အခန်း (၁၂၀+၁၂၁)
Vol. 12 Ch. 120+121
Ch-120+121
စူးယွင်သည် သူမဝတ်စုံအား တင်းတင်းဆုပ်ကိုင်၍ အပြေးအလွှားရောက်လာခဲ့သည်။သူမသည် အဖွဲ့ဝင်အားလုံးမှစားပွဲရှည်ကြီးတစ်ဝိုက်တွင် စုဝေးပြီးငြင်းခုံနေကြသည်ကို တွေ့လိုက်ရ၏။
“ဘာဖြစ်နေကြတာလဲ”
အဖွဲ့ဝင်တစ်ဦးမှာ စူးယွင်ရောက်လာသည်အားမြင်သည်နှင့်စာတစ်စောင်ကို သူမထံလှမ်းပေးလာသည်။သူမှပြောလာ၏။
“မွေးနေ့ပွဲအတွက်လက်ဆောင်တွေနဲ့ နေရာကိုအလှဆင်ဖို့အတွက် ရှာရခက်တဲ့ပစ္စည်းတွေအားလုံးကို သီးသန့်ကုန်ပို့လမ်းကြောင်းကနေ ပို့ဆောင်ပေးဖို့စီစဉ်ထားတာပါ။ကျွန်တော်လူတစ်ယောက်ကို စောစောစီးစီး သွားယူခိုင်းလိုက်ပေမယ့် အခုကျအဲဒီလူက အစီအစဥ်အတိုင်းရောက်မလာသေးဘူး။ပွဲစဖို့ကလည်း နှစ်နာရီပဲလိုတော့တာမလို့ နောက်ကျမှာစိုးရိမ်ရတယ်”
စူးယွင်သည် စာအားခပ်သွက်သွက်တစ်ချက်ကြည့်လိုက်ပြီး အတိုချုပ်ရှင်းပြချက်ဖြင့် အခြေအနေအလုံးစုံကိုနားလည်လိုက်သည်။
“ဌာနအကြီးအကဲရုန်စာဆီ အကြောင်းကြားပြီးပြီလား”
“သူမကိုအကြောင်းကြားဖို့ လူတစ်ယောက်ကို စေလွှတ်လိုက်ပေမယ့် ဘာသတင်းမှပြန်မရသေးဘူး။သူမအလာနောက်ကျအောင် တစ်ခုခုလုပ်ထားကြလားမသိဘူး”
ထိုသူမှ ပြန်ဖြေလာသည်။
“စူးမိန်းကလေး အခုဘယ်လိုလုပ်ကြမလဲ”
စူးယွင်သည် သူမနှုတ်ခမ်းကိုကိုက်ကာ ခဏစဉ်းစားလိုက်သည်။
“ပစ္စည်းလာပို့တဲ့သူတွေဆီ လိုက်ရှာနိုင်မယ့်လူကို ကျွန်မရှာကြည့်လိုက်မယ်။ရှင်တို့ကတော့ အဲဒီလမ်းကြောင်းအတိုင်းလိုက်သွားပြီး ကြားဖြတ်ယူနိုင်မလားကြည့်လိုက်ပါ”
“တကယ်လို့ အချိန်မီမလုပ်နိုင်ခဲ့ဘူးဆိုရင်တော့အစီအစဉ်ကို ပြောင်းလဲရလိမ့်မယ်။လက်ဆောင်ပေးမယ့်အစီအစဉ်က နောက်ရွှေ့လို့ရတော့ ပွဲအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုစုဆောင်းဖို့ ကျွန်မတစ်ယောက်ယောက်ကို ရှာလိုက်မယ်။သူတို့မှာ အရန်ပစ္စည်းတွေရှိလောက်ဦးမှာပါ”
“ကောင်းပါပြီ။ဒါဆိုကျွန်တော် အခုပဲလူလွှတ်လိုက်ပါ့မယ်”
သူသည်အင်္ကျီလက်စအားဆွဲဆန့်ကာ အနားရှိလူအားပြောလိုက်သည်။
“မင်းကဒီမှာနေခဲ့ပြီး ဌာနအကြီးအကဲရုန်စာ ရောက်လာရင် ဒီအကြောင်းကိုချက်ချင်း ပြောပြလိုက်”
“နားလည်ပါပြီ”
စူးယွင်သည် ရထားလုံးတစ်စီးငှား၍ နန်းတော်မှ ထွက်လာလိုက်သည်။ထိုနေရာသည် နဉ်ကျင်း၏အိမ်နှင့် အနည်းငယ်သာဝေးလေ၏။
တံခါးဝရောက်သည်နှင့် သူမသည်တုန့်စန်းအားတွေ့လိုက်ရသည်။
“တုန့်စန်း မင်းရဲ့သခင်လေး ဘယ်မှာလဲ”
“သခင်လေးက အိမထဲမှာရှိပါတယ်။ကျွန်တော် ခေါ်သွားပေးပါ့မယ်”
“ရပါတယ် ကိုယ့်ဘာသာပဲ သွားလိုက်တော့မယ်”
ထိုသို့ပြောပြီးနောက် သူမသည်အမြန်ပြေးဝင်သွား၏။
သူမမှာ တံခါးအားတွန်းဖွင့်၍ အော်ခေါ်လိုက်သည်။
“နဉ်ကျင်း နဉ်ကျင်း”
“ဘာဖြစ်တာလဲ”
သူသည်သူမအားထိန်းလိုက်ရင်း ရှေ့တိုးလာသည်။သူမနဖူးထက်ရှိ ချွေးစတို့ကိုသတိပြုမိလိုက်ပြီး သူ့အင်္ကျီလက်ဖြင့်သုတ်ပေးလိုက်၏။
“မင်းမျက်နှာတစ်ခုလုံးနီနေပြီ”
လမ်းတစ်လျှောက်လုံးပြေးလာခဲ့ရသောကြောင့် သူမ၏အသက်ရှူသံသည် မြန်ဆန်နေပြီး မျက်နှာမှာလည်းနီရဲနေသည်။
သူမသည်အသက်ပြင်းပြင်းရှူလိုက်ကာ ကိုယ့်ကိုကိုယ်စိတ်ငြိမ်အောင်လုပ်ပြီးမှ အခြေအနေအား နဉ်ကျင်းထံရှင်းပြလိုက်၏။
“ရှင်ရဲ့ပစ္စည်းတွေကို ကျွန်မခဏသုံးလို့ရမလားလို့ပါ”
နဉ်ကျင်းသည် ခပ်ဖွဖွရယ်လာ၏။
“အားလုံးက မင်းအတွက်ပါပဲ။မင်းစိတ်ကြိုက်လွှင့်ပစ်ချင်ရင်တောင် ကိုယ်ကကူပြီး လက်ကမ်းပေးပါ့မယ်”
စူးယွင်သည် သူ၏စနောက်မှုကို အာရုံမစိုက်အားပေ။
“ဒါဆိုမြန်မြန်လုပ်ပေးပါ။လူခေါ်ပြီး အကုန်စီစဉ်လိုက်နော် အရင်ဆုံးပစ္စည်းတွေကိုရွှေ့ခိုင်းလိုက်”
“ပြီးတော့ သူတို့ကိုတားနိုင်အောင်ကူပေးနိုင်မယ့်သူကို ရှင်သိလား”
နဉ်ကျင်းသည် သူမအားထိုင်ခုံဆီခေါ်သွားလိုက်၏။
“ကိုယ်အကုန်စီစဉ်လိုက်ပါ့မယ်။မင်းကတော့ ခဏနားလိုက်ပါဦး”
ငါးမိနစ်ကြာပြီးနောက်တွင် နဉ်ကျင်းသည်ပြန်ရောက်လာ၏။
“အားလုံးပြီးပြီ။မင်းပြန်တော့မလား ဒါမှမဟုတ် ဒီမှာပဲနေမလား”
စူးယွင်သည် တွေဝေမနေဘဲ ထရပ်လိုက်သည်။
“ကျွန်မ အရင်ပြန်ကြည့်လိုက်ဦးမယ်”
“ကောင်းပြီလေ ရထားလုံးကတံခါးပေါက်မှာရှိတယ်။ပစ္စည်းတွေကိုပါ ယူသွားလိုက် ကိုယ်နောက်မှလိုက်လာခဲ့မယ်”
စူးယွင်သည် ပြုံး၍ခေါင်းငြိမ့်လိုက်၏။
-------------
စူးယွင်သည် စိုးရိမ်တကြီးဟိုဟိုဒီဒီလမ်းလျှောက်နေပြီး သူမမျက်လုံးများမှာ တံခါးဆီသို့မကြာမကြာရောက်နေသည်။
တတိယအကြိမ်ကြည့်လိုက်ချိန်တွင်တော့ သူမစောင့်မျှော်နေခဲ့သည့်အသံမှာ အသက်ကယ်ကောက်ရိုးတစ်ချောင်းကဲ့သို့ ရောက်ရှိလာတော့၏။
“သူတို့ ပြန်လာကြပြီ ပြန်လာကြပြီ”
လူတစ်စုသည် သေတ္တာများအားတစ်လုံးပြီးတစ်လုံး သယ်ဆောင်လာကြသည်။
“အားလုံးကူညီပြီး ပစ္စည်းတွေကိုစစ်ဆေးပေးပါ။အကုန်လုံးအဆင်ပြေတယ်ဆိုရင် နေရာကိုအမြန်ဆုံးစပြင်ဆင်ကြမယ်”
“ဟုတ်”
နဝမနာရီတွင် ညကောင်းကင်ယံမှာပိုမိုမှောင်မိုက်လာပြီး မီးပုံးများမှာတလက်လက်တောက်ပနေကာ ဖျော်ဖြေရေးအဖွဲ့မှတူရိယာသံများသည်လည်း လေထဲပျံ့လွင့်နေသည်။
စင်မြင့်၏နှစ်ဖက်စလုံးတွင် ဧည့်သည်များဖြင့်ပြည့်နှက်နေပြီး သူတို့၏လှပသောအဝတ်အစားများမှာ မီးရောင်အောက်တွင် တောက်ပနေတော့၏။သူတို့သည် ရွှေခွက်များအားကိုင်ဆောင်ကာ ပတ်ဝန်းကျင်ရှိလူများနှင့် သိမ်သိမ်မွေ့မွေ့စကားပြောဆိုနေကြသည်။
ဂီတသံဆုံးသွားသောအခါ တံခါးဝမှနေ စူးရှကျယ်လောင်သော အသံတစ်သံမှာပဲ့တင်ထပ်လာ၏။
“ဘုရင်မင်းမြတ် ရောက်ရှိလာပါပြီ..!မိဖုရားခေါင်ကြီး ရောက်ရှိလာပါပြီ...!”
လူအုပ်သည်အလျင်အမြန်ထရပ်၍ ရိုသေလေးစားစွာဦးညွှတ်လိုက်ကြသည်။
“ဘုရင်မင်းမြတ်ကို ဂါရဝပြုပါတယ်။မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်။
ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ ဘုရင်မင်းမြတ် သက်တော်ရာကျော်ရာပေါင်းများစွာ ရှည်ပါစေ။
မိဖုရားခေါင်ကြီး သက်တော်ရာကျော်ရှည်ပါစေ မိဖုရားခေါင်ကြီး သက်တော်ရာကျော် ရှည်ပါစေ မိဖုရားခေါင်ကြီးသက်တော်ရာကျော်ရာကျော်ရှည်ပါစေ”
အဝါရောင်တော်ဝင်ဝတ်ရုံတော်အားဝတ်ဆင်ထားသည့် ထိုအမျိုးသားသည် သူ့ဘေးရှိကျက်သရေရှိရှိလှပသောအမျိုးသမီးအား ဦးဆောင်ကာစင်မြင့်ထက်သို့ တက်ရောက်လာသည်။
ဘုရင်မင်းမြတ်သည် သူ့အင်္ကျီလက်စကို မာန်ပါပါဝှေ့ယမ်းလိုက်ပြီး အောက်ဘက်ရှိလူအုပ်ကြီးအား စိုက်ကြည့်၍သြဇာအပြည့်ဖြင့်ပြောလိုက်၏။
“ဒီနေ့က မိဖုရားခေါင်ကြီးရဲ့မွေးနေ့ဖြစ်လို့ စည်းမျဉ်းတွေလိုက်နာစရာမလိုပါဘူး”
“ကျေးဇူးကြီးမားလှပါတယ် ဘုရင်မင်းမြတ် ကျေးဇူးကြီးမားလှပါတယ် မိဖုရားခေါင်ကြီး”
အနီးနားတွင်ရပ်နေသောမိန်းမစိုးမှ အော်ပြောလိုက်သည်။
“တေးဂီတ စတင်ပါ”
အသားအရည်အား ဖောက်မြင်ရလောက်အောင် ပါးလွှာလှသည့်ပန်းရောင်နှင့်အဖြူရောင်ပိတ်ကျဲဝတ်စုံရှည်များ ဝတ်ဆင်ထားကြသည့် အကသမားအုပ်စုသည် ခန်းမထဲသို့ ဖြည်းဖြည်းချင်းဝင်ရောက်လာကြသည်။သူတို့၏ကိုယ်ဟန်များမှာ လှပလှပြီး လှုပ်ရှားမှုများမှာလည်း ပေါ့ပါးသွက်လက်လှ၏။သူတို့သည်ဂီတသံအလိုက် ကခုန်နေကြရာ နတ်သမီးများအလားထင်မှတ်ရစေပြီး ရှိနေသည့်လူတိုင်း၏အာရုံကို ဖမ်းစားထားလေသည်။
ဘုရင်မင်းမြတ်သည် ခွက်ထဲရှိအရက်အားအနည်းငယ်သောက်လိုက်ပြီး မှတ်ချက်ပြုလာ၏။
“ဒီအကက အတော်လေးကောင်းမွန်လို့ ဆုချဖို့ ထိုက်တန်တယ်”
“ကျေးဇူးကြီးမားလှပါတယ် ဘုရင်မင်းမြတ် ကျေးဇူးကြီးမားလှပါတယ် မိဖုရားခေါင်ကြီး”
သူသည်အမှုမဲ့အမှတ်မဲ့ဖြင့်ကြည့်လိုက်ရာ ပါးလွှာပေါ့ပါးသော အကဝတ်စုံအားသတိပြုမိလိုက်၍ ရယ်မောလိုက်သည်။
“ဒီအကဝတ်စုံကလည်း တော်တော်လေးလှပါပေတယ်။ဌာနအကြီးအကဲ ရုန်စာ မင်းကိုလည်း ဆုချသင့်တယ်”
ထိုသို့သောပွဲများတွင် ရုန်စာနှင့်အခြားရာထူးမြင့်သူများအတွက်သာ သတ်မှတ်ထားသော ထိုင်ခုံများရှိလေ၏။ကျန်လူများမှာမူ အပြင်ဘေးခန်းမများတွင်သာ စောင့်ဆိုင်းနေကြရသည်။
သူမသည် ရှေ့တက်၍လေးလေးစားစား ဦးညွှတ်ကာ
“အဝတ်အထည်ဌာနကိုယ်စား ဘုရင်မင်းမြတ်နဲ့မိဖုရားခေါင်ကြီးကို ကျေးဇူးတင်ပါတယ်”
“ဒီလိုစည်းမျဥ်းတွေကို လိုက်နာနေစရာမလိုပါဘူး အိုက်ချင်း”
စူးယွင်သည်ရှောက်ချီအပြင်အခြားသူများနှင့်အတူ အပြင်တွင်ရှိနေရင်း ပျင်းရိစွာသမ်းဝေလိုက်သည်။
“ဒီပွဲကဘယ်လောက်ကြာဦးမှာလဲ။ကျွန်မတို့ အခု ပြန်လို့ရပြီလား”
အရေးပေါ်ကိစ္စများဖြေရှင်းပြီးစီးပြီဖြစ်သောကြောင့် သူတို့သည်နေရာတွင်ဆက်နေရန် မလိုအပ်တော့ပေ။
သူမသည် ရှောက်ချီကိုတံတောင်ဆစ်ဖြင့် တွန်းလိုက်ပြီး ကျီစယ်ဟန်မျက်လုံးများဖြင့် ပြောလိုက်သည်။
“လမ်းလျှောက်ထွက်ကြရအောင်လား။ပွဲနေရာရယ် နန်းတော်ရယ် အဝတ်အစားပို့တဲ့လမ်းကြောင်းရယ်ကလွဲရင် အခြားဘယ်နေရာမှ လျှောက်ပတ်ကြည့်ဖို့အခွင့်အရေး မရသေးဘူး”
စူးယွင်သည်လမ်းတစ်လျှောက်၌ လေ့လာကြည့်ရှုခဲ့ရာ မြင်ကွင်းလှလှများရှိသည့်နေရာအချို့ကို သတိပြုမိခဲ့သည်။သူမသည် စိတ်ထဲမှတွေးလိုက်မိ၏။
“နန်းတော်ထဲကို ဘယ်အချိန်မှပြန်ဝင်နိုင်မလဲ မသိဘူး။တကယ်ပဲ သေချာပေါက်ကိုလှည့်ပတ်ကြည့်သင့်တယ်”
သို့သော် ရှောက်ချီ၏အမူအရာမှာ တည်တင်းသွား၏။ထိုပုံစံအား စူးယွင်တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သူမသည် ရှောက်ချီမှပြောလာသည်ကို ကြားလိုက်ရသည်။
“နန်းတော်ပတ်ဝန်းကျင်မှာ လျှောက်သွားနေတာတွေ့ရင် တုတ်နဲ့ရိုက်နှက်ခံရနိုင်တယ်။ကိစ္စကြီးသွားရင် နင့်ကိုလုပ်ကြံသူလို့တောင် ထင်သွားနိုင်ပြီး နင့်မိသားစုအတွက်ပါ ပြဿနာဖြစ်စေနိုင်တယ်”
ရှောက်ချီသည် စူးယွင်၏လက်မောင်းကို ချိတ်လိုက်ပြီး ရိုးရိုးသားသားပြောလာသည်။
“စူးယွင် ငါတို့ဒီမှာပဲငြိမ်ငြိမ်လေးနေကြရအောင်လေ။စည်းကမ်းဖောက်မယ့်ဘယ်လိုအတွေးကိုမှ မစဉ်းစားနဲ့နော်”
စူးယွင်သည် စိတ်ထဲမှနေသက်ပြင်းချလိုက်မိသည်။
*အလုပ်လုပ်နေရတဲ့ လူတစ်ယောက်ရဲ့ဘဝက တကယ်ကိုခက်ခဲလွန်းတာပဲ*
စူးယွင်သည် လက်ရန်းအားမှီကာ ခပ်ပေါ့ပေါ့ရယ်လိုက်သည်။
“ကောင်းပါပြီ ကောင်းပါပြီ။ငါကနောက်နေတာပါ အတည်မယူပါနဲ့”
ရှောက်ချီသည် သူမအားကြည့်ပြီး အနည်းငယ်မသေမချာဖြစ်နေသည်။တစ်ကယ်ရောဟုတ်လို့လား။
“အဲ့လိုပုံတော့မပေါက်ဘူးနော်”
စူးယွင်သည် အပြုံးလေးဖြင့် သူမလက်အားယမ်းကာ ရှောက်ချီ၏ပခုံးကိုဆွဲလိုက်သည်။
“ကျွန်မကို ဒီလိုမကြည့်ပါနဲ့။အဲ့အစား စိတ်ဝင်စားစရာကောင်းတဲ့ ပုံပြင်လေးတွေပဲပြောပြကြပါလား”
“စိတ်ဝင်စားစရာ ပုံပြင်တွေလား”
စူးယွင်သည် အနားသို့ပိုတိုးမှီကာ သူမ၏ အသံကိုနိမ့်လိုက်သည်။
“တော်ဝင်မိသားစုတွေအကြောင်းကို နင်သိလား”
“သခင်မကြီးတွေက သူတို့မိသားစုအကြောင်းတွေပြောနေတာကို ငါကြားလိုက်တယ်။အိမ်တော်တွေမှာ ကိုယ်ပိုင်ကိစ္စတွေ အများကြီးရှိမှာ သေချာတယ်နော်။နင်ဘာတွေသိထားလဲ”
ရှောက်ချီသည် မျက်တောင်ခတ်ကာ
“ဒါကငါ့ရဲ့ပထမဆုံးအကြိမ်ရောက်ဖူးတာဟ...…”
စူးယွင်သည် သက်ပြင်းအသာချကာ
“ဘယ်လောက်တောင်နှမြောစရာကောင်းလိုက်လဲ”
နောက်တစ်ခဏတွင် သူမ၏တောက်ပနေသောမျက်လုံးများသည် ဝမ်လဲ့အပေါ်သို့ ကျရောက်သွားပြီး
“အစ်မဝမ်ကရော ဒါကပထမဆုံးအကြိမ် ရောက်ဖူးတာတော့မဟုတ်ဘူးမလား”
ရုန်စာဆီမှ ဝမ်လဲ့သည်ဤနေရာ၌နှစ်ပေါင်းများစွာကြာအောင် သင်ယူခဲ့ဖူးကြောင်းသိခဲ့ရသည်။
“အင်း”
“ဒါဆို…...”
“ဘာမှမသိဘူး”
ဝမ်လဲ့မှ တန်း၍ပြန်ဖြေလာသည်။
စူးယွင်သည် သူမနှုတ်ခမ်းများကိုတင်းတင်းစေ့ကာ
“သြော်”
ဝမ်လဲ့မှ ရှင်းပြလာသည်။
“ပင်မခန်းမဆောင်က ငါ့လိုလူဝင်ခွင့်ရတဲ့နေရာမဟုတ်ဘူးလေ။နန်းဆောင်ထဲမှာ ငါမရင်းနှီးတဲ့မျက်နှာတွေ အများကြီးရှိတယ်။ဒါ့အပြင် ငါကအခြားသူတွေရဲ့စကားကို ခိုးနားထောင်ရတာ မကြိုက်ဘူး”
“သြော် နားလည်ပါပြီ”
စူးယွင်မှာ ခေါင်းငြိမ့်ပြလိုက်သည်။
သူမသည် ဘုရားစာများအားဖတ်ရှုခြင်းအပေါ်တွင်သာ အပြည့်အဝအာရုံစိုက်ထားသူဖြစ်ပြီး သူမအတွက် အကျိုးမရှိပါက အချိန်ဖြုန်းမည်မဟုတ်ကြောင်းကို စူးယွင်သိထားလေ၏။
ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်လဲ။
“နင်ကငယ်သေးတာဆိုတော့ ဒီလိုကိစ္စမျိုးကို ခွင့်မပြုရဲကြသေးတာပေါ့”
သန့်စင်ခန်းမှခုလေးတင် ပြန်လာသော အမျိုးသမီးကျောက်သည် သူတို့မှဤကဲ့သို့ အကြောင်းအရာများအား ဆွေးနွေးနေသည်ကို တွေ့သောအခါခေါင်းယမ်းလိုက်သည်။
“ငါတို့လိုသာမန်လူတွေက နားထောင်တာနည်းလေ စကားပြောတာနည်းလေ ကောင်းလေပဲ”
“အချိန်ဖြုန်းဖို့ ကြိုးစားနေရုံပါပဲ”
စူးယွင်မှာ ပခုံးတွန့်၍ရှင်းပြလိုက်သည်။
“နင်ကတော့လေ..…”
အမျိုးသမီးကျောက်သည် ကူကယ်ရာမဲ့ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“နင်ကနဥ်အန်းမင်းသမီးနဲ့ တော်တော်လေးတူတာပဲ”
“နဥ်အန်းမင်းသမီးလား”
စူးယွင်သည်ရေရွတ်လိုက်ပြီး ရုတ်ချည်းဆိုသလိုတစ်စုံတစ်ခုအားသတိရသွားသည်။သူမသည် အမျိုးသမီးကျောက်၏ လက်မောင်းကို အမြန်ဆွဲကာ
“အမျိုးသမီးကျောက်က အဖွဲ့အစည်းမှာရှိနေခဲ့တာကြာလှပြီဆိုတော့ တစ်ခုခုသိကိုသိထားရမယ်”
“တကယ်ကို နင်ကဒီလိုမေးခွန်းမျိုးမေးရဲတာပဲ”
အမျိုးသမီးကျောက်မှ ပြောလာသည်။
“ကျွန်မကအခြားဘာအကြောင်းတွေမှပြောမှာမဟုတ်ပါဘူး။ဆက်ဆံရေးတွေအကြောင်းပဲ ပြောနေတာပါ”
စူးယွင်မှ ပြုံးလျက်ပြန်ဖြေလိုက်သည်။
“တကယ်တော့ ဘာမှသိပ်မရှိပါဘူး။မင်းသားချန်ပြန်ရောက်လာပြီလို့ပဲ ငါကြားမိတာ”
အမျိုးသမီးကျောက်မှ လျှို့ဝှက်ဆန်းကြယ်သည့်လေသံဖြင့် ဆက်ပြောလာသည်။သူ့အကြောင်းပြောလာသည်နှင့် အတင်းအဖျင်းအားစိတ်မဝင်စားတတ်သူလေး ဝမ်လဲ့ပင်လျှင်ပါဝင်လာ၏။
“တစ်ကယ်လား ကျွန်မမင်းသားချန်ရဲ့နေအိမ်ဘေးကနေ တစ်ခါတစ်ရံဖြတ်သွားဖူးပေမယ့် ဖွင့်ထားတဲ့အရိပ်အယောင်မတွေ့ခဲ့မိပါဘူး”
ဝမ်လဲ့မှာ မရေမရာဟန်ဖြင့်ပြောလာသည်။
“ပြီးတော့ သူကနယ်စပ်မှာတပ်စွဲထားတယ်လို့မပြောကြဘူးလား။ဘာလို့ရုတ်တရက်ကြီး ပြန်လာတာလဲ”
“တစ်ခုခုဖြစ်လို့ ပြန်လာတာလို့ကြားတယ်”
အမျိုးသမီးကျောက်မှာ လျှို့ဝှက်ချက်တစ်ခုခုအားသိထားဟန်ဖြင့် ပြောလာသည်။
ချန်းရွှေအာသည် မျက်လုံးမှေးကျဥ်းကာ မေးလိုက်၏။
“ဘာဖြစ်ခဲ့တာတဲ့လဲ”
“မင်းသားချန်နဲ့ပက်သက်ပြီး ဘာတွေဖြစ်နေတယ်ဆိုတာကို ငါသိနေရင်ဒီနေရာမှာ တာဝန်ခံဖြစ်နေမှာတောင်မဟုတ်ဘူး”
“အိုးးး”
ရှောက်ချီသည် သူမလက်အားယမ်းခါလိုက်သည်။သူမမှာ ထင်သားပဲဆိုသည့်ပုံစံမျိုး ဖြစ်နေ၏။
“ဒါဆိုအမျိုးသမီးကျောက်က ဌာနအကြီးအကဲရုန်စာရဲ့နေရာကို တစ်ကယ်မျက်စိကျနေတာပေါ့”
“အဓိပ္ပာယ်မရှိတာတွေမပြောနဲ့”
အမျိုးသမီးကျောက်သည် စိုးရိမ်တကြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အနီးနားတွင် မည်သူမှမရှိသည်အားမြင်ပါမှ ရှောက်ချီ၏ခေါင်းကို လက်ဖြင့် ခေါက်ချလိုက်သည်။
“နင်ကတော့လေနည်းနည်းလောက်ပိုပြီးဥာဏ်ကောင်းလာလို့ မရဘူးလား။ငါကဥပမာပေးရုံသက်သက်ပြောနေတာလေ”
ရှောက်ချီသည် သူမအရိုက်ခံလိုက်ရသည့်နေရာကိုအုပ်လိုက်ပြီး ပြောလာ၏။
“အမျိုးသမီးကျောက်က ဌာနအကြီးအကဲမဖြစ်ချင်ဘူးဆိုတာကို ကျွန်မနည်းနည်းလေးတောင် မယုံဘူး”
“နင်ဘာပြောလိုက်တယ်”
အမျိုးသမီးကျောက်သည် သူမအားစူးစိုက်ကြည့်လိုက်သည်။
လက်လျှော့ရမည့်အချိန်ကိုသိသော ရှောက်ချီသည်ပြုံးလိုက်ပြီး ခေါင်းယမ်းပြလာ၏။
“ဘာမှမဟုတ်ပါဘူး တစ်ကယ်ကိုဘာမှမဟုတ်တော့ပါဘူး”
စူးယွင်မှ မေးလိုက်သည်။
“သူက ဘယ်သူလဲ”
“အိုး ဘုရားရေ နင်ကသူ့ကိုတောင်မသိဘူးလား”
ချန်းရွှေအာသည် သူမအားအထင်သေးဟန်ဖြင့်ကြည့်လာ၏။
“နင်ကတော့တစ်ကယ်ကို လမ်းကြားထဲကအဒေါ်ကြီးတွေနဲ့စကားပြောပြီး နင့်ရဲ့အသိပညာကို တိုးတက်အောင်လုပ်သင့်နေပြီ”
စူးယွင်သည် အနည်းငယ်စိတ်မကောင်းဖြစ်သွားရ၍ ပြောလိုက်၏။
“ငါကဒီနေရာက မဟုတ်ဘူးလေ”
“နင်က..…”
ဝမ်လဲ့သည် သူတို့နှစ်ဦးအားစကားဖြတ်ပြောလိုက်သည်။
“မင်းသားချန်က လက်ရှိဘုရင်မင်းမြတ်ရဲ့ ဒုတိယသားတော်လေ။သူ့ရဲ့မွေးမိခင်က စောစောစီးစီးကွယ်လွန်သွားခဲ့တော့ ငယ်ငယ်လေးကတည်းက မိဖုရားခေါင်ကြီးရဲ့ မွေးစားသားအဖြစ် ခံယူခဲ့ရတာ”
“သူကအရမ်းထူးချွန်ပြီး စွမ်းဆောင်ရည်ရှိတယ်။အရွယ်ရောက်လာချိန်မှာပဲ စစ်ဘက်ဆိုင်ရာ အောင်မြင်မှုကြီးတွေကို ရရှိခဲ့ပြီး ဒေသတစ်ခုကိုစောင့်ရှောက်တဲ့ ဗိုလ်ချုပ်တောင်ဖြစ်လာတာ။ဘုရင်မင်းမြတ်ကိုယ်တိုင်တောင် အိမ်ရှေ့စံကိုဖြုတ်ချပြီး သူ့ကိုအမွေဆက်ခံသူအဖြစ် ခန့်အပ်ဖို့ စဉ်းစားခဲ့ဖူးတယ်လို့ ပြောကြတယ်”
“ဒါပေမယ့် သူ့ရဲ့စိတ်နေစိတ်ထားက ပြောင်းလဲတတ်တယ်။လူအနည်းငယ်ကလွဲရင် အခြားဘယ်သူနဲ့မှအဆက်အဆံမလုပ်ဘူး။သူကနန်းတော်ထဲမှာပဲ *ဒီပလ္လင်က အတုအယောင်တွေနဲ့ ရွံစရာကောင်းတဲ့ထိုင်ခုံပဲ*ဆိုပြီး ထုတ်ပြောခဲ့ဖူးတာ။ပြီးတော့ သူ့တစ်သက်လုံးအဲ့ခုံပေါ်ထိုင်မှာမဟုတ်ဘူးလို့ပြောခဲ့တယ်လေ။စစ်ပွဲအပေါ်သူရဲ့စိတ်အားထက်သန်မှုက သူ့စိတ်အတွင်းထဲကအမျက်ဒေါသတွေကနေဖြစ်တည်လာတာမလို့ စိတ်ငြိမ်အောင်လူသတ်ဖို့လိုတယ်လို့လဲ သူပြောခဲ့သေးတာ”
“ဘယ်လောက်တောင် ရဲတင်းလိုက်လဲ။သူကတစ်ကယ်ကို...…”
နေပါဦး!
ဒီဇာတ်ကြောင်းက..…
မွေးမိခင်ကစောစောစီးစီး ကွယ်လွန်သွားတဲ့ ဒုတိယသားတော်၊မိထွေးက ပြုစုပျိုးထောင်ခဲ့ပြီး စစ်တပ်မှာလေ့ကျင့်ရေးဆင်းပြီးစစ်ပညာလေ့ကျင့်ထားတဲ့...…
ဒါကြီးကမဖြစ်နိုင်ဘူးမလား။
သူမသည် မျက်မှောင်ကြုံ့လိုက်မိ၏။
“ဘာလဲ”
စူးယွင်၏အသံမှာ တိုးလျလွန်း၍ ဝမ်လဲ့မှာသူမပြောလိုက်သည်ကို မကြားလိုက်ရပေ။
“ဘာမှမဟုတ်ပါဘူး ငါကလျှောက်ပြောနေတာပါ”
သူမသည်ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုဆက်ပြောလိုက်သည်။
“သူ့ရဲ့အပြုအမူတွေကြောင့် သူ့ကို ဒုက္ခရောက်စေခဲ့ဖူးလား”
ဝမ်လဲ့သည် သူမပြောလိုက်သည်ကို အာရုံမစိုက်ဘဲ ပြန်ဖြေလာ၏။
“အင်း”
“သူဆက်ခံသူအဖြစ်ကနေ ဖယ်ရှားခံရပြီး မြို့တော်ကနေနှင်ထုတ်ခံရလုနီးနီး ဖြစ်ခဲ့ဖူးတယ်လို့ ပြောကြတယ်။နောက်ပိုင်းမှာ မင်းသမီးကြီးက ဘုရင်မင်းမြတ်ကို တောင်းပန်ခဲ့ပြီး အရင်နှစ်တွေကသူ့ရဲ့စစ်ဘက်ဆိုင်ရာ အောင်မြင်မှုတွေနဲ့ ပေါင်းကြည့်မှ သူလဲချမ်းသာရာရခဲ့တာတဲ့။ဒါပေမယ့် သူ့ကိုနယ်စပ်စောင့်ရှောက်ဖို့ စေလွှတ်ပြီးအပြစ်ပေးခဲ့တယ်”
“သူပြန်ရောက်လာပြီဆိုတော့ ဘုရင်မင်းမြတ်က သူ့ကို ခွင့်လွှတ်လိုက်ပြီဆိုတဲ့ သဘောပေါ့။ဘာပဲဖြစ်ဖြစ်လေသူကဘုရင်မင်းမြတ်ရဲ့သားတော်ဖြစ်နေတုန်းပဲဟာ ချစ်ခင်မှုတစ်ခုခုတော့ရှိနေဦးမှာပေါ့”
စူးယွင်သည် နှုတ်ခမ်းများကိုတင်းတင်းဖိကပ်ကာ စကားလုံးသုံးလုံးအားအသာပြောလိုက်၏။
“ဖြစ်နိုင်တယ်”
ရှောက်ချီမှ ထပ်လောင်းပြောလာသည်။
“တော်ဝင်မိသားစုတွေကြား ဘာပဲဖြစ်ဖြစ်ငါတို့နဲ့ ဘာမှမဆိုင်ပါဘူး။ဒီကိစ္စကလဲနားထောင်ပြီးရင်မေ့ပစ်ရမှာပဲလေ”
“အမှန်ပဲ”
ချန်းရွှေအာလဲ သဘောတူလိုက်သည်။
“မင်းသားဘွဲ့နဲ့သာဆိုရင် သူကနေထိုင်စားသောက်ဖို့ကို စိတ်ပူစရာမလိုဘဲသူ့ဘဝတစ်လျှောက်လုံး သက်တောင့်သက်သာနေသွားနိုင်ပြီပဲလေ”
“တကယ်လို့ တစ်ခုခုဖြစ်လာရင်တောင် သူ့ရဲ့အနာဂတ်မင်းသမီးကပဲ စိုးရိမ်ရမှာ။ဒီလိုခင်ပွန်းမျိုးကိုရရင် သူမတော့အိပ်မက်ဆိုးတွေကနေ လန့်နိုးလာရမှာသေချာတယ်”
သူမမှထပ်ပြောလာ၏။
စူးယွင်မှာ ချေပပြောဆိုလိုက်သည်။
“မဟုတ်ပါဘူး ကောလဟာလတွေပြောနေသလို သူကဆိုးဝါးနေတယ်လို့တော့ ငါမထင်ဘူး”
“ဒီကိစ္စတစ်ခုလုံးက မြို့ထဲမှာအကြီးအကျယ် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တာ။ပြီးတော့ငါတို့က တော်ဝင်မျိုးနွယ်အတွက် အလုပ်လုပ်နေရတာဆိုတော့ ငါတို့ကြားရတဲ့အချက်အလက်တွေက တရားဝင် လမ်းကြောင်းတွေကနေလာတာ မှားနိုင်စရာ မရှိဘူး”
ချန်းရွှေအာကလဲ ငြင်းခုံလိုက်သည်။
“တရားဝင်လမ်းကြောင်းတွေကနေ လာရင်တောင်မှ လုံးဝအမှန်တရားမဖြစ်နိုင်ဘူးလေ။ပြီးတော့ တစ်ကယ်အမှန်ဖြစ်ရင်တောင်မှ သူကလူဆိုးတစ်ယောက်ဆိုတာကို သက်သေမပြနိုင်ပါဘူး”
စူးယွင်မှ အခိုင်အမာပြန်ပြောလိုက်သည်။
ချန်းရွှေအာသည် သူမထံမျက်လုံးပြူးပြီး ကြည့်လာ၏။
“နင်ကဖြင့်သူ့ကိုတစ်ခါမှတောင်မတွေ့ဖူးသေးဘူး။ဘာလို့ဒီလောက်ထိသူ့ဘက်ကနေ ကာကွယ်ပေးဖို့စိတ်အားထက်သန်နေရတာလဲ”
“ငါကအချက်အလက်တွေကိုပဲ ပြောနေတာပါ”
စူးယွင်မှာ ထိုသို့ပြောပြီးနောက်မေးလိုက်၏။
“နင်ကသူ့ကိုတွေ့ဖူးလား”
“မတွေ့ဖူးဘူး”
ချန်းရွှေအာမှ ဝန်ခံလာသည်။
စူးယွင်သည်သူမအသံကိုတိုးလိုက်သော်လည်း မကျေနပ်သည်မှာထင်ရှားနေသည်။
“နင်ကသူ့ကိုတစ်ခါမှမတွေ့ဖူးရင် သူ့အကြောင်းကိုဒီလိုလျှောက်မပြောသင့်ဘူး”
“လူတိုင်းပြောနေကြတာမလို့ ငါလဲလိုက်ပြောတာလေ။ဘာလို့ငါ့ကို စိတ်ဆိုးနေရတာလဲ”
ချန်းရွှေအာမှာ တိုးတိုးလေးပြန်ပြောလိုက်သည်။
“နင်မပြောသင့်ဘူး..…”
အမျိုးသမီးကျောက်မှာ အမြန်ကြားဖြတ်လိုက်သည်။
“တော်ပြီ ဒါကစကားစမြည်ပြောနေကြတာပဲလေ။ဒီကိစ္စကြောင့် စိတ်ပျက်သွားအောင်မလုပ်ကြရအောင်”
သူတို့ထဲတွင် အသက်အကြီးဆုံးနှင့် အတွေ့အကြုံအရှိဆုံးဖြစ်သောကြောင့် သူမ၏စကားများသည် အရေးပါခဲ့သည်။လူတိုင်းသည်လည်း သူမ၏အခွင့်အာဏာကို လေးစားကြ၏။
စူးယွင်နှင့်ချန်းရွှေအာတို့သည် တစ်ချိန်တည်းမှာပင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် အငြင်းပွားမှုကိုဆက်မလုပ်တော့ဘဲ အကြည့်လွှဲလိုက်ကြသည်။ရှောက်ချီသည် အခန်းထဲရှိအဆင်မပြေမှုကို ခံစားမိပြီး ကျပန်းအကြောင်းအရာများကို အလျင်အမြန်ရှာဖွေကာ ခံစားချက်များကိုပြန်တက်ကြွလာစေရန် ကြိုးစားလုပ်ဆောင်ခဲ့၏။
ရင့်ကျက်သူများဖြစ်သည့် သူတို့နှစ်ဦးသည်လည်း ရည်ရွယ်ချက်ရှိရှိရန်ငြိုးဖွဲ့ခြင်းဖြစ်စေ နောက်ထပ်တင်းမာမှုများဖန်တီးခြင်းဖြစ်စေ မလုပ်ကြတော့ပေ။သူတို့သည် လိုက်ပါဆောင်ရွက်ခဲ့ကြပြီး လေထုသည် အလျင်အမြန်ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။
ဆယ့်ငါးမိနစ်ကြာပြီးနောက် မြင်းမှီးတံကိုင်ထားသောမိန်းမစိုးတစ်ဦးသည် ချဉ်းကပ်လာပြီး စူးယွင်ထံဦးညွှတ်လာ၏။
“နှုတ်ဆက်ပါတယ် စူးမိန်းကလေး”
စူးယွင်သည်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး မေးလိုက်၏။
“မင်္ဂလာပါ ဘာကိစ္စများရှိလို့ပါလဲ”
“ဘုရင်မင်းမြတ်က မိန်းကလေးကိုဆင့်ခေါ်လိုက်ပါတယ်။စူးမိန်းကလေး ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကလိုက်ခဲ့ပေးပါ”
မိန်းမစိုးလေးမှ လေးလေးစားစားပြန်ဖြေလာသည်။
ရှောက်ချီ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ဖြင့်ပြည့်နှက်လာ၏။
“ဘာရယ် ဘုရင်မင်းမြတ်ကဘာလို့ ရုတ်တရက်ကြီး နင့်ကိုတွေ့ချင်လာရတာလဲ”
“ဒီလိုကိစ္စမျိုးတစ်ခါမှ မကြားဖူးဘူး။ဒါမှမဟုတ် ခွန်နင်းနန်းတော်နဲ့ပတ်သက်နေတာများလား…..”
သူမသည်ထိုအတွေးအား ချက်ချင်းပယ်ချလိုက်သည်။
“မဟုတ်သေးပါဘူး မိဖုရားခေါင်ကြီးက နင့်ကိုဘာအပြစ်မှမတင်ဘူးလေ။တစ်ကယ်ကိုဘာတွေဖြစ်နေတာလဲ”
“စူးယွင် နင်..…”
ရှောက်ချီသည် စူးယွင်၏လက်မောင်းထက် သူမလက်တင်လိုက်ရာ သူမလက်ဖဝါးသည် ချွေးစေးများဖြင့်စိုရွှဲနေသည်အား စူးယွင် ခံစားမိလိုက်သည်။
စူးယွင်သည် ရှောက်ချီ၏လက်ဖမိုးအားစိတ်မပူစေရန် အသာပုတ်လိုက်သည်။
“စိတ်မပူပါနဲ့။ဘာကိစ္စလဲဆိုတာ ငါသွားကြည့်လိုက်မယ် ပြီးရင်မြန်မြန်ပြန်လာခဲ့မယ်”
သူမသည် မိန်းမစိုးဘက်သို့လှည့်ကာ
“ကျေးဇူးပြုပြီး လမ်းပြပေးပါ”
မိန်းမစိုးသည် အနည်းငယ်ဘေးတိမ်းလိုက်ပြီး ယဉ်ကျေးစွာဖြင့်အမူအရာပြလိုက်သည်။
“စူးမိန်းကလေး ဒီဘက်ကိုကြွပါ”