တောခေါင်ခေါင်မှာကြက်ရှိနိုင်ပါ့မလား
Vol. 1 Ch. 7
ယနေ့ ကောင်းကင်ဘုံဓားဂိုဏ်းသည် ပုံမှန်ထက် ထူးရှားစွာ တိတ်ဆိတ်ငြိမ်သက်နေသည်။
နှစ်ရက်အတွင်းမှာပင် တပည့်နှစ်သုတ်တိတိ သေဆုံးခဲ့ရသည်။
ပထမတပည့်တစ်သုတ်မှာ အမှောင်မြူခိုးများနှင့် နီးကပ်သော လေ့ကျင့်ရေးကွင်းပြင်အနီး၌ကင်းလှည့်နေစဉ် နတ်ဆိုးလက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
သို့သော် ယနေ့ သေဆုံးသွားသော တပည့်နှစ်ဦးမှာမူ ဂိုဏ်းချုပ်ကြီး၏တံခါးဝရှေ့တည့်တည့်၌ သေဆုံးခဲ့ရခြင်းဖြစ်လေ၏။
ဤအရာက...
လူတိုင်း၏ရင်ထဲတွင် စစ်မှန်သောကြောက်ရွံ့မှုများ ကိန်းအောင်းလာစေသည်။
သေဆုံးသွားသော တပည့်နှစ်ဦး၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သော အမူအရာများ အထင်းသား ပေါ်လွင်နေသည်။
သူတို့ မသေဆုံးမီ မည်မျှကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်တွေ့ခဲ့ရသနည်း ဆိုသည်ကို မည်သူမျှ မသိနိုင်ကြပေ။
နောက်တစ်ယောက် ဘယ်သူဖြစ်မလဲ၊ဘယ်နေရာမှာသေမလဲ၊ ဘာကြောင့် သေရမှာလဲ။
ခဏတာအတွင်း တပည့်အများစုသည် အပြင်ထွက်၍ လေ့ကျင့်ရန်ပင် ကြောက်ရွံ့နေကြသည်။
ထိုလက်ဝါးရာ အမှတ်အသားလေးများသည် လူအများ၏ရင်ထဲသို့ ကြီးမားသော ကြောက်ရွံ့မှုများ ရိုက်သွင်းပေးနေသည်။
"ဒီနေ့ နေမဝင်ခင် နားနောက်ဘက်မှာ လက်ဝါးရာပါတဲ့ တပည့်တွေအားလုံး လေ့ကျင့်ရေးကွင်းပြင်မှာ စုရမယ်..."
ထိုအချိန်တွင် ကျန်းစန်းကျန့်သည် သူကိုယ်တိုင် ရှေ့ထွက်ဖြေရှင်းမှ ဖြစ်မည်ကို သိလိုက်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ဂိုဏ်းသားများကြား၌ကြောက်ရွံ့စိတ်များ လွှမ်းမိုးသွားပါက ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားနိုင်ကြောင်း သူ ကောင်းစွာ သဘောပေါက်ထားသည်။
သူ့၏လက်ရှိ ကျန်းမာရေးအခြေအနေအရ သူ၏ အသက်စွမ်းအင်ကို လောက်ကျွမ်းလိုက်ပါက 'လွတ်မြောက်ခြင်းအဆင့်' ရှိ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်ဦးမည်။
အခြေအနေက အလွန်အရေးကြီးနေလေပြီ။
ဂိုဏ်းမှ အခြားအကြီးအကဲများသည် စစ်ကူရှာရန် သို့မဟုတ် အရင်းအမြစ်များ ရှာဖွေရန် အပြင်ရောက်နေကြသည်။
ယခုအချိန်တွင် ကောင်းကင်ဘုံဓားဂိုဏ်း၌ တာဝန်ယူနိုင်သူဟူ၍ သူတစ်ယောက်တည်းသာ ရှိတော့သည်။
ဒါတွေအားလုံးက သူ့ကြောင့်ပင် ဖြစ်သည်။
ကျန်းစန်းကျန့်သည် သူ့အိမ်ထဲတွင် ထိုင်နေရင်း စိတ်ပျက်အားငယ်မှုများနှင့် နောင်တရိပ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ငေးငိုင်နေသည်။
မူလက သူသည် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်တောင့်ခံထားနိုင်သေးသည်။
သို့သော် လွန်ခဲ့သော ကာလအနည်းငယ်က 'တိုက်ခိုက်ခြင်းဓား ခန်းမဆောင်' အတွင်းရှိ နတ်ဆိုးများကို သတ်ဖြတ်ပြီး ထိုနေရာကို ပြန်လည်သိမ်းယူရန် ရည်ရွယ်ချက်ဖြင့် အမှောင်မြူခိုးများအတွင်းသို့ ဝင်ရောက်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုခန်းမဆောင်ထဲတွင် 'တိုက်ခိုက်ခြင်းဓားနည်းစနစ်' လျှို့ဝှက်ကျမ်းများနှင့် တိုက်ခိုက်ခြင်းဓားအတွက်အသုံးပြုရန် ဓားမြောက်မြားစွာကျန်ရှိနေသေးသောကြောင့် ဖြစ်သည်။
တိုက်ခိုက်ခြင်းဓားခန်းမဆောင် ကို ပြန်လည်သိမ်းပိုက်နိုင်ပါက ကောင်းကင်ဘုံဓားဂိုဏ်းတစ်ခုလုံး၏စွမ်းအားအဆင့်အတန်းသည် လျင်မြန်စွာ တိုးတက်လာလိမ့်မည်။
ဓားကျင့်ကြံသူများသည် တိုက်ခိုက်ခြင်းဓားနည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်ပါက တူညီသော ကျင့်ကြံခြင်းအဆင့်ရှိ အခြားသော ဓားကျင့်ကြံသူများကို အလွယ်တကူ ချေမှုန်းနိုင်ပေသည်။
ကံဆိုးစွာဖြင့် အမှောင်မြူခိုးများအတွင်း တိုက်ခိုက်ခြင်းဓားခန်းမဆောင်၌ အခိုင်အမာ နေရာယူထားသော နတ်ဆိုး၏စွမ်းအားကို သူ လျှော့တွက်မိခဲ့သည်။
သူ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး သူ့စွမ်းအား (၁၀) ပုံ (၁) ပုံအောက်သာ ကျန်ရှိတော့သည်။
ယခုမူ 'လွတ်မြောက်ခြင်းအဆင့်' စွမ်းအားကို ထုတ်သုံးနိုင်ရန်အတွက် သူ၏အစွမ်းကုန် ကြိုးစားရပေတော့မည်။
သူ သက်ပြင်းရှည်ကြီး ချလိုက်မိလေ၏။
မည်သို့ဖြစ်စေ နတ်ဆိုးများကို သူတို့နှင့်အတူ လျှောက်သွားခွင့်မပေးနိုင်ပေ။
မဟုတ်လျှင် အကျိုးဆက်များက တွေးရဲစရာပင် မရှိလောက်အောင် ဆိုးရွားလှသည်။
နေ့စဉ် မနက်တိုင်းတပည့်နှစ်ဦး သေဆုံးနေရသဖြင့် သူသည် နားနောက်ဘက်တွင် မီးခိုးရောင်အမှတ်အသားပါသော တပည့်များအားလုံးကို စုစည်းပြီး သူတို့အနားတွင် စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်သည်။
ကျန်းစန်းကျန့်၏ မျက်ဝန်းများ တောက်ပလာသည်။
ဒေါက်... ဒေါက်... ဒေါက်...
တံခါးခေါက်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။
ကျန်းစန်းကျန့် လန့်ဖျပ်သွားပြီး တုန်ယင်သွားမိ၏။
သူ ချက်ချင်းပင် တံခါးကို ဖွင့်လိုက်သည်။
တပည့်အချို့ ရောက်လာကြခြင်းပင်။
သူတို့အားလုံး၏မျက်နှာများမှာ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေကြသည်။
မိမိဆီသို့ သေခြင်းတရား ဘယ်အချိန်ရောက်လာမည်ကို မသိရခြင်းလောက် ခံရခက်သည့်အရာ မရှိပေ။
အထူးသဖြင့် ယနေ့မနက်ပိုင်းက တပည့်နှစ်ဦး၏ ထူးဆန်းပြီး ဆိုးရွားသော သေဆုံးမှုများကြောင့် သူတို့ရင်ထဲ၌ ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေသည်။
"ဂိုဏ်းချုပ်ကြီး... ကျွန်တော်တို့ကို ကယ်ပါဦး... ကျေးဇူးပြုပြီး..."
"ကျွန်တော် မသေချင်သေးဘူး... ကယ်ပါဦး ဂိုဏ်းချုပ်ကြီး..."
"တောင်အောက်မှာ ကျွန်တော့်ရဲ့ သားမယားတွေ ကျန်ခဲ့ပါသေးတယ်..."
ကျန်းစန်းကျန့် ဘာမှမပြောနိုင်ဘဲ တိတ်ဆိတ်နေမိသည်။
ကမ္ဘာကြီး မည်မျှ ပျက်စီးယိုယွင်းနေပြီလဲ ဆိုသည်ကို မသိသူ မရှိကြပေ။
သူတို့အနေဖြင့် ကောင်းကင်ဘုံဓားဂိုဏ်းပိုင်နက်နယ်မြေသုံးဧကလောက်ကိုသာ လုံခြုံအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။
အပြင်လောက၏အခြေအနေကို မှန်းဆကြည့်၍ ရနိုင်သည်။
ကျင့်ကြံသူများပင် ဤအခြေအနေသို့ ရောက်နေလျှင် သေမျိုးများအတွက်ဆိုလျှင် ပြောဖွယ်ရာ မရှိတော့ပေ။
သာမန်လူသားများ မည်သို့နေထိုင်ကြမည်နည်း။
အမှောင်မြူခိုး ကျရောက်ရာ နေရာတိုင်းသည် သက်ရှိငရဲဘုံ ဖြစ်လာရသည်သာ။
"ဒီည အားလုံး လေ့ကျင့်ရေးကွင်းပြင်မှာ စုကြမယ်။ အဲဒီနတ်ဆိုး ပေါ်လာရင် ငါ ရှင်းပစ်မယ်..."
ကျန်းစန်းကျန့်က အေးစက်သော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ရင်း ပြောလိုက်သည်။
...
ဤကဲ့သို့သော အခြေအနေမျိုးတွင် တစ်စုံတစ်ခု မှားယွင်းနေပြီဆိုလျှင် နတ်ဆိုးနှင့် ပတ်သက်နေသည်မှာ သေချာသည်။
ရှန်းချန်ကောသည် ကောင်းကင်ဘုံဓားဂိုဏ်းကို (၃) ကြိမ်တိုင်တိုင် ပတ်လျှောက်ခဲ့သည်။
လူတွေက သူ့ကို အရူးတစ်ယောက်လို ဆက်ဆံကြသည်။
အဘယ်ကြောင့်ဆိုသော် သူက "မင်းတို့အိမ်မှာ ကြက်မွေးထားလား" ဟု လိုက်မေးနေသောကြောင့် ဖြစ်သည်။
"ဒီလို တောခေါင်ခေါင်မှာ ဘယ်က ကြက်ရှိမှာလဲ..."
"ကျွန်တော် ဆိုလိုတာက ကြက်ဖလေ..."
"အေးလေ... ကြက်ဖ။ဘယ်မှာ ကြက်ဖ ရှိလို့လဲ..."
ထို့ကြောင့် ခွဲခြမ်းစိတ်ဖြာကြည့်လိုက်သောအခါ ကောင်းကင်ဘုံဓားဂိုဏ်းတွင် ကြက်မရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဒါဆိုရင် မနက်တိုင်း တွန်နေတဲ့ ကြက်တွန်သံက ဘာကြီးလဲ။
ထိုကြက်တွန်သံကို တွေးမိသည်နှင့် ရေအေးဖြင့် ပက်ဖြန်းခံလိုက်ရသလို ရှန်းချန်ကော ရုတ်တရက် သတိဝင်လာသည်။
ထိုကြက်တွန်သံသည် လုံးဝကို သွေးပျက်စရာ ကောင်းနေသည်။
ထို့အပြင် ကျန်းစန်းကျန့်က ဂိုဏ်းသားအားလုံးကို စုစည်းနေသည်ဆိုသော သတင်းကိုလည်း သူ ရရှိထားသည်။
"အဘိုးကြီး..." ရှန်းချန်ကော ရေရွတ်လိုက်သည်။
ရှန်းချန်ကော၏မျက်နှာပေါ်တွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လာသည်။
ကျန်းစန်းကျန့် ဘာလုပ်တော့မည်ကို သူ ကောင်းစွာ သိသည်။
ကျန်းစန်းကျန့်၏လက်ရှိအခြေအနေနှင့်ဆိုလျှင် သူ အောင်မြင်ခဲ့သည်ရှိသော် ယင်းအတွက် သူ့အသက်ဖြင့် ပြန်လည်ပေးဆပ်ရပေလိမ့်မည်။
'အဘိုးကြီးက ငါ့အပေါ် ကောင်းခဲ့တယ်...'
အစပိုင်းတွင် ရှန်းချန်ကောကို တပည့်အဖြစ် လက်ခံရန်အတွက် သူသည် ကျန်းစန်းကျန့်ကို ပစ္စည်းများစွာ ပေးခဲ့ရသည်။
သို့သော် ကျန်းစန်းကျန့်သည် ရှန်းချန်ကောက ငွေပေးပြီး ဂိုဏ်းဝင်ခဲ့သည်ဟူသော အချက်ကို နှုတ်ပိတ်နေပေးခဲ့သည်။
ရှန်းချန်ကောကို ပြုစုပျိုးထောင်ပေးမှုသည် အခြားသူများနှင့် မခြားနားပေ။
ရိုးရိုးသားသား ပြောရလျှင် ကောင်းကင်ဘုံဓားဂိုဏ်း၏လက်ရှိအခြေအနေနှင့် ဤမျှ ဝမ်းနည်းဖွယ် ကောင်းသော ပတ်ဝန်းကျင်တွင် ရှန်းချန်ကောသည် ဝန်ထုပ်ဝန်ပိုးတစ်ခုမျှသာ ဖြစ်သည်။
သို့သော် အဘိုးကြီးသည် ရှန်းချန်ကောကို စွန့်ပစ်ရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။
ဂျူနီယာတပည့်တစ်ဦးက အဘိုးကြီးရှေ့တွင် သူ့အကြောင်း မကောင်းပြောတုန်းက အဘိုးကြီးက ထိုတပည့်ကိုပင် ပြန်ဆူပူခဲ့သေးသည်။
ရှန်းချန်ကော ခဏတာ စဉ်းစားလိုက်သည်။
'ငါ ကြိုးစားကြည့်မယ်...'
"အဘိုးကြီး... ကျွန်တော် ကံစမ်းကြည့်ရုံပဲ တတ်နိုင်မှာပါ။ ကျွန်တော် ကယ်လို့မရခဲ့ရင်လည်း အပြစ်မတင်ပါနဲ့။ အဘိုးအတွက် ကောင်းမွန်တဲ့ ကျောက်တိုင်တစ်ခုတော့ လုပ်ပေးပါ့မယ်..."
တစ်ခုခုလုပ်ရန် ဆုံးဖြတ်ပြီးနောက် သူသည် သူ့အိမ်သို့ ဖြည်းညှင်းစွာ ပြန်လာခဲ့သည်။
"ငါ့အိမ်မှာ ချက်အင်ဝင်ရင် ဘာလောက်မလဲ..."
"ချက်အင်..."
[ ချက်အင်အောင်မြင်သည်- တောက်ပြောင်သောအဖြူရောင်ဝတ်စုံအားရရှိခဲ့သည် ]
[ သာမန်တည်နေရာများသည် ချက်အင်ဝင်ခြင်းတစ်ကြိမ်သာလျှင်ထောက်ပံ့ပေးနိုင်သည် ]
ရှန်းချန်ကော ခေတ္တမျှ ကြောင်အသွားသည်။
တွေဝေငေးငိုင်ရင်း သူ့လက်ထဲမှအင်္ကျီဖြူကို ကြည့်လိုက်မိသည်။
"ငါ့ရဲ့ ဂျူနီယာညီမလေးကတော့ ဒီ စနစ်ကို မုန်းမှာပဲ..."
အင်္ကျီဖြူကို ဝတ်ဆင်လိုက်သောအခါ ဤအင်္ကျီသည် ပို၍ဆွဲသားကောင်းပြီး အသားပိုကောင်းသည်ကို တွေ့ရှိလိုက်ရသည်။
ဝါးတားတား လရောင်အောက်တွင် တောက်ပသောအလင်းဖြူရောင်လွှမ်းခြုံထားသကဲ့သို့ သန့်ရှင်းစင်ကြယ်နေသည်။
သာမန်နေရာများတွင် တစ်ကြိမ်သာ ချက်အင်ဝင်နိုင်သည်မှာ မှန်ပါသည်။
ရရှိလာသော ဆုလဒ်များကလည်း အမှန်တကယ်ပင် သာမန်သာ ဖြစ်သည်။
ညရောက်လေပြီ။
လေ့ကျင့်ရေးကွင်းပြင်တွင် 'ချီထိန်းချုပ်ခြင်းအဆင့်' ရှိ တပည့်သုံးဦးသည် အစွန်းတစ်ဖက်တွင် ထိုင်နေကြသည်။
အလယ်တွင် တပည့်များ ပြည့်နှက်နေသည်။
ဤတပည့်များအားလုံးသည် အမှတ်အသား အလုပ်ခံထားရသူများ ဖြစ်သည်။
ကျန်းစန်းကျန့်သည် ဓားသုံးလက်ကို ကျောတွင် လွယ်လျက် သူတို့ကြားထဲ၌ စိတ်များလေးလံစွာဖြင့် ထိုင်နေသည်။
ဤညသည် အမှန်တရား ပေါ်ပေါက်လာမည့် ညဖြစ်သည်။
ကျိန်စာသင့်နေသော ထိုအရာသာ ပေါ်လာဝံ့လျှင် သူသည် 'တိုက်ခိုက်ခြင်းဓားနည်းစနစ်' ကို ထုတ်သုံးပြီး သူ့အသက်ကိုစတေးရလျှင်တောင် ထိုနတ်ဆိုးကို သတ်ဖြတ်ပစ်မည်။
ကျန်းစန်းကျန့် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
"နတ်ဆိုးက မိုးလင်းကာနီးမှပေါ်လာတတ်တယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ပေါ်လာနိုင်ခြေကိုလည်း ထည့်တွက်ထားရမယ်။ အားလုံး တစ်ညလုံး အလှည့်ကျ ကင်းစောင့်ကြ။ ထူးခြားတာ တစ်ခုခု တွေ့ရင် ချက်ချင်း အားလုံးကို နှိုးလိုက်..."
"သတိထားကြပါ... ကိုယ့်အသက်က ကိုယ့်လက်ထဲမှာပဲ ရှိတယ်..." ကျန်းစန်းကျန့် ပြောလိုက်သည်။
သူ့မျက်လုံးများသည် တပည့်များကို လေးနက်စွာ ကြည့်လိုက်သည်။
တပည့်များက ခေါင်းညိတ်ပြကြလေ၏။
ကောင်းကင်ကြီးသည် မှောင်မိုက်လေးလံနေသည်။
ညသည် အမှောင်မြူခိုးများဖုံးလွှမ်းနေပြီး လေအေးများ တိုက်ခတ်နေသည်။
ထိုအချိန်တွင် ကောင်းကင်ကိုပင် မမြင်ရချေ။
မည်မျှ မှောင်မိုက်နေသနည်းဆိုလျှင် မိမိမျက်နှာရှေ့ရှိကိုယ့်လက်ကိုပင် မမြင်ရနိုင်လောက်အောင် ဖြစ်နေလေသည်။
ညအမှောင်ထုထဲတွင် ဝိညာဉ်စွမ်းအင်များ၏ နွေးထွေးစွာ ထောက်ပံ့ပေးမှုအောက်၌ စူးရှသော ဓားအလင်းရောင်များထုတ်လွှတ်နေသည့် ဓားများမှ အလင်းရောင်သာ ရှိတော့သည်။
...
"မှောင်လိုက်တာ..."
တံခါးတစ်ချပ် ဖြည်းညှင်းစွာ ပွင့်သွားသည်။
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် ဓားသုံးလက်ကိုကျောကုန်းတွင် ဖြည်းဖြည်းချင်းချည်နှောင်လိုက်သည်။
အားစိုက်ပြီး ဆွဲလိုက်သောအခါ ဓားသုံးလက်သည် သူ့ကျောပြင်တွင် တည့်မတ်သောအနေအထားဖြင့် မြဲမြံသွားပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
နောက်ဆုံးတော့ ရှန်းချန်ကော ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်သည်။
သူသည် အိမ်ထဲမှထွက်ခွာလာပြီး ညအမှောင်ထုထဲသို့ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလေတော့သည်။