အခန်း (၁၁၈+၁၁၉)
Vol. 12 Ch. 118+119
Ch-118+119
နဉ်ကျင်းသည် တံခါးဝတွင်ထိုင်ရင်း အချိန်အတော်ကြာသည်ထိ သတိပြန်မဝင်နိုင်ဖြစ်နေရသည်။
သူ့စိတ်ထဲတွင် စူးယွင်မှသူ့ကိုမုန်းလိမ့်မည် သူ့ဆီမှတစ်ဖန်ပြန်ပြီး ခပ်ဝေးဝေးထွက်ခွာသွားလိမ့်မည်ဟု ထင်ထားခဲ့ခြင်းပင်။
သို့သော်.....
နဉ်ကျင်းသည် မျက်လုံးပင့်ကာ အိပ်ရာထက်ရှိပုံရိပ်လေးထံ စိုက်ကြည့်လိုက်ပြီး တစ်ဖန်သူ့နားထဲတွင် အသံတစ်သံမှ ပဲ့တင်ထပ်လာပြန်သည်။
*နဉ်ကျင်း တစ်ကယ်တမ်းကျဒီကိစ္စတွေအားလုံးကို ကျွန်မသိနေတာကြာပါပြီ။ရှင့်ဆီကနေ ကိုယ်တိုင်ပြောတာကိုပဲ ကြားချင်ခဲ့တာ*
အရာအားလုံး၌ ရည်ရွယ်ချက်ရှိနေခဲ့သည်။စူးယွင်သည် မတုံးအသလို တစ်ကယ်တော့သူ့အပေါ် အလွန်နားလည်ပေးနိုင်သူသာဖြစ်သည်။
သူမသည်သူ့အားအပြစ်မတင်ခဲ့သော်လည်း တစ်ကယ်တော့......
နဉ်ကျင်းအားသူမသည် အချိန်အတော်ကြာအောင် ငြင်းဆန်ခဲ့ပြီး သူတို့နှစ်ဦးဖြတ်သန်းခဲ့ရသည့်အချိန်များအားလုံးပြီးနောက်တွင်တော့......
စူးယွင်သည် ယုံကြည်မှုလေးတစ်ခုကိုသာ လိုချင်ခဲ့ခြင်းပင်။
စူးယွင်သည် နဉ်ကျင်း၏လက်အားဆွဲကိုင်ကာ သူမ၏လက်ချောင်းများမှာ နဉ်ကျင်း၏လက်ချောင်းများကြားသို့ ဖြည်းဖြည်းချင်းတိုးဝင်ကာ တင်းတင်းဆုပ်ကိုင်လိုက်သည်။
"ကျွန်မတို့ကချစ်သူတွေပဲ။နေ့ဘက်မှာကျ လက်တွဲဖော် ညဘက်မှာကျ နီးနီးစပ်စပ်ရှိကြသူတွေပေါ့။တစ်ယောက်နဲ့တစ်ယောက် အချိန်အကြာကြီး အနားမှာရှိပေးမယ့်သူတွေလို့လည်း ပြောလို့ရတယ်"
"ကျွန်မရဲ့ဘဝတစ်ဝက်(လက်တွဲဖော်)က ဘယ်တော့မှ ဘာကိုမှကျွန်မဆီကနေဖုံးကွယ်ထားမှာမဟုတ်ဘူးလို့မျှော်လင့်မိပါတယ်"
နဉ်ကျင်း၏မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု အလျင်အမြန်ဖြတ်ပြေးသွားပြီး စကားပြောရန်ပါးစပ်ဖွင့်လိုက်သည်။
"ဒါပေမယ့် ကိုယ်က......"
စူးယွင်သည်သူမ၏ဘယ်ဘက်လက်ညှိုးကို နဉ်ကျင်း၏ နှုတ်ခမ်းများထက်တင်လိုက်ကာ စကားပြောခြင်းအားတားမြစ်လိုက်သည်။
"ဒီလောကမှာ အရာရာတိုင်းကပြည့်စုံနေတာ မဟုတ်ပါဘူး။လူအများစုက ကိုယ်ရည်ကိုယ်သွေး၊ရုပ်ရည် ဒါမှမဟုတ် သူတို့ရဲ့ နှလုံးသားထဲမှာတောင် အမှောင်ဘက်ခြမ်း ရှိတတ်ကြပါတယ်"
"ရှင်ကမကောင်းတဲ့သူ မဟုတ်ပါဘူး။ရှင့်ကို မှားယွင်းစေခဲ့တဲ့သူတွေကသာ ပြဿနာပါ"
"သူတို့ကရှင့်ကို မသင်ပြပေးခဲ့ကြသလို ချစ်ခင်မှုလည်းမပေးခဲ့ကြဘူး။ဒါကြောင့်သာ ရှင်ကထိခိုက်လွယ်သူဖြစ်သွားရတာပါ"
နဉ်ကျင်း၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ပါးစပ်အားဟလိုက်မိသော်လည်း စကားလုံးများမှာတော့ ထွက်မလာခဲ့ပေ။
စူးယွင်သည် အသာပြုံးလိုက်ပြီး ရှေ့သို့ငုံ့ကိုင်းလိုက်သည်။
"အားကျင်း အခုကစပြီး ကျွန်မကရှင့်ကို သေသေချာချာလေးချစ်ပေးပါ့မယ်"
သူမ၏စကားဆုံးသွားချိန်တွင် သူမလက်ချောင်းတစ်ခုစာသာခြား၍ နူးနူးညံ့ညံ့အထိအတွေ့လေးတစ်ခုမှာ နဉ်ကျင်း၏အေးစက်စက်နှုတ်ခမ်းများအား ပွတ်သပ်သွားလေသည်။
နဉ်ကျင်းမှ သူ့နှုတ်ခမ်းအားကိုင်ကြည့်လိုက်ရာ ကျန်ရှိနေသေးသောနွေးထွေးမှုကို ခံစားမိနေသေးသလိုပင်။
လမင်းမှာတောက်ပနေပြီး နေမင်းမှာတော့ထက်ကောင်းကင်ယံဝယ် မြင့်မားစွာရှိနေသည်။
နဉ်ကျင်းသည် တစ်ညတာလုံးတံခါးဝမှာပင်ထိုင်နေခဲ့၏။
စူးယွင်သည် မျက်လုံးများအားပွတ်သပ်ကာ သူမဘေးနားမှနေရာ၏အေးစက်မှုကို ခံစားလိုက်ရသည်။အိပ်ရာထက်မှထထိုင်လိုက်သည့်အခါ နဉ်ကျင်းအားတံခါးဝတွင် ထိုင်နေသည်ကို ချက်ချင်းတွေ့လိုက်ရပြီး သူသည်အတွေးနယ်ချဲ့နေပုံရ၏။
သူမသည်အဝတ်အစားများဝတ်ဆင်ကာ နဉ်ကျင်းဆီလျှောက်သွားပြီး နဉ်ကျင်း၏မျက်လုံးများရဲနေသည်ကို သတိထားမိလိုက်ရာ စိုးရိမ်ပူပန်မှုအပြည့်ဖြင့် မေးလိုက်သည်။
"တစ်ညလုံး မအိပ်ပဲနေ,နေတာလား"
မနေ့ည၌ သူတို့စကားပြောပြီးနောက် စူးယွင်သည် ရေချိုးပြီးအနားယူရန်လုပ်လိုက်သည်။
သူမသည်နဉ်ကျင်းကိုပါ အတူအိပ်ရန်ပြောခဲ့သော်လည်း နဉ်ကျင်းမှာမပင်ပန်းသေးကြောင်းနှင့်နောက်မှသာအိပ်မည်ဟု ပြောခဲ့၏။စူးယွင်လည်း သိပ်အလေးမထားဘဲ အရင်အိပ်ပျော်သွားခဲ့သည်။
"အင်း"
သူ့အသံမှာ အက်ရှနေသည်။
စူးယွင်သည် ကူကယ်ရာမဲ့ဟန်ဖြင့် အသာရယ်မောလိုက်ပြီး နဉ်ကျင်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်၏။
"ဒါကိုသောက်လိုက်ဦး။လည်ချောင်းက နေသာထိုင်သာရှိသွားလိမ့်မယ်"
တစ်ညလုံးမအိပ်ရသေးသလို စကားမပြောရသေး၍လည်း သူ့အသံမှာအက်ရှနေခဲ့သည်။
နဉ်ကျင်း၏အကြည့်များမှာ အနည်းငယ်တွေဝေနေပြီး ခွက်အားလက်နှစ်ဖက်ဖြင့်ကိုင်ကာ တစ်ငုံချင်းစီသောက်လိုက်၏။
စူးယွင်သည် နဉ်ကျင်းဆီမှခွက်အလွတ်ကိုယူလိုက်ပြီး နဉ်ကျင်းခေါင်းအားအသာပုတ်လိုက်ကာ ချော့ပြောလိုက်သည်။
"အိပ်ရာပေါ်သွားပြီးခဏလောက်အနားယူလိုက်ပါဦး"
နဉ်ကျင်းသည် သူမ၏လက်အားပြန်ဆွဲကိုင်လိုက်သည်။သူ့မျက်လုံးများမှာ လစ်ဟာနေဆဲဖြစ်သော်လည်း ဖြည်းဖြည်းချင်းသတိပြန်ဝင်လာ၏။
"ကိုယ်...... ကိုယ်မနားချင်ဘူး"
သူကြောက်နေခဲ့သည်။အရမ်းကို ကြောက်နေခဲ့၏။
နဉ်ကျင်းမှာသူနိုးလာသည်နှင့် ဤအရာများအားလုံးသည် အိပ်မက်တစ်ခုလို ဖြစ်နေမည်အားသူကြောက်နေခဲ့သည်။
စူးယွင်သည် သူမ၏လက်ကိုအသာပြန်ဆွဲကာ နဉ်ကျင်းအားပွေ့ဖက်လိုက်၏။သူမသည် ကလေးငယ်တစ်ဦးအားချော့သိပ်သလို နဉ်ကျင်း၏ကျောကို အသာပုတ်ပေးလိုက်သည်။
"ရှင်ကအနားမယူဘဲ ခန္ဓာကိုယ်ထိခိုက်သွားရင် ကျွန်မပဲရင်နာရလိမ့်မယ်"
"ကျွန်မကဒီမှာထိုင်ပြီးငိုနေမယ်ဆိုရင်ရော ရှင်ကပျော်နေမှာလား"
နဉ်ကျင်းသည် ခေါင်းယမ်းလိုက်၏။
"မပျော်ပါဘူး ယွင်အာကိုမငိုစေချင်ဘူး"
"ဒါဆို ကျွန်မတို့အိပ်ကြမလား"
နဉ်ကျင်းသည် သုံးစက္ကန့်ကြာတုံ့ဆိုင်းပြီးမှ ခေါင်းငြိမ့်လိုက်သည်။
သူသည်လှပသောအိပ်မက်ထက် စူးယွင်၏မျက်ရည်များကို ပိုကြောက်ပါ၏။
စူးယွင်သည် နဉ်ကျင်းအပေါ်စောင်ခြုံပေးလိုက်သည်။
"ကဲ.......မျက်လုံးမှိတ်ပြီးအိပ်တော့"
နဉ်ကျင်းသည် ချက်ချင်းဆိုသလိုမျက်လုံးများအားမှိတ်လိုက်သော်လည်း စူးယွင်၏လက်ကိုတော့ တင်းတင်းဆုပ်ကိုင်ထားဆဲပင်။
စူးယွင်သည် အသာရယ်လိုက်ပြီး သူမ၏လွတ်နေသောလက်ဖြင့် စောင်ကိုထပ်ကာတလဲလဲပုတ်ပေး၍ သူမ၏အဘွားဖြစ်သူမှ ကလေးဘဝတွင်သီဆိုပေးဖူးခဲ့သည့်အိပ်ရာဝင်သီချင်းကို တိုးတိုးလေးညည်းလိုက်သည်။
မိန်းမငယ်လေး၏အသံသည် ဆောင်းဦးလေညှင်းကဲ့သို့ နူးညံ့သိမ်မွေ့ပြီး သူ့နှလုံးသားကို ငြင်သာစွာပွတ်တိုက်သွားလေ၏။နူးညံ့သိမ်မွေ့ပြီး လှပလွန်းလှရာသူ့စိတ်ထဲမှစိုးရိမ်ပူပန်မှုအားလုံးအား ဖယ်ရှားပစ်လိုက်နိုင်သည်။
ခဏအကြာတွင်အိပ်ရာထက်မှ အသက်ရှူသံမှန်မှန်အား ကြားလိုက်ရ၏။
စူးယွင်သည် ခဏတာစောင့်ကြည့်ပြီး နဉ်ကျင်းအိပ်ပျော်သွားပြီဟုသေချာပါမှ အခန်းထဲမှနေ တိတ်တိတ်လေးထွက်လာလိုက်သည်။
"စူးယွင် ရောက်လာပြီ"
ရှောက်ချီသည် လိမ္မော်သီးစိတ်ကိုစားနေရင်း ခေါင်းစောင်းကာ စူးယွင်၏ကျောဘက်ဆီချောင်းကြည့်လိုက်၏။
စူးယွင်သည် ရှောက်ချီ၏ခေါင်းအားအသာတွန်းကာ
"ဘာကို ကြည့်နေတာလဲ"
"ယောက်ျားလေးတစ်ယောက်ကိုပေါ့"
ရှောက်ချီသည် လိမ္မော်သီးတစ်စိတ်ကိုဖဲ့လိုက်ပြီး စူးယွင်၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
"သူမနေ့က နင့်အခန်းထဲဝင်သွားတာကို ငါရှင်းရှင်းလင်းလင်းကြီးမြင်လိုက်တယ်နော်။သူကဘာလို့ ပြန်မထွက်လာသေးတာလဲ"
မကြာသေးမီမှစ၍ နဉ်ကျင်းသည်စူးယွင်နောက်ကိုနေရာတိုင်း လိုက်နေသည့်အရိပ်လေးတစ်ခုလို ဖြစ်နေခဲ့သည်။နဉ်ကျင်းသည်စကားမပြောဘဲ စူးယွင်၏ဘေးတွင် တိတ်တဆိတ်သာရှိနေခဲ့၏။
စူးယွင်သည် လိမ္မော်သီးစိတ်ကိုမျိုချလိုက်ပြီးပြောလိုက်သည်။
"သူကနည်းနည်းပင်ပန်းနေလို့ မနိုးသေးတာ"
"ဘာလို့လဲ"
ရှောက်ချီသည် မျက်ခုံးပင့်လိုက်ပြီး သူမ၏ မျက်နှာတစ်ခုလုံးတွင် စိတ်ပျက်အားငယ်သည့် အသွင်ကိုပြသလာသည်။
"သခင်လေးနဉ်က သန်စွမ်းကြံ့ခိုင်တဲ့ပုံပါပဲ။ဒီလောက်ထိ နူးညံ့ထိခိုက်လွယ်သူမဖြစ်သင့်ပါဘူး"
"နင်ကဘာတွေလျှောက်စဉ်းစားနေတာလဲ"
စူးယွင်သည် ရှောက်ချီ၏ခေါင်းကို ခေါက်လိုက်ပြီး တည်တင်းသောမျက်နှာထားဖြင့် စိတ်မပူစေရန်ပြောလိုက်သည်။
"သူကဘာမှမဖြစ်ပါဘူး"
သူတို့အတူရှိချိန်တိုင်း ကောင်းကင်ကြီးမှာ အမြဲတစေမှောင်မိုက်သလိုဖြစ်နေခဲ့ပြီး ဘယ်တော့မှအလင်းရောင်ဆီ မရောက်နိုင်ခဲ့ပေ။
သို့သော် သူမအတွက်တော့ စူးယွင်သည် အော်ရလွန်း၍ လည်ချောင်းနာကာမေ့လဲသွားတော့မည်ဟု ခံစားနေရသည်။
"ဪ"
ရှောက်ချီသည် ခေါင်းငြိမ့်လိုက်သော်လည်း သူမ၏အမူအရာအရ သံသယရှိနေဆဲပင်။စူးယွင်သည် ထိုကဲ့သို့သောကိစ္စများကို အခြားသူများနှင့်မျှဝေခြင်း အလေ့အကျင့်မရှိသောကြောင့် စကားလမ်းကြောင်းပြောင်းရန် အခြားအကြောင်းအရာတစ်ခုကို မေးလိုက်သည်။
"ပြင်ဆင်မှုတွေ အားလုံးပြီးပြီလား။ဘာမှ မေ့ကျန်ခဲ့တာ မရှိပါဘူးနော်"
ထိုစကားကိုကြားသော် ရှောက်ချီသည်သတိပိုကပ်လာသည်။
"စိတ်မပူပါနဲ့။အခုပဲ အကုန်လုံးကိုစစ်ဆေးပြီးပြီ"
"အင်း"
စူးယွင်သည် တံခါးကိုဖွင့်ပြီး တစ်ခါထပ်စစ်ဆေးလိုက်သည်။
သူမသည် သူတို့ကိုမယုံကြည်ခြင်းမဟုတ်သော်လည်း ဤပွဲသည်အလွန်အရေးကြီးသောကြောင့် ကိုယ်တိုင်သာမစစ်ဆေးရသေးပါက စိတ်မချဖြစ်နေမည်ပင်။
သူမသည်အဝတ်အစားများကို စစ်ဆေးကြည့်ရာဝတ်စုံတိုင်း စနစ်တကျရှိနေသည်ကို တွေ့ရသောအခါ နန်းတော်အတွက် ကတ်ပြားကိုယူရန် လှည့်ထွက်သွားပြီး ပွဲကျင်းပမည့်နေရာကို သွားရောက်စစ်ဆေးလိုက်သည်။
အဝတ်အထည်နှင့် အစားအသောက်ဌာနများ ပူးပေါင်းကာမွေးနေ့ပွဲကိုကျင်းပရသည်ကပင် ခက်ခဲနေချိန်တွင် ရုန်စာသည်စူးယွင်အား အလုပ်ကိစ္စများကူညီပေးရန် တောင်းဆိုခဲ့သေး၏။
သူမသည် အနည်းငယ်စိုးရိမ်ပူပန်နေသောကြောင့် လာရောက်ကြည့်ရှုခြင်း ဖြစ်သည်။
အရာအားလုံးကို သေသေချာချာစစ်ဆေးပြီးနောက် နှစ်နာရီကြာသွားခဲ့၏။စူးယွင်သည် သူတို့နှင့်အတူအသေးစိတ် အချက်အလက်အချို့ကို ဆွေးနွေးပြီးနောက် မီးဖိုချောင်သို့သွားကာ အစားအစာအချို့ ထုပ်ပိုးပြီးသူမ၏ အခန်းသို့ပြန်လာခဲ့သည်။
တံခါးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် နဉ်ကျင်းသည် အားပြင်းပြင်းဖြင့်ဆွဲကာ သူမအား အခန်းအတွင်းသို့ဆွဲခေါ်လိုက်၏။
နဉ်ကျင်းသည် လျင်လျင်မြန်မြန်ကိုယ်အားလှည့်လိုက်ကာ စူးယွင်ကိုနံရံနှင့်ဖိထားလိုက်ပြီး သူ့ခြေထောက်ဖြင့်သူတို့နောက်ရှိ တံခါးကို ပိတ်လိုက်သည်။
"ဘယ်သွားနေတာလဲ"
နဉ်ကျင်းမှ မေးလာ၏။
သူ့နှုတ်ခမ်းများမှာ အနည်းငယ်တုန်ယင်နေသော်လည်း သိပ်တော့မသိသာလှပေ။
"ကျွန်မအပြင်ဘက်ကကိစ္စတွေကိုသွားစစ်ဆေးပြီး အစားအသောက်တွေယူလာတာ"
သူမသည် လက်ထဲမှအစားအစာဘူးကို လှုပ်ယမ်းပြကာ ပြုံးလိုက်သည်။
"ရှင့်အကြိုက်တွေချည်းပဲ"
နဉ်ကျင်းသည် အသာမျက်လွှာချလိုက်ပြီး နှုတ်ခမ်းများကိုစေ့ကာ တိုးလျစွာပြောလာ၏။
"မင်းနောင်တရသွားပြီလို့ ထင်ခဲ့တာ"
"ဟမ် ဘာကိုနောင်တရ,ရမှာလဲ"
စူးယွင်သည် သူ၏ဘယ်ဘက်ရင်အုပ်အား လက်ညှိုးဖြင့်ထိုးလိုက်ကာ
"ရှင့်ကို လက်ထပ်ရမှာကိုလား"
နဉ်ကျင်းသည်နှုတ်ခမ်းစူလိုက်ပြီး သူမ၏လည်တိုင်ထက်တွင် မျက်နှာအားဖွက်လိုက်ရာ နှာသံဖြင့်ပြောလာ၏။
"အင်း"
"ရှင်ကတော့လေ အဓိပ္ပာယ်မရှိတာတွေကို အမြဲလျှောက်တွေးနေတော့တာပဲ။ဘယ်လောက်တောင်ကလေးဆန်လိုက်လဲ"
စူးယွင်သည်လက်ချောင်းများကို ကွေးလိုက်ပြီး နဉ်ကျင်းခေါင်းကို ခပ်ပြင်းပြင်းခေါက်လိုက်သည်။
"တစ်ခါပြောပြီးရင် ဖိတ်သွားတဲ့ရေလိုပဲ ပြန်သိမ်းလို့မရတော့ဘူး။အဲဒါကို မှတ်ထားနော်"
နဉ်ကျင်းသည်ပြန်မဖြေဘဲ ခေါင်းကိုမော့ကာ အရူးလေးတစ်ယောက်လို ပြုံးရယ်နေပြီး သူမအားကြည့်လာသည်။
စူးယွင်သည်သက်ပြင်းချလိုက်ပြီး သူ့ဦးနှောက်ကို စစ်ဆေးသင့်ပြီဟုခံစားလိုက်ရ၏။
"လာ ထမင်းစားကြစို့"
စူးယွင်သည် နဉ်ကျင်းလက်အားဆွဲကာ တံခါးနားမှ ခေါ်လာလိုက်၏။
သူတို့စားပြီးနောက် အခန်းထဲတွင်ခဏတာ အနားယူလိုက်ကြပြီး အဝတ်အစားလဲကာ အပြင်ထွက်ရန်ပြင်ဆင်လိုက်ကြသည်။
နဉ်ကျင်းသည်ခုံပေါ်ထိုင်နေပြီး စူးယွင်မှသူ့အားခေါ်လာသည်ကိုကြားလိုက်ရ၏။
"ဒီကို လာပြီးထိုင်ပါဦး"
စူးယွင်သည် မှန်ရှေ့ရှိခုံအား လက်ညှိုးထိုးပြလိုက်သည်။
နဉ်ကျင်းသည် နားမလည်သော်လည်း ဘာမှ မပြောဘဲ ရှေ့သို့လျှောက်လာလိုက်၏။စူးယွင်သည် ကူကယ်ရာမဲ့ဟန်ဖြင့်သက်ပြင်းချကာ ပြောလိုက်သည်။
"ရှင်ကတော့လေ......ရှင့်ရဲ့ဆံပင်တွေ ရှုပ်ပွနေတာတောင် သတိမထားမိဘူးလား"
စူးယွင်သည် နဉ်ကျင်း၏အပြာနုရောင် ဆံထိုးကိုဖယ်လိုက်ပြီး စားပွဲထက်တင်လိုက်သည်။ထို့နောက် ဘီးကိုယူ၍နဉ်ကျင်း၏ ရှည်လျားနက်မှောင်သော ဆံပင်များကို ငြင်ငြင်သာသာလေးဖြီးလိုက်၏။
မှန်မှအလင်းရောင်ဖျော့ဖျော့သည် သူမ၏ မျက်နှာတစ်ဝက်အား လင်းသွားစေသည်။သူမ၏မိတ်ကပ်မှာ ပါးပါးလေးဖြင့်လှနေ၏။သူမ၏အကြည့်မှာ နူးညံ့သော်လည်း အပြည့်အဝအာရုံစိုက်နေသည်။သူမသည် နဉ်ကျင်း၏ ရှည်လျားနက်မှောင်သော ဆံပင်များကို ဂရုတစိုက်ဖြီးသင်ပေးနေ၏။
ထိုအချိန်တွင် နဉ်ကျင်းမှာမှန်ထဲပြုံးကြည့်နေလေသည်။သူ့မျက်လုံးများထဲတွင်တော့ ချစ်ခြင်းမေတ္တာနှင့်ပျော်ရွှင်မှုတို့အပြည့်ရှိနေပြီး သူ့ရှေ့မှအမျိုးသမီးထံကြည့်နေသည်မှာ သူမအားဆောင်းဦး၏ငြိမ်သက်သော ရေထဲသို့ မည်သည့်အချိန်မဆိုဆွဲခေါ်သွားနိုင်မည့်အလားပင်။
စူးယွင်သည်ဆံထိုးကို ဆံထုံးထဲပြန်ထည့်ပေးကာ သူ၏ခေါင်းတွင်မြဲမြဲတွယ်ပေးလိုက်သည်။
"ပြီးပြီ"
သူမမှ ပြောလိုက်သည်။သူမလက်များကို နဉ်ကျင်း၏ပုခုံးများထက်တင်၍ ခေါင်းငုံ့ကာ သပ်သပ်ရပ်ရပ်စည်းနှောင်ထားသော ဆံနွယ်တို့၏ပုံရိပ်ကို ကြည့်လိုက်၏။
"ကြည့်ကောင်းလား"
"ပြည့်စုံတယ်"
နဉ်ကျင်းမှ အဖြေပြန်ပေးလိုက်သည်။သူ့မျက်ခုံးများမှာ နှစ်သက်သဘောကျမှုတို့ဖြင့် ပင့်တက်နေပြီး သူ့မျက်လုံးများတွင်လည်း နက်နဲသောချစ်ခင်တွယ်တာမှုနှင့်တောင့်တမှုတို့ဖြင့် ပြည့်နှက်နေ၏။
"ဒါကကိုယ့်ဘဝရဲ့အကောင်းဆုံးဆံပင်ပုံစံပဲ"
"ဒါဆို အခုကစပြီး ကျွန်မကနေ့တိုင်းရှင့်ဆံပင်ကို စည်းပေးမယ်"
"ကောင်းပြီ"
ခွန်နင်း နန်းဆောင်
သစ်သားတိုင်နှစ်တိုင်တစ်လျှောက်ရှိ ဖယောင်းတိုင်နီနီများမှာ အလျှံငြီးငြီးလောင်ကျွမ်းနေပြီး ခမ်းနားထည်ဝါသော နန်းဆောင်ကို လင်းထိန်နေစေသည်။စူးယွင်သည်အဖွဲ့အစည်း၏ စံသတ်မှတ်ထားသော အခမ်းအနားဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ညာဘက်လက်တွင် ဖဲကြိုးတစ်ခု ချည်နှောင်ထား၏။စူးယွင်သည် ရုန်စာ၏နောက်မှလိုက်ပါကာ နန်းတော်၏ အတွင်းခန်းသို့ ဝင်ရောက်လာသည်။ရုန်စာသည် အနီရောင်အဝတ်စဖြင့်ဖုံးအုပ်ထားသော အဝတ်အစားချိတ်စင်ကိုတွန်းကာ ရပ်လိုက်ပြီး စူးယွင်နှင့်အခြားသူများကို မိဖုရားခေါင်တစ်ပါး၏အဝါရောင်ဝတ်စုံမျိုးဝတ်ဆင်ထားသော အမျိုးသမီးထိုင်နေသည့်ပလ္လင်ဆီ ဦးဆောင်ခေါ်သွားလေ၏။
"ကျွန်တော်မျိုးမတို့ မိဖုရားကြီးကိုဂါရဝပြုပါတယ်။မိဖုရားကြီး သက်တော်ရာကျော် ရှည်ပါစေ"
"အင်း"
မိဖုရားကြီး၏အကြည့်မှာ သူတို့အပေါ်ကျရောက်လာပြီး သူမသည်လက်အားဝှေ့ယမ်းလိုက်သည်။
"ဒီလောက်ထိအခမ်းအနားလုပ်ထုံးတွေ လုပ်နေစရာမလိုပါဘူး။ငါ့ကို လာပြီးအဝတ်လဲပေးပါဦး"
"ဟုတ်ကဲ့ပါ"
ရုန်စာသည် သူမ၏အကြည့်ကို အောက်ချကာ မိဖုရားကြီး၏နောက်မှ ခြေလှမ်းတစ်ဝက်စာဆုတ်ကာလျှောက်ပြီး အတွင်းခန်းသို့ ဝင်ရောက်သွားသည်။
အတွင်းခန်းသို့ရောက်သောအခါ ရုန်စာသည် အနီရောင်အဝတ်စအားဖယ်ရှားလိုက်ပြီး လူတိုင်း၏မျက်စိကို ဖမ်းစားနိုင်သော ချုံဆမ်းဝတ်စုံကိုဖော်ပြလိုက်၏။
နူးညံ့သောပန်းရောင်ပိုးထည်ကို ပန်းထိုးချက်၁၀၈ချက်ဖြင့် ချုပ်လုပ်ထားပြီး မိုးကောင်းကင်ထက်ပျံဝဲနေသော အနီနှင့်အဝါရောင်ဖီးနစ်ငှက်ကို ပုံဖော်ထားသည်။ဖီးနစ်၏အတောင်ပံပေါ်ရှိအမွှေးများကို အရည်အသွေးမြင့်ဒေါင်းမွေးများဖြင့် ပြုလုပ်ထားပြီး အနီရောင်ဆိုးထားကာဖီးနစ်၏အမွေးအတောင်များနှင့် ဆင်တူနေစေသည်။ထိုအမွေးများကို 寿 (အသက်ရှည်ခြင်း)စာလုံးအသွင် ပုံဖော်ထားကာ အဖြူရောင်တိမ်တိုက်များကြားရှိ အဝါရောင် ချည်မျှင်များဖြင့်ရောယှက်ထားလေ၏။အနီရောင်နှင့်အဖြူရောင်တို့သည် တစ်ခုနှင့်တစ်ခု ဆန်းကြယ်ဟန်ဖြင့်ရောနှောနေပြီး အလွန်လှပသောသဘာဝလွန်အကျိုးသက်ရောက်မှုကို ဖန်တီးနေလေသည်။ကြီးကျယ်ခမ်းနားသောဖီးနစ်ငှက်၏ အတောင်ပံများမှာ မာန်မာနကြီးခြင်းနှင့် ရည်မှန်းချက်ကြီးခြင်းကို ကိုယ်စားပြုလေ၏။
မိဖုရားကြီး၏မျက်လုံးများမှာ တောက်ပလာပြီး သူမသည်*ဒေါင်းမွေးများ*ကို အသာထိတွေ့ရန် လက်အားဆန့်ထုတ်လိုက်သည်။
အမွေးနုများမှာ နူးညံ့သော်လည်း အနည်းငယ်ထက်မြက်မှုကို ထိန်းထား၏။
"ဌာနအကြီးအကဲရုန် ဒီဝတ်စုံကိုဌာနအကြီးအကဲရုန်ကိုယ်တိုင် ချုပ်ထားတာလား"
မိဖုရားကြီးမှမေးလိုက်သည်။
ရုန်စာသည် လှလှပပလေးဦးညွှတ်လိုက်၏။
"အရှင်မကို လျှောက်တင်ရမယ်ဆိုရင် ဒီဝတ်စုံကိုကျွန်မတို့အဖွဲ့အစည်းရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စူးယွင်ကဒီဇိုင်းထုတ်ထားတာပါ"
ဘုရင်မသည် အသာအယာမျက်မှောင်ကြုံ့လိုက်၏။
စူးယွင်......
သူမ၏အမည်မှာ အတန်ငယ်ရင်းနှီးနေပုံရသည်။
"ရှေ့ထွက်ခစားလှည့်ပါ"
စူးယွင်သည် ချက်ချင်းပင်မိဖုရားကြီးထံလျှောက်လာပြီး ဒူးထောက်ကာ ရိုရိုသေသေဂါရဝပြုလိုက်သည်။
"ကျွန်တော်မျိုးမ စူးယွင်ကအရှင်မကို ဂါရဝပြုပါတယ်"
"ထပါ"
"အရှင်မကို ကျေးဇူးတင်ပါတယ်"
"မင်းကမြို့ထဲမှာ အုတ်အော်သောင်းနင်းဖြစ်စေခဲ့တဲ့ ပန်းထိုးပညာရှင်အမျိုးသမီးပဲ"
စူးယွင် : "......."
ကျွန်မ ဘာလုပ်မိလို့လဲ။
သို့သော်လည်း သူမမှပြန်ဖြေလိုက်သည်။
"ကျွန်မရဲ့သေးငယ်တဲ့နာမည်လေးက အရှင်မနားထဲထိရောက်လာအောင် လုပ်မိတာ ကျွန်မရဲ့အမှားပါ"
"ဟမ့်"
မိဖုရားကြီးသည် သူမ၏ဝတ်စုံကို ဖွဖွလေးထိတွေ့ကာ ပန်းထိုးထားသောဝတ်စုံ၏ အလျားလိုက်အမြှောင်းကို သူမ၏ လက်ချောင်းများဖြင့် ပွတ်သပ်လိုက်သည်။
"ဒီလိုညစ်ညမ်းတဲ့ဝတ်စုံမျိုးကို ပန်ကုန်းရှေ့ ဘယ်လိုလုပ်ပြီးယူလာရဲတာလဲ ရဲတင်းလှချည်လား"
လူအုပ်ကြီးသည်တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ပြီး အော်ဟစ်လိုက်သည်။
"အရှင်မ ကျွန်တော်မျိုးမတို့ကိုသနားကြင်နာတော်မူပါ"
ရုန်စာသည် ဦးညွှတ်လိုက်ပြီး ပြောလာသည်။
"စူးယွင်ကို ဒီကိစ္စကိုင်တွယ်ဖို့ တာဝန်ပေးခဲ့တာ ကျွန်တော်မျိုးမရဲ့အမှားပါ။အပြစ်ပေးစရာရှိရင် ကျွန်တော်မျိုးမကိုသာ အပြစ်ပေးတော်မူပါ အရှင်မရှင့်"
"ဌာနအကြီးအကဲ"
ရုန်စာသည် စူးယွင်ကိုဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။
"ကျွန်တော်မျိုးမရဲ့ အမှားပါ အရှင်မရှင့်"
ရုန်စာသည် တစ်ဖန်ဦးညွှတ်လိုက်ပြန်သည်။
မိဖုရားကြီးသည် သူမအားမထီမဲ့မြင်ဟန်ဖြင့် ကြည့်လိုက်သည်။
"ပန်ကုန်းက မင်းရဲ့ထင်မြင်ချက်ကို မမေးဘူး"
ရုန်စာ : "ကျွန်မ......"
"အရှင်မကို လျှောက်တင်ခွင့်ပြုပါ"
စူးယွင်သည် သူမ၏ခေါင်းကိုမော့ကာ မိဖုရားကြီးထံတိုက်ရိုက် ကြည့်လိုက်သည်။
"အရှင်မရှင့် ချုံဆမ်းကိုမြို့ထဲမှာတားမြစ်ထားဖို့အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပါဘူး။ဒါ့အပြင် မဟာကျိုး မင်းဆက်ရဲ့ဥပဒေတွေအရလည်း ချုံဆမ်းကမသန့်ရှင်းတဲ့အဓိပ္ပာယ်ကို သယ်ဆောင်ထားတယ်လို့ သတ်မှတ်ထားတာမရှိပါဘူး။အရှင်မက ဒီအချက်ကိုအကြောင်းပြချက်အဖြစ်သုံးပြီး ကျွန်မကိုစွပ်စွဲမယ်ဆိုရင်တော့ ကျွန်တော်မျိုးမ လက်မခံနိုင်ပါဘူး"
ရုန်စာသည် စူးယွင်ဘက်လှည့်ကာ ဆူပူလိုက်၏။
" စူးယွင်"
"အရှင်မက အမှန်နဲ့အမှားကိုခွဲခြားသိမြင်နိုင်သူတစ်ဦးဖြစ်မယ်လို့ ကျွန်တော်မျိုးမ ယုံကြည်ပါတယ်"
စူးယွင်သည် တည်တည်ငြိမ်ငြိမ်ဖြင့်ပြန်ဖြေလိုက်၏။
"ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ"
မိဖုရားကြီး၏အနီးကပ်အစေခံမှာ အော်ငေါက်လာ၏။
"အရှင်မရဲ့လုပ်ရပ်တွေကို မယ်မင်းကအတင့်ရဲလို့ မေးခွန်းထုတ်နေတာလား"
"ကျွန်တော်မျိုးမရဲ့အမှားကို ကျွန်တော်မျိုးမသိပါတယ်"
စူးယွင်မှ ပြန်ဖြေလိုက်သည်။
"ဒါပေမယ့်အရှင်မက ဒီအတွက်ကျွန်တော်မျိုးမကို အပြစ်ပေးဖို့ရွေးချယ်မယ်ဆိုရင်တော့ လက်ခံနိုင်မှာမဟုတ်ပါဘူး"
အစေခံမှာ ဒေါသတကြီးဖြင့်ပြောလာသည်။
"နင်ကများ......တစ်ယောက်ယောက်လာပြီး သူ့ကို ခေါ်သွားကြစမ်း"
"ကျေးဇူးပြုပြီး အရှင်မ ကြင်နာသနားတော်မူပါ။သူမကနားလည်ပါတယ်....."
"စူးယွင် မြန်မြန်....."
"ခဏ"
မိဖုရားကြီးသည် သူမ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး စူးယွင်အားစူးစမ်းကြည့်လိုက်သည်။
"မင်းမှာ သတ္တိတော့ရှိသားပဲ ပန်ကုန်းသဘောကျတယ်"
"အားလုံး ထကြပါ"
"အရှင်မရဲ့ သနားကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"
"တကယ်တော့ ဘုရင်မင်းမြတ်ကမတားမြစ်ခဲ့ပါဘူး။ဒါပေမယ့် ပန်ကုန်းကဝတ်ဆင်ချင်မယ်လို့ မင်းကဘာကြောင့်ထင်ရတာလဲ"
နန်းတော်တွင် အဖွဲ့နှစ်ဖွဲ့ကွဲပြားနေပြီး မိဖုရားကြီးသည် အခြားတစ်ဖက်ကို စော်ကားရန်မလိုအပ်ပေ။
"ဘုရင်မင်းမြတ်က ချုံဆမ်းကိုတားမြစ်ဖို့အမိန့်ထုတ်ပြန်ခဲ့ခြင်းမရှိတာက ချုံဆမ်းဟာလက်ခံနိုင်ချေရှိပြီး သင့်တော်တဲ့အခွင့်အရေးကို စောင့်ဆိုင်းနေတယ်ဆိုတာပြသနေပါတယ်"
မိဖုရားကြီးသည် ပြုံးလိုက်ကာ
"မင်းက တော်တော်ထက်မြက်သားပဲ"
"မခံယူဝံ့ပါဘူး။ကျွန်တော်မျိုးမက စိတ်ထဲရှိတာကိုသာပြောလိုက်မိတာပါ"
မိဖုရားကြီးသည် စူးယွင်အားလျစ်လျူရှုပြီး ချုံဆမ်းကို အာရုံစိုက်ကာ မေးလိုက်သည်။
"ဘာလို့ပန်းရောင်ကို အခြေခံအရောင်အဖြစ် သုံးရတာလဲ"
"ပန်းရောင်ကို ကိုယ်လုပ်တော်တွေကပဲ အများအားဖြင့် သုံးတယ်ဆိုတာကိုမင်းသိလား"
"အရှင်မရှင့်"
စူးယွင်သည် ဒူးတစ်ဝက်ထောက်လိုက်ကာ
"အရှင်မကသာ မြင့်မြတ်လှပြီး အသိပညာ ကြွယ်ဝတဲ့ ဂုဏ်သိက္ခာရှိသူဖြစ်ပါတယ်။လောကကြီးထဲကအမျိုးသမီးများအားလုံးအတွက် စံပြပုဂ္ဂိုလ်တစ်ဦးပါ"
"ဘယ်အရောင်မဆို အရှင်မနဲ့သာသက်ဆိုင်တဲ့ ဆက်စပ်ပစ္စည်းတစ်ခုသာသာဖြစ်ပါတယ်"
"အရှင်မက မြင့်မြတ်တယ်လို့ယူဆရင် အဲ့အရောင်ကမြင့်မြတ်တာပါပဲ။ဘယ်သူကများ အခြားစကားပြောဝံ့မှာပါလဲ"
ထိုစကားအားကြားသောအခါ မိဖုရားကြီးသည် အလွန်ပျော်ရွှင်သွားပြီး ရယ်မောလိုက်သည်။
"မင်းက တော်တော်စကားတတ်တာပဲ"
သူမသည် ပန်းရောင်အားအလွန်နှစ်သက်ခဲ့သော်လည်း နှစ်ပေါင်းများစွာကြာအောင် မိဖုရားခေါင်နှင့်ကိုယ်လုပ်တော်များကြားရှိ ဆက်ဆံရေးကြောင့် ထိုအရောင်အားဝတ်ဆင်ခြင်းမှရှောင်ကြဉ်ခဲ့ရသည်။
သို့သော် ယခုမူသူမအားဝတ်ဆင်ပေးရန် အတင်းအကြပ်တောင်းဆိုလာကြခြင်းဖြစ်၍ မည်သူမျှဆန့်ကျင်ပြောဆိုရဲတော့မည် မဟုတ်ပေ။
စူးယွင် : "အရှင်မရဲ့ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်"
"ကဲ လာပြီး ပန်ကုန်းကိုအဝတ်လဲပေးပါ။ကျန်တဲ့သူတွေကတော့ သွားနိုင်ပြီ"
"မှန်လှပါ"
မိဖုရားကြီးအား အဝတ်လဲပေးပြီးနောက် စူးယွင်သည် သူမအားပုဝါအဖြူတစ်ထည်ကို ကမ်းပေးလိုက်သည်။
"ညနေခင်းမှာဆို ပိုအေးနိုင်ပါတယ်။ဒီခြုံထည်လေးက အရှင်မကိုနွေးထွေးစေပါလိမ့်မယ်"
"အခု သွားနိုင်ပြီ"
"မှန်လှပါ"
နန်းတော်မှထွက်ခွာလာပြီးနောက် စူးယွင်သည် ပွဲကျင်းပရာနေရာဆီဦးတည်သွားလိုက်သည်။သူမရောက်သည်နှင့် တစ်ပြိုင်နက်တစ်စုံတစ်ဦးမှ သူမအားတားလာ၏။
"စူးမိန်းကလေး ကိစ္စကြီးတစ်ခုဖြစ်သွားပြီ။ကိစ္စကြီးတစ်ခု....အဖွဲ့အစည်း.....အဖွဲ့အစည်းက....."
"အလောတကြီးမပြောပါနဲ့ ကျွန်မအရင်ဆုံး အဲဒီကိုသွားပြီးစစ်ကြည့်လိုက်ပါ့မယ်"