← Chapters

အခန်း (၁၁၆+၁၁၇)

Vol. 12 Ch. 116+117

အခန်း (၁၁၆+၁၁၇)

Vol. 12 Ch. 116+117

Ch-116+117

စူးယွင်တံခါးဝဆီရောက်သောအခါ ယောင်ယီနှင့်ချင်အာတို့သည် တံခါးရှေ့တွင်ဒူးထောက်နေသည်အားတွေ့လိုက်ရသည်။

သူမချဉ်းကပ်လာသည်ကိုမြင်သည်နှင့် နှစ်ဦးစလုံးမှာချက်ချင်းပင် ရိုသေလေးစားစွာ ခါးညွှတ်အရိုအသေပေးပြီး ပြောလာကြ၏။

"သခင်မကို အရိုအသေပေးပါတယ်"

စူးယွင်သည် သူတို့၏အသုံးအနှုန်းများကို သိပ်ဂရုမစိုက်ဘဲ ပြန်မေးလိုက်သည်။

"ဒါကဘာလုပ်နေကြတာလဲ"

"သခင်မကို ပြန်ဖြေပါတယ်"

ယောင်ရီမှ ပြောလာသည်။

"အရင်တုန်းက ကျွန်မတို့စကားမှားခဲ့တာပါ။သခင်မကခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"

ယနေ့ဖြစ်ရပ်များပြီးနောက် ဤအိမ်တော်ရှိ မည်သူကမျှစူးယွင်ကို အငြင်းအခုန်စကားမပြောရဲကြတော့ဘဲ ထိုနှစ်ယောက်သည်လည်း ယခင်ဖြစ်ရပ်ကိုပြန်အမှတ်ရကာ စူးယွင်မှနဉ်ကျင်းအားပြောပြပြီး သူတို့လည်း ထိုကဲ့သို့ကံကြမ္မာမျိုးနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်ခဲ့ကြသည်။

"မင်းတို့နှစ်ယောက် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ မဟုတ်မှန်းငါသိပါတယ်။ဒီလောက် စိုးရိမ်နေစရာမလိုပါဘူး"

စူးယွင်မှသူတို့စိတ်သက်သာရာရစေရန် ပြောလိုက်သည်။

သူမသည်သာမန်နောက်ခံမှ ဆင်းသက်လာသူဖြစ်ပြီး အိမ်တော်ရှိလူတိုင်းသည်လည်း ထက်မြက်သူများဖြစ်ကြသဖြင့် သူမကိုကိုယ်လုပ်တော်တစ်ဦးဖြစ်မည်ဟုသာ သဘာဝအတိုင်းယူဆခဲ့ကြ၏။သူမကိုယ်တိုင်ပင် တစ်ခါတစ်ရံသံသယဝင်ခဲ့သေးသည်မဟုတ်ပါလား။

သူတို့သည်အစေခံများသာဖြစ်ကြသောကြောင့် သူမ၏ဂုဏ်ပုဒ်အရ မျက်နှာသာပေးခံရသော ကိုယ်လုပ်တော်တစ်ဦးဖြစ်ခြင်းသည် အလွန်ကောင်းသော ကိစ္စဖြစ်မည်ဟုသာ ယူဆခဲ့ကြသည်။အမျိုးသမီးနှစ်ဦးစလုံးမှာ စူးယွင်သည် စိတ်သဘောထားကောင်းကြောင်းသိထားကြသော်လည်း ထိုအချက်အားအခွင့်ကောင်းယူရန် မဝံ့ရဲခဲ့ကြပေ။သူတို့နှစ်ဦးမှ တစ်ပြိုင်နက်တည်းပြောလာကြသည်မှာ

"ကျွန်မတို့ကသခင်တွေရဲ့ကိစ္စကိုပေါ့ပေါ့ဆဆဆွေးနွေးသင့်တာ မဟုတ်ပါဘူး။ဒါကကျွန်မတို့ရဲ့အမှားဖြစ်ပြီး စည်းကမ်းကို ချိုးဖောက်ခဲ့ပါတယ်"

စူးယွင်သည်အာဃာတထားလိုစိတ်မရှိသော်လည်း အိမ်တော်ရှိကိစ္စရပ်များကို ကောင်းမွန်စွာစီမံခန့်ခွဲရန်အတွက် စည်းကမ်းများအားလိုက်နာရမည်ကိုတော့သိလေသည်။

"ဒါဆိုမင်းတို့နှစ်ယောက်ရဲ့ ပြစ်ဒဏ်အဖြစ်သုံးလစာ ထောက်ပံ့ကြေးဖြတ်မယ်။ပြီးရင်တော့ဒီကိစ္စနဲ့ပက်သက်ပြီး ရှင်းသွားပြီလို့သာမှတ်လိုက်တော့"

"ကျေးဇူးတင်ပါတယ် သခင်မ"

သူတို့နှစ်ဦးသည်ကျေးဇူးတင်စွာဖြင့် ခေါင်းငုံ့အရိုအသေပေးလိုက်ကြသည်။

နောက်ရက်များတွင် စူးယွင်သည်နဉ်ကျင်းနှင့်အတူ အိမ်တော်တွင်ဆက်လက်နေထိုင်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင်သူသည် သူမထံမှ တစ်ခုခုကို ဖုံးကွယ်ထားခြင်းရှိမရှိအား အချိန်အခါအားလျော်စွာ အရိပ်အမြွက်ပြခဲ့၏။

"ကျွန်မဒီနေ့ အဖွဲ့အစည်းဆီ ပြန်ရတော့မယ်။ပြောစရာရှိရင် ကျွန်မအားလပ်ချိန်ရတဲ့အထိစောင့်ပြီးမှ အဖွဲ့အစည်းမှာလာရှာလှည့်"

အချိန်ကြာလာသည်နှင့်အမျှ နဉ်ကျင်းသည်အနည်းငယ်ခန့်မှန်းမိသော်လည်း မည်သို့စတင်ပြောရမည်ကို မသိသေးပေ။

စူးယွင်သည်လည်း သူ့ကိုဖိအားမပေးခဲ့ချေ။

သူမမှအချိန်အနည်းငယ်ပေးလိုက်လျှင် သူ နားလည်လာလိမ့်မည်ဟု တွေးခဲ့သည်။နဉ်ကျင်းသည် ခပ်ဖွဖွပြုံးကာ သူမခေါင်းအားအသာပုတ်လိုက်၏။

"ကောင်းပြီ"

"ဒါဆို ကျွန်မ သွားတော့မယ် လိုက်ပို့ဖို့မလိုပါဘူး"

"ကိုယ့်ကိုယ်ကို အလုပ်မပိစေနဲ့နော်"

စူးယွင်သည် နှုတ်ခမ်းအားတင်းတင်းစေ့ကာ နောက်ဆုံးတွင်မှစကားလုံးနှစ်လုံးကို‌ပြောလာ၏။

"ကြိုးစားကြည့်ပါ့မယ်"

မွေးနေ့ပွဲမစမီငါးရက်သာလိုတော့သည်ဖြစ်ကာ စီစဉ်မှုအများစုအားအခြားသူများမှ စီမံခန့်ခွဲနေကြသော်ငြား အခမ်းအနားဝတ်စုံတို့၏ တာဝန်ခံပုဂ္ဂိုလ်အနေဖြင့် စူးယွင်သည် မည်သည့်အမှားအယွင်းမှမဖြစ်စေရန် အနီးကပ်စောင့်ကြည့်နေရဆဲဖြစ်သည်။

အဖွဲ့အစည်းတွင်

အဓိကဌာနလေးခုစလုံး စုဝေးနေကြပြီး အနီးနားတွင်ထိုင်နေရသည့် စူးယွင်ပင် သူတို့ပြောနေသမျှကို ပီပီသသကြားနေရ၏။

စူးယွင်သည်မျက်မှောင်ကြုံ့ကာ အနားရှိတစ်ယောက်အား အသာဆွဲ၍ မေးလိုက်သည်။

"သူတို့ကဘာတွေ ငြင်းခုံနေကြတာလဲ"

"အစားအသောက်ဌာနကလေ"

ထိုသူသည် စူးယွင်အနားသို့ငုံ့ကိုင်းကာ တိုးတိုးလေးပြောလာသည်။

"ပုံမှန်စည်းမျဥ်းအရဆိုရင် အဖွဲ့အစည်းရဲ့ ထိုင်ခုံနေရာချထားမှုနဲ့ စကားပြောခွင့်အာဏာက နှစ်စဉ်စစ်ဆေးမှုမှာအဖွဲ့အစည်းရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ဆုံးဖြတ်လိုက်ကြတာလေ"

"ဒါပေမဲ့ ဒီနှစ်ကျဘာကြောင့်မှန်းတော့မသိဘူး။အဆင့်သတ်မှတ်ချက်ရဲ့အောက်ဆုံးမှာရှိနေတဲ့ အစားအသောက်ဌာနက ဒီစည်းမျဥ်းကိုသဘောမတူဘဲ ဦးဆောင်မှုယူဖို့ အတင်းအကျပ်တောင်းဆိုနေတယ်လေ"

အဓိကဌာနလေးခု၏ အဆင့်သတ်မှတ်ချက်မှာ အဝတ်အထည်၊ အစားအသောက်၊အိမ်ရာနှင့်သယ်ယူပို့ဆောင်ရေးတို့ဖြစ်ပြီး အစဉ်လိုက်ကျဆင်းသွား၏။

အောက်ဆုံးအဆင့်သတ်မှတ်ထားသည့် အစားအသောက်ဌာနသည် အခြားဌာနသုံးခုထက် စွမ်းရည်နည်းပါးသည်ဟုတော့မဆိုသာပေ။ဆန့်ကျင်ဘက်အနေဖြင့် လူမှုရေးကိစ္စများကိုကိုင်တွယ်ရသော အစားအသောက်ဌာနသည် ခိုင်မာသည့်အလုံးစုံအာဏာရှိသည်။သို့သော်သူတို့၏လုပ်ငန်းသဘာဝသည် အခြားသောဌာနများနှင့် ကွာခြားပြီး အဖွဲ့အစည်းဆိုင်ရာစစ်ဆေးမှုများတွင် အလွန်အမင်းအားထုတ်လိုစိတ်မရှိသောကြောင့် အဆင့်သတ်မှတ်ချက်တွင် အမြဲတမ်းအောက်ဆုံးတွင်သာ ရှိနေခဲ့ခြင်းပင်။

သို့သော်ထိုသို့ဖြစ်သောကြောင့် ယခင်အချိန်မှပွဲကြီးများတွင် အစားအသောက်ဌာနသည် အဖွဲ့အစည်း၏အစီအစဉ်များကိုလက်ခံသည့်ဘက်တွင်သာ အမြဲရှိခဲ့ပြီး ယနေ့ကဲ့သို့အခြေအနေမျိုး တစ်ခါမှမဖြစ်ဖူးပေ။

"မိဖုရားကြီးရဲ့မွေးနေ့ပွဲမစခင် ငါးရက်ပဲလိုတော့တဲ့အချိန်ကျမှ ဌာနအကြီးအကဲကို ရုတ်တရက်ကြီးပြောင်းလဲလိုက်တာက တစ်ကယ်ကိုမသင့်လျော်ဘူး"

"ဌာနအကြီးအကဲသုံးဦးစလုံးလဲ အဲဒီလိုပဲ ထင်ကြတယ်"

ထိုသူသည် ရှေ့ရှိမြင်နေရသောအစည်းအဝေးခန်းထံ လက်ညှိုးထိုးပြလာသည်။

"ကြည့်လေ သူတို့တွေခုထိငြင်းခုံနေကြတုန်းပဲ"

စူးယွင်သည် နှုတ်ခမ်းအားတင်းတင်းစေ့ပြီး သူတို့ကြည့်နေသောနေရာထံလိုက်ကြည့်လိုက်သည်။

ဌာနအကြီးအကဲများအားလုံးသည် မတ်တပ်ရပ်နေကြပြီးမျက်နှာများနီရဲနေကြသည်ကို သူမမြင်လိုက်ရ၏။

ဤသည်မှာပြဿနာကြီးတစ်ခုဖြစ်နေပုံရသည်။

သူမသည်တံခါးဝရှိလူအုပ်နှင့်အတူ စောင့်ဆိုင်းနေခဲ့၏။

အမွှေးတိုင်တစ်တိုင်ကြာပြီးနောက်

ညွှန်ကြားရေးမှူးရှန်နှင့်အကြီးအကဲကျန်းတို့သည် နောက်မှရောက်လာကြ၏။သူတို့ အစည်းအဝေးခန်းထဲသို့ ဝင်ရောက်သွားပြီး အမွှေးတိုင်နောက်တစ်တိုင်စာအချိန်ကြာသောအခါ အစားအသောက်ဌာန၏အကြီးအကဲသည်ရယ်မောရင်း မကျေမချမ်းဖြစ်နေကြသည့် အခြားဌာနအကြီးအကဲသုံးဦးထံ လက်ခုပ်အုပ်နှုတ်ဆက်ကာထွက်သွားတော့သည်။

"အစားအသောက်ဌာနက အနိုင်ရသွားတဲ့ပုံပဲ"

"ညွှန်ကြားရေးမှူးရှန်နဲ့သူတို့က ဘာတွေတွေးနေကြတယ်ဆိုတာ ငါတော့တကယ်နားမလည်နိုင်ဘူး။ငါတို့တွေဒီစည်းမျဥ်းကို နှစ်တွေအကြာကြီးလိုက်နာခဲ့ပြီးပြီလေ။တစ်စုံတစ်ယောက်က ဘယ်လိုလုပ် ချက်ချင်းကြီးပြောင်းလဲပစ်လို့ရသွားတာလဲ"

"ညွှန်ကြားရေးမှူးရှန်နဲ့အကြီးအကဲက ရင်းနှီးတဲ့မိတ်ဆွေတွေလို့ ငါကြားထားတယ်"

"တကယ်ကြီးလား။အစည်းအဝေးတွေကလွဲလို့သူတို့ကြားမှာ ကိုယ်ရေးကိုယ်တာဆက်ဆံရေးရှိနေတာကို ငါတစ်ခါမှသတိမထားမိဘူး"

"ငါလည်း သေချာမသိပါဘူး။အခြားသူတွေဆီက ကြားခဲ့ရုံပဲ"

"ညွှန်ကြားရေးမှူးရှန်က ဖြောင့်မတ်တဲ့သူပါ။သူကဒီလိုမျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ဒီကိစ္စကလည်း တစ်ဖက်ကမဟုတ်မမှန် ကောလာဟလဖြန့်တာဖြစ်နိုင်တယ်"

"ဖြစ်နိုင်တယ်နော်"

စူးယွင်သည် သိပ်ကြာကြာနားမထောင်တော့ဘဲ ရှေ့သို့တိုးလာပြီး ရုန်စာအားမေးလိုက်သည်။

"အကြီးအကဲနေရာက အစားအသောက်ဌာနကို ပေးလိုက်တော့မှာလား"

"အတိအကျတော့ မဟုတ်ဘူး"

ရုန်စာမှာ ခေါင်းယမ်းပြလာသည်။

"ဒါပေမယ့် ခွဲဝေပေးပြီးသွားပြီ"

အစားအသောက်ဌာန၏ ရပ်တည်ချက်သည်ခိုင်မာနေခဲ့ပြီး သူတို့၏အာဏာမှာလည်း အတော်အတန်ရှိနေပြီဖြစ်ရာ ညွှန်ကြားရေးမှူးရှန်သည် မွေးနေ့ပွဲအောင်မြင်စွာကျင်းပနိုင်စေရန်အတွက် အစားအသောက်နှင့်အဝတ်အထည်ဌာနနှစ်ခုစလုံးကို ပူးတွဲကြီးကြပ်ရန်စီစဉ်ပေးခဲ့သည်။အဖွဲ့ဝင်များအကြား မကျေနပ်ချက်များရှိနေသော်လည်း ညွှန်ကြားရေးမှူးရှန်မှ အမိန့်ပေးထားပြီးဖြစ်၍ မည်သူမျှမကျေနပ်ကြသော်လည်းအတိအလင်း မဆန့်ကျင်ရဲကြပေ။

"နောက်မှမင်းလဲကျန်တဲ့သူတွေနဲ့ စကားပြောကြည့်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ရယ် ကတောက်ကဆတွေမဖြစ်ရအောင် ရှောင်ရှားဖို့ရန် သတိပေးထားသင့်တယ်"

"နားလည်ပါပြီ"

ထိုအချိန်မှစ၍ အဝတ်အထည်နှင့် အစားအသောက်ဌာနနှစ်ခုစလုံးသည် အတူတကွလုပ်ကိုင်ခဲ့ကြသော်လည်း အကြောင်းအရင်းတစ်ချို့ကြောင့်အစားအသောက်ဌာနသည် အဝတ်အထည်ဌာန၏ ဆုံးဖြတ်ချက်များအားအမြဲတစေ အပြစ်ရှာနေခဲ့သည်။လူတိုင်းသည်အထက်လူကြီးများ၏ ညွှန်ကြားချက်များကြောင့် ငြိမ်သက်စွာသည်းခံနေကြပြီး မွေးနေ့ပွဲပြီးမှသာ ပြန်လည်‌ချေပပစ်ရန် စောင့်ဆိုင်းနေခဲ့ကြ၏။

မိဖုရားကြီး၏မွေးနေ့ပွဲမတိုင်မီညတွင် လူတိုင်းမှာကောင်း‌ကောင်းအနားယူလိုက်ကြပြီး နောက်တစ်နေ့အတွက်ပြင်ဆင်ထားသည်တို့ သေချာစေရန်ဌာနတိုင်းသည် အဖွဲ့ဝင်များအား စော‌စောအနားယူစေခဲ့သည်။

စူးယွင်သည် ဤကိစ္စအတွက်ပြီးခဲ့သည့် ရက်များအတွင်း စွမ်းအင်များစွာသုံးစွဲခဲ့ရ၏။ရှောက်ချီနှင့်အပြင်ဘက်တွင် ရိုးရိုးရှင်းရှင်းညစာစားပြီးနောက် အနားယူရန် အိမ်သို့ပြန်လာခဲ့သည်။

အိမ်တွင်းနှင့်အိမ်ပြင် အပူချိန်ကွာခြားမှုမှာကြီးမားလှ၏။သူမမှာတံခါးဝမှဝင်လိုက်သည်နှင့် အပေါ်ဝတ်အားချွတ်ကာ တန်းပေါ်တွင်ချိတ်လိုက်သည်။

သူမလက်ဆေးရန် ရေဇလုံဆီလျှောက်သွားရင်း ရေအပူချိန်နည်းနည်းပြောင်းသွားသည်ကို အာရုံစိုက်နေလိုက်၏။သူမမှာ ခပ်တိုးတိုးပြောလိုက်သည်။

"ရှင်ရောက်နေတာကိုး"

လက်ဖက်ရည်စားပွဲတွင် နဉ်ကျင်းသည် လက်တစ်ဖက်ဖြင့် မေးထောက်ထားပြီး စူးယွင်ရောက်လာသည်နှင့် သူ၏ငိုက်မျည်းနေသောမျက်လုံးများမှာ သတိပိုဝင်လာသည်။

သူမလှုပ်ရှားသွားလာသည့်အတိုင်း သူ၏ အကြည့်သည် လိုက်ပါသွားပြီး ပျင်းရိလေးတွဲစွာဖြင့် ပြန်ဖြေလာ၏။

"အင်း"

"အုတ်တံတိုင်းကနေကျော်ဝင်လာတာလား"

စူးယွင်သည် လက်ကိုင်ပုဝါကိုချလိုက်ပြီး သော့ခတ်ထားသည့် ပြတင်းပေါက်ထံကြည့်ကာမေးလိုက်သည်။

"ဒါမှမဟုတ် တံခါးကနေဝင်လာတာလား"

"ဘာလို့ မရရမှာလဲ"

နဉ်ကျင်းသည် မတ်မတ်ထိုင်လိုက်ပြီး ခပ်ဖွဖွရယ်လိုက်သည်။

"ကိုယ်ကဒီလိုကိစ္စမျိုးလုပ်ရတာကို သဘောကျတဲ့လူရုပ်ပုံပေါ်နေလို့လား"

စူးယွင်သည် နှုတ်ခမ်းအားမဲ့လိုက်၏။

ဘယ်သူကမှ ဒီစကားကိုငြင်းခုံနိုင်မှာ မဟုတ်ဘူးလေ။

"ကိုယ့်ကိုယ်ကို အဲ့လောက်ထိအထင်ကြီးမနေနဲ့"

စူးယွင်သည်စိတ်ထဲ၌တွေးလိုက်သော်လည်း အသံထွက်၍မပြောခဲ့ပေ။

"ကောင်းပြီလေ သိပ်မဆိုးပါဘူး"

နဉ်ကျင်းသည် ပြတင်းပေါက်အားကြည့်ရင်း အနည်းငယ်ကသိကအောက်ဖြစ်ဟန်ဖြင့် ပြောလာသည်။

စူးယွင်သည် သူ့ဘေးတွင်ဝင်ထိုင်လိုက်ပြီး သူ့လက်ထဲရှိ လေးထောင့်သေတ္တာလေးကို ကြည့်လိုက်၏။

သေတ္တာလေးသည်အနုစိတ်ပုံစံများဖြင့် ထွင်းထုထားပြီး အသေးစိတ်ပုံစံတိုင်းကို လက်သမားဆရာမှ ဂရုတစိုက်ဖန်တီးထားလေသည်။သေတ္တာအတွင်း၌ တန်ဖိုးရှိသော ပစ္စည်းတစ်ခုခုရှိနေပုံရ၏။

"ဒါကကျွန်မအတွက်လား"

စူးယွင်မှမေးလိုက်သည်။

နဉ်ကျင်းသည် လက်အသာယမ်းပြလာ၏။

အတော်လေး သိသာနေတာပဲကို။

စူးယွင်သည် သေတ္တာအားယူလိုက်သော်လည်း ချက်ချင်းဖွင့်မကြည့်သေးဘဲ လက်ထဲတွင်သာကိုင်ထားပြီး အသာလှုပ်ကြည့်လိုက်သည်။

အတွင်းမှအရာဝတ္ထုများသည် သေတ္တာနှင့် ရိုက်ခတ်ကာ ကျောက်စိမ်းပြားကဲ့သို့ တစ်ခုခုဖြစ်နိုင်ကြောင်းအသိပေးသည့် တိုးတိတ်တိတ်အသံကို ထွက်ပေါ်စေလာ၏။

"ဖွင့်မကြည့်တော့ဘူးလား"

နဉ်ကျင်းမှမေးလာသည်။

နဉ်ကျင်းသည် စူးယွင်မှသေတ္တာအားလှုပ်ယမ်းကြည့်ပြီးနောက် ပြန်ချထားသည်ကို ကြည့်နေလိုက်၏။

"အလျင်လိုစရာမလိုပါဘူး။ခဏနေမှ ကြည့်တာပေါ့"

စူးယွင်မှာပြန်ပြောရင်း နူးနူးညံ့ညံ့လေးပြုံးလိုက်ကာ လက်ချောင်းများဖြင့် သစ်သားသေတ္တာကိုစည်းချက်ညီညီ ခေါက်နေလိုက်သည်။

"ကဲ ကျွန်မကိုပြောပြပါဦး"

နဉ်ကျင်းသည် သူမ၏လက်အားအသာဆုပ်ကိုင်ကာ သူ့လက်ဖဝါးထဲတွင်ထည့်ထားလိုက်သည်။

"မင်းကအကြောင်းပြချက်ကောင်းကောင်း ပေးမှ ပြောပြလို့ရမှာပေါ့"

"ဟုတ်ပါတယ်လေ"

သူမသည် ပျော်ပျော်ကြီးပြုံးကာ ပြောလာသည်။

သူမသည် သေတ္တာအားဖွင့်ကြည့်လိုက်၏။အတွင်း၌ ဟယ်ထန်းကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ကျောက်စိမ်းပြားတစ်ခုရှိ‌နေသည်။

သူမမှာ ထိုကျောက်စိမ်းပြားကိုယူလိုက်ပြီး မြှောက်ကိုင်ကာ အနီးကပ်စစ်ဆေးကြည့်လိုက်၏။အရောင်သည် စင်းလုံးချောဖြစ်ကာ အထိအတွေ့သည်လည်း ချောမွေ့နူးညံ့ပြီး အပြစ်အနာအဆာတစ်ခုမျှ မရှိပေ။ဤပစ္စည်းသည် ထူးခြားကောင်းမွန်သော ပစ္စည်းတစ်ခုဖြစ်နေသည်မှာ ထင်ရှားလှသည်။

စူးယွင်၏ မျက်လုံးများမှာ ထိုပစ္စည်းအားသေချာကြည့်လိုက်ရာ *ကျင်း* ဟူသော စာလုံးအားထွင်းထုထားသည်ကို သတိပြုမိလိုက်၏။သူမမှ မေးလိုက်သည်။

"ဒါကရှင့်ရဲ့မိသားစုကျောက်စိမ်းပြားလား"

ဝတ္ထုများ၌ဖတ်ဖူးသည်ကို သူမပြန်အမှတ်ရသွားသည်။ရှေးခေတ်ရှိမြင့်မြတ်သောမိသားစုများသည် သူတို့၏ကိုယ်ပိုင်လက္ခဏာအားဖော်ပြရန် သူတို့၏အမည်များကို ထွင်းထုထားသည့်ထူးထူးခြားခြားကျောက်စိမ်းပြားများရှိတတ်ကြလေ၏။

"အင်း"

နဉ်ကျင်းသည် မတ်မတ်ထိုင်လိုက်ပြီး ယခင် ပျင်းရိသောအမူအရာကို ဖယ်ရှားလိုက်သည်။

"ဒါကကိုယ်နှစ်တွေအကြာကြီးလက်ခံထားရတဲ့ပစ္စည်း‌လေ။အထဲမှာကိုယ်ယုံကြည်ရတဲ့ လူယုံတော်အချို့ရှိတယ်။မင်းမှာတစ်ခုခုလိုအပ်လာရင် ဒါကိုသုံးလိုက်။သူတို့ကမင်းအပေါ်မှာ သစ္စာရှိကြမှာပါ"

စူးယွင်သည် အသာရယ်မောလိုက်ပြီး ကျောက်စိမ်းပြားကို သူ၏ရင်ဘတ်ထဲသို့ ပြန်ထည့်လိုက်သည်။

"ကျွန်မကဒါကို ဘာလုပ်ဖို့လိုမှာလဲ။ကျွန်မအတွက် အသုံးမဝင်ပါဘူး"

"ကိုယ်....."

နဉ်ကျင်းသည် ခေါင်းငုံ့လိုက်ပြီး သူ၏အသံမှာ တိုးလျနေ၏။

"ဒါ့အပြင် ကိုယ့်မှာငွေကြေးအချို့ပဲရှိတယ်။အဲဒီလိုမျိုးကိစ္စမျိုးကတော့ပြောပြဖို့ မသင့်တော်ဘူး"

သူမ၏နှုတ်ခမ်းများမှာ အနည်းငယ်တွန့်သွားရသည်။

စူးယွင် : "......"

ငါက သာမန်လူတစ်ယောက်ပါ‌နော်။ငွေကသာ တကယ့်အဖိုးတန်လေးပါ။

"ကိုယ်လည်းသိပါတယ်"

သူမှပြောလာသည်။

"အခြားသူတွေနဲ့ယှဉ်ကြည့်ရင် ကိုယ့်မှာပေးစရာကသိပ်မရှိဘူး။ဒါပေမယ့် ကိုယ်ကမင်းကို အခြားဘယ်သူ့ထက်မဆို ပိုကောင်းအောင် ဆက်ဆံမယ်လို့ ကတိပေးပါတယ်"

နဉ်ကျင်းသည် သူမ၏လက်အားတင်းတင်းဆုပ်ကိုင်ထားပြီး သူ၏မျက်လုံးများမှာ အချစ်အားငတ်မွတ်နေသော ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ တလက်လက်တောက်ပနေ၏။

"မင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့စိတ်ရင်းက ဘယ်တော့မှပြောင်းလဲသွားမှာ မဟုတ်ပါဘူး။မင်းကသာ......"

"လက်ခံပါတယ်"

သူမသည် သူ၏ရင်ဘတ်ထဲမှ ပစ္စည်းအားပြန်ယူကာသူမအင်္ကျီထဲသို့ ထည့်လိုက်သည်။

"ဒီအချိန်ကစပြီး ဒါကကျွန်မရဲ့ပိုင်ဆိုင်မှုပဲ"

နဉ်ကျင်းသည် သူမ၏ခါးအားလက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်ပြီး သူမ၏လည်တိုင်ထက်တွင် ခေါင်းမှီထားလိုက်သည်။

"ယွင်အာ မင်းကတစ်ကယ်ကို အကောင်းဆုံးပဲ"

ထိုသို့ဖြင့် ကျောက်စိမ်းပြားကိုယူလိုက်ခြင်းသည် သူတို့နှစ်ဦးအားပိုမိုနီးစပ်စေခဲ့သည်။ခဏအကြာတွင် သူ၏စိတ်ခံစားမှုများကို ငြိမ်သက်စေပြီးနောက် နဉ်ကျင်းသည်သူမအားလွှတ်ပေးလိုက်ပြီး သူ၏ယခင်အမူအရာသို့ ပြန်ရောက်သွား၏။

သူသည်ချောင်းနည်းနည်းဟန့်ကာ အင်္ကျီလက်အား စိုးရိမ်တကြီးဆွဲလိုက်သည်။

"ကိုယ်မင်းကိုလိမ်ခဲ့မိတယ်"

စူးယွင်သည် မေးစေ့ကိုအားပင့်ကာ တိတ်ဆိတ်နေခဲ့၏။

သူ၏အသံသည် အနည်းငယ်တိုးလျသွားပြီး တောင်ကြည့်လိုက်မြောက်ကြည့်လိုက်လုပ်နေလေသည်။

"လော့မိသားစုမွေးနေ့ပွဲမှာ နဥ်အန်းကမင်းကို ဘာပြောခဲ့တယ်ဆိုတာကိုယ်သိထားတယ်။အဲဒီတုန်းက နောက်ထပ်အခန်းတစ်ခုထဲကိုယ်ရှိနေခဲ့တာလေ"

စူးယွင်သည် အသာမျက်မှောင်ကြုံ့လိုက်၏။

စူးယွင်သည်တည်တည်ငြိမ်ငြိမ်ရှိနေဆဲဖြစ်ပြီး သူမ၏အသံသည် ယိမ်းယိုင်မသွားခဲ့ပေ။သူမသည် ဒေါသမထွက်ပါဘဲဂရုတစိုက် နားထောင်နေသည်။

"ဆက်ပြောလေ"

သူမသည် ပြီးခဲ့သောအဖြစ်အပျက်တစ်ခုအကြောင်းကိုနားထောင်နေရသည့်အလား ပြောလိုက်သည်။

နဉ်ကျင်းသည် ခေါင်းငုံ့ကာတုံ့ဆိုင်းနေ၏။

"ကိုယ်ကမင်းကိုတွေ့ချင်ခဲ့ပေမယ့် မင်းကိုယ့်ကို မုန်းသွားမှာလည်းကြောက်တယ်‌လေ။ဒါကြောင့်ပဲ......ကိုယ်က......ကိုယ်ကပုန်းကွယ်ပြီး.......မင်းကိုစောင့်ကြည့်နေခဲ့တာ"

သူ၏အသံသည် နူးညံ့နေပြီး သူ့အားကွဲအက်ပျက်စီးသွားစေနိုင်သော သူမ၏ မျက်လုံးထဲမှအကြည့်ကို ကြောက်ရွံ့နေရာသူမ၏အကြည့်အား ရှောင်နေလိုက်သည်။

"နောက်ထပ် ရှိသေးလား"

သူမ၏အသံသည် တည်ငြိမ်နေပြီး စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် ဆက်မေးလာသည်။

နဉ်ကျင်းမှ ခေါင်းမော့ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် မယုံကြည်နိုင်ခြင်းများပြည့်နှက်နေ၏။သို့သော် သူမ၏ တောင်းဆိုချက်ကို ကြားသောအခါ အခြားမည်သည့်အရာကိုမျှ ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။

"လုံဟွမ်ဘုရားကျောင်းဆုတောင်းပွဲအတွက်စိတ်ကူးက ကိုယ့်ဆီကလာတာပါ။အဲဒီနေ့က မင်းကိုကိုယ်ကူညီခဲ့တာ မတော်တဆ မဟုတ်ပါဘူး။မင်းတောင်ပေါ်တက်သွားတဲ့အချိန်ကတည်းက ကိုယ်မင်းနောက်ကို လိုက်နေခဲ့တာ။မင်းရဲ့လှုပ်ရှားမှုတိုင်းကို ကိုယ်စောင့်ကြည့်နေခဲ့ပြီး ဆရာတော်နဲ့ စကားပြောဖို့ကိုတောင် ကိုယ်စီစဉ်ခဲ့တာပါ။မင်းရဲ့သနားတတ်တဲ့စိတ်ကိုအသုံးချပြီး ကိုယ့်ကိုသနားစေချင်ရုံသက်သက်ပါပဲ"

စူးယွင်ထံမှ ဒေါသထွက်ခြင်း သို့မဟုတ် အပြစ်တင်ခြင်းမျိုးမရှိခဲ့ပါပဲ တိတ်ဆိတ်ပြီး အေးစက်စက်နားလည်သွားမှုသာရှိခဲ့သည်။စူးယွင်သည် တိတ်ဆိတ်စွာဆက်ရှိနေပြီး တုန်ယင်နေသောနဉ်ကျင်း၏လက်များကို စူးစိုက်ကြည့်နေ၏။သူ၏စကားများသည် ခန်းမအတွင်း ပဲ့တင်ထပ်နေပြီးကြေကွဲဝမ်းနည်းမှုနှင့်အပြစ်ရှိသည်ဟု ခံစားရမှုများဖြင့် ပြည့်နှက်နေသည်။

သူဆက်လက်ပြောလာ၏။သူ့အသံသည် မကြားရလုနီးပါးထိဖြစ်လာသည်။

"ကိုယ်ကအကျင့်မ‌ကောင်းမှန်းသိပါတယ်။ကိုယ်ကချစ်ခြင်းမေတ္တာကို မခံစားထိုက်ဘူးဆိုတာကိုလည်း သိပါတယ်......ကိုယ်မမျှော်လင့်ခဲ့သင့်ဘူး"

သူ့ဝန်ခံချက်၏အလေးချိန်သည် လေထုထဲတွင် လေးလံစွာတည်ရှိနေသည်။သူမှထိန်းထားနိုင်ခြင်းမရှိတော့သည့် မျက်ရည်များသည် သူ့မျက်နှာထက်စွန်းထင်းလာစေပြီး သူ့အသံသည် ကွဲအက်နေ၏။သူ၏ လုပ်ရပ်များအပေါ် နားလည်သဘောပေါက်မှုမှာ သူ့အားမွန်းကြပ်လာစေသည်။

စူးယွင်သည် မူလ၌စကားမပြောသေးပေ။သူမသည် သူ့ထံရိုးရိုးရှင်းရှင်းသာ စောင့်ကြည့်နေ၏။သူမအကြည့်သည် တည်ငြိမ်ပြီး မယိမ်းမယိုင်ရှိနေခဲ့သည်။ဒေါသထွက်ခြင်းနှင့်ချက်ချင်းပေါက်ကွဲထွက်လာခြင်းမျိုးမရှိပါဘဲ တိတ်ဆိတ်စွာပင်စဉ်းစားဆင်ခြင်နေ၏။

စူးယွင်၏နှုတ်ခမ်းများမှ သူ့မျက်နှာအားအသာပွတ်သပ်လာချိန်တွင်တော့ နဉ်ကျင်းမှာ တောင့်တင်းသွားတော့သည်။နူးညံ့သော ထိတွေ့မှုတစ်ခုစီမှာ သူ၏အပြစ်ရှိသည်ဟု ခံစားရခြင်း၏မွန်းကြပ်မှုများအား ဖျက်ဆီးပေးနေ၏။သူမ၏နွေးထွေးမှုနှင့် ကရုဏာထားမှုသည် သူ့ဝိညာဉ်၏အက်ကွဲကြောင်းများမှတစ်ဆင့် ဝင်ရောက်လာသည်ကိုခံစားလိုက်ရသည်။

သူ့နှလုံးခုန်နှုန်းသည် ပြင်းထန်လာပြီး သူပြောပြရန်အလွန်ကြိုးစားအားထုတ်ခဲ့ရသော စကားလုံးများသည် သူမ၏နူးနူးညံ့ညံ့ထိတွေ့မှုကြောင့် ရုတ်တရက်ပျောက်ဆုံးကုန်တော့၏။သူမသည် ကြမ်းကြမ်းတမ်းတမ်းမပြောခဲ့သလို သူ့အားတွန်းထုတ်ခြင်းလည်းမလုပ်ခဲ့ပေ။ထိုအစား သူမသည်သူတစ်ခါမှမသိနားမလည်ခဲ့ဖူးသည့်အရာဖြစ်သော နားလည်ပေးမှုနှင့်နူးညံ့မှုတို့ကိုပေးခဲ့လေသည်။

"ရှင်တစ်ယောက်တည်း မဟုတ်ပါဘူး"

စူးယွင်မှာ တိုးတိုးလေးပြောလိုက်သည်။သူမ၏အသံသည် တည်ငြိမ်ပြီးနူးညံ့နေသော်လည်း ငြင်းပယ်မရသည့်ခွန်အားကိုသယ်ဆောင်ထားလေ၏။

"ကျွန်မလဲဒီမှာ ရှိပါတယ်"

ရိုးရှင်းသောစကားလုံးများသည် သူ့အားပို၍ပင် ပြိုလဲသွားစေပုံရသည်။သူတည်ဆောက်ခဲ့သော နံရံများနှင့်ခုခံကာကွယ်မှုများအားလုံးသည် ဖော်ပြခံရခြင်းနှင့်လက်ခံလိုက်ရခြင်း၏လွှမ်းမိုးနေခဲ့သော ခံစားချက်များနှင့်နှိုင်းယှဉ်ပါက အလွန်အရေးမပါတော့ပုံရလေ၏။

သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် နဉ်ကျင်းသည်တစ်ယောက်တည်း ရုန်းကန်နေရသည်ဟု မခံစားရတော့ပေ။ထို့အတူ အချိန်အတော်ကြာပြီးနောက်မှပထမဆုံးအကြိမ်အဖြစ် သူသည်အချစ်နှင့်မထိုက်တန်ဟုလည်းမခံစားရတော့ချေ။

နဉ်ကျင်းသည် စူးယွင်အားစိုက်ကြည့်ရင်း သူ၏နှလုံးခုန်နှုန်းတို့မှာ လွဲမှားသွားတော့သည်။သူ၏စိတ်သည် သူမစကားများကို ဆက်လက်ကြိုးစား၍နားလည်အောင် ကြိုးစားနေရဆဲပင်။သူနားကြားမှားခဲ့သည်များလားဟုပင် ခံစားနေရ၏။

"ကျွန်မကို လက်ထပ်ပါ"

သူ၏အသံသည် မယုံကြည်နိုင်ခြင်းနှင့်အံ့ဩခြင်းတို့ ရောနှောသွား၏။

စူးယွင်၏အပြုံးသည် နူးညံ့သော်လည်း ဆုံးဖြတ်ချက်ခိုင်မာမှုဖြင့် ပြည့်နေသည်။သူမသည် သူ့မျက်နှာအားအသာအုပ်ကိုင်ကာ သူအားသူမအနားဆွဲခေါ်လိုက်ပြီး သူ့နှုတ်ခမ်းများထံ ဖိကပ်လိုက်၏။အနမ်းမှာ နူးညံ့သော်ငြား အနမ်း၏နောက်ကွယ်မှ အဓိပ္ပာယ်သည် ရှင်းလင်းလှသည်။

"ဟုတ်တယ်"

သူမမှာ တိုးတိုးလေးပြောလိုက်ပြီး သူမ၏ မျက်လုံးများကို သူ့မျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်သည်။

"ကျွန်မကို လက်ထပ်ပါ နဉ်ကျင်း။လက်ထပ်ချင်ရဲ့လား"

ခဏတာမျှ အချိန်နှေးကွေးသွားသလိုခံစားလိုက်ရပြီး နဉ်ကျင်းသည်သူ့စိတ်ထဲ၌ ခံစားချက်များမှာ လေပြင်းတိုက်ခတ်လာသလိုဝင်ရောက်လာသည်ဟု ခံစားလိုက်ရသည်။ကြောက်ရွံ့မှု၊စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ....တစ်ချိန်မှပိတ်ဆို့ထားပြီးကာကွယ်ထားသည့် သူ၏နှလုံးသားသည် ယခုအခါတွင်တော့ ရင်ဘတ်တွင်းပြင်းပြင်းထန်ထန်ခုန်ပေါက်နေပြီး သူမစကားလုံးများ၏ အလေးချိန်သည်သူ့အားဆို့နင့်သွားစေသည်။

သူသည်ဤအခိုက်အတန့်အား တစ်ခါမှစိတ်ကူးမယဉ်ခဲ့ဖူးသလို ထိုအရာနှင့်ထိုက်တန်လိမ့်မည်ဟုလည်း တစ်ခါမှမတွေးခဲ့ဖူးပေ။သို့သော် သူမှသူမမျက်လုံးများထံကြည့်လိုက်ချိန်တွင်တော့ မရေရာမှုတို့မှာမှေးမှိန်သွားပြီး ပိုမိုအားကောင်းသည့်အရာတစ်ခုဖြင့် အစားထိုးခံလိုက်ရတော့သည်။

"ကောင်းပြီ"

နောက်ဆုံးတွင် သူ၏အသံမှာ တည်ငြိမ်နေပြီး အသစ်တွေ့ရှိလာသည့်သေချာမှုတို့ဖြင့် ပြည့်နှက်နေ၏။

"ကောင်းပါပြီ စူးယွင် ကိုယ်မင်းကိုလက်ထပ်ပါ့မယ်"

All Chapters