ငါ့နာမည် ကျန်းစန်းကျန့် ကွ
Vol. 1 Ch. 8
ညသည် အမှောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေသော်လည်း ကြည်လင်ပြတ်သားမှု အရိပ်အယောင်တစ်ခုတော့ ရှိနေဆဲဖြစ်သည်။
ကြီးမားသော အမှောင်မြူခိုးများသည် ကောင်းကင်အစွန်းတစ်လျှောက်၌ပြဒါးကဲ့သို့သော အရောင်အသွေးများဖြင့် လှည့်ပတ်နေသည်။
ဝေးကွာသော်လည်း စိတ်ပျက်အားငယ်ဖွယ် ကောင်းလှသည်။
လေ့ကျင့်ရေးကွင်းပြင်တွင် လူတစ်စုသည် စိုးရိမ်ပူပန်မှုများဖြင့် အသက်ပြင်းပြင်းရှူနေကြသည်။
"အချိန်ကျတော့မယ်..."
ကျန်းစန်းကျန့်သည် တစ်ညလုံး မအိပ်ဘဲ သူ့ခန္ဓာကိုယ်အားဝိညာဉ်စွမ်းအင်များဖြင့် နွေးထွေးအောင် လုပ်ထားသည်။
သူ့ထံတွင် မောပန်းနွမ်းနယ်သည့် အရိပ်အယောင် မတွေ့ရပေ။
သူ၏စိတ်သည် လန်းဆန်းနေပြီး၊စွမ်းအင်သုံးမျိုးစလုံးသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။
သူ အနည်းငယ်မျှပင် အနားမယူရဲပေ။
ကြီးမားသောသတိဖြင့် ပတ်ဝန်းကျင်ကို အမြဲမပြတ် ကြည့်ရှုနေသည်။
"အချိန်ရောက်တော့မယ်... ထကြတော့..." သူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
သူသည် ကျောနောက်ရှိ ပထမဓားပေါ်သို့ လက်တင်လိုက်သော်လည်း ခဏတာ တွေဝေပြီးနောက် တတိယဓားဖြစ်သော 'တိုက်ခိုက်ခြင်းဓား' ကို မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။
သူ ဓားကို ကိုင်လိုက်သည်နှင့် ဓားသွားသည် အနည်းငယ် တုန်ခါသွားသည်။
ကြီးမားသော ဖိအားများ ပေါက်ကွဲထွက်လာပြီး သတ်ဖြတ်ခြင်းဆန္ဒများ လှိုင်းထလာသည်။
...
ရှန်းချန်ကောသည် ကောင်းကင်ဘုံဓားဂိုဏ်းအတွင်း လမ်းလျှောက်နေသည်။
သူ ကြားခဲ့ရသော ကြက်တွန်သံသည် မည်သည့်နေရာမှ လာသနည်းဟု အသေအချာ စဉ်းစားနေသည်။
နောက်ဆုံးတွင် ထိုနေရာသည် ကောင်းကင်တောင်ထွတ်အောက်ခြေတွင် ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
ထိုနေရာတွင် အဆောက်အအုံများ မရှိဘဲ လူသူအရောက်အပေါက် နည်းပါးသော လမ်းကျဉ်းလေးသာ ရှိသည်။
ထိုလမ်းသည် အမှောင်မြူခိုးများနှင့် ကပ်လျက် ရှိသည်။
ရှန်းချန်ကောသည် ကျောပေါ်တွင် ဓားသုံးလက်ကို လွယ်ထားသည်။
အမှောင်ထုကို ဖြတ်သန်းရင်း သူ စိတ်အာရုံကို စူးစိုက်ထားသည်။
ကောင်းကင်ဘုံဓားကျမ်းသည် သူ့အလိုလို လည်ပတ်နေသည်။
ယခင်က ပျင်းရိခဲ့သော လူတစ်ယောက်အနေဖြင့် ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် တစ်ယောက်တည်း လှုပ်ရှားရသည်မှာ ရှန်းချန်ကောအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
ယခင်က သူ မစ်ရှင်များ လုပ်ဆောင်ဖူးသော်လည်း သူ့နောက်မှ ဂျူနီယာညီလေးများက အမြဲတမ်း လိုက်လံရှင်းလင်းပေးလေ့ရှိသည်။
သို့သော် ယခုအကြိမ်တွင် သူသည် အလွန်တည်ငြိမ်နေသည်။
တစ်ကိုယ်တော်စွန့်စားသူတစ်ဦးတွင် ရှိတတ်သော ထိတ်လန့်ခြင်း၊ စိတ်ပျက်ခြင်းများ လုံးဝမရှိပေ။
"အချိန်စောပါသေးတယ်... ငါ အရင်ဆုံး ချက်အင် ဝင်လိုက်ဦးမယ်။ ငါ ပိုသန်မာလေလေ... ခဏနေရင် ပိုပြီး ယုံကြည်မှုရှိလေလေပဲ..."
နာရီလက်တံသည် (၁၂) နာရီ ကျော်သွားပြီ။
ချက်အင် အချိန် ပြန်ပြည့်လောက်ပြီ။
ရှန်းချန်ကောသည် ဓားသခင်ကျောက်ရုပ်တုဆီသို့ အမြန်ဆုံး ပြေးသွားသည်။
[ ဓားသခင်ရုပ်တုတွင်ချက်အင်ဝင်ခြင်းအောင်မြင်သည် +1 ]
[ ကောင်းကင်ဘုံဓားကျမ်းမှ ကျင့်ကြံခြင်းအခြေခံ (၁၀) နှစ် အားရရှိသည်၊ တိုက်ခိုက်ခြင်းဓားနည်းစနစ်-ကြက်သွေးရောင်လျှပ်စီး အားရရှိသည် ]
လေ့ကျင့်ရေးကွင်းပြင်သို့ရောက်သောအခါ သူ ဆက်လက်၍ ချက်အင် ဝင်လိုက်သည်။
[ လေ့ကျင့်ရေးကွင်းပြင်တွင် ချက်အင်ဝင်ခြင်းအောင်မြင်သည် +1 ]
[ ကျင့်ကြံခြင်းအခြေ (၂၀) နှစ် နှင့် စိတ်ဝိညာဉ်ဆေးလုံးအားရရှိသည် * 1 ]
ရှန်းချန်ကော မြေကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
စတုတ္ထမြောက်နေ့ ချက်အင် ဝင်ခြင်းက သူ့ကို 'ချီထိန်းချုပ်ခြင်းအဆင့်' သို့ ပို့ဆောင်ပေးလိုက်သည်။
ကောင်းကင်ဘုံဓားကျမ်းနှင့် ပတ်သက်ပြီး အဆင့်မတက်သေးသော်လည်း သူ့၏ ကျွမ်းကျင်မှုသည် ပိုမိုနက်ရှိုင်းလာသည်။
"တိုက်ခိုက်ခြင်းဓားနည်းစနစ်..."
ရှန်းချန်ကော၏မျက်လုံးများ အရောင်လက်သွားသည်။
တိုက်ခိုက်ခြင်းဓားနည်းစနစ် - ကြက်သွေးရောင်လျှပ်စီး
ယင်းကို သူ၏ကောင်းကင်ဘုံဓားကျမ်း - စီးနင်းခြင်းဓားနည်းစနစ် နှင့် ပေါင်းစပ်လိုက်လျှင် ပိုမိုအားကောင်းလာမည်မှာ အထင်အရှားပင်။
ထို့ပြင် သူသည် 'ချီထိန်းချုပ်ခြင်းအဆင့်' သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် သူ့ယုံကြည်မှုများ ပိုမိုတိုးပွားလာသည်။
အချိန်ကျရောက်တော့မည်ဟု ယူဆရသဖြင့် ရှန်းချန်ကော၏မျက်နှာထားသည် တဖြည်းဖြည်း အေးစက်လာသည်။
သူသည် တောက်ပသော မျက်လုံးများကို ဖွင့်လျက် အမှောင်ထုနှင့် တဖြည်းဖြည်းတစ်သားတည်း ဖြစ်သွားသည်။
...
ကောင်းကင်တောင်ထွတ်အောက်ခြေတွင်...
အမှောင်မြူခိုးများ တဖြည်းဖြည်း ကွဲသွားသည်။
သေးငယ်သောပုံရိပ်တစ်ခုသည် မြူခိုးများကြားမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ကြိုးဆွဲရုပ်သေးကဲ့သို့ ယိမ်းထိုးနေသော သေးငယ်သောခန္ဓာကိုယ်..
သူမ၏လက်မောင်းထဲတွင် ပုပ်သိုးနေသော ကြက်နက်တစ်ကောင်ကို ပိုက်ထားသည်။
မိန်းကလေးငယ်သည် ယိုင်တိုင်တိုင်လမ်းလျှောက်ရင်းမြေကြီးပေါ်တွင် သွေးခြေရာများ ချန်ထားခဲ့သည်။
စူးရှသော မျက်လုံးတစ်စုံသည် ထူထဲသော အမှောင်ထုထဲမှနေ၍ ဖြစ်ပျက်နေသမျှကို စောင့်ကြည့်နေသည်။
ပတ်ဝန်းကျင်လေထုသည် ရုတ်တရက်အေးစက်ခြောက်ခြားသွားသည်။
မြူခိုးများ လွှမ်းခြုံထားသော အရာဝတ္ထုအားလုံးသည် တဖြည်းဖြည်းပုံပျက်ရှုံ့တွလာပြီး ကျောချမ်းဖွယ်ရာ အခြေအနေသို့ ရောက်ရှိသွားသည်။
"ဟင်း... ဟင်း... ဟင်း... ကြက်ကလေး... ကြက်ကလေး... မကြောက်နဲ့နော်..."
"မိုးလင်းတော့မယ်..."
အမှောင်ထဲတွင် ရပ်နေသော ရှန်းချန်ကော အံ့အားသင့်သွားသည်။
မိန်းကလေးငယ်၏မျက်နှာသည် ဖြူဖျော့နေပြီး ခန္ဓာကိုယ်မှာ စုတ်ပြတ်သတ်နေသည်။
သူမ၏အသံသည် သာယာနာပျော်ဖွယ် ကောင်းသော်လည်း တချိန်တည်းမှာပင် သွေးပျက်ဖွယ် ကောင်းလှလေ၏။
ပဲ့တင်သံကဲ့သို့ ရှန်းချန်ကော၏နားထဲတွင် ဟိန်းထွက်နေသည်။
မိန်းကလေးငယ်သည် ပုပ်သိုးနေသော ကြက်ကို မြေကြီးပေါ် ချလိုက်သည်။
ရုတ်တရက် ကြက်သည် ကျယ်လောင်ပြတ်သားသောအသံဖြင့် တွန်လိုက်သည်။
ထိုအသံသည် ကောင်းကင်ဘုံဓားဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ဝူး...
ဘာမှ စဉ်းစားမနေဘဲ အမှောင်ထဲတွင် ရပ်နေသော ရှန်းချန်ကောသည် သူ့နားနောက်ဘက်ရှိ အမှတ်အသားကို လက်ဖြင့်အုပ်လိုက်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ထိုအရေပြားနေရာသည် မီးလောင်ထားသကဲ့သို့ အလွန်ပူပြင်းလာသည်။
အေးစက်သော အငွေ့အသက်တစ်ခု သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းသွားသည်။
"ဟင်း... ဟင်း..."
မိန်းကလေးငယ် ပျောက်ကွယ်သွားသည်။
အမှောင်မြူခိုးများ ကွဲသွားသည်။
မျက်တောင်တစ်ခတ်အတွင်း မိန်းကလေးငယ်သည် အမှောင်မြူခိုးထဲသို့ ပျောက်ကွယ်သွားသည်။
ရှန်းချန်ကော အသက်ပြင်းပြင်း ရှူလိုက်သည်။
သူသည် အမှောင်မြူခိုးထဲမှ ဖြည်းညှင်းစွာ ထွက်လာပြီး မြေကြီးပေါ်ရှိ ပုပ်သိုးနေသော ကြက်ကို ကြည့်လိုက်သည်။
သူ လက်ချောင်းများကို ညင်သာစွာ လှုပ်ရှားလိုက်သည်နှင့် သူ့နောက်ကျောမှ ကြောက်မက်ဖွယ် ကောင်းသော ဓားအလင်းတန်းတစ်ခု ပွင့်အာလာသည်။ 'တိုက်ခိုက်ခြင်းဓား' သည် ကောင်းကင်ကို ဖြတ်သန်းသွားသည်။
မိုးကြိုးပစ်သကဲ့သို့ တောက်ပသော အလင်းရောင်သည် ကောင်းကင်ကို လင်းထိန်စေပြီး ညအမှောင်ကို ပိုင်းဖြတ်လိုက်သည်။
သွေးရောင်လျှပ်စီးကြောင်းကြီး တစ်ခုပေါက်ကွဲထွက်လာသကဲ့သို့ပင်။
"နောက်ဘဝကျရင် ကြက်မဖြစ်ပါစေနဲ့..."
ဝုန်း...
ဓားသည် ထိုအရာဝတ္ထုကို ထိုးဖောက်သွားသည်။
တိုက်ခိုက်ခြင်းဓားနည်းစနစ် - ကြက်သွေးရောင်လျှပ်စီး
ယခုတစ်ကြိမ် ပျံထွက်သွားသော ဓားသည် 'စီးနင်းခြင်းဓား' မဟုတ်ဘဲ 'တိုက်ခိုက်ခြင်းဓား' ဖြစ်သည်။
တိုက်ခိုက်ခြင်းဓား ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်လေထုသည် ရုတ်တရက် သိပ်သည်းသွားသည်။
သတ်ဖြတ်ခြင်းဆန္ဒများ လှိုင်းထလာသည်။
ရှန်းချန်ကော၏ 'ချီထိန်းချုပ်ခြင်းအဆင့်' ကျင့်ကြံခြင်းအခြေခံနှင့် ပေါင်းစပ်လိုက်သောအခါ သတ်ဖြတ်ခြင်းဆန္ဒသည် နောက်ကျိနေသော အမှောင်မြူခိုးများကြားတွင် ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။
သွေးရောင်လျှပ်စီးများ ဒေါသတကြီး ဟိန်းဟောက်နေလေသည်။
၎င်းသည် ပုပ်သိုးနေသော ကြက်ကိုရိုက်ခတ်လိုက်ပြီး ချက်ချင်းပင် ပေါက်ကွဲသွားစေသည်။
ထို့နောက် ရှန်းချန်ကောသည် လှည့်ထွက်သွားပြီး အမှောင်ထုနှင့် တစ်သားတည်း ဖြစ်သွားခဲ့တော့၏။
သခင်နှင့် နတ်ဆိုးကျွန်...
ဤအရာသည် အလွန်ရှားပါးသော နတ်ဆိုးအမျိုးအစား ဖြစ်သည်။
သူတို့တွင် ခန္ဓာကိုယ် နှစ်ခုရှိသည်။
ဥပမာအားဖြင့် ကြက်ကို ကိုင်ထားသော မိန်းကလေးငယ်ကဲ့သို့ပင်။
ထိုခန္ဓာကိုယ်နှစ်ခုတွင် ပင်မခန္ဓာကိုယ် နှင့် ဒုတိယခန္ဓာကိုယ် ဟူ၍ ရှိလေ၏။
ဒုတိယခန္ဓာကိုယ်ကို သတ်လိုက်လျှင် ပြန်လည်မွေးဖွားလာနိုင်သည်။
ပင်မခန္ဓာကိုယ်ကို သတ်မှသာ နတ်ဆိုး အမှန်တကယ် သေဆုံးမည် ဖြစ်သည်။
မိန်းကလေးငယ်နှင့် ကြက် ကြားတွင် ရှန်းချန်ကောသည် တွန့်ဆုတ်ခြင်းမရှိဘဲ ကြက်ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
'တိုက်ခိုက်ခြင်းဓားနည်းစနစ်' ကို အမြင့်ဆုံးစွမ်းအားဖြင့် ထုတ်သုံးလိုက်သည်။
ပင်မခန္ဓာကိုယ်သည် သူ့စွမ်းအားအားလုံးကို ဒုတိယခန္ဓာကိုယ် (မိန်းကလေးငယ်) ထံသို့ လွှဲပြောင်းပေးလိုက်သဖြင့် ပင်မခန္ဓာကိုယ် (ကြက်) သည် ရှန်းချန်ကော၏ဓားချက်ဖြင့် ပေါက်ကွဲသွားရခြင်း ဖြစ်သည်။
ရှန်းချန်ကော အဝေးသို့ လှမ်းကြည့်လိုက်သည်။
"အဘိုးကြီး... ကျွန်တော် လုပ်သင့်တာတွေ အကုန်လုပ်ပေးပြီးပြီ။ ကံတရားက အဘိုးဘက်မှာ ရှိပါစေ။ တကယ်လို့ အဘိုးသေသွားရင်လည်း ကျွန်တော် ဆက်ပြီး ချက်အင် ဝင်၊ နှစ်ရာပေါင်းများစွာကျင့်ကြံ၊ ပြီးရင် အဘိုးအလောင်းကို ပြန်ယူပြီး အမှောင်မြူခိုးထဲက အလှပဆုံးနဲ့ အကောင်းဆုံးနေရာမှာ မြှုပ်နှံပေးပါ့မယ်..."
ရှန်းချန်ကော ညအမှောင်ထုထဲသို့ ပျောက်ကွယ်သွားသည်။
...
ထိုအချိန်တွင်... လေ့ကျင့်ရေးကွင်းပြင်၌...
အမှောင်မြူခိုးများ တဖြည်းဖြည်း လွှမ်းခြုံလာသည်။
ကျန်းစန်းကျန့်သည် သတ်ဖြတ်လိုစိတ်များ တောက်လောင်နေသော မျက်လုံးများဖြင့် 'ဪတိုက်ခိုက်ခြင်းဓား' ကို ဆုပ်ကိုင်ထားသည်။
အဝေးမှ အမှောင်မြူခိုးတိမ်တိုက်များ ဆင်းသက်လာသည်။
ကြီးမားသော လေ့ကျင့်ရေးကွင်းပြင်သည် အမှောင်မြူခိုးများ ဖိစီးလာမှုကြောင့် လျင်မြန်စွာ ကျဉ်းမြောင်းသွားသည်။
အပူချိန်မြင့်မားစွာ လောင်ကျွမ်းနေသကဲ့သို့ ကွင်းပြင်အနားသတ်များ ဝါးတားတား ဖြစ်လာသည်။
အမှောင်မြူခိုးများကြားမှ ကလေးငယ်တစ်ဦး၏ ရယ်မောသံ ထွက်ပေါ်လာသည်။
ကောက်ကျစ်ပြီး ယုတ်မာသော အသံဖြစ်သည်။
ထိုသရဲတစ္ဆေအသံသည် အဝေးမှ လာသော်လည်း လူတိုင်းကမူ သူတို့ကျောနောက်ကပ်လျက်မှ လာနေသည်ဟု ခံစားနေရသည်။
"ဂို... ဂိုဏ်းချုပ်ကြီး..."
"ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."
တပည့်အားလုံး၏အသံများ တုန်ယင်နေသည်။
သူတို့ ဒီလောက် ခြောက်ခြားစရာကောင်းတဲ့ မြင်ကွင်းမျိုး တခါမှ မမြင်ဖူးကြပေ။
'ကျန်းလုံ' သည် ကြောက်လွန်း၍ သတိလစ်မတတ် ဖြစ်နေပြီ။
'လဲ့စစ်ယွင်' နှင့် အခြားသူများ သေဆုံးသွားသည်ကို ပြန်တွေးမိပြီး သူ့ကြောက်စိတ်များ အဆမတန် တိုးပွားလာသည်။
"ယွင်ကဲ... ငါတို့ သေတော့မှာလား..." သူ့အသံ တုန်ယင်နေပြီး နှုတ်ခမ်းများ ဖြူဖျော့နေသည်။
သူသည် ထိုးထွင်းသိမြင်ခြင်းအဆင့် အထွတ်အထိပ်သာ ရှိသေးပြီး ရှိနေသူအားလုံးထဲတွင် အားအနည်းဆုံး ဖြစ်သည်။
ယခုအချိန်တွင် သူ အလွန်ကြောက်လန့်နေသည်။
သူ့ဘေးနားရှိ လူငယ်လေး၏ပခုံးကို ပုတ်လိုက်သည်။ 'ချူးယွင်ကဲ' က ဉာဏ်အလင်းပွင့်ခြင်းအဆင့်တွင် ရှိလေ၏။
သူတို့နှစ်ယောက်၏ ဆက်ဆံရေးအလွန်ကောင်းသည်။
သို့သော် သူ့ဘေးနားရှိ ချူးယွင်ကဲက ဘာမှ ပြန်မပြောပေ။
"ယွင်ကဲ... ယွင်ကဲ..."
ဖုတ်...
ချူးယွင်ကဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူ့မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အပြည့်၊ မျက်နှာက ဖြူဖျော့နေပြီး ရင်ဘတ်တွင် သွေးထွက်နေသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။
အပေါက်က ဟာလာဟင်းလင်း ဖြစ်နေလေသည်။
"သူ... သူ သေသွားပြီ..."
ကျန်းလုံ၏မျက်ဝန်းများ ကျုံ့သွားခဲ့သည်။
ထိုအချိန်တွင် မိန်းကလေးငယ်တစ်ဦး ချူးယွင်ကဲ၏အလောင်းပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
သူမ၏ဖြူဖျော့သော မျက်နှာလေးဖြင့် ချူးယွင်ကဲ၏ပခုံးပေါ်တွင် ပါးအပ်ထားသည်။
သူမက ကျန်းလုံကို ပြုံးပြနေသကဲ့သို့ပင်။
သူမ၏အသက်မဲ့နေသော မျက်နှာသည် ရုတ်တရက်ကွဲအက်သွားပြီး ထက်ရှသော အစွယ်များကို ထုတ်ဖော်ပြသလိုက်သည်။
"အား..."
သူ အော်ဟစ်လိုက်သည်။
ကွင်းပြင်တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားခဲ့သည်။
တပည့်များသည် ဓားများကို အလျင်အမြန် ဆွဲထုတ်လိုက်ကြပြီး မျက်လုံးများတွင် သတိထားမှုများ ပြည့်နှက်နေသည်။
ထိုအချိန်မှာပင်...
ကျန်းစန်းကျန့်၏မျက်လုံးများ အရောင်လက်သွားသည်။
"ကျိန်စာသင့်နေတဲ့ကောင်..."
"ဒီနေ့ ငါ ကျန်းစန်းကျန့်က ငါ့အသက်ကို စတေးပြီး မင်းကို သတ်မယ်..."
"တိုက်ခိုက်ခြင်းဓား... မကောင်းဆိုးဝါးကို ချေမှုန်းစမ်း..."
ကျန်းစန်းကျန့် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း ကြီးမားသော စွမ်းအားများ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။
ကောင်းကင်အထက်တွင် 'နတ်တံတား' တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအင်များ ရေလှိုင်းကြီးပမာလှိမ့်ဝင်လာသည်။
သူ့ကျောနောက်မှ တိုက်ခိုက်ခြင်းဓားသည် ဓားအိမ်မှ မထွက်ရသေးသော်လည်း ကြီးမားသော ဖိအားများ ထွက်ပေါ်နေပြီ ဖြစ်သည်။
သူ့ကျောနောက်တွင် နေမင်းကြီးတစ်စင်းကို သယ်ဆောင်ထားသကဲ့သို့ပင်။
'ဒီတိုက်ခိုက်မှုပြီးရင် ငါ သေရတော့မယ်...' ကျန်းစန်းကျန့် ခံစားလိုက်ရသည်။
'ဒါပေမဲ့ ဒါက သေခြင်းတရား သက်သက်ပဲ မဟုတ်လား...'
သူ့အသက်စွမ်းအားများဓားအရှိန်အဝါကြောင့် ကြေမွသွားသည်ကို ခံစားလိုက်ရသည်။
'အမှောင်မြူခိုးတွေ သောက်ကျိုးနည်းဖြစ်ပါစေ...'
'သေခြင်းတရားနဲ့အတူ ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ဓားအနှစ်သာရ ကို ငါ ထာဝရ တည်တံ့စေမယ်...'
'ပင်မဂိုဏ်းကြီးက လူတွေ ငါ့ကို အမြဲ အထင်သေးခဲ့ကြတယ် မဟုတ်လား...'
'ဒီနေ့ ငါ့ရဲ့ကြီးမားတဲ့ စွမ်းအားကို သူတို့ မြင်တွေ့စေရမယ်...'
မြင့်မြတ်သောစိတ်ဓာတ်များ တက်ကြွလာသည်။
တိုက်ခိုက်ခြင်းဓား တုန်ခါမြည်ဟည်းနေသည်။
ပတ်ဝန်းကျင် လေထုသည် ကြောက်မက်ဖွယ် တိုက်ခိုက်မှုတစ်ခုအတွက် လောင်စာဖြည့်ပေးနေသကဲ့သို့ ဆူပွက်နေသည်။
"ဟားဟားဟားဟားဟား... ငါ့နာမည် ကျန်းစန်းကျန့် ကွ... ထာဝရညက ဓားလမ်းစဉ်အပေါ် လင်းလက်ပါစေ..."
"တိုက်ခိုက်ခြင်းဓား...."
သူရဲကောင်းဆန်သော အသံကြီးသည် ကောင်းကင်ဘုံဓားဂိုဏ်းတစ်ခုလုံးကို တုန်ခါသွားစေသည်။
သို့သော် နောက်တစ်ခဏမှာပင်...
ထိုမိန်းကလေးငယ်သည် သနားစဖွယ် အော်ဟစ်လိုက်ပြီး နေရာတင် ပေါက်ကွဲသွားလေသည်။
ကျန်းစန်းကျန့်သည် တိုက်ခိုက်ခြင်းဓားကို ကိုင်လျက် နေရာမှာပင် ရပ်တန့်နေဆဲပင်။
သူ့၏သူရဲကောင်းဆန်သော မိန့်ခွန်းက မဆုံးသေးသလို..
သူ့မျက်နှာပေါ်မှ သူရဲကောင်းဆန်မှုများ မပျောက်ကွယ်သေးပေ။
တစ်ခဏတွင်... ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။