှ ဘုရင်မင်းမြတ်၏နှစ်သက်သောရွေးချယ်မှုမှာ နဉ်ကျင်း ဖြစ်သည်။သို့သော် သူ၏တွန့်ဆုတ်မှုနှင့် ကိုယ်လုပ်တော်၏သားဟူသောအနေအထားကြောင့် ထိုရာထူးမှာတရားဝင်ပထမသားဖြစ်သည့် လက်ရှိအိမ်ရှေ့မင်းသားထံ ပေးအပ်ခဲ့ရ၏။

"အကယ်၍ မိဖုရားချီသာ သားယောက်ျားလေးမွေးနိုင်ခဲ့ရင် အိမ်ရှေ့မင်းသားဘွဲ့ကို အခြားသူဆီပေးအပ်မှာမဟုတ်ဘူး"

မိဖုရားချီသည် သခင်ကြီးရှန်းရဲ့ဇနီး၏တူမဖြစ်သည်။ဘုရင်မင်းမြတ်နန်းတက်ပြီးနောက် ရှဲ့ဝမ်ဖူ၏အနေအထားကို ခိုင်မာစေရန်အတွက် သင့်လျော်သောအသက်အရွယ်ရှိ အမျိုးသမီးတစ်ဦးအားရွေးချယ်ကာ မိဖုရားအဖြစ်ဆက်သခဲ့၏။

သို့သော် ကံမကောင်းစွာပင် သူမမှာမြုံနေပြီး နန်းတော်တွင်နှစ်ပေါင်းများစွာနေပြီးနောက် မင်းသမီးတစ်ပါးကိုသာ မွေးဖွားနိုင်ခဲ့သည်။အိမ်တော်ထိန်းမှာ နှစ်သိမ့်စကားပြောရန် စဉ်းစားနေစဉ်တွင် ဒုန်းကနဲထွက်လာသောအသံကျယ်ကြီးကြောင့် အနှောင့်အယှက်ဖြစ်သွားရ၏။

သခင်ကြီးရှန်းသည် စားပွဲအားလက်ဖြင့် ရိုက်ချလိုက်ပြီး အော်ငေါက်တော့သည်။

"သွားပြီး အဲဒီကောင်စုတ်လေးကိုငါ့ဆီ ပြန်ခေါ်လာခဲ့။ဒီတစ်ခါတော့ ငါသူ့ကိုပြင်းပြင်းထန်ထန် အပြစ်ပေးပစ်မယ်"

ထန်ဖူယွင်ဘုန်းကြီးဝတ်သွားပြီးနောက် သခင်ကြီးရှန်းသည် သူ၏အငယ်ဆုံးသားအား အတင်းအကျပ် ဖိအားပေးခြင်းမှ ရှောင်ကြဉ်ခဲ့သည်။အကြောင်းမှာ သူလည်းထိုကဲ့သို့ကြေကွဲဖွယ် ကံကြမ္မာနှင့်ကြုံရမည်ကို စိုးရိမ်သောကြောင့်သာပင်။သို့သော် အလွန်အကျွံအလိုလိုက်ခြင်းမှာ သားဖြစ်သူအားအသုံးမကျသူဖြစ်သွားစေလိမ့်မည်ဟု သူလုံးဝမမျှော်လင့်ခဲ့ပေ။

ယခုတော့ သူ့သားသည် အရှက်ရဖွယ် အခြေအနေတွင်အဖမ်းခံခဲ့ရပြီး အခြားသူများ၏ ခြိမ်းခြောက်ခြင်းကို ခံနေရသည်။သခင်ကြီးရှန်းသည် ခေါင်းယမ်းရင်း နောင်တရဟန်လေသံဖြင့်

"ဒါတွေအားလုံးက ငါတို့မိသားစုရဲ့ကံဆိုးမိုးမှောင်ကျခြင်းပဲလား"

စူးယွင်သည်ခေါင်းငုံ့၍ ထိုင်ခုံတွင်ထိုင်ကာ အပ်နှင့်အပ်ချည်မှာတော့ အထည်ပေါ်တွင်တိိိတိကျကျရွေ့လျားနေသည်။

တံခါးဖွင့်သံအားကြားလိုက်သော်လည်း ခေါင်းထောင်မကြည့်ဘဲပြောလိုက်၏။

"ရှင်ထွက်သွားပြီ မဟုတ်ဘူးလား။ဘာလို့ ပြန်လာတာလဲ"

နဉ်ကျင်းသည်အခန်းထဲဝင်လာပြီး လက်ဖက်ရည်တောင်မသောက်ရသေးခင် သူ့မျက်နှာထက်၌ မေးခွန်းကြီးနှစ်ခုပေါ်လာလေ၏။

"မင်းကိုယ့်ကို တကယ်အဲ့လောက်တောင်မုန်းနေတာလား"

နဉ်ကျင်းသည် သူမနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်။သူ့အသံမှာ မကျေမနပ်ဖြစ်မှုအရိပ်အမြွက်တို့ ပါဝင်နေ၏။

"ကိုယ်တို့တွေ့ပြီဆိုတာနဲ့ မင်းကကိုယ့်ကို မောင်းထုတ်ဖို့လုပ်ပြီ"

"မဟုတ်ရပါဘူး"

သူမမှာ ခေါင်းထောင်ကြည့်မလာသေးပေ။

"မင်းကိုယ်တိုင်တောင် အဲ့စကားကိုယုံကြည်ရဲ့လား"

နဉ်ကျင်းသည် မေးထောက်ထားပြီး မျက်လွှာချထား၏။မကျေမနပ်ဖြစ်သည့်ခံစားချက်မှာပို၍ပင် ပြင်းထန်လာသည်။

"မင်းကတစ်ကယ်ကြီး ကိုယ့်ကိုမကြိုက်ဘူးပဲ"

"ကိုယ်ကတော့မင်းအတွက် စားစရာတစ်ချို့ရအောင်ဆိုပြီး ရှောင်ဟယ်ရဲ့ဆိုင်အပြင်ဘက်မှာ အချိန်အကြာကြီးတန်းစီစောင့်ခဲ့ရသေးတယ်"

ရှောင်ဟယ်၏လက်ရာသည် လအနည်းငယ်အတွင်း မြို့တော်တွင်ကျော်ကြားလာခဲ့ပြီး သူမသည်‌ဆိုင်ခွဲတစ်ခုပင် ထပ်မံဖွင့်လှစ်ထားပြီးဖြစ်သည်။

ထိုသို့ဖြစ်သော်လည်း သူမ၏အထူးဟင်းလျာများကို မြည်းစမ်းလိုပါက စောစောတန်းစီရ၏။လူများစွာသည် မြည်းစမ်းခွင့်ရရန်အတွက် ရက်များစွာ ဆက်တိုက်စောင့်ဆိုင်းခဲ့ရသည်။

စူးယွင်သည် အပ်နှင့်အပ်ချည်အားချလိုက်ပြီး နဉ်ကျင်းယူလာသော စားစရာဘူးကိုဖွင့်ကာ အချိုပွဲတစ်ဖဲ့အား ပေါ့ပေါ့ပါးပါးပင်ကောက်ယူလိုက်၏။

"စားလို့ကောင်းတယ်။ရှင့်ရဲ့ကြိုးပမ်းအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်နော်"

နဉ်ကျင်းသည်မျက်မှောင်ကြုံ့လိုက်ပြီး ခွေးကလေးတစ်ကောင်ကဲ့သို့သော တောက်တောက်ပပအကြည့်မျိုးဖြင့် သူမထံကြည့်လာသည်။

"စူးယွင် မင်းကအရမ်းစိမ်းကားနေတာပဲ။မင်း နောင်တရနေတာမလား။က်ိုယ်နဲ့ လမ်းခွဲချင်နေတာမလား"

သူမ၏အမည်အပြည့်အစုံကို ခေါ်လိုက်သည်အားကြားသော် သူတစ်ကယ်စိတ်မကောင်းဖြစ်နေပြီမှန်း သူမသိလိုက်သည်။

သူမမှာ သူ့မျက်လုံးများထံ စိုက်ကြည့်ကာ လေးလေးနက်နက်ပြောလိုက်၏။

"ကျွန်မတစ်ကယ် မရည်ရွယ်ပါဘူး"

စူးယွင်သည် သူ၏ခေါင်းကိုပင်ပုတ်ပေးပြီး ရှင်းပြလာသည်။

"မိဖုရားကြီးရဲ့မွေးနေ့စားသောက်ပွဲက မကြာခင်ရောက်တော့မယ်လေ။ပြီးတော့ ရှင်သာဒီမှာရှိနေရင် ကျွန်မစိတ်ပျံ့လွင့်သွားမှာစိုးလို့ပါ"

"ကိုယ်ကမင်းကို အာရုံပျံ့လွင့်အောင်မလုပ်ပါဘူး"

နဉ်ကျင်းသည် သူမ၏လက်အားဆွဲကာ သူ့ပါးထက်ဖိကပ်ထားလိုက်သည်။သူသည်ထိုလက်ပေါ်မှီ၍ ခေါင်းအားအသာယမ်းလိုက်၏။

"ကိုယ်ကလိမ္မာပြီး မင်းဘေးမှာပဲနေပါ့မယ်။မင်းရဲ့ အလုပ်ကိုလုံးဝအနှောင့်အယှက်ပေးမှာ မဟုတ်ပါဘူး"

"အင်း"

သူမသည်လက်အားပြန်ဆွဲကာ အချိုပွဲတစ်ဖဲ့ကိုယူ၍သူ့အားကျွေးလိုက်သည်။

"ရှင်လည်း စားကြည့်ပါဦး"

"ကောင်းပြီ"

အချိုပွဲအားလျှာဖြင့် သပ်ယူလိုက်သည်။သို့သော် သူမ၏လက်ချောင်းထိပ်ကိုတော့ လျှာဖြင့်အသာလျက်ကာ သူ၏အမှတ်အသားအား ချန်ထားခဲ့လေသည်။

စူးယွင်သည်ပြုံးလိုက်ပြီး အပ်နှင့်အပ်ချည်ကိုသာယူလိုက်ပြီးဘာမှပြန်မပြောခဲ့ပေ။

သူကတိပေးထားသည့်အတိုင်း သူမ၏ဘေးတွင် တိတ်တဆိတ်သာထိုင်နေသည်။စကားတစ်ခွန်းမှမပြောဘဲ သူမကိုသာကြည့်နေခဲ့၏။

အချိန်သည်မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားသည်။အဖွဲ့အစည်းဝင်ပေါက်တွင် အချိန်အတော်ကြာရပ်စောင့်နေကြသူများလည်း မရှိတော့ပေ။အရာအားလုံးသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားလေသည်။

မွေးနေ့ပွဲမတိုင်မီ တစ်ပတ်အလို

လပေါင်းများစွာအလုပ်လုပ်ပြီးနောက် မွေးနေ့အခမ်းအနားဝတ်စုံကို နောက်ဆုံးတွင်အပြီးသတ်နိုင်ခဲ့သည်။စူးယွင်သည် လူတိုင်းအားရက်အနည်းငယ် နားခွင့်ပေးလိုက်ပြီး တာဝန်ခံပုဂ္ဂိုလ်အနေဖြင့် ရုန်စာနှင့်အတူပွဲမစမီ အစည်းအဝေးသို့ သွားရောက်ခဲ့၏။

အစည်းအဝေးကိုအဖွဲ့အစည်း၏အုပ်ချုပ်ရေးဌာနတွင် ကျင်းပခဲ့သည်။ထိုနေရာသည် ယခင်၌ ရုန်စာအစည်းအဝေးကျင်းပခဲ့သော နေရာနှင့်အတူတူပင်။

စူးယွင်သည် ရုန်စာ၏နောက်မှ လိုက်ပါလာပြီး အဝတ်အထည်ဌာနအတွက် သတ်မှတ်ထားသော ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။

ရှန်းကျစ်ဟွိုက်သည် ထပ်ဆုံးခုံတွင်ထိုင်နေပြီး စတင်ပြောကြားလာ၏။

"မကြာသေးမီက အဖွဲ့အစည်းထဲပြဿနာအချို့ ကြုံတွေ့ခဲ့ရပါတယ်။လူတိုင်းလည်း အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိခဲ့လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ဒါပေမယ့် ကျွန်‌တော်ကအဖွဲ့အစည်းတစ်ခုချင်းစီမှာ ကျင့်ဝတ်ထိန်းသိမ်းမှုရှိကြမယ်လို့ ယုံကြည်ပါတယ်။ပြီးတော့ ဒီမွေးနေ့စားသောက်ပွဲမှာ မိဖုရားကြီးကို စိတ်ပျက်စေမှာမဟုတ်ဘူးလို့လဲ ယုံကြည်ပါတယ်"

စူးယွင်သည်အောက်ဘက်တွင်ထိုင်နေပြီး သမ်းဝေလိုက်သည်။

အစည်းအဝေးတွေအားလုံးက ဒီလိုမြှောက်ပင့်စကားတွေနဲ့ပဲ စရမှာလား။

နည်းနည်းအလုပ်ရှုပ်ခံနေတာ မဟုတ်ဘူးလား။

သူမသည်ခေါင်းအားထောက်ထားကာ စိတ်ရှည်ရှည်ဖြင့်စောင့်ဆိုင်းနေလိုက်သည်။

"အဝတ်အထည်ဌာနရဲ့ တိုးတက်မှုကရောဘယ်လိုလဲ"

သူမအားရည်ညွှန်းပြောဆိုသည်ကို ကြားသောအခါ စူးယွင်သည်ထရပ်၍ပြန်ဖြေလိုက်သည်။

"မိဖုရားကြီးရဲ့ မွေးနေ့အခမ်းအနားဝတ်စုံက ပြီးစီးသွားပါပြီ"

"အရမ်းကောင်းတယ်"

ရှန်းကျစ်ဟွိုက်သည် ခေါင်းငြိမ့်ပြပြီး ရုန်စာဘက်လှည့်ကာ

"ကျန်တာတွေကရော"

"ဖျော်ဖြေရေးဝတ်စုံတွေနဲ့ ဘုရင်မင်းမြတ်ရဲ့ဝတ်စုံအသစ်တွေက နောက်ဆုံးအဆင့်တွေမှာရှိနေပါတယ်။နောက်နှစ်ရက်အတွင်း အပြီးသတ်နိုင်ပါလိမ့်မယ်"

"အင်း အစားအသောက်ဌာနကရော"

"စားသောက်ပွဲအတွက် လိုအပ်တဲ့အဖျော်ယမကာ‌တွေရယ် မုန့်ပွဲ‌တွေနဲ့ဟင်းပွဲတွေက ဒီနှစ်ရဲ့ဖန်တီးမှုအသစ်တွေပါ။ဘုရင်မင်းမြတ်နဲ့အမျိုးသမီးတွေဆီက ချီးကျူးစကားတွေရရှိလိမ့်မယ်လို့ ကျွန်မတို့အာမခံပါတယ်"

"အရမ်းကောင်းတယ်။အိမ်ရာဌာနကရော"

------------

"ဒီနေ့အတွက်တော့ ဒါပါပဲ"

ရှန်းကျစ်ဟွိုက်သည် လက်အားဝှေ့ယမ်းကာ

"အဝတ်အထည်ဌာနနဲ့ အစားအသောက်ဌာနက လူတွေကတော့ နေခဲ့ပါဦး။ကျန်တဲ့သူတွေကတော့ သွားလို့ရပါပြီ"

All Chapters