ရှိမနေသော ကြက်ဖ
Vol. 1 Ch. 6
တတိယမြောက်နေ့
နံနက်စောစော ကြက်တွန်သံသည် ရှန်းချန်ကောကို အိပ်နေရာမှ ရုတ်တရက် နိုးထသွားစေသည်။
"ငါ အိပ်မက်ဆိုး မက်နေတာလား..."
မဟုတ်သေးဘူး...။
အရင်တုန်းကဆို ငါ့ကို ကုတင်ပေါ်ကနေ ဘယ်အရာကမှ နှိုးနိုင်ခဲ့တာ မဟုတ်ဘူး။
ရှန်းချန်ကော၏မျက်နှာပေါ်တွင် သံသယများ ပေါ်လာသည်။
သူ သတိလက်လွတ်ဖြင့် နားနောက်ဘက်ကို စမ်းကြည့်လိုက်ရာ အသားအရေများ တွန့်လိမ်နေသလို ခံစားလိုက်ရသည်။
'ထူးဆန်းလိုက်တာ...'
သူသည် ကုတင်ရှေ့တွင် တမင်တကာ ထားရှိထားသော မှန်ရှေ့ လျှောက်သွားသည်။
သူ၏ခန့်ညားသော မျက်နှာကို ခဏတာ ရှုစားပြီးနောက် ခေါင်းကို အနည်းငယ်စောင်းလိုက်သောအခါ မြင်လိုက်ရသည့် အရာက သူ့မျက်ဝန်းများကို ကျုံ့သွားစေသည်။
၎င်းသည် ကလေးငယ်တစ်ဦး၏လက်ဝါးရာအရွယ်ခန့်ရှိသော သေးငယ်သည့် မီးခိုးရောင် လက်ဝါးရာတစ်ခု ဖြစ်သည်။
အလွန်ထူးဆန်းနေသည်။
သူ ကျောရိုးများအထိ အေးစက်သွားသည်။
နတ်ဆိုး...
ဘယ်တုန်းက...
ထိုအချိန်တွင် ရှန်းချန်ကောသည် ရေထဲတွင် နှစ်မြုပ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
အေးစက်မှုသည် ဒူးများမှ စတင်ကာ ခေါင်းအထိ တက်လာပြီး သူ့ဦးနှောက်ထဲတွင် အရှိန်အဟုန်ဖြင့် လည်ပတ်သွားသည်။
သူ နှစ်ပေါင်းများစွာ ပျင်းရိခဲ့သော်လည်း နတ်ဆိုးများအကြောင်းကိုတော့ မကြာခဏ ကြားဖူးသည်။
သူ ဘယ်တုန်းက နတ်ဆိုး၏ ပစ်မှတ်ဖြစ်သွားခဲ့တာလဲ။
မနေ့ကအထိတော့ လုံးဝ ဒီလိုအခြေအနေမျိုး မရှိပါဘူး။
ဒါပေမဲ့ မနေ့က...
သူ ဓားသခင်ကျောက်ရုပ်တု၊ လေ့ကျင့်ရေးကွင်းပြင်နဲ့ အဘိုးကြီးဆီပဲ သွားခဲ့တာ။
မည်သို့ပင်ဖြစ်စေ ပြဿနာ၏အရင်းအမြစ်ကို အမြန်ဆုံး ရှာဖွေရမည်။
ဤအရာသည် ဝိညာဉ်ရိတ်သိမ်းသူတစ်ဦးကဲ့သို့ပင်။
"ချက်အင် အရင်ဝင်ရမယ်..."
ရှန်းချန်ကောသည် မနေ့ကကဲ့သို့ပင် အိမ်ထဲက ထွက်လာခဲ့သည်။
နံနက်ခင်းတွင် ကောင်းကင်ဘုံဓားဂိုဏ်းသည် အလွန်တိတ်ဆိတ်နေသည်။
ဤအရာက မနေ့ကတပည့်နှစ်ယောက် သေဆုံးသွားသောကြောင့် ဖြစ်နိုင်သည်။
လေထုက စိုစွတ်အေးမြနေကာ ချောမွေ့ပြီး တိတ်ဆိတ်သောလျှောက်လမ်းပေါ်တွင် ရှန်းချန်ကော စိုးရိမ်ပူပန်မှုများစွာဖြင့် ရှိနေသည်။
ပြဿနာ အတိအကျက ဘာလဲ။
အချို့လူများက သူသည် နတ်ဆိုး၏ပစ်မှတ်ဖြစ်နေပြီမှန်း သိပါလျက်နှင့် အပြင်သို့ ဘာကြောင့် ထွက်ရသေးသနည်းဟု မေးကောင်း မေးနိုင်သည်။
သို့သော် သူ၏နတ်တံတားအဆင့်ရှိ အဘိုးကြီးနားတွင် အမြဲရှိနေခဲ့သော သားလိမ္မာတပည့်တစ်ဦးအနေဖြင့်၊ ဂျူနီယာညီလေးများကို ချစ်ခင်သော စီနီယာအစ်ကိုကြီးတစ်ဦးအနေဖြင့် ရှန်းချန်ကော နားလည်ထားသည်မှာ သူကဲ့သို့ အမှတ်အသားခံထားရသူတစ်ဦးသည် ဘယ်နေရာမှာ ပုန်းနေနေ အသုံးဝင်မည် မဟုတ်ပေ။
နတ်ဆိုးသည် မကြာမီ ရောက်လာလိမ့်မည်။
ထို့ကြောင့် ရှန်းချန်ကောသည် တတိယမြောက်နေ့ ချက်အင်ကို အမြန်ဆုံး ပြီးမြောက်အောင် လုပ်ရမည်။
ထို့နောက် ပြဿနာ၏ရင်းမြစ်ကို ရှာဖွေရမည်။
လွန်ခဲ့သော နှစ်ရက်အတွင်းအရာအားလုံး ပုံမှန်အတိုင်းပင် ဖြစ်ခဲ့သည်။
မည်သည့်အရာက ပုံမှန်မဟုတ်သနည်း။
တွေးရင်းဖြင့် ရှန်းချန်ကောသည် သတိမထားမိဘဲ ဓားသခင်ကျောက်ရုပ်တုအောက်သို့ ရောက်လာသည်။
ကျောက်ရုပ်တုသည် ပုံမှန်အတိုင်းပင် တည်ရှိနေသည်။
"နှစ်ထောင်ပေါင်းများစွာ ဝတ်ပြုပူဇော်မှုတွေ ခံယူခဲ့ပေမဲ့ ဂိုဏ်းကို ကာကွယ်တာ တစ်ခါမှ မတွေ့ဖူးဘူး။ တကယ် တန်ခိုးကြီးတယ်ဆိုရင် ငါ့ကို ကာကွယ်ပြလိုက်စမ်း..." ရှန်းချန်ကော ရေရွတ်လိုက်သည်။
"ချက်အင်..."
[ ချက်အင်အောင်မြင်သည် +1 ]
[ ဓားသခင်ရုပ်တုတွင် တတိယအကြိမ်ချက်အင်ဝင်ခြင်းအောင်မြင်သည်၊ ရရှိသောဆုလဒ်-ကောင်းကင်ဘုံဓားကျမ်း-ဓားစီးနင်းခြင်းကဏ္ဍမှ အနှစ်(၂၀)ကျင့်ကြံခြင်းအခြေခံ၊စီးနင်းခြင်းနည်းစနစ်-လျန်မြန်သောလေပြင်း]
တစ်ခဏအတွင်း ရှန်းချန်ကော၏ မျက်လုံးများ မှောင်မိုက်သွားသည်။
ရာသီဥတုလေးပါးသည် လျင်မြန်စွာကျော်လွှားသွားသကဲ့သို့ ခံစားလိုက်ရ၏။
မျက်တောင်တစ်ခတ်အတွင်း (၂၀) နှစ်တာ ကျင့်ကြံအားထုတ်မှုသည် ရှန်းချန်ကော၏ ကောင်းကင်ဘုံဓားကျမ်း - ဓားစီးနင်းခြင်းကဏ္ဍတွင် အသစ်စက်စက်အဆင့်မြှင့်တင်မှုများကို ပေးစွမ်းလိုက်သည်။
ဝုန်း...
လေများသည် သူ့ပတ်ဝန်းကျင်တွင် ဝေ့ဝဲသွားပြီး ခမ်းနားထည်ဝါသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်များ ပေါ်ထွက်လာသည်။
ရှန်းချန်ကော လက်ညှိုးကို အနည်းငယ် မြှောက်လိုက်သောအခါ ဓားတစ်ချောင်းသည် သူ့ကျောနောက်မှ ရုတ်တရက်ထွက်လာပြီး တိမ်တိုက်များထဲသို့ အလုအယက် တက်သွားသည်။
အမည်းရောင်မြူခိုးများကို တောက်ပသော ဓားရောင်ခြည်က လျှပ်စီးများ ပြန့်ကျဲကာမောင်းထုတ်လိုက်သည်။
ထိုဓားရောင်ခြည်သည် ကောင်းကင်ဘုံဓားဂိုဏ်း၏ကောင်းကင်ယံကို ကျော်လွန်၍ အတောက်ပဆုံးသော လျှပ်စီးကြောင်း ဖြစ်သွားသည်။
"ဘယ်သူလဲ... ကောင်းကင်ဘုံဓားဂိုဏ်းအပေါ်မှာ ဓားကို ပစ်လွှတ်လိုက်တာ ဘယ်သူလဲ..."
တစ်စုံတစ်ယောက်က အဝေးမှနေ၍ ရုတ်တရက် အော်ဟစ်လိုက်သည်။
ထိုအသံကို ကြားသောအခါ ရှန်းချန်ကောသည် ဓားကို ပြန်သိမ်းလိုက်ပြီး လျင်မြန်စွာ ထွက်ခွာသွားသည်။
သူ အတွေးဖြင့် ရေရွတ်လိုက်သည် - "ငါ ကောင်းကင်ဘုံဓားကျမ်း - ဓားစီးနင်းခြင်းကဏ္ဍရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ 'ဓားရွှေ့ပြောင်းခြင်း ' အဆင့်ကို ရောက်သွားပြီ။ဓားကို လျှပ်စီးလိုရွှေ့ပြောင်းနိုင်ခြင်းက စွမ်းအားတွေကို တိုးမြှင့်ပေးလိမ့်မယ်..."
ဒါတင်မကသေး... သူသည် 'စီးနင်းခြင်းနည်းစနစ် - လျင်မြန်သောလေပြင်း' ကိုပါ ရရှိခဲ့သည်။
၎င်းသည် စီးနင်းခြင်းနည်းစနစ်ဖြစ်ပြီး တိုက်ခိုက်ခြင်းနည်းစနစ်ထက် စွမ်းအားပိုနည်းသည်မှာ သေချာသော်လည်း ကောင်းကင်ဘုံဓားကျမ်းကဲ့သို့ ကြောက်မက်ဖွယ် ဓားကျမ်းနှင့် ပေါင်းစပ်လိုက်သောအခါ ၎င်း၏စွမ်းအားအဆင့်ကို လျှော့တွက်၍ မရတော့ပေ။
ဓားသခင်ကျောက်ရုပ်တုအောက်တွင်...
တပည့်နှစ်ယောက် အလွန်သတိကြီးစွာ လျှောက်လာသည်။
"ဒီမနက် စောစောစီးစီး နိုးနေတာ ဘယ်သူလဲကွာ... ဂိုဏ်းချုပ်ကြီးက တပည့်တွေကို အပြင်မထွက်ဖို့ တားမြစ်ထားတာ မဟုတ်ဘူးလား..."
"စကားမများပါနဲ့တော့... ဂိုဏ်းထဲမှာ ပိုပြီး ထူးဆန်းလာပြီ။ ကင်းလှည့်တာတောင် တစ်ပတ်ပဲ လျှော့ပစ်လိုက်ပြီ။ မြန်မြန် ကင်းလှည့်ပြီး ပြန်သွားရအောင်။ ဘာမှ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်..."
တပည့်နှစ်ယောက် လျှောက်လာကြသည်။
သို့သော် ဓားသခင်ကျောက်ရုပ်တုအောက်သို့ ရောက်သည်နှင့် သူတို့၏မျက်နှာအမူအရာများ လျင်မြန်စွာ ပြောင်းလဲသွားသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဓားရည်ရွယ်ချက်လဲ..."
"ဓားစီးနင်းခြင်း၊ ဓားရွှေ့ပြောင်းခြင်းအဆင့်... ဒီဓားရည်ရွယ်ချက်က အဲ့အဆင့်မှာ သေချာတယ်..."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျွန်တော်တို့ဂိုဏ်းမှာ ဓားစီးနင်းခြင်းကို ကျွမ်းကျင်တဲ့ ချီထိန်းချုပ်ခြင်းအဆင့်က တပည့်နည်းနည်းလေးပဲ ရှိတာ မဟုတ်ဘူးလား..."
"ဒါပေမဲ့ အကြီးအကဲတွေ အကုန်လုံးက အမှောင်မြူခိုးတွေကို လိုက်စုံစမ်းနေကြတာ... ဒါဆိုရင် ဘယ်သူလဲ..."
တပည့်နှစ်ဦးစလုံး၏မျက်ဝန်းများ ကျုံ့သွားသည်။
'ဘာတွေ ဖြစ်နေတာလဲ...'
"ဒီနေရာက ပိုပြီး ခြောက်ခြားစရာ ကောင်းလာပြီ။ ဂိုဏ်းချုပ်ကြီးကို မြန်မြန် သွားအစီရင်ခံရအောင်..."
တပည့်နှစ်ဦး အလျင်စလို ထွက်ခွာသွားကြသည်။
မှောင်မိုက်သော နေရာ၌ မျက်လုံးတစ်စုံက သူတို့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားနေကြရသည်။
မှိုင်းညို့ကာ စိတ်ပျက်အားငယ်ဖွယ် ကောင်းသည်။
တပည့်နှစ်ဦး၏နားနောက်ဘက်တွင် ကလေးငယ်တစ်ဦး၏လက်ဝါးရာပုံသဏ္ဌာန် အမှတ်အသားများ ရှိနေသည်။
ထိုအမှတ်အသားများက ထူးဆန်းကာအေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
...
ရှန်းချန်ကောသည် မှောင်မိုက်မှုနှင့် တစ်သားတည်း ဖြစ်သွားသည့်အလား တစ်လှမ်းချင်း လျှောက်လှမ်းနေသည်။
အဖြူရောင်အင်္ကျီ၊ ကျောနောက်တွင် ဓားသုံးလက်၊ ထက်ရှသော မျက်ခုံးများနှင့် အရပ်မြင့်မားသော ဟန်ပန်။
သူသည် လေ့ကျင့်ရေးကွင်းပြင်သို့ ရောက်လာသည်။
လေ့ကျင့်ရေးကွင်းပြင်သည် အလွန်တိတ်ဆိတ်နေပြီး မည်သူမျှ စောစောထ၍ လေ့ကျင့်ခြင်း မရှိကြပေ။
"ချက်အင်..."
[ ချက်အင်အောင်မြင်သည် +1 ]
[ လေ့ကျင့်ရေးကွင်းပြင်တွင် တတိယအကြိမ်ချက်အင်ဝင်ခြင်းအောင်မြင်သည်-ဆယ်နှစ်တာကျင့်ကြံခြင်းအခြေခံ]
(၁၀) နှစ်စာ ကျင့်ကြံခြင်းအခြေခံ။
ဒီလိုဆိုရင် ရှန်းချန်ကော ဘယ်အဆင့်ကို တက်လှမ်းသွားမလဲ။
ဝုန်း...
သန့်စင်သောကျင့်ကြံခြင်းအခြေခံစွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် စီးဝင်လာသည်။
ဉာဏ်အလင်းပွင့်ခြင်း နောက်ဆုံးအဆင့်
ကောင်းပြီ...။
ဆိုလိုသည်မှာ သူသာ ပုံမှန်အတိုင်း ကျင့်ကြံပါက ဉာဏ်အလင်းပွင့်ခြင်းအဆင့် (အလယ်အလတ်) မှ ဉာဏ်အလင်းပွင့်အဆင့် (နောက်ဆုံး) သို့ ရောက်ရန် (၁၅) နှစ် အတိလိုလိမ့်မည်။
(၁၅) နှစ်အတွင်း အဆင့် (၂) ဆင့်...
ရှန်းချန်ကော၏မျက်နှာထား သိပ်မကောင်းလှတော့။
သူ့ပါရမီကို ပြုပြင်ပေးနိုင်မည့် နေရာတစ်ခု ရှိလျှင် ကောင်းလိမ့်မည်။
သူသည် ကောင်းကင်ဘုံဓားဂိုဏ်း၏ပင်မနယ်မြေတွင် 'ပြုပြင်ခြင်းခန်းမဆောင်' ရှိသည်ကို သတိရမိသည်။
အကယ်၍ အမှောင်မြူခိုးများ ကင်းစင်သွားပြီး သူသည် ပင်မဂိုဏ်းကြီးအနားသို့ သွားရောက်ကာ ထိုခန်းမဆောင်ကို ချက်အင်နေရာအဖြစ် သတ်မှတ်နိုင်မည်ဆိုလျှင် အလွန်အံ့သြဖွယ် ကောင်းပေလိမ့်မည်။
သူ၏ပါရမီအဆင့်ကို ပြောင်းလဲနိုင်မည်ဆိုလျှင် (၁၅) နှစ်စာ ကျင့်ကြံအားထုတ်မှုမှ ရရှိမည့် အကျိုးကျေးဇူးများက ပိုမိုတန်ဖိုးရှိလာလိမ့်မည် မဟုတ်ပါလော။
ဉာဏ်အလင်းပွင့်ခြင်းနောက်ဆုံးအဆင့် အခြေခံသည် ကောင်းကင်ဘုံဓားကျမ်း၏ ဓားစီးနင်းခြင်းကဏ္ဍနှင့် ပေါင်းစပ်ထားသည်။
ယခုအခါ ရှန်းချန်ကောသည် သာမန် ချီထိန်းချုပ်ခြင်းအဆင့်တစ်ဦးကို အနိုင်ယူနိုင်စွမ်း ရှိနေသင့်ပြီဖြစ်သည်။
သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
"ဒီအတိုင်း ပြန်လို့မဖြစ်ဘူး။ အဲဒီအရာ မရောက်လာခင်မှာ ငါ ဂိုဏ်းကို အမြန်ဆုံး စုံစမ်းရမယ်... နတ်ဆိုးတွေ ကောင်းကင်ဘုံဓားဂိုဏ်းထဲမှာ တကယ်ပဲ ပုန်းနေတာလား..."
ရှန်းချန်ကော အသက်ပြင်းပြင်းရှူသွင်းပြီး အမှောင်ထုထဲသို့ လျင်မြန်စွာ ဖုံးကွယ်သွားသည်။
ကောင်းကင်ဘုံဓားဂိုဏ်း၏ နယ်မြေမှာ ယခုအခါ အလွန်သေးငယ်နေပြီး လေ့ကျင့်ရေးကွင်းပြင်၊ ကောင်းကင်တောင်ထွတ်နှင့် အနီးတစ်ဝိုက်၊ တပည့်များ ဆောက်လုပ်ထားသော အိမ်များသာ ရှိလေသည်။
မကြာမီတွင် ကောင်းကင်ဘုံဓားဂိုဏ်းအား စုံစမ်းစစ်ဆေးပြီးသွားလေသည်။
သူသည် ကောင်းကင်တောင်ထွတ်ပေါ်တွင် ရပ်နေရင်း မျက်နှာထားက အလွန်ဆိုးရွားနေသည်။
"ဂိုဏ်းထဲမှာ ကြက်မရှိဘူး..." ဟု သူ ပြောလိုက်သည်။
...
တံခါးခေါက်သံ သဲ့သဲ့လေးထွက်ပေါ်လာသည်။
ကျန်းစန်းကျန့် အနည်းငယ် စိတ်တိုလျက် တံခါးဆီသို့ လျှောက်သွားသည်။
ဘယ်သူလဲ။
သူ ဒဏ်ရာများကို ကျင့်ကြံမှုဖြင့် ကုစားနေချိန်တွင် အနှောင့်အယှက်ပေးခံရခြင်းသည် အကြီးမားဆုံး တားမြစ်ချက်များထဲမှ တစ်ခု ဖြစ်သည်။
သူ တံခါးကို ဖွင့်လိုက်သည်။
ရုတ်တရက် သူ့မျက်ဝန်းများ ကျုံ့သွားသည်။
တပည့်နှစ်ဦးသည် ကျန်းစန်းကျန့်၏တံခါးရှေ့တွင် လဲကျနေပြီး သွေးများ မြေပြင်ပေါ်၌ ပြန့်ကျဲနေသည်။
သူတို့ မလှုပ်ရှားနိုင်တော့ချေ။
သူတို့၏ ရင်ဘတ်တွင် ဖောက်ဝင်သွားသော အပေါက်ငယ်လေးများ ရှိနေသည်။
နားနောက်ဘက်တွင် ကလေးငယ်၏လက်ဝါးရာအရွယ် မီးခိုးရောင် အမှတ်အသားများ ရှိနေပြီး အရေပြားများ တွန့်လိမ်နေကာ အသက်စွမ်းအင်များ စုပ်ယူခံထားရပုံရသည်။
ကျန်းစန်းကျန့်၏မျက်နှာထားသည် အလွန်ဆိုးရွားနေသည်။
ဂိုဏ်းချုပ်ကြီး၏တံခါးရှေ့တွင် တပည့်နှစ်ဦး သေဆုံးသွားခဲ့သော်လည်း ဂိုဏ်းချုပ်ကြီးပင် သတိမထားမိခဲ့ပေ။
ဤအရာကို ဖုံးကွယ်ထားရန် နည်းလမ်းမရှိတော့ချေ။
ကောင်းကင်ဘုံဓားဂိုဏ်းအတွင်း၌ ကြောက်ရွံ့ထိတ်လန့်မှုလှိုင်းလုံးကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။