← Chapters

ဇာတ်ပို့ဇာတ်ရန်များ၏ သေဆုံးခြင်း

Vol. 1 Ch. 4

ဇာတ်ပို့ဇာတ်ရန်များ၏ သေဆုံးခြင်း

Vol. 1 Ch. 4

တစ်ညလုံးလုံး... ရှန်းချန်ကောသည် သူ့အခန်းထဲရှိ ကုတင်ပေါ်တွင် မတ်မတ်ထိုင်နေခဲ့သည်။

ဤညက သူ့အတွက် ခက်ခဲသောည ဖြစ်ခဲ့သည်။

သူ အကြိမ်ပေါင်းများစွာ မေ့လဲသွားခဲ့သည်။

သူ့ဦးနှောက်ကြီး တစ်ခုလုံး ရှုပ်ထွေးနောက်ကျိနေသလို ခံစားရသည်။

ခေါင်းကိုက်လာသဖြင့် သူ့၏ဖွာလန်နေသော ဆံပင်များရှိခေါင်းကို ကုတ်နေမိသည်။

"ငါ တကယ်ပဲ ဒီ ကောင်းကင်ဘုံဓားကျမ်းကို လုံးဝ ကျင့်ကြံလို့မရတော့ဘူးလား..."

ရှန်းချန်ကော၏မျက်နှာထားသည် အလွန်ဆိုးရွားနေသည်။

တစ်ညလုံး အားထုတ်ခဲ့သော်လည်း သူနားလည်လိုက်သည်မှာ ပထမဆုံး စာကြောင်းနှစ်ကြောင်းမျှသာ ဖြစ်သည်။

'ဤအတတ်ပညာကို သင်ယူလိုပါက အနောက်ဘက်သို့ မျက်နှာမူထိုင်ပါ။ နံနက်ခင်း နှင်းစက်များနှင့် ဆည်းဆာရောင်ခြည်အောက်တွင် သင့်ဓားကို ဆွဲထုတ်ပြီး သင့်အရာကို ဖြတ်တောက်ပါ...'

သြော်... အရာကို ဖြတ်တောက်ရမှာ မဟုတ်ပါဘူးလေ...။

'သင်၏နတ်နန်းတော်ကို နှိုးဆွပါ' ဟု ဆိုလိုခြင်းပင်။

အမှန်တကယ်တော့ ဤဓားကျမ်းထဲမှ စာလုံးရေက သိပ်မများလှပေ။

သူ နားမလည်နိုင်သော နောက်ထပ် စာလုံးရေ (၁၄၉၈၈) လုံးမျှသာ ကျန်ရှိပါတော့သည်။

ကြက်တွန်သံ ထွက်ပေါ်လာသည်။

ရှန်းချန်ကောသည် သူ၏ထင်ရှားပြတ်သားပြီး တင့်တယ်သော မျက်နှာကို ပေါ့ပေါ့ပါးပါး သန့်စင်လိုက်သည်။

ထို့နောက် ဗီရိုထဲမှ ရတနာတစ်ခုနှယ် သိမ်းဆည်းထားသော အင်္ကျီဖြူအသစ်တစ်ထည်ကို ထုတ်ယူဝတ်ဆင်လိုက်ပြီး အင်္ကျီဟောင်းကို လျှော်ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။

လျှော်ခြင်းတောင်းသည် သူ၏ညစ်ပေနေသော အင်္ကျီဖြူများဖြင့် ပြည့်လျှံနေပြီ ဖြစ်သည်။

"ဂျူနီယာညီမလေးက ဘာလို့ ပြန်မရောက်သေးတာလဲ... မနေ့က ဂျူနီယာညီလေးတွေ ပြန်လာတုန်းက မေးလိုက်ရမှာ..."သူ တီးတိုးရေရွတ်ရင်း သက်ပြင်းချလိုက်မိသည်။

သူနှင့် ဂိုဏ်းသားများကြားရှိ ဆက်ဆံရေးမှာ ထိုအခိုက်အတန့်တွင် ကွက်ကွက်ကွင်းကွင်း ပေါ်လွင်နေပြီး အခြေအနေမှာ အလွန်စိုးရိမ်စရာ ကောင်းနေသည်။

သူ တံခါးကို တွန်းဖွင့်လိုက်သည်။

ရှားပါးသော ဧည့်သည်ကို ကြိုဆိုသည့်အလား နံနက်ခင်းလေပြေက သူ့ကို ဝိုင်းရံတိုက်ခတ်လာသည်။

နံနက်အစောကြီးတွင်ပင် ရှန်းချန်ကောသည် ဓားသခင်ကျောက်ရုပ်တုရှိရာသို့ ဦးတည်လျှောက်လှမ်းနေပြီ ဖြစ်သည်။

ဤအရာက ဒုတိယမြောက်ရက် ချက်အင် ဝင်ခြင်း ဖြစ်သည်။

ဒီနေ့ ဘာရမလဲ...။

နံနက်ခင်း နေရောင်ခြည်သည် ထူထဲသော အမှောင်မြူခိုးကန့်လန့်ကာကို မလျော့သော ဇွဲဖြင့် ထိုးဖောက်ဝင်ရောက်လာသည်။

ကုန်းမြေပြင်သည် အိပ်မက်နယ်မြေတစ်ခုကဲ့သို့ မပီဝိုးတဝါး ဖြစ်နေသည်။

နံနက်ခင်းဖြစ်သော်လည်း ကောင်းကင်ဘုံဓားဂိုဏ်းတွင် တပည့်များစွာ ရှိနေကြပြီ ဖြစ်သည်။

"စီနီယာအစ်ကိုကြီးလား... ငါ သရဲမြင်နေရတာလား... နတ်ဆိုးတစ်ကောင်က စီနီယာအစ်ကိုကြီးယောင်ဆောင်ပြီး ခိုးဝင်လာတာလား..."

"စီနီယာအစ်ကိုကြီးက နေမထွက်ခင် အပြင်ထွက်လာတယ် ဟုတ်လား..."

လမ်းတစ်လျှောက်တွင် တပည့်နှစ်ယောက်သည် ရှန်းချန်ကောကို ကြည့်ရင်း သူတို့၏မှုန်ဝါးဝါးမျက်လုံးများကို ပွတ်သပ်နေမိကြသည်။

သူတို့၏ ရှေ့မှောက်ရှိ ရှန်းချန်ကောသည် နတ်ဆိုးတစ်ကောင်က အသွင်ပြောင်းထားခြင်း ဟုတ်မဟုတ် သံသယဝင်ကာ အထူးသတိထား စောင့်ကြည့်နေကြသည်။

ရှန်းချန်ကောသည် ထိုသေမျိုးတို့၏ အကြည့်များကို ဂရုမစိုက်ပေ။

လက်နှစ်ဖက်ကို နောက်ပစ်လျက် ရှေ့တည့်တည့်သို့သာ လျှောက်လှမ်းသွားလိုက်သည်။

ထိုလူနှစ်ယောက်ကတော့ 'လဲ့စစ်ယွင်' နှင့် 'ကျောက်တာ့ရှန်း' တို့ ဖြစ်ကြသည်။

နာမည်ကို ကြည့်လိုက်ရုံဖြင့် ဇာတ်ပို့ဇာတ်ရန် များမှန်း သိသာနေသည်။

သူတို့အပေါ် အာရုံစိုက်နေစရာ အကြောင်းမရှိပေ။

ရှန်းချန်ကော မမျှော်လင့်ထားသည့် အရာတစ်ခုမှာ ကောင်းကင်ဘုံဓားဂိုဏ်းတွင် နံနက်ခင်းကြက်တွန်သံကို ကြားလိုက်ရခြင်းပင် ဖြစ်သည်။

ပုံမှန်အားဖြင့် သူက အသေကောင်လို အိပ်မောကျနေတတ်သဖြင့် မကြားဖူးခြင်းလည်း ဖြစ်နိုင်သည်။

ယနေ့ ကြားလိုက်ရသည့်အသံက သူ့ကို ထူးခြားသော ခံစားမှုမျိုး ပေးစွမ်းနေသည်။

အမှောင်မြူခိုးများ မကျရောက်မီကာလ၊ သွေးဆူနေသောလူငယ်လေးများ ကြက်တွန်သံကြားသည်နှင့် ထကာ ဓားကစားလေ့ကျင့်ကြသည့် အချိန်ကာလသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ (တကယ်တော့ အဲဒါတွေက သူနဲ့ ဘာမှမဆိုင်ပါဘူး)

သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်က ကျောက်ရုပ်တုကြီး တစ်ခုပင်။

ဓားသခင်သည် ဓားကိုကိုင်ဆောင်လျက် အဝေးသို့ မျှော်ကြည့်ကာ ကောင်းကင်ဘုံဓားဂိုဏ်းကို စောင့်ရှောက်နေသည့် အစောင့်အရှောက် နတ်ဘုရားတစ်ပါးအလား။

ဒါပေမဲ့ ဒီရုပ်တုက အသုံးမကျဘူးဆိုတာ ရှန်းချန်ကော သိနေသည်။

ဤအရာက အဘိုးကြီး ကျန်းစန်းကျန့် လူတွေကို ဖိအားပေးဖို့ သုံးတဲ့ ကိရိယာတစ်ခုသက်သက်သာ ဖြစ်သည်။

"ချက်အင်..."

[ ချက်အင်အောင်မြင်သည် +1 ]

[ကောင်းကင်ဘုံဓားသိုင်းကျမ်း-ဓားစီးနင်းခြင်း ကဏ္ဍ] မှ ၁၀ နှစ်စာ ကျင့်ကြံခြင်းအခြေခံကို ရရှိခဲ့သည်]

ရှန်းချန်ကော၏မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

ပြင်ပကမ္ဘာကြီးသည် ပုံမှန်အတိုင်း တည်ရှိနေသော်လည်း တစ်ခဏတာအတွင်းမှာပင် ရှန်းချန်ကောသည် တောင်ပေါ်တွင် (၁၀) နှစ်တာ ကုန်ဆုံးလိုက်ရသကဲ့သို့ နှစ်ကာလများ ကုန်ဆုံးသွားသည့် အရိပ်အယောင်များ သူ့မျက်လုံးထဲတွင် လက်ခနဲ ဖြတ်သန်းသွားသည်။

ဝုန်း...

သူ့စိတ်ထဲတွင် ကာလကြာရှည်စွာ ခေါက်နေခဲ့ရသော တံခါးကြီးတစ်ချပ် ရုတ်တရက် ပွင့်ဟသွားသကဲ့သို့ ခံစားလိုက်ရသည်။

ချက်ချင်းပင် ကောင်းကင်ဘုံဓားကျမ်းနှင့် ပတ်သက်ပြီး အသစ်စက်စက် နားလည်သဘောပေါက်မှုများကို ရရှိလိုက်လေသည်။

ဒုတိယမြောက်ရက် ချက်အင် ဝင်ခြင်းတွင်... ရှန်းချန်ကောသည် ကောင်းကင်ဘုံဓားကျမ်းနှင့် ပတ်သက်သော (၁၀) နှစ်စာ ကျင့်ကြံခြင်းအခြေခံကို ရရှိလိုက်ခြင်း ဖြစ်သည်။

၎င်းသည် ရှန်းချန်ကောကိုယ်တိုင် မစားမသောက် မအိပ်မနေ (၁၀) နှစ်တိတိ ကျင့်ကြံအားထုတ်မှုနှင့် ညီမျှပေသည်။

"(၁၀) နှစ်ကြာတာတောင် ငါက အခြေခံအဆင့်မှာပဲ ရှိသေးတာလား..."

ရှန်းချန်ကော၏မျက်နှာထားသည် အလွန်ဆိုးရွားနေသည်။

ဟုတ်ပါသည်။

(၁၀) နှစ်စာ ကျင့်ကြံခြင်းအခြေခံဖြင့် ရှန်းချန်ကော ရောက်ရှိနေသည်မှာ အခြေခံအဆင့် မျှသာ ဖြစ်သည်။

ဆိုလိုသည်မှာ ကောင်းကင်ဘုံဓားကျမ်း၏ ဓားစီးနင်းခြင်းကဏ္ဍကို အခုမှ စတင်နားလည်သဘောပေါက်ရုံသာ ရှိသေးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ရှန်းချန်ကော သက်ပြင်းချလိုက်သည်။

"နတ်ဘုရားက တံခါးတစ်ချပ်ကို ဖွင့်ပေးလိုက်ရင် နောက်တစ်ချပ်ကိုတော့ အမြဲတမ်း ပိတ်ထားတတ်တာပဲ..."

သူ့စိတ်ဓာတ်ကတော့ အပြုသဘောဆောင်နေဆဲပင်။

သူသည် နောက်တစ်ကြိမ် လေ့ကျင့်ရေးကွင်းပြင်သို့ လျှောက်သွားလိုက်သည်။

"စီနီယာအစ်ကိုကြီး အိပ်ရာထတာ မှားနေသလား..."

"သူ လေ့ကျင့်ရေးကွင်းပြင်ကို ထပ်ရောက်လာပြန်ပြီ... ဒီလောက် စောစောစီးစီးကြီးလေ..."

"သောက်ကျိုးနည်း... အဲဒါ တကယ်ပဲ နတ်ဆိုးတစ်ကောင် ဖြစ်နေတာလား..."

တပည့်အချို့သည် အံ့ဩသင့်နေသော မျက်လုံးများဖြင့် အချင်းချင်း ကြည့်နေကြသည်။

ရှန်းချန်ကောက သူတို့ကို ဂရုမစိုက်ဘဲ လေ့ကျင့်ရေးကွင်းပြင်၌ ရပ်လိုက်သည်။

(မှတ်ချက် - မူရင်းစာသားမှာ Training Ground မှာ Check-in ဝင်ဖို့သွားပေမဲ့ စာရေးသူက ဓားသခင်ရုပ်တုအောက်မှာလို့ မှားယွင်းရေးထားပုံရတယ်။ဒါပေမဲ့ Training Ground မှာ Check-in ဝင်တာလို့ ပြောင်းလည်းဖော်ပြထားပါတယ်။)

"ချက်အင်..."

[ လေ့ကျင့်ရေးကွင်းပြင် +1 ]

[ (၅)နှစ်တာ ကျင့်ကြံခြင်းအခြေခံရရှိခဲ့သည် ]

ရှန်းချန်ကော ကျေနပ်သွားသည်။

ချက်ချင်းပင် သူ့၏ကျင့်ကြံခြင်းအခြေခံသည် 'ဉာဏ်အလင်းပွင့်ခြင်း'အဆင့်၏အလယ်အလတ် သို့ တက်လှမ်းသွားလေသည်။

သူထင်ထားသည့်အတိုင်းပင်။

ချက်အင်ဝင်လေလေ ဆုလဒ်များများ ရလေလေ ဖြစ်သည်။

ဒုတိယမြောက်နေ့ ချက်အင် ဝင်ခြင်းများက သူ့ကို ကောင်းကင်ဘုံဓားကျမ်း အခြေခံအဆင့်နှင့် ဉာဏ်အလင်းပွင့်ခြင်းအဆင့် အလယ်အလတ် သို့ ရောက်ရှိစေခဲ့သည်။

စိတ်ဝင်စားစရာပဲ...။

အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ...။

တခြားသူများ၏ထူးဆန်းသော အကြည့်များကို ဂရုမစိုက်ဘဲ ရှန်းချန်ကောသည် ကျွမ်းကျင်သူကြီးတစ်ဦးအလား လက်ကို နောက်ပစ်လျက် ထွက်ခွာသွားလေသည်။

ကောင်းကင်ဘုံဓားကျမ်း - ဓားစီးနင်းခြင်းကဏ္ဍ (အခြေခံအဆင့်)... ယင်းကို 'နိုးထခြင်း' ဟုလည်း ခေါ်ဆိုကြသည်။

သူ့အခန်းသို့ ပြန်ရောက်သောအခါ ရှန်းချန်ကောသည် ကုတင်ပျဉ်ပြားကို အမြန်မလျက် အောက်မှဓားသုံးလက်ကို ထုတ်ယူလိုက်သည်။

ဤအရာတွေက သူ့ဓားများ ဖြစ်သည်။

သူ ဤကမ္ဘာသို့ စတင်ရောက်ရှိချိန်က ရှန်းမိသားစု၏များပြားလှသော စည်းစိမ်ဥစ္စာများဖြင့် ဝယ်ယူထားခဲ့သော ဓားများ ဖြစ်သည်။

စီးနင်းခြင်းဓား အတွက် - လေပြေ

ဓားကွက်ဖော်ခြင်း အတွက် - နေဝန်းနီ

တိုက်ခိုက်ခြင်းဓား အတွက် - ကောင်းကင်အလင်း

နာမည်များကတော့ လွန်စွာကြီးကျယ်ခမ်းနားပုံ ပေါက်နေသော်လည်း ထိုဓားများသည် 'စွမ်းအင်စုဆောင်းခြင်းအဆင့်' သာ ရှိသည်။

စွမ်းအင်စုဆောင်းခြင်းအဆင့် ဓားများသည် အနိမ့်ဆုံးအဆင့် ဖြစ်သည်။

၎င်းတို့အထက်တွင် 'မူလစိတ်ဝိညာဉ်အဆင့်' နှင့် 'ဘုရင်အဆင့်' ဓားများ ရှိကြသည်။

အဆင့်နိမ့်သည် ဆိုသော်လည်း သေမျိုးကမ္ဘာတွင် ရရှိရန် အလွန်ခက်ခဲလှသည်။

ဒါက ရှန်းမိသားစု၏ကြွယ်ဝချမ်းသာမှုကို သက်သေပြနေခြင်းလည်း ဖြစ်သည်။

သူသည် 'လေညင်း' ဓားကို ကောက်ယူလိုက်ပြီး စိတ်အာရုံကို စူးစိုက်လိုက်သည်။

ရွှစ်...

သူ့ရှေ့ရှိ 'လေပြေ' ဓားသည် ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာပြီးထက်ရှလှသည်။

ရှန်းချန်ကော ဓားကို အနည်းငယ် မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ဘုံဓားကျမ်း၏ ဓားစီးနင်းခြင်းကဏ္ဍသည် သူ့စိတ်ထဲတွင် စတင်လည်ပတ်လာလေသည်။

'လေပြေ' ဓားသည် လေထဲတွင် တန်းလန်းကြီး ပျံဝဲနေ၏။

ရှန်းချန်ကော၏ စိတ်အလိုအတိုင်း ရှေ့နောက် ရွေ့လျားနေသည်။

သူသည် ဓားကို လက်ထဲတွင် ကိုင်ထားသကဲ့သို့ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

"သာမန် ဓားစီးနင်းခြင်းနည်းစနစ်တွေနဲ့လည်း ဒီလိုလုပ်လို့ရတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီလောက် ပေါ့ပါးသွက်လက်မှာ မဟုတ်ဘူး။ ပြီးတော့ ဓားထဲမှာ ပါဝင်နေတဲ့ ကြောက်မက်ဖွယ် စွမ်းအင်တွေက သာမန်နည်းစနစ်တွေနဲ့ ယှဉ်လို့မရတာ သေချာတယ်..."

ရှန်းချန်ကော တွေးမိလိုက်သည်။

ကောင်းကင်ဘုံဓားကျမ်းသည် ဓားစီးနင်းခြင်းကဏ္ဍ သက်သက်သာ ဖြစ်သော်လည်း အခြားသော ဓားသိုင်းပညာများထက် များစွာ သာလွန်နေသည်။

"နောက်ကျရင် 'တိုက်ခိုက်ခြင်းဓားကဏ္ဍ ' ကိုပါ ရရင် ကောင်းမှာပဲ။ ဂိုဏ်းတည်ထောင်သူ ဆရာသခင် ဟွင်းထျန်းယန်က ဓားသိုင်းတစ်ကွက်တည်းနဲ့ ကျင့်ကြံခြင်းလောကမှာ နတ်ဘုရားတစ်ပါးလို အတင်စားခံခဲ့ရပြီး နှစ်(၃၀၀၀) လုံးလုံး တိုက်ခိုက်ရေးကျင့်စဉ်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တယ်လို့ ကြားဖူးတယ်..."

ရှန်းချန်ကော သက်ပြင်းချလိုက်မိသည်။

ချက်အင်စနစ် ရှိနေသမျှ သူ တိတ်တဆိတ် ချက်အင် ဝင်နေရုံဖြင့် လူတိုင်းကို အံ့အားသင့်သွားအောင် လုပ်နိုင်ပေလိမ့်မည်။

ရှန်းချန်ကောအတွက်မူ ကျင့်ကြံအားထုတ်နေစရာပင် မလိုတော့ပုံရသည်။

ချက်အင် ဝင်လိုက်ရုံဖြင့် ကျင့်ကြံခြင်းအခြေခံများကို ရရှိနိုင်သည် မဟုတ်ပါလော။

တိုးပွားလာသော ပမာဏများကလည်း (၈) နှစ်၊ (၁၀) နှစ် စသည်ဖြင့် ဖြစ်သည်။

ရိုးရိုးသားသား ပြောရလျှင် ရှန်းချန်ကော၏ အခြေအနေမျိုးတွင် သူသာတင်ပျဉ်ခွေထိုင်ပြီး တစ်နေ့ကုန် ကျင့်ကြံအားထုတ်နေလျှင်တောင် ရလာမည့် တိုးတက်မှုက ရေပုံးထဲ ရေတစ်စက်ကျသလောက်သာ ရှိပေလိမ့်မည်။

"ငါ့ပါရမီက ပြိုင်ဘက်ကင်းပြီး အရှိန်အဟုန်နဲ့ ကျင့်ကြံနိုင်ရင်တော့ ကောင်းတာပေါ့ကွာ..."

"ဒါပေမဲ့ ငါ့လို ပုပ်သိုးနေတဲ့ ကြက်ဥတစ်လုံးအတွက်ကတော့ တိတ်တဆိတ် ချက်အင် ဝင်တာကပဲ အကောင်းဆုံးပါလေ..."

ပြောပြီးသည်နှင့် ရှန်းချန်ကော ကုတင်ပေါ်တွင် လှဲချလိုက်သည်။

ဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

...

နေမြင့်လာလေပြီ။

ရှန်းချန်ကော ဝါးတားတားဖြင့် အိပ်ရာမှ နိုးလာသည်။

အပြင်ဘက်မှ ဆူညံသံများကို ကြားရသဖြင့် ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်သည်။

"လဲ့စစ်ယွင်နဲ့ ကျောက်တာ့ရှန်း သေသွားပြီတဲ့..."

ရှန်းချန်ကော ခေတ္တမျှကြောင်အသွားသည်။

ဟို ဇာတ်ပို့ဇာတ်ရန် နှစ်ကောင်... ဒီလောက် မြန်မြန် သေသွားကြပြီလား...။ မြန်လွန်းမနေဘူးလား...။

ရှန်းချန်ကော မထိန်းနိုင်ဘဲ တုန်လှုပ်သွားသည်။

ဓားဂိုဏ်းထဲမှ လူတစ်ယောက် သေဆုံးသွားခြင်းက နတ်ဆိုးများ သူတို့ကြားထဲသို့ စိမ့်ဝင်ရောက်ရှိနေပြီဟု ဆိုလိုခြင်း ဖြစ်သည်။

ကောင်းကင်ဘုံဓားဂိုဏ်း လုံခြုံမှု မရှိတော့ပေ။

ဒီလိုဆို မဖြစ်သေးဘူး။

ရှန်းချန်ကောသည် ယခင်က နေ့တိုင်းလိုလို သေတမ်းစာရေးပြီး မျက်နှာသစ်ခဲ့ရသူ ဖြစ်သော်လည်း ယခုလို စနစ်မျိုးကို ရရှိထားပြီးမှတော့ ဘယ်သူက သေချင်ပါ့မလဲ။

'တစ်နေ့ကျရင်... ငါ ဒီအမှောင်မြူခိုးတွေကြားထဲကနေ တိုက်ခိုက်ထွက်ခွာသွားမယ်...'

'အမှောင်မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ ရှေးဟောင်းအမွေအနှစ်နေရာတွေ အများကြီး ရှိသေးတယ်။ အဲဒီနေရာတွေကို ငါ ပြန်လည်ဖော်ထုတ်ပြီး ချက်အင်နေရာတွေအဖြစ် သတ်မှတ်ပစ်မယ်...'

'ငါ့ဆီကို နတ်ဆိုးတွေ လာရဲရင်... အကုန် သတ်ပစ်လိုက်မယ်...'

All Chapters