← Chapters

ထက်ရှသောဓားသွား၊ စူးရှသောမျက်ဝန်း

Vol. 1 Ch. 2

ထက်ရှသောဓားသွား၊ စူးရှသောမျက်ဝန်း

Vol. 1 Ch. 2

ရှန်းချန်ကော၏မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သတင်းအချက်အလက်ပေါင်းများစွာသည် သူ၏ ဦးနှောက်အတွင်းသို့ စီးဆင်းဝင်ရောက်လာသည်။

ကြီးကျယ်ခမ်းနားသော စာမျက်နှာသစ်တစ်ခုကို လှန်လိုက်သကဲ့သို့ပင်...။

၎င်းသည် ဓားသိုင်းလမ်းစဉ်သို့ လျှောက်လှမ်းရန်အတွက် တံခါးပေါက်အသစ်တစ်ခု ပွင့်သွားခြင်းပင်။

'ကောင်းကင်ဘုံဓားကျမ်း...'

'ဓားစီးနင်းခြင်းကဏ္ဍ...'

ရှန်းချန်ကော အိပ်မက်မက်နေသလို ခံစားလိုက်ရသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ကောင်းကင်ဘုံဓားဂိုဏ်းသည် ကမ္ဘာ့ရှေ့တန်းမျက်နှာစာမှ နေရာယူခဲ့ရသည့် အခြေအနေသို့ ကျရောက်ခဲ့ရသည်။

ထိုစဉ်က ဂိုဏ်းချုပ်ကြီး ပိုင်ဆိုင်ထားသည်မှာ ကောင်းကင်ဘုံဓားကျမ်း၏ မပြည့်စုံသော အပိုင်းအစတစ်ခုဖြစ်သည့် 'ဓားစီးနင်းခြင်းကဏ္ဍ' သာ ဖြစ်ပုံရသည်။

သို့သော် ထိုမပြည့်စုံသော ကျမ်းစာအုပ် အပိုင်းအစလေးဖြင့်ပင် ရန်သူအပေါင်း၏ ဝိုင်းဝန်းသတ်ဖြတ်မှုကြားမှ ကောင်းကင်ဘုံဓားဂိုဏ်း မပျောက်ကွယ်အောင် ထိန်းထားနိုင်ခဲ့ပေသည်။

ထိုစဉ်က 'ကောင်းကင်ဘုံဓားကျမ်း - ဓားစီးနင်းခြင်းကဏ္ဍ' သည် ကျင့်ကြံခြင်းလောက၏ နှစ်ပေါင်း (၃၀၀၀) သမိုင်းတစ်လျှောက် တိုက်ခိုက်ရေးကျင့်စဉ်၏အထွတ်အထိပ်ကို ကိုယ်စားပြုခဲ့ကြောင်း ပြောစမှတ်ပြုကြဆဲဖြစ်သည်။

ကြည့်ရသည်မှာ ယခုအချိန်အထိ ထိုအဘိုးကြီး ဂိုဏ်းချုပ်ထံတွင် ဓားကျမ်း၏သေးငယ်သော အပိုင်းအစလေးတစ်ခုသာ ရှိပြီး၊ ထိုအရာကိုပင် သူ့အသက်ကဲ့သို့ ကာကွယ်စောင့်ရှောက်ထားခဲ့ပုံရသည်။

ရှန်းချန်ကောက ထိုကျမ်းကို စိတ်ဝင်စားကြောင်း ပြသခဲ့ဖူးသော်လည်း အဘိုးကြီးက လုံးဝမပေးခဲ့ချေ။

ရှန်းချန်ကော၏ ပါရမီမှာ သာမန်သာဖြစ်ပြီး ကောင်းကင်ဘုံဓားကျမ်း၏ ရှုပ်ထွေးနက်နဲမှုများကို ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း၊ ဇွတ်အတင်း လေ့ကျင့်ပါက သူ့တတိယစီနီယာအစ်ကိုကဲ့သို့ ရူးသွပ်သွားလိမ့်မည်ဖြစ်ကြောင်း အကြောင်းပြခဲ့သည်။

'သောက်ရေးမပါတာ...'

'ငါ့ရဲ့ ပါရမီအဆင့်အတန်းက ပြိုင်ဘက်ကင်းကွ... ဒီအဘိုးကြီး ငါ့ကို လိမ်နေတာ သေချာတယ်...'

သို့သော် ယခုမူ...

သူသည် 'ဓားစီးနင်းခြင်းကဏ္ဍ' တစ်ခုလုံးကို အပြည့်အစုံ ရရှိထားပြီဖြစ်သည်။

အင်း...

ဓားစီးနင်းခြင်းကဏ္ဍသာမက ဤကျမ်း၏အတွဲ (၃) တွဲစလုံးကို အဆင့် (၁)၊ အဆင့် (၂)၊ အဆင့် (၃) ဟူ၍ ခွဲခြားထားခြင်း မရှိပေ။

ကောင်းကင်ဘုံဓားကျမ်း၏ အတွဲ (၃) တွဲစလုံးကို တစ်ပြိုင်နက်တည်း လေ့ကျင့်နိုင်လေသည်။

ဤသည်မှာ ဓားသိုင်းကျင့်စဉ် တည်ဆောက်ပုံနှင့် သက်ဆိုင်နေသည်။

ဓားသိုင်းကျင့်စဉ်ကို ပုံစံသုံးမျိုး ခွဲခြားထားသည်။

၁- ဓားစီးနင်းခြင်း

၂- ဓားကွက်ဖော်ခြင်း

၃- ဓားဖြင့်တိုက်ခိုက်ခြင်း

ဤဓားသိုင်းပုံစံသုံးမျိုးကို ကွဲပြားသော ဓားအမျိုးအစားများနှင့် ပေါင်းစပ်လိုက်သောအခါ မတူညီသော စွမ်းဆောင်ရည်သုံးမျိုးကို ရရှိစေသည်။

ဓားစီးနင်းခြင်းသည် ခရီးဝေးသို့ ပျံသန်းသွားလာနိုင်စေသည်။

ဓား‌ကွက်ဖော်ခြင်းသည် ထူးခြားဆန်းပြားသော ဟန်ပန်များကို ဖော်ဆောင်နိုင်စေသည်။

ဓားဖြင့်တိုက်ခိုက်ခြင်းသည် သတ်ဖြတ်နိုင်စွမ်းကို ပေးစွမ်းသည်။

ယေဘုယျအားဖြင့် ပြောရလျှင် 'ဓားစီးနင်းခြင်း' သည် နူးညံ့သိမ်မွေ့ပြီး တင့်တယ်သည်။

'ဓားကွက်ဖော်ခြင်း' သည် အလယ်အလတ်ရှိပြီး သိမ်မွေ့သော်လည်း ဖျက်ဆီးနိုင်စွမ်း မကင်းမဲ့ပေ။

'ဓားဖြင့်တိုက်ခိုက်ခြင်း' သည်ကား သတ်ဖြတ်ခြင်းကိုအလေးပေးပြီး ပြင်းထန်သော ပေါက်ကွဲအားဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုလေ့ရှိသည်။

ထို့ကြောင့် ရှေးယခင်က ဓားကျင့်ကြံသူများသည် ကျင့်ကြံခြင်းလောကသို့ ခရီးထွက်ရာတွင် ဓားသုံးလက်ကို ဆောင်ထားလေ့ရှိကြသည်။

ယခုအခါ ရှန်းချန်ကောသည် 'ကောင်းကင်ဘုံဓားကျမ်း - ဓားစီးနင်းခြင်းကဏ္ဍ'၏ ပြီးပြည့်စုံသော မူရင်းဗားရှင်းကို အမှန်တကယ် ပိုင်ဆိုင်လိုက်ပြီ ဖြစ်သည်။

ဒါဟာ...

'ထူးခြားတဲ့ နေရာ ကြောင့်ပဲ...'

လက်ရှိတွင် သူသည် ဓားသခင်ကျောက်ရုပ်တု၏ ရှေ့တည့်တည့်တွင် ရပ်နေသည်။

ယခင်က ကောင်းကင်ဘုံဓားဂိုဏ်း၏ ဓားသခင် 'ဟွမ်းထျန်းယန်' သည် ကောင်းကင်ဘုံဓားကျမ်းကို ရေးသားခဲ့သည်။

ရှန်းချန်ကောသည် ဤနေရာ၌ ချက်အင် ဝင်လိုက်သောအခါ ကောင်းကင်ဘုံဓားကျမ်း၏ ဓားစီးနင်းခြင်းကဏ္ဍကို ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုခဏ၌ ရှန်းချန်ကော တစ်စုံတစ်ခုကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်။

ချက်အင်စနစ်

'ဆိုလိုတာက... ငါသာ ထူးခြားတဲ့နေရာတစ်ခုမှာ ချက်အင် ဝင်လိုက်ရင် အဲဒီနေရာနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတစ်ခုခုကို ရမယ်ဆိုတဲ့ သဘောပဲ...'

သူ့ရင်ထဲရှိ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ပေ။

'ငါ့ခေတ် ရောက်လာပြီဟေ့...'

ထိုအချိန်တွင် မောဟိုက်နေသော ဂိုဏ်းချုပ်ကြီး ကျန်းစန်းကျန့်သည် တဖြည်းဖြည်း တည်ငြိမ်လာသည်။

ဓားသခင်ကျောက်ရုပ်တုအောက်တွင် ရပ်နေသော ရှန်းချန်ကောကို ကြည့်ရင်း၊ ထိုကောင်လေး သူ့ကို ပြန်လာမငြင်းခုံသည်ကို တွေ့ရသောအခါ အနည်းငယ် ထူးဆန်းနေမိသည်။

'ဒီကောင်လေး... တကယ်ပဲ မျှော်လင့်ချက်တွေ ကုန်ဆုံးသွားပြီလား...'

ကျန်းစန်းကျန့် သက်ပြင်းချလိုက်မိသည်။

သူ အနည်းငယ် စိတ်ပူသွား၏။

သူ့အရှိန်အဝါကို ထပ်ခါတလဲလဲ ထုတ်ဖော်ပြသရခြင်းမှာ မတတ်သာ၍ ဖြစ်သည်။

ဤကလေးများကို မျှော်လင့်ချက် ပေးချင်သောကြောင့်သာ။

အရုဏ်ဦးနှင့်သေခြင်းတရား မည်သည့်အရာက အရင်ရောက်လာမည်ကို မည်သူမျှ မသိနိုင်ကြပေ။

သူလုပ်ပေးနိုင်သည်မှာ ဤကလေးများ၏ ရင်ထဲ၌ မျှော်လင့်ချက် မီးတောက်ကို ဆက်လက်ရှင်သန်စေရန်သာ ဖြစ်သည်။

သို့မှသာ သူတို့သည် မျှော်လင့်ချက်ကင်းမဲ့နေသော အမှောင်မြူခိုးများကြားတွင် ဆက်လက်အသက်ရှင်နိုင်ကြပေမည်။

ထို့အတူ ဤအမှောင်မြူခိုးများက... အလွန်ထူးခြားဆန်းကြယ်လှသည်။

မြူခိုးများအတွင်းသို့ ဝင်ရောက်သွားပါက အတွင်းရှိ နတ်ဆိုးများ၏တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။

ထိုနတ်ဆိုးကို သတ်ဖြတ်လိုက်နိုင်မှသာ နတ်ဆိုးသွေးပြန့်ကျဲသွားသည့် နေရာတိုင်း၌ အမှောင်မြူခိုးများ ကွယ်ပျောက်သွားလေ့ရှိသည်။

ဗီဒီယိုဂိမ်းတစ်ခုတွင် မြေပုံအသစ် တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသကဲ့သို့ပင် ဖြစ်သည်။

လေ့ကျင့်ရေးကွင်းပြင်တစ်ခုသာ ကျန်ရှိတော့သည့် ကောင်းကင်ဘုံဓားဂိုဏ်း၏ဘေးထွက်အခွဲလေးတစ်ခုကို ယခုကဲ့သို့ အခြေအနေရောက်လာအောင် တည်ဆောက်နိုင်ရန်အတွက် သူ အသက်အသေခံလုနီးပါး ကြိုးစားခဲ့ရသည်။

သို့သော်...

နတ်ဆိုးများက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။

ထို့အပြင် ကောင်းကင်ဘုံဓားနယ်မြေ၏ အခြေအနေအရပ်ရပ်ကြောင့် မည်သည့်နေရာများတွင် အမှောင်မြူခိုးမဖုံးလွှမ်းသေးသနည်း၊ မည်မျှသောဂိုဏ်းများ အမှောင်ကျသွားပြီး နတ်ဆိုးများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီနည်း ဆိုသည်ကို မည်သူမျှ မသိရှိနိုင်ကြပေ။

ကျန်းစန်းကျန့်၏ အကြီးဆုံးတပည့်သည် အသုံးမကျသော ကောင်လေးဖြစ်နေသော်လည်း မည်သို့ပင်ဖြစ်စေ သူသည် ဂိုဏ်း၏ အကြီးဆုံးတပည့် ဖြစ်နေဆဲပင်။

ထို့ပြင် သူတို့ အတူတူရှိနေခဲ့သည်မှာ ကြာပြီဖြစ်၍ ကျန်းစန်းကျန့်သည် သူ့ကို ဒီအတိုင်း ပစ်ထားလိုက်ရန် မရက်စက်နိုင်ပေ။

သနားကရုဏာစိတ်ကြောင့် သူသည် ရှန်းချန်ကောကို နှစ်သိမ့်ပေးရန် လက်ကို ဆန့်ထုတ်လိုက်သည်။

သို့သော် ရလဒ်အနေဖြင့် ရှန်းချန်ကော၏ ပခုံးများ တုန်ခါသွားပြီး ကျန်းစန်းကျန့်၏ လက်ကို ပုတ်ထုတ်လိုက်သည်။

သူသည် ခေါင်းမော့၊ ရင်ကော့ကာ တောက်ပသော မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်သည်။

ကျန်းစန်းကျန့် ကြောင်အသွားသည်။

ဘယ်လောက်တောင် ပုန်ကန်လိုစိတ်ပြင်းပြပြီး မောက်မာဝင့်ကြွားလိုက်တဲ့ မျက်လုံးတွေလဲ...။

သူ့မျက်လုံးတွေထဲမှာ ဘာကြောင့် ဒီလိုခံစားချက်မျိုးတွေ ပေါ်နေရတာလဲ။

သူက 'ထိုးသွင်းသိမြင်ခြင်းအဆင့်' အထွတ်အထိပ်မှာ တန့်နေတဲ့ အသုံးမကျတဲ့ကောင်လေးပဲ မဟုတ်လား...

ထိုအခိုက်အတန့်တွင် သူ၏အကြီးဆုံးတပည့်သည် အနည်းငယ် ပြောင်းလဲသွားသလို ကျန်းစန်းကျန့် ခံစားလိုက်ရသည်။

ထိုအထင်သေးစရာကောင်းသော မျက်လုံးများက ဘာသဘောလဲ။

"မထိနဲ့..."

ရှန်းချန်ကောက သူ့ကို ဂရုမစိုက်သလို ကြည့်လိုက်ပြီး "ထက်ရှသော ဓားသွား၊ စူးရှသော မျက်ဝန်း" ဟူသော စကားကို ရေရွတ်လျက် ပုန်ကန်လိုစိတ်နှင့် မောက်မာမှုများ အပြည့်ပါသော မျက်နှာထားဖြင့် လှမ်းထွက်သွားလေသည်။

ရှန်းချန်ကော ထွက်ခွာသွားရာတွင် ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့သော ကျန်းစန်းကျန့်သာ ကျန်ခဲ့၏။

"ဒီကောင်လေး... ရူးချင်နေတာလား..."

...

"မိဘနှစ်ပါးလုံးဆုံးပါး၊ ပိုင်ဆိုင်မှု ဘာမှမရှိ၊ စနစ် နိုးထလာ၊ ပြိုင်ဘက်ကင်းတဲ့ ဉာဏ်ရည်... ဒါ လုံးဝ SSR အဆင့် အချိန်ခရီးသွားပက်ကေ့ချ် ပဲ။ ငါ့ရဲ့ကောင်းကင်ဆန့်ကျင်မဲ့လမ်းကို ဘယ်သူမှ တားဆီးလို့မရတော့ဘူး မဟုတ်လား..."

ရှန်းချန်ကောသည် ကောင်းကင်တောင်ထွတ် ပေါ်တွင် တစ်ယောက်တည်း ရပ်နေသည်။

သူ၏မျက်လုံးများမှာ လွန်ခဲ့သော သုံးနှစ်က ဂိုဏ်း၏အကြီးဆုံးတပည့် စဖြစ်ကာစ အချိန်ကကဲ့သို့ ထက်ရှနေသည်။

တိမ်တိုက်များကိုပင် ထိုးဖောက်နိုင်စွမ်း ရှိသည့်အလားပင်။

ထင်ရှားပြတ်သားသော မျက်နှာသွင်ပြင်၊ စူးရှသော မျက်ခုံးနှင့် မျက်ဝန်းများ၊ မြင့်မားချွန်ထက်သော နှာတံ၊သန်မာထွားကျိုင်းသော်လည်း ကျက်သရေရှိမှုတစ်မျိုး စွန်းထင်းနေသည်။

ရှန်းချန်ကော၏ ရုပ်ရည်မှာ အလွန်ပင် ချောမောခန့်ညားလှသည်။

ဤနေရာမှနေ၍ ကောင်းကင်ဘုံဓားဂိုဏ်း တစ်ခုလုံးကို စီးမိုးကြည့်ရှုနိုင်သည်။

ကျန်းစန်းကျန့်၏ မလျော့သော ဇွဲလုံ့လဖြင့် ကြိုးစားမှုများကြောင့် ယခုအချိန်တွင် ကောင်းကင်ဘုံဓားဂိုဏ်း၌ သေးငယ်သော လေ့ကျင့်ရေးကွင်းပြင်တစ်ခုနှင့် ကောင်းကင်တောင်ထွတ်တို့ကို ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်သည်။

ထို့အပြင် တစ်ချိန်က လူသူကင်းမဲ့ခဲ့သော မြေကွက်လပ်တွင် တပည့်များအတွက် နေအိမ်များကိုလည်း ဆောက်လုပ်ထားသည်။

တပည့်ဦးရေ တစ်ရာနီးပါး ရှိလေသည်။

ကောင်းကင်ဘုံဓားဂိုဏ်းတွင် တစ်ချိန်က ကျော်ကြားသော ရှေးဟောင်းအမွေအနှစ်များစွာ ရှိခဲ့သော်လည်း ယခုအခါ ၎င်းတို့အားလုံးသည် ခေါင်းနားပန်းကြီးစရာကောင်းသော အမှောင်မြူခိုးများအောက်တွင် မြှုပ်နှံခြင်း ခံထားရပြီဖြစ်သည်။

ရှန်းချန်ကော အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ့မျက်လုံးများတွင် သနားဂရုဏာရိပ်များ ပေါ်လွင်နေသည်။

'ငါ သူတို့ကို ကယ်တင်သင့်သလား...'

'ဒီ ပုရွက်ဆိတ်လေးတွေကို...'

"စီနီယာအစ်ကိုကြီး ရူးပြန်ပြီ..."

"ထူးဆန်းတယ်... သူ ဂျူနီယာညီလေးကို ရိုက်နှက်ပြီးကတည်းက အဲဒီပေါ်တက်ပြီး သူလုပ်ချင်တာတွေ လုပ်နေတာ ကြာပြီ။ ဒီနေ့ ဘာဖြစ်နေတာလဲ။ စီနီယာအစ်ကိုကြီးက ဟိုတုန်းက ခံစားချက်မျိုး ပြန်ရနေတာလား..."

ကောင်းကင်ဘုံဓားဂိုဏ်းမှ တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် မေးခွန်းထုတ်နေမိကြသည်။

...

"စကြစို့..." ရှန်းချန်ကောသည် အထီးကျန် တောင်ထွတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း လည်ချောင်းသံနက်ကြီးဖြင့် ရေရွတ်လိုက်သည်။

"ငါ့ရဲ့ ဓားသိုင်းလမ်းစဉ်ခရီး စတင်တော့မယ်..."

"ငါက အမှောင်မြူခေတ်ရဲ့ နောက်ဆုံးသော ဓားသူတော်စင် ဖြစ်လာရမယ်..."

"ငါ့ရဲ့ ဓားပေါ်မှာ ရပ်တည်ပြီး ဒီကမ္ဘာလောကရဲ့ အစွန်းတစ်ဖက်ဆီသို့ တစ်ဦးတည်းသော ဓားသူတော်စင်အဖြစ် ပျံသန်းသွားမယ်"

ရုတ်တရက်...

ရှန်းချန်ကော အော်ဟစ်လိုက်ပြီး သတိလစ် မေ့မြောသွားလေသည်။

"စီနီယာအစ်ကိုကြီး မေ့လဲသွားတာလား..."

"သူပြောတဲ့ စကားတွေကြောင့် သူကိုယ်တိုင် စိတ်လှုပ်ရှားပြီး ဖြစ်သွားတာ နေမှာပါ။ စီနီယာအစ်ကိုကြီးက ဒီရက်ပိုင်း နည်းနည်း ဂေါက်နေတာလေ။ သူ အဆင်ပြေသွားမှာပါ..."

တပည့်များကတော့ ရိုးနေကြပြီ ဖြစ်သည်။

သူတို့၏စီနီယာအစ်ကိုကြီးသည် တောင်ပေါ်ရောက်လျှင် သူတို့ဆရာနည်းတူ အနည်းငယ် ရူးကြောင်ကြောင် ဖြစ်တတ်သည်။

သူတို့နှစ်ယောက်က ပုံစံခွက်တစ်ခုတည်းက ထွက်လာသလို တူလွန်းလှသည်။

တစ်နာရီခန့် ကြာပြီးနောက်... ရှန်းချန်ကော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ဂုဏ်သရေရှိ ဂိုဏ်းကြီး၏ အကြီးဆုံးတပည့်သည် အထီးကျန်တောင်ထွတ်ပေါ်တွင် ထိုင်လျက်သားဖြင့် တစ်နာရီကြာအောင် မေ့လဲနေခဲ့သည်။

လူတစ်ရာနီးပါး၏မျက်စိအောက်တွင် ဖြစ်ပျက်ခဲ့သော်လည်း မည်သူကမျှ သူ့ကို ဂရုမစိုက်ကြပေ။

ရှန်းချန်ကော လူအုပ်ကြီးကို နာကြည်းစွာဖြင့် ငုံ့ကြည့်လိုက်သည်။

"ပုရွက်ဆိတ်ကလေးတွေ..."

"မင်းတို့ကောင်တွေ အကုန်သေလိုက်တာမှ ပိုကောင်းမယ်..."

သူ ကောင်းကင်ဘုံဓားကျမ်းကို အမှန်တကယ် ရရှိခဲ့သည်မှာ မှန်ပါသည်။

သို့သော်...

'သောက်ကျိုးနည်း... ရှုပ်ထွေးလွန်းပြီး ခက်ခဲလိုက်တာကွာ...'

ကျမ်းစာ၏ အကြောင်းအရာများသည် အဆုံးအစမဲ့ သမုဒ္ဒရာကြီးကဲ့သို့ ကျယ်ပြန့်ပြီး နက်နဲလွန်းလှသဖြင့် နားလည်သဘောပေါက်ရန် အလွန်ခက်ခဲပေသည်။

'ငါ... ငါ လုံးဝ နားမလည်နိုင်ဘူး...'

'အဲဒီအဘိုးကြီး ငါ့အကြောင်း ပြောတာ မှန်နေတာလား...'

'ငါ့ရဲ့ ပါရမီအဆင့်အတန်းနဲ့ ကောင်းကင်ဘုံဓားကျမ်းကို လုံးဝ ကျင့်ကြံလို့မရတာလား။ ငါ ရူးသွပ်သွားမှာ စိုးလို့ အဘိုးကြီးက မပြည့်စုံတဲ့ ကျမ်းစာအုပ်ကိုတောင် မပေးချင်တာ အမှန်ပဲလား...'

'ဒါက သောက်ကျိုးနည်းကွာ...'

ဒါက လေလည်လိုက်တာ မစင်ပါထွက်လာပြီး လက်ထဲမှာ အိမ်သာသုံးစက္ကူမရှိသလို ခံစားချက်မျိုးပဲ...

စိတ်ဆင်းရဲလိုက်တာ...

ရတနာသိုက်က စိုစွတ်နက်ရှိုင်းတဲ့ လိုဏ်ဂူရဲ့အဆုံးမှာ ရှိနေမှန်း သိရက်နဲ့ ဝင်လိုက်ထွက်လိုက် လုပ်နေရင်း ကိုယ့်မှာက လက်တံမမီနိုင်မှန်း သိလိုက်ရသလိုမျိုးပဲ...

'သောက်ကျိုးနည်းကွာ...'

'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...'

'ငါ အခု ဘာလုပ်သင့်သလဲ။ ငါ့ရဲ့ ချက်အင်စနစ် ကြီးက ဒီလိုပဲ အလဟဿ ဖြစ်သွားတော့မှာလား။ ငါ့ရဲ့ အထူးခွင့်ရေးအတွေ့ကြုံကတ် ကြီးက... ဒီလောက် မြန်မြန် ကုန်ဆုံးသွားပြီလား...'

"စီနီယာအစ်ကိုကြီး... အဆင်ပြေရဲ့လား" ထိုအချိန်မှာပင်လေးစားသမှုရှိသော ဂျူနီယာညီလေးတစ်ယောက် စိုးရိမ်တကြီး ပြေးတက်လာသည်။

သူ့စီနီယာအစ်ကိုကြီး တောင်ထွတ်ပေါ်မှာ မေ့လဲသွားတယ်လို့ တစ်ယောက်ယောက်က လာပြောတာကိုး။

သတင်းကြားကြားချင်း သူ လုပ်လက်စ အလုပ်တွေကို ပစ်ချထားခဲ့ပြီး ပြေးလာခဲ့ခြင်း ဖြစ်သည်။

ဒါပေမဲ့...

ဘာလို့ စီနီယာအစ်ကိုကြီးက နိုးနေရတာလဲ။

ဘယ်သူက ကောလာဟလတွေ လိုက်လွှင့်နေတာလဲ။

သူ အလကား သက်သက်အညာမိသွားတာပဲ။

ဂျူနီယာညီလေး၏မျက်နှာထားမှာ သိပ်မကောင်းလှချေ။

ရှန်းချန်ကော ခေါင်းခါလိုက်ပြီး အလွန်နှိမ့်ချသော လေသံဖြင့် ပြောလိုက်သည်။

"ငါ အဆင်ပြေပါတယ်။ ဒီရက်ပိုင်း နည်းနည်း ပင်ပန်းနေလို့ပါ။ မင်း စိတ်ပူစရာ မလိုပါဘူး... နေပါဦး... မင်းကြည့်ရတာ ငါ့ကိုကြည့်ပြီး မပျော်မရွှင် ဖြစ်နေသလိုပါလား..."

All Chapters