← Chapters

အခန်း (၁၁၄+၁၁၅)

Vol. 12 Ch. 114+115

အခန်း (၁၁၄+၁၁၅)

Vol. 12 Ch. 114+115

Ch-114+115

ပန်းများကို ဂရုစိုက်နေသည့် အစေခံနှစ်ဦးသည် သူတို့နောက်တွင်ရပ်နေသည့် စူးယွင်တို့ကို သတိမထားမိဘဲဆက်ပြောနေကြသည်။

"ပြောမနေပါနဲ့တော့ သူ့မျက်နှာကတစ်ကယ်ကိုအံ့ဩစရာပါဟယ်။မိန်းမတစ်ယောက်အနေနဲ့တောင် မျက်စိမခွာနိုင်ဘူး"

"ဒီလောက်လှနေလည်းဘာထူးလဲ။သူကနိမ့်ကျတဲ့အဆင့်ပဲရှိနေတာလေ အိပ်ရာပေါ်တက်နိုင်ရင်တောင်ထူးမလာဘူး"

"အဒေါ်ပြောတာမှန်တယ်"

အဒေါ်ဝမ်မှာ တောက်တစ်ချက်ခေါက်ကာ ပိုပြီးပြင်းပြင်းထန်ထန်ပြောလာ၏။

"သူ့ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်,ကြည့်လေ ပြည့်တန်ဆာတန်းက လာတာဖြစ်နိုင်တယ်။သူကလူတွေကို မြှူဆွယ်ဖို့ အတတ်ပညာမျိုးစုံရှိနေပုံပဲ"

"လုံးဝမြှူဆွယ်တတ်တဲ့ မြေခွေးမပဲ"

"အဒေါ်ကရောဘာလို့ စမ်းမကြည့်တာလဲဟင်။အဒေါ့်ရာထူးအနေအထားနဲ့ဆို သခင်လေးရဲ့အချစ်ကိုသာရလာခဲ့ရင် လုံးဝနိမ့်ကျမှာမဟုတ်တော့ဘူး။အဒေါ်သာဆိုရင်....."

အ‌စေခံမလေးသည်အဒေါ်ဝမ်၏နား,နား ကပ်ကာ စကားနှစ်ခွန်းအားတိုးတိုးလေး ပြောလိုက်သည်။

စူးယွင်တို့သည် ခပ်လှမ်းလှမ်း၌ရှိနေသောကြောင့် ရှင်းရှင်းလင်းလင်းမကြားရသော်လည်း အကြမ်းဖျင်းတော့သဘောပေါက်နိုင်ပါ၏။

အဒေါ်ဝမ်မှာ သူမလက်အားရိုက်ထုတ်လိုက်ပြီး ရှက်ရွံ့သည့်အသွင်ဖြင့်

"နင်ကတော့လေ ဘာတွေလျှောက်ပြောနေတာလဲ"

အဒေါ်ဝမ်သည် စကားဖြင့်သာတုံ့ပြန်ခဲ့သော်လည်း သူမ၏စိတ်ထဲတွင်မူ စမ်းသပ်ကြည့်ရန် အတော်လေးစိတ်ဝင်စားနေခဲ့သည်။

သူမသည် မူလတွင်မိဖုရားကြီးကို အလုပ်အကျွေးပြုခဲ့သူဖြစ်သော်လည်း နောက်ပိုင်းတွင် နဉ်ကျင်းမှာမြို့တော်၌ အမြဲရှိနေခဲ့ပြီး သူ့အားခစားမည့်သူမရှိသဖြင့် သူမအားဤနေရာတွင် အလုပ်အကျွေးပြုရန်စေလွှတ်ခဲ့၏။

သို့သော်လည်း နဉ်ကျင်းသည်မိန်းမများကို စိတ်မဝင်စားပေ။သူသည် ဤအိမ်တော်တွင် တစ်နှစ်ကြာရှိနေခဲ့သော်လည်း သူ့အားခစားနေကြသူများထဲမှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူ့အနားကပ်ရန် အခွင့်အရေးမပေးခဲ့ချေ။

သို့သော်ယခုတွင်တော့.....

ကုန်သည်တစ်ဦး၏သမီးဖြစ်သည့်မိဘမဲ့စူးယွင်ပင် လုပ်နိုင်ခဲ့သည်။သူမနောက်မှလူများနှင့်သာဆိုလျှင် သူမလည်းဤကဲ့သို့လုပ်နိုင်မည်ဟု ယုံကြည်လေ၏။

"စူးယွင်က......သခင်လေးနဲ့အတူအိပ်ပြီးပြီလို့ နင်ထင်လား"

အဒေါ်ဝမ်သည် မျက်လုံး‌အားမှေးကျဉ်းရင်း မေးလိုက်သည်။

"ဖြစ်နိုင်တယ် မဟုတ်လို့ရှိရင်သခင်လေးက သူမကို ဘာလို့ဒီလိုဆက်ဆံမှာလဲ"

အစေခံမလေးမှ ပြောလိုက်သည်။

"အမျိုးသမီးတစ်ယောက်က သူ့ခန္ဓာကိုယ်ကိုအားကိုးရတာပဲလေ။သူ့ခြေထောက်တွေကို လုံလုံလောက်လောက်ဖြဲပေးနေသရွေ့ ဘယ်သူကမကြိုက်ဘဲနေမှာလဲ"

"လွန်လွန်းလာပြီ"

သူတို့သည် တစ်စထက်တစ်စရိုင်းစိုင်းလာကြ၍ ရှောင်ဟယ်သည် ခါးထောက်ကာ အော်ချလိုက်သည်။

"ငါ့သခင်မရဲ့ကိစ္စတွေက နင်တို့တွေအတင်းပြောဖို့အကြောင်းအရာ ဘယ်တုန်းကများဖြစ်သွားတာပါလိမ့်"

ဆူပူသံအားကြားလိုက်၍ ထိုအမျိုးသမီးနှစ်ဦးလှည့်ကြည့်လိုက်ရာ စူးယွင်သည် မလှမ်းမကမ်း၌ရပ်နေသည်အား တွေ့လိုက်ကြသည်။ကြောက်လန့်တကြားဖြင့် ကိုင်ထားသည်များကိုချပစ်ကာ ချက်ချင်းဆိုသလိုမြေပေါ်ဒူးထောက်လိုက်ကြ၏။

"စူးသခင်မကို အရိုအသေပေးပါတယ်"

စူးယွင်သည် သူမ၏မျက်နှာအားငုံ့ကြည့်လိုက်သော်လည်း မတ်တပ်ထရန်မပြောခဲ့ပေ။

သူတို့ပြောသည်များမှာ လုံးဝမမှားသလို သူမထံတွင်ရာထူးမရှိသည်မှာလည်း အမှန်ဖြစ်ပေသိ ထိုကဲ့သို့စကားများအားကြားရသူတိုင်းသည် စိတ်မချမ်းမသာဖြစ်မည်မှာ သေချာလေသည်။

ရှောင်ဟယ်သည် မျက်နှာထားတည်တင်းစွာဖြင့် ဆူပူလိုက်၏။

"နဉ်အိမ်တော်ရဲ့အစေခံတွေက ဒီလိုမျိုးအမူအကျင့်မရှိဘဲ ပြုမူကြတာလား"

"သခင်မလေးကို ပြန်ပြောရရင် ကျွန်မတို့မဝံ့ရဲပါဘူး"

အစေခံမလေးမှာ ပြန်ဖြေလာသည်။

စူးယွင်တွင်ရာထူးမရှိသော်လည်း သူမသည် လောလောဆယ်တွင် နဉ်ကျင်း၏ အချစ်တော် ဖြစ်နေသည်။သူမမှ နဉ်ကျင်း နား,နားကပ်ကာ စကားတစ်ခွန်းပြောလိုက်ပါက သူတို့မှာနဉ်အိမ်တော်မှကျိန်းသေနှင်ထုတ်ခံရပေလိမ့်မည်။

နဉ်ကျင်း၏စိတ်နေစိတ်ထားမှာ ထူးခြားသော်လည်း သူသည်စည်းစိမ်ဥစ္စာကို ငြင်းဆန်နိုင်မည်မဟုတ်ပေ။ထို့အပြင် သူ့စိတ်နေစိတ်ထားအရ သူ့အိမ်တော်မှနှင်ထုတ်ခံရသူမည်သူကိုမျှ နောက်တစ်ကြိမ် မည်သူမှလက်ခံဝံ့မည် မဟုတ်ချေ။

"မဝံ့ရဲဘူးဟုတ်လား"

ရှောင်ဟယ်မှ လှောင်ပြောင်လိုက်သည်။

"ဒါပေမယ့် ခုနကပေါက်ကရစကားတွေကရော နင်တို့ပါးစပ်ကနေထွက်လာတာ မဟုတ်ဘူးလား"

အမျိုးသမီးတစ်ဦး၏ဂုဏ်သိက္ခာသည် အလွန်အရေးကြီးပြီး ထိုကဲ့သို့မကောင်းသော ကောလာဟလများကို ရည်ရွယ်ချက်ဆိုးသူများမှဖြန့်လိုက်ပါက မည်သည်တို့ဖြစ်လာနိုင်မည်ကို ရှောင်ဟယ်၏စိတ်ထဲမှတောင် တွေးမကြည့်ဝံ့ပေ။

"အစေခံမလေးရဲ့အမှားပဲ သခင်မစိတ်ထဲမထားပါနဲ့"

ရှောင်ဟယ်သည် စူးယွင်ဘက်လှည့်ကာမေးလိုက်သည်။

"သခင်မ ဘယ်လိုလုပ်လိုက်ရမလဲ"

"အိမ်တော်ရဲ့စည်းမျဉ်းတွေကို ဘယ်လိုသတ်မှတ်ထားလဲဆိုတာတော့ ကျွန်မ,မသိဘူး"

စူးယွင်သည် ထိုအမျိုးသမီးနှစ်ဦးထံကြည့်ကာ နှုတ်ခမ်းအားတင်းတင်း‌စေ့လိုက်ပြီးမှ ပြောလိုက်သည်။

"ကျွန်မစည်းမျဉ်းတွေအတိုင်း လိုက်နာမယ်"

"တစ်ယောက်ကို အချက်ရေ၅၀စီရိုက်လိုက်"

"သခင်မ ကျေးဇူးပြုပြီးကျွန်မတို့ကို ချမ်းသာပေးပါ"

အချက် ၅၀သာရိုက်ခံရပါက သူတို့၏ရုပ်ရည်သွင်ပြင်တို့ပျက်သွားမည်မှာ သေချာသည်။

"သခင်မ ကျေးဇူးပြုပြီး ကျွန်မတို့ကို ချမ်းသာပေးပါ"

"ကျွန်မတို့ အမှားကိုသိပါပြီ။နောက်တစ်ခါ မလုပ်ဝံ့တော့ပါဘူး"

စူးယွင်၏မျက်နှာထားမှာ အေးစက်နေဆဲဖြစ်ပြီး သူမမှပြောလိုက်သည်။

"ကျွန်မကစကားကိုထပ်ခါထပ်ခါ ပြောရတာ မကြိုက်ဘူး"

နဉ်ကျင်းနှင့်သူမ၏ဆက်ဆံရေးသည် သူမ၏ကိုယ်ပိုင်ကိစ္စသာဖြစ်ပြီး အခြားမည်သူမျှ ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးမရှိပေ။

အစေခံမလေးသည် စူးယွင်မှသူတို့အားအပြစ်ပေးရန်ဆုံးဖြတ်ထားသည်ကို မြင်သောအခါ အတွင်းစိတ်ထဲ၌ထိတ်လန့်သွားသည်။သူမမှာအဒေါ်ဝမ်၏လက်မောင်းအားဆွဲပြီး အကူအညီတောင်းလိုက်၏။

"အဒေါ်ဝမ် ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါဦး"

အဒေါ်ဝမ်သည်နန်းတော်မှ လာခဲ့သူဖြစ်ပြီး ရာထူးကြီးသူဖြစ်သောကြောင့် အမြဲတမ်းမာနထောင်လွှားသည့်အသွင်ကို ဆောင်ထားလေသည်။

သူမသည်ထရပ်ပြီး ပြောလာ၏။

"နင့်လိုဂုဏ်ပုဒ်မရှိသေးတဲ့ တရားမဝင်မိန်းမတစ်ယောက်က ငါ့ကိုဒီလိုအော်ဟစ်ရဲတယ်ပေါ့လေ"

သူမအားမိဖုရားကြီးမှ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး သူမသည် ဤကဲ့သို့မိဘမဲ့မိန်းမမျိုးနှင့် မတူညီပေ။

"တရားမဝင်မိန်းမဟုတ်လား"

စူးယွင်သည် ခပ်တိုးတိုးရေရွတ်လိုက်၏။

"ရှင်ကကျွန်မကို မနာလိုဖြစ်နေတာလား ဒါမှမဟုတ် အားကျနေတာလား"

စူးယွင်သည်သူမအင်္ကျီလက်ဖျားထက်ရှိ အဆင်တန်ဆာအား ဆော့ကစားရင်း

"ကျွန်မသိသလောက်တော့ ရှင်ကကျွန်မဝင်ဖူးတဲ့အိပ်ခန်းထဲတောင် မဝင်ရသေးဘူးမလား။ဒါ့အပြင်ကျွန်မအိပ်ခဲ့ဖူးတဲ့ အိပ်ရာပေါ်မှာလည်း မအိပ်ရသေးဘူး။ဒါကြောင့်ပဲ ရှင်ကတစ်ကယ်ကို စိတ်ပျက်နေမှာပဲနော် ဟုတ်တယ်မလား"

"နင်...."

အဒေါ်ဝမ်သည် ချက်ကောင်းအားထိမှန်ခံလိုက်ရသဖြင့် သူမ၏မျက်နှာမှာနီရဲသွားတော့သည်။

"ငါက ဒီလိုယုတ်ညံ့တဲ့ နည်းလမ်းတွေကိုအသုံးပြုမှာမဟုတ်ဘူး"

"ဟုတ်လား"

စူးယွင်သည် ခြေတစ်လှမ်းရှေ့တိုးပြီး သူမ၏မေးစေ့အား ဆွဲကိုင်လိုက်သည်။

"ကျွန်မက ကိုယ်လုပ်တော်ဖြစ်ဖြစ် တရားမဝင် မိန်းမဖြစ်ဖြစ် အဲ့ဒါကရှင့်လိုအစေခံတစ်ယောက်က ဝေဖန်နိုင်မယ့်သူမဟုတ်ဘူး"

သူမသည် အဒေါ်ဝမ်၏မျက်နှာအား ကိုင်ထားရာမှလွှတ်လိုက်ပြီး ပါးကိုရိုက်ချလိုက်သည်။

"ဖြန်း!"

ချက်ချင်းဆိုသလိုပင် အဒေါ်ဝမ်၏မျက်နှာထက်တွင် ပါးရိုက်ရာအမှတ်အသားအားမှိန်ဖျော့ဖျော့ မြင်‌နေရ၏။

"နင်ကမျာငါ့ကို ရိုက်ရဲတယ်ပေါ့လေ"

အဒေါ်ဝမ်သည်သူမ၏မျက်နှာအားအုပ်ကာ

"ငါဘယ်သူလဲဆိုတာ နင်သိလား။ငါက....."

"ဖြန်း!"

စူးယွင်သည် လက်ဝါးဖြင့်နောက်တစ်ကြိမ် ရိုက်ချလိုက်သည်။

"ရှင့်နောက်မှာ ဘယ်သူပဲရှိနေပါစေဂရုမစိုက်ဘူး။အဲဒီလိုစကားမျိုး ထပ်ပြောရဲရင် အကျိုးဆက်ကိုခံရမယ်မှတ်ထား"

"ရှောင်ဟယ် လူအချို့ခေါ်လာခဲ့"

"နားလည်ပါပြီ"

ရှောင်ဟယ်သည် အစောင့်အချို့၏နောက်မှလိုက်ပြီး အမြန်ပြန်ရောက်လာသည်။

"သူတို့ကို ခေါ်သွားလိုက်"

"ဟုတ်ကဲ့"

အစောင့်များသည် ထိုအမျိုးသမီးနှစ်ဦး၏လက်များအား ဆွဲကိုင်လိုက်၏။

"တစ်ယောက်ကိုအချက်၅၀စီရိုက် တစ်ချက်မှလျော့လို့မရဘူး။လျော့ရင်မင်းတို့ တာဝန်ယူရမယ်"

"စူးယွင် နင်....."

"ဖြန်း!"

အစောင့်များ၏ခွန်အားသည် စူးယွင်၏ခွန်အားထက် ပိုကြီးလှရာတစ်ချက်ရိုက်ရုံဖြင့် အဒေါ်ဝမ်၏မျက်နှာတစ်ခြမ်းလုံး ရောင်ရမ်းနီရဲသွားတော့သည်။

"မိဖုရားကြီးကို တွေ့ချင်တယ် ငါက....."

"ဖြန်း!"

စူးယွင်သည်လှည့်ကြည့်ဖို့ပင် စိတ်မဝင်စားတော့ပေ။သူမသည် ရှောင်ဟယ်နှင့်အတူ သူမ၏အခန်းသို့ လှည့်ပြန်လာခဲ့သည်။

"သခင်မ‌လေး သူတို့ရဲ့ပေါက်ကရစကားတွေကို နားမထောင်ပါနဲ့။သခင်လေးနဉ်က သခင်မလေးကို ဒီလောက်တောင်ကောင်းကောင်းဆက်ဆံတာ သူကသခင်မ‌လေးကို ဘယ်တော့မှနှိမ်ချမှာမဟုတ်ပါဘူး"

ရှောင်ဟယ်သည် တစ်ဖက်တွင်ထိုင်နေပြီး လက်ဖက်ရည်ခွက်ကိုသာ စကားမပြောဘဲ လှည့်နေသည့် စူးယွင်အားကြည့်ကာ ပြောလိုက်သည်။ရှောင်ဟယ်သည် စိတ်မကောင်းဖြစ်သွားရရာတိုက်တွန်းလာ၏။

"သခင်လေးနဉ်ဆီသွားပြီး အခြေအနေကိုရှင်းပြလိုက်ပါလား။စိတ်ထဲမှာမြိုသိပ်ထားတာထက် ရှင်းလိုက်တာကပိုကောင်းပါတယ် မဟုတ်ရင် စိတ်ဆင်းရဲစရာတွေပဲဖြစ်လာလိမ့်မယ်"

စူးယွင်သည် ရေနွေးခွက်အားချလိုက်ပြီး ခါးသက်သက်ပြုံးလိုက်သည်။

"ကျွန်မတစ်ကယ် အဆင်ပြေပါတယ်"

သူမ၏စိတ်ထဲတွင်အနည်းငယ်ကသိကအောက်ဖြစ်နေရုံသာပင်။

သူမသည်ကိုယ်လုပ်တော်များအကြောင်း ကြားဖူးသည်မှာကြာပြီဖြစ်သော်လည်း မျှော်လင့်ချက်တစ်စွန်းတစ်စကို အမြဲဆုပ်ကိုင်ထားခဲ့၏။

ဘာဖြစ်လို့လဲဆိုတော့.....ဘာဖြစ်လို့လဲဆိုတော့.....

ဘာဖြစ်လို့လဲဆိုတော့ သူကသူမကိုသူ့ရဲ့ တရားဝင်ဇနီးမယားအဖြစ် ခန့်အပ်ပေးမယ်ဆိုတဲ့အတွေးကြောင့်....

ပြီးတော့......

သူ့မျက်လုံးထဲကချစ်ခြင်းတွေက လိမ်ပြောနေတာ မဟုတ်နိုင်ဘူး။

ဒါပေမယ့်......

ဇနီးမယားများစွာနှင့်ကိုယ်လုပ်တော်များထားရှိသည့် ရှေးရိုးစနစ်၊အဆင့်အတန်းနှင့် စည်းစိမ်ဥစ္စာဖြင့်မိသားစုချင်း ပေါင်းဖက်ခြင်းတို့မှာ သူမ၏စိတ်နှလုံးကို အနည်းငယ် ကြောက်ရွံ့စေသည်။

ထို့ကြောင့်သူမသည် မေးမြန်းရန် ဘယ်သောအခါကမှမဝံ့ရဲခဲ့ပေ။

စူးယွင်မှဤကဲ့သို့ဖြစ်နေသည်ကိုမြင်လိုက်ရသော ရှောင်ဟယ်၏ရင်ထဲတွင် တင်းကြပ်သွားတော့သည်။သူမ၏စိတ်ပျက်မှုကို မမြိုသိပ်နိုင်တော့ပေ။

သူမသည်စားပွဲအား လက်ဖြင့်ရိုက်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"မဖြစ်ဘူး ကျွန်မသခင်လေးနဉ်ကို သွားရှာမယ်"

"ဒီနေ့ဘာပဲဖြစ်ဖြစ် သူသခင်မလေးကိုရှင်းပြချက်ပေးကိုပေးရမယ်"

စူးယွင်၏မျက်လုံးများတွင် ထိတ်လန့်မှုတစ်စွန်းတစ်စ ပေါ်လာလေသည်။သူမသည် လက်သီးဆုပ်မိကာ အော်လိုက်၏။

"ရှောင်ဟယ်..."

"ဘာဖြစ်လို့လဲ"

နဉ်ကျင်းသည်တံခါးဖွင့်ဝင်လာပြီး ထိုင်နေသူတစ်ဦးနှင့်ရပ်နေသူတစ်ဦးဖြစ်သည့် ထိုအမျိုးသမီးနှစ်ဦးထံကြည့်လိုက်သည်။

သူသည်ရှောင်ဟယ်၏စကားများအား အပြင်ဘက်မှကြားပြီးဖြစ်၍ အံ့ဩသွားရ၏။

"မိန်းကလေးဟယ်ကို ဘာကများစိတ်အနှောင့်အယှက်ဖြစ်စေပြီး ကျွန်တော့်ကိုရှာချင်နေရတာလဲ"

"သခင်လေး အချိန်ကိုက်ရောက်လာတာပဲ"

ရှောင်ဟယ်သည်စူးယွင်ထံတစ်ချက်ကြည့်လိုက်ပြီး သူမပုခုံးကို အသာပုတ်ပေးလိုက်သည်။

သူမအား ကျွန်မပဲဒီကိစ္စကို ကိုင်တွယ်လိုက်ပါမယ်ဟု အသံတိတ်ပြောပြလိုက်သလိုပင်။

စူးယွင်သည်နှုတ်ခမ်းအားကိုက်လိုက်ပြီး သုံးစက္ကန့်ကြာပြီးနောက် အသာခေါင်းငြိမ့်ပြလိုက်သည်။

သူကတော့ဘယ်လိုပဲဖြစ်ဖြစ် သိကိုသိရမှာပဲလေ။

ရှောင်ဟယ်သည် ခေါင်းမော့ကာသူ့အားပြန်စိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။

"သခင်လေးနဉ် ကျွန်မသခင်လေးကို မေးချင်ပါတယ်။သခင်လေး ကျွန်မတို့သခင်မလေးအပေါ် ဘယ်လိုသဘောထားပါလဲ"

နဉ်ကျင်းသည်သူမ၏အကြည့်နောက် လိုက်သွားပြီး သူ၏ငြိမ်သက်နေသည့်မျက်ဝန်းများတွင် စိတ်ခံစားချက်များလှုပ်ခတ်လာ‌လေသည်။သူ့မျက်ဝန်းများထဲရှိ ချစ်ခြင်းအရိပ်အမြွက်တို့သည် နူးညံ့သိမ်မွေ့လှ၏။

သူသည် သိမ်မွေ့သော်ငြား အလေးအနက်ထားကာ ပြန်ပြောလိုက်သည်။

"ကျွန်တော်သူမအပေါ် နက်နက်ရှိုင်းရှိုင်းနဲ့ကိုချစ်ခင်စွဲလမ်းမိပါတယ်"

ဤတုံ့ပြန်မှုအားကြားရသော် ရှောင်ဟယ်သည်အံ့ဩခြင်းမရှိပေ။သူမသည် သူ့ထံအေးစက်စွာဆက်ကြည့်နေပြီး

"ဒါဆိုရင် သခင်လေးကကျွန်မတို့သခင်မလေးကို ဘယ်နေရာမှာထားမှာလဲ"

"ကျိန်းသေကိုသူမကကျွန်တော့်ရဲ့နှလုံးသားနဲ့ အနီးစပ်ဆုံးသူပါ"

ရှောင်ဟယ်သည် လှောင်ပြောင်လိုက်၏။

နဉ်ကျင်းသည် သူမ၏အမူအရာမကောင်းသည်ကို သတိပြုမိသလို စူးယွင်သည်လည်းစကားတစ်ခွန်းမျှမပြောဘဲ ခုံပေါ်တွင်သာတိတ်တဆိတ်ထိုင်နေသည်ကို တွေ့လိုက်ရသည်။

"ဘာဖြစ်တာလဲ"

သူအနည်းငယ် ထိတ်လန့်သွားရသည်။

ရှောင်ဟယ်သည်မဖြေဘဲ သူမ၏မေးခွန်းကိုသာဆက်၍ဖိအားပေးကာမေးလိုက်၏။

"သခင်လေးကကျွန်မတို့သခင်မလေးကို လက်ထပ်ထိမ်းမြားဖို့ ဘယ်တုန်းကမှမစဉ်းစားဖူးဘူးလား"

ဒုတိယအကြိမ်စဉ်းစားစရာမလိုဘဲ နဉ်ကျင်းသည်ချက်ချင်းတုံ့ပြန်လာသည်။

"သေချာတာပေါ့ ယွင်အာကကျွန်တော့်ဘဝမှာ လက်ထပ်ချင်မိတဲ့တစ်ဦးတည်းသောသူပါ"

ရှောင်ဟယ်သည် သူ၏မျက်နှာထက်ရှိတစ်စုံတစ်ရာကိုဖတ်နိုင်ရန်ကြိုးစားရင်း သူ့ထံစိုက်ကြည့်နေခဲ့သည်။

သူ၏မျက်လုံးများတွင် ချစ်ခြင်းမေတ္တာနှင့် ရိုးသားမှုများသာ အပြည့်ရှိနေခဲ့၏။

သူမသည်သူ့အားယုံကြည်ခဲ့ပါသော်လည်း ဥယျာဉ်ထဲတွင်သူမကြားခဲ့ရသည့်စကားများအား ပြန်တွေးမိရာသူမ၏စိတ်နှလုံးမှာ မသက်မသာဖြစ်နေဆဲပင်။

"ဒါဆိုဘာလို့အိမ်တော်ထဲကလူတွေက သခင်မလေးကို ဒီလိုအသရေဖျက်ရတာလဲ။သူတို့ကသခင်မလေးကို......သခင်မလေးကို....."

ရှောင်ဟယ်သည် ညစ်ညမ်းသောထိုစကားလုံးများကို ထုတ်ပြောရန်ရုန်းကန်နေရသည်။

နဉ်ကျင်း၏အမူအရာသည် ချက်ချင်းဆိုသလိုမှောင်မိုက်သွားပြီး သူ၏အရှိန်အဝါမှာလည်းအေးစက်လာကာ လူသတ်လိုစိတ်သည် မထိန်းချုပ်နိုင်ဘဲစိမ့်ထွက်လာတော့၏။

"သူတို့ကဘာပြောလို့လဲ"

သူမ၏စိတ်ထဲတွင် နဉ်ကျင်းသည် အမြဲတမ်းကြော့ရှင်းသော အမျိုးသားတစ်ဦးဖြစ်ကာ ကြင်နာပြီးအခြားသူများအပေါ် နူးညံ့တတ်သူဖြစ်သည်။ဤသို့ဖြစ်နေသည်အား ပထမဆုံးအကြိမ်သူမမြင်ဖူးခြင်းဖြစ်ရာ သူမကိုယ်ပေါ်တွင်ချွေးအေးများ စီးကျလာတော့၏။

သူမသည်ထိုကဲ့သို့သော နဉ်ကျင်းကိုမဆန့်ကျင်ရဲပေ။တုံ့ဆိုင်းရင်းဖြင့် သူမသည်တိုးတိုးလေး ပြောလိုက်သည်။

"သူတို့.....သူတို့ပြောတာ သခင်မလေးကအရှက်မရှိဘဲသခင်လေးရဲ့အိပ်ရာပေါ်ကို တက်ပြီး ကိုယ်လုပ်တော်ဖြစ်ချင်နေတယ်တဲ့ ပြီးတော့သခင်မလေးက......အကျင့်ပျက်တယ်လို့တောင်ပြောနေကြတယ်....."

"ပါးစပ်ပိတ်ထားစမ်း"

သူသည်ဆူငေါက်လိုက်ပြီး မျက်လုံးအားမှေးကျဉ်းကာ အော်လိုက်သည်။

"တုန့်စန်း အိမ်တော်ထဲကအစေခံတွေအားလုံးကိုဒီခေါ်ခဲ့"

"ဟုတ်ကဲ့ သခင်လေး"

သူတို့ကကိုယ့်ဘာသာသေချင်နေတယ်ဆိုမှတော့ သူကလည်းဝမ်းမြောက်ဝမ်းသာနဲ့ပို့ပေးရမှာပေါ့။

နဉ်ကျင်းသည် စူးယွင်ထံလျှောက်လာကာ ဒူးထောက်လိုက်ပြီး နာကြည်းမှုများဖြင့်ပြည့်နေသောသူမ၏မျက်နှာကိုကြည့်လိုက်သည်။သူသည် ခေါင်းငုံ့ကာ

"တောင်းပန်ပါတယ် ဒါကိုယ့်အမှားပဲ"

သူသည်တစ်ကိုယ်ကောင်းဆန်ကာပေါ့ဆခဲ့သည်။လက်မထပ်မီဆက်ဆံရေးသည် အမျိုးသမီးတစ်ဦးအား မည်မျှထိအန္တရာယ်ဖြစ်စေနိုင်သည်ကို မေ့လျော့နေခဲ့၏။နဉ်ကျင်းသည် စူးယွင်၏လက်အားကိုင်လိုက်ပြီး သူ့မျက်နှာကိုသူကိုယ်တိုင်ရိုက်စေလိုက်သည်။

"ကိုယ့်ကိုရိုက်ပစ်လိုက်ပါ။ကိုယ့်မှာဘာမကျေနပ်စရာမှမရှိပါဘူး"

စူးယွင်၏မျက်လုံးများမှာနီရဲလာပြီး သူမ၏နှုတ်ခမ်းများမှာလည်း တုန်ယင်လာကာ မျက်တောင်ရှည်များသည် အနည်းငယ် လှုပ်ယိမ်းသွားပြီးထိခိုက်လွယ်၍ သနားစရာကောင်းနေတော့သည်။

နဉ်ကျင်းသည် သူမငိုတော့မည်ဟုထင်ခဲ့သော်လည်း ထိုအစားသူမထံမှ ရယ်သံသဲ့သဲ့ကိုသာကြားလိုက်ရ၏။

"လုပ်စရာမလိုပါဘူး"

သူမသည်ပြောလိုက်ပြီး သူ၏ပါးကိုအသာပွတ်သပ်လိုက်သည်။

"မေးကြည့်ဖို့ပျက်ကွက်ခဲ့တဲ့ ကျွန်မရဲ့ အမှားပါ"

သူမသည်ခေတ်သစ်အမြင်များကို အမြဲဆုပ်ကိုင်ထားခဲ့ပြီး လက်မထပ်မီသို့မဟုတ်လက်ထပ်ပြီးနောက် ဆက်ဆံရေးကိစ္စမှာ ထိုသူသာ သူဖြစ်နေသရွေ့ သူမအတွက်တော့အရေးမကြီးပါပေ။

ကိုယ်လုပ်တော်ကိစ္စနှင့် ပတ်သက်၍လည်း သူသည်ဘယ်တုန်းကမျှ မပြောခဲ့ချေ။ထိုသည်မှာသူမ၏ကိုယ်ပိုင် ယူဆချက်များနှင့် စိုးရိမ်မှုများသာဖြစ်နေခဲ့သည်။

တကယ်တော့ ဤအတွက်ဖြင့်နဉ်ကျင်းအား အပြစ်တင်လို့မရပါပေ။

"ဘယ်လိုပဲဖြစ်ဖြစ် ဒါကကိုယ့်ရဲ့လိုအပ်မှုပါ"

နဉ်ကျင်းသည်ထိုသို့ပြောလိုက်ပြီး စူးယွင်အားမတ်တတ်ထရပ်စေသည်။

"ရှေ့ခြံဝင်းဆီသွားကြစို့"

ရှောင်ဟယ်သည် နားလည်မှုလွဲသမျှတိုင်းရှင်းလင်းသွားပြီကို သိလိုက်ရသောအခါ သူမမှနဉ်ကျင်းအား မှားယွင်းစွာဆုံးဖြတ်မိသည်ကို ဝန်ခံရမည်ဖြစ်၍ သူ့အပေါ်သူမ၏သဘောထားသည် နူးညံ့လာခဲ့သည်။

သူမမှပြောလိုက်၏။

"သခင်လေးနဉ် ခုနကကျွန်မစိတ်မရှည်ဖြစ်ခဲ့ပါတယ်"

သူမသည်စူးယွင်ကို ကာကွယ်ပေးရုံသာဖြစ်ပြီး နဉ်ကျင်းသည်လည်းသူမ၏ ရည်ရွယ်ချက်များကို နားလည်သဖြင့် ပြန်ဖြေလိုက်သည်။

"ရပါတယ်"

ရှေ့ခြံဝင်းတွင်

တုန့်စန်းသည် အိမ်တော်ရှိအစေခံများအားလုံးကိုစုဆောင်းခဲ့ပြီး အရိပ်ထဲပုန်းနေသူများပင် ပါဝင်ခဲ့သည်။

နဉ်ကျင်းသည်စူးယွင်၏လက်ကို ကိုင်ကာ သူမအားအဓိကထိုင်ခုံတွင် ထိုင်စေပြီးမှ တံခါးရှေ့ဒူးထောက်နေကြသော လူအုပ်စုကိုကြည့်ရန် မျက်လုံးများကိုပင့်လိုက်၏။

"အတင်းအဖျင်းပြောခဲ့တဲ့သူတွေ အခုထွက်လာခဲ့"

အိမ်တော်မှလူများသည် နဉ်ကျင်း၏စိတ်ထားကိုသိကြပြီး ရှေ့ဆုံးမှလူများသည်တော့ ခေါင်းမော့ရဲခြင်းမရှိကြပေ။သူတို့သည် ထိန်းမနိုင်သိမ်းမရတုန်ယင်နေကြသည်။

နဉ်ကျင်းသည် သူ၏မျက်လုံးပင်ပင့်မကြည့်ဘဲ အေးစက်စွာအမိန့်ပေးလိုက်သည်။

"သူတို့ရဲ့လျှာတွေကိုဖြတ်ပြီး အိမ်တော်ကနေနှင်ထုတ်လိုက်"

"သခင်လေး ကျေးဇူးပြုပြီးကျွန်မတို့ကို ချမ်းသာပေးပါ။ကျွန်မတို့မှားမှန်းသိပါပြီ။ကျွန်မတို့မှားမှန်းသိပါပြီ"

ထိုအမျိုးသမီးနှစ်ဦးသည် အသည်းအသန်ဦးညွှတ်ကာကရုဏာတောင်းခံနေကြတော့သည်။

သူ့ပတ်ဝန်းကျင်မှဆူညံသံများမှာ အလွန် စိတ်အနှောင့်အယှက်ဖြစ်စေသောကြောင့် နဉ်ကျင်းသည်မျက်မှောင်ကြုံ့ကာ အနည်းငယ်စိတ်တိုသွားတော့၏။

"တုန့်စန်း"

"ဟုတ်ကဲ့ သခင်လေး"

တုန့်စန်းသည် အရိုအသေပေးပြီးနောက် လက်အားဝှေ့ယမ်းလိုက်ကာ လူအချို့အားလာခဲ့ရန် အချက်ပြလိုက်သည်။

"သူတို့ကို ခေါ်သွားလိုက်"

အစောင့်များသည် သူတို့၏ခွန်အားကိုအသုံးပြု၍ အမျိုးသမီးနှစ်ဦးကိုချုပ်နှောင်လိုက်ပြီး ခုခံမှုမရှိစေခဲ့ပေ။

နန်းတော်တွင်နဉ်ကျင်း၏နည်းလမ်းများအားမြင်ဖူးခဲ့သည့် အဒေါ်ဝမ်သည်သူမ၏ ကံကြမ္မာဆိုးရွားတော့မည်မှာ သေချာသည်ဟုမှတ်ယူလိုက်တော့သည်။

သူမမှာအော်လိုက်၏။

"သခင်လေး ကျွန်မကိုမိဖုရားကြီးက စေလွှတ်ထားတာပါ။သခင်လေးက ကျွန်မကိုဒီလိုလုပ်လို့မရနိုင်ပါဘူး"

"မိဖုရားကြီးလား....."

နဉ်ကျင်း၏စကားများကို ကြားရသောအခါ အဒေါ်ဝမ်သည်ချက်ချင်းပင် မျှော်လင့်ချက် တစ်စွန်းတစ်စအား မြင်လိုက်ရ၍ပို၍ပင်ကျယ်ကျယ်လောင်လောင်အော်လိုက်သည်။

"ကျွန်မကမိဖုရားကြီးရဲ့ ဘေးမှာနှစ်ပေါင်းများစွာရှိခဲ့တာပါ။မိဖုရားကြီးက သခင်လေး တစ်ယောက်တည်းရှိနေတာကိုမြင်လို့သာသူမက......"

"သူမကို ခေါ်သွားလိုက်။ပြီးတော့ သူမရဲ့လက်တွေကိုပါဖြတ်ပစ်လိုက်"

အစောင့်များမှာ သူမအားဖမ်းဆီးရန်လျှောက်လာကြသည်အား မြင်သောအခါ သူမမှာငိုလိုက်မိတော့သည်။

"သခင်လေး သခင်လေး ကျေးဇူးပြုပြီး မိဖုရားကြီး......"

"ငါကိုယ်တိုင်မိဖုရားကြီးနဲ့ စကားပြောလိုက်မယ်"

နဉ်ကျင်းသည် အနှောင့်အယှက်မဖြစ်သည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။

"သခင်လေး သခင်လေး ကျေးဇူးပြုပြီး ကျွန်မကိုချမ်းသာပေးပါ....."

ရှောင်ဟယ်သည် ဤအရာအားပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၍ စူးယွင်အားအလိုအလျောက်ဆွဲလိုက်မိသည်။

"သခင်မလေး ဒါက......"

ဒါက အရမ်းရက်စက်လွန်းတယ်။

စူးယွင်သည်မျက်လွှာချကာ သက်ပြင်းချလိုက်သည်။သူ့အားမတားဆီးခဲ့ပေ။

အိမ်တော်တွင် သူ့စည်းမျဉ်းများရှိသည်။သူမအနေဖြင့်ဝင်ရောက်စွက်ဖက်ချင်စိတ် မရှိပေ။

နဉ်ကျင်းသည် စူးယွင်ထံလျှောက်သွားကာ သူမ၏ပခုံးအား သိုင်းဖက်လိုက်၏။

"ဒီဘဝမှာ ကိုယ်ကဘယ်တော့မှ ဇနီးမယားဖြစ်စေ ကိုယ်လုပ်တော်ဖြစ်စေယူမှာမဟုတ်ဘူး။လူတစ်ယောက်တည်းကိုပဲချစ်သွားမှာပါ"

စူးယွင်သည်သူ့ထံမယုံကြည်နိုင်ဟန်ဖြင့်ကြည့်လိုက်၏။

သူသည်ပြုံးလိုက်ပြီး သူမ၏ဆံပင်ကိုအသာပွတ်သပ်ကာ တိုးတိုးလေးပြောလိုက်သည်။

"မင်းကကိုယ့်ရဲ့တစ်ဦးတည်းသောသူပဲ"

"ကျွန်မ....."

နဉ်ကျင်းသည်သူမ၏ခေါင်းအားအသာပုတ်ကာ သူမ၏စကားကို ဖြတ်ပြောလိုက်သည်။

"ဒီနေ့ ဒါကိုသေချာမှတ်ထားကြ။သူမကိုမလေးစားတဲ့သူတိုင်း သေဒဏ်ပေးခံရမယ်"

"ဟုတ်ကဲ့"

လူတိုင်းသည် လေးစားမှုပြရန် စူးယွင်အားချက်ချင်းဆိုသလို ခပ်သွက်သွက်ဦးညွှတ်ကာ ပြောလာကြသည်။

"သခင်မ ကျန်းမာပါစေ"

သူတို့သည်တရားဝင်မင်္ဂလာမဆောင်ရသေးသော်လည်း နဉ်ကျင်း၏စကားများသည် အဆုံးအဖြတ်ပေးနိုင်သည့်အာဏာရှိပြီး ထိုအချိန်မှစ၍ အိမ်တော်တွင်မည်သူမျှမကောင်းပြောရဲတော့မည်မဟုတ်ပေ။

စူးယွင်သည် ဤကဲ့သို့သောအခြေအနေမျိုးတွင် အတွေ့အကြုံမရှိသောကြောင့် သူမသည် ဇာတ်လမ်းများတွင်မြင်ဖူးသည့်အတိုင်းသာ လိုက်လုပ်လိုက်သည်။

"ထကြပါ"

နဉ်ကျင်းသည်ထိုခေါင်းစဉ်ကို အတော်လေး ကျေနပ်နေပုံရသည်။သူသည်ပြုံးရယ်ကာ လက်အားဝှေ့ယမ်းလိုက်၏။

"ဆုချလိုက်"

"ကျေးဇူးတင်ပါတယ် သခင်။ကျေးဇူးတင်ပါတယ် သခင်မ"

လူစုကွဲသွားသော် စူးယွင်သည်သူ့အင်္ကျီလက်ဖျားအားဆွဲ၍ တစ်စုံတစ်ရာပြောချင်နေခဲ့သည်။

"သခင်မ ကျွန်မအပြင်ထွက်ပြီးလမ်းလျှောက်လိုက်ဦးမယ်"

ရှောင်ဟယ်သည်ဆင်ခြေရှာကာ သူတို့နှစ်ဦး စကားပြောရန် နေရာလွတ်ပေးလိုက်သည်။

"ဒီအတွက် နည်းနည်းစောနေသေးတယ်မဟုတ်ဘူးလား"

စူးယွင်သည်အနည်းငယ်မသက်မသာဖြစ်နေဟန်ဖြင့် မေးလိုက်သည်။

နဉ်ကျင်းသည် ရယ်မောလိုက်ပြီး သူမ၏မေးစေ့ကို အသာမြှောက်ကာနှုတ်ခမ်းများအား နမ်းရှိုက်လိုက်၏။

"မစောပါဘူးကွာ"

သူမအားလက်ထပ်ဖို့သည် ယခုထက်အများကြီးအစောကတည်းမှ သူဆန္ဒရှိခဲ့ခြင်းပင်။

"မွေးနေ့ပွဲပြီးရင် လက်ထပ်ကြစို့"

သူသည် ငြင်သာစွာပြောလိုက်၏။

စူးယွင်သည် နဉ်ကျင်း၏လက်အားကိုင်ကာ အသာဖျစ်ညှစ်လိုက်သည်။

"ရှင်ကျွန်မဆီကနေတစ်ခုခုဖုံးကွယ်ထားတာရှိလား"

နဉ်ကျင်းသည် ပါးစောင်အားကိုက်လိုက်ပြီး ခဏတာစဉ်းစားလိုက်သည်။

"မိဖုရားကြီး ကိစ္စလား"

"ကိုယ့်မှာ တော်ဝင်သွေးနည်းနည်းပါနေတယ်။ကိုယ်တို့ လက်ထပ်တဲ့အခါကျရင်မင်းသိလာပါလိမ့်မယ်"

"တစ်ခြားဘာထပ်ရှိသေးလဲ"

သူမသည် သူ့အားကြည့်လိုက်ပြီး သူမ၏မျက်လုံးများတွင် လောဆော်နေသည့်လိုလားမှုများဖြင့်ပြည့်နေလေ၏။

"မရှိတော့ပါဘူး အခြားဘာမှမရှိတော့ဘူး"

သူသည်ပြုံးလိုက်ပြီး ခေါင်းငုံ့ကာ သူမ၏ နား,နားကပ်၍ တိုးတိုးလေးပြောလိုက်သည်။

"မင်းကိုယ့်ကို လက်ထပ်နိုင်မလား"

သူမသည်ထပ်ပြောလာခဲ့၏။

"ကျွန်မကလျှို့ဝှက်ချက်တွေကို မကြိုက်ဘူးနော်"

သူမသည် အလေးအနက်ထားကာ ပြန်ဖြေလိုက်သည်။

သူမသည်သူမဆန္ဒရှိမရှိအား တိုက်ရိုက်မဖြေဘဲ ထိုစာကြောင်းတစ်ကြောင်းတည်းကိုသာပြောနေခဲ့ပြီး သူ့ကိုတွန်းထုတ်ကာ ထွက်သွားခဲ့၏။

All Chapters